← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အပိုင်း ၅၇ - မောင်နှမသံယောဇဉ် အက်ကြောင်းထင်ခြင်း

နွေရာသီကျောင်းပိတ်ရက်တုန်းက သူမတို့နဲ့ ပြဿနာတက်ခဲ့သည့်ရေခဲချောင်းရောင်းသည့် လီမိသားစုမောင်နှမတွေ သတင်းကို မကြားရတာ အတော် ကြာပါပြီ။

လီမိသားစုအိမ်မှာတော့ လီယန်ပင်းတစ်ယောက် အလုပ်မျိုးစုံလုပ်ပြီး အိမ်ပြန်လာတဲ့အခါ မီးဖိုချောင်ကလည်း အေးစက်၊ အိမ်ထဲကလည်း မှောင်မည်းတိတ်ဆိတ်နေတာကို တွေ့လိုက်ရကာ ဒေါသက ငယ်ထိပ်အထိ ဆောင့်တက်သွားသည်။ အဲဒီအချိန်မှာပဲ လီရှင်းရှင်းက ပျော်ရွှင်နေတဲ့မျက်နှာပေးနဲ့ အိမ်ထဲကို ဝင်လာပြီး သူ့ရှေ့တည့်တည့်ကို ရောက်လာခဲ့သည်။

"လီရှင်းရှင်း၊ နင် ဒီထက်ပိုပြီး အသိတရားရှိလို့ မရဘူးလား။ ကျောင်းဆင်းရင်လည်း ဆေးရုံကိုမသွားဘူး၊ အိမ်ပြန်လာပြီး ထမင်းဟင်းလည်း မချက်ဘူး။ နင် ဘာတွေလျှောက်လုပ်နေတာလဲ။ ကျောင်းဖွင့်တာ တစ်လကျော်ပြီ၊ ဆရာမက နင်ခဏခဏကျောင်းပျက်နေတယ်လို့ လာပြောနေတယ်။ နင် ဘယ်လိုဖြစ်သွားရတာလဲ"

မိသားစုဝန်ထုတ်ဝန်ပိုးက ကြီးမားလွန်းသည့်အပြင် သူတို့အမေကလည်း ဆေးရုံမှာ ပြင်းပြင်းထန်ထန် ဖျားနာနေတာကြောင့် သူက ကျောင်းတစ်ဖက်နဲ့ အလုပ်မျိုးစုံကို မနည်းလုလုပ်နေရတာပင်။ သူတို့အဖေကလည်း နေ့ဘက်မှာ အလုပ်လုပ်ပြီး ညဘက်ဆိုရင် အမေ့နားမှာ စောင့်ပေးဖို့ ဆေးရုံကို သွားရသည်။

တစ်မိသားစုလုံးမှာ လီရှင်းရှင်းက အားအယားဆုံးနဲ့ ဝန်ထုပ်ဝန်ပိုး အနည်းဆုံးပါ။ တစ်နေ့ကုန် ပင်ပန်းလာတဲ့ လီယန်ပင်းအနေနဲ့ အိမ်ပြန်ရောက်မှ လီရှင်းရှင်းအတွက် ထမင်းချက်ပေးရဦးမယ်ဆိုတော့ မခံမရပ်နိုင်အောင် ဒေါသထွက်မိသည်။

သူ သူ့ညီမကို အကြိမ်ကြိမ် ပြော‌သော်လည်း လီရှင်းရှင်းက ခေါင်း တော့ ငြိမ့်ပြသည်။ သို့သော် စိတ်ထဲမထားဘဲ သူ့စိတ်ကြိုက် သူဆက်လုပ်သည်။ သူမက ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်သည့်အပြင် သူမကိုပါ လိုက်ကြည့်နေရတဲ့ လီယန်ပင်းကိုပါ ပိုပြီး ပင်ပန်းစေခဲ့ပါသည်။

"ဘယ်လို!'ညီမဘယ်လိုဖြစ်သွားတာလဲ' ဟုတ်လား။ အစ်ကိုက ညီမကို ဒီလောက်တောင် အမြင်ကတ်နေတာလား။ အိမ်ထဲခြေချလိုက်တာနဲ့ အော်ခံနေရတာပဲ။ အစ်ကိုက ဘာမို့လို့လဲ"

လီရှင်းရှင်းဟာ လတ်တလောဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအပေါ် စိတ်စွဲလန်းနေမှန်း လီယန်ပင်း မသိခဲ့ပါပေ။ သူမရဲ့ စိတ်နေစိတ်ထားက ဘယ်သူ့ကိုမဆို ထိုးဆွဖို့ အသင့်ဖြစ်နေတဲ့ ဖြူကောင်လေးလို ထိလွယ်ရှလွယ် ဖြစ်နေခဲ့ပါပြီ။

"နင်က ပြန်ပြောရဲသေးတယ်ပေါ့။ ကျောင်းဆင်းတာနဲ့ အိမ်တန်းပြန်လာပြီး အိမ်အလုပ်တွေကူ၊ ထမင်းဟင်းချက်လို့ ငါမပြောထားလား။ နင် အဲဒါတွေ လုပ်ဖူးလို့လား။ နေ့ဘက်ကျောင်းပျက်တယ်၊ နေ့လယ်ကျရင် အမေ့ဆီ ထမင်းသွားပို့ပါဆိုတော့လည်း မသွားဘူး။ နင် အမေ့ဆီ ဆေးရုံမသွားတာ ဘယ်နှစ်ရက်ရှိပြီလဲ"

လီယန်ပင်းဟာ ဒေါသအလိပ်လိပ်ထွက်နေပြီး အသံတွေက ပိုကျယ်လာသလို၊ ပြူးကြည့်နေတဲ့ မျက်လုံးတွေကလည်း တကယ်ကို ကြောက်စရာကောင်းနေသည်။

"ဘာလို့ ညီမက အဲဒါတွေ အကုန်လုပ်ရမှာလဲ။ အရင်က တစ်ခါမှ မလုပ်ခဲ့ရဘူးလေ။ ညီမက အိမ်မှာ မနေချင်လို့ အပြင်သွားနေတယ် ထင်နေတာလား။ အိမ်ပြန်လာတိုင်း ညီမတစ်ယောက်တည်း။ အိမ်ကြီးကလည်း အေးစက်တိတ်ဆိတ်ပြီး ပျင်းစရာကောင်းလိုက်တာ။ အမေ့ဆီ မသွားဘူးလို့ ပြောတယ်မလား။ ဟုတ်တယ်၊ ညီမ မသွားချင်ဘူး။ ဆေးရုံသွားတိုင်း အမေ အဲဒီလောက် ဒုက္ခရောက်နေတာ မြင်ရတာ ညီမ စိတ်မကောင်းဘူး"

"အမေက အရင်က အရမ်းလှတာလေ၊ အခုကျတော့။ အရိုးပေါ် အရေတင်ဖြစ်နေတာ ကြောက်ဖို့တောင် ကောင်းတယ်။ မြင်ရတိုင်း ညီမ ရင်ထဲမှာ အသေအလဲ ခံစားရတာ။ ညီမကို အတင်းမခိုင်းပါနဲ့"

လီရှင်းရှင်းက သူမကြောင့် အဘိုးဖြစ်သူ သေဆုံးခဲ့ရတဲ့ တတာဝန်ကနေ ရှောင်လွှဲခဲ့ကတည်းက သူမ ပြောင်းလဲသွားတာကို လီယန်ပင်း သတိထားမိခဲ့သည်။ သို့သော် သူမကို အလိုလိုက်နေကျဖြစ်နေတာကြောင့် အမြဲတမ်း သူမသဘောအတိုင်းပဲ လွှတ်ထားပေးခဲ့တာပါ။

အခုတော့ လီယန်ပင်းတစ်ယောက် လီရှင်းရှင်းရဲ့ အပြုအမူတွေကို သည်းမခံနိုင်တော့ပါ။ သို့သော် သူညီမကိုလည်း မပြောင်းလဲနိုင်တော့ဘူးဆိုတာ သိလိုက်ရသည်။ လီရှင်းရှင်းက အရင်လို လိမ္မာတဲ့ ညီမလေး မဟုတ်တော့ပါဘူး။ ခါးသီးလှတဲ့ နောင်တတွေကြောင့် လီယန်ပင်းဟာ ပြောချင်တဲ့ စကားတွေကို မြိုသိပ်လိုက်ရုံပဲ ရှိပါတော့သည်။

လီယန်ပင်းက ကိုယ်တိုင်ပဲ ထမင်းချက်ပြီး အိမ်သန့်ရှင်းရေးလုပ်ဖို့ ပြင်လိုက်ချိန်မှာပဲ လီရှင်းရှင်းက လွယ်အိတ်တစ်လုံးလွယ်ပြီး အခန်းထဲက ထွက်လာခဲ့သည်။

"အခု ဘယ်သွားမလို့လဲ။ ဒီလောက် နောက်ကျနေပြီကို။ အိမ်မှာ ထမင်းမစားဘဲ ဘယ်သွားမလို့လဲ"

"မစားတော့ဘူး။ အပြင်မှာ လုပ်စရာရှိလို့"

လီရှင်းရှင်းက မျက်နှာဆူပုတ်ပုတ်နဲ့ အိမ်ကနေ အလျင်အမြန် ထွက်သွားခဲ့သည်။ အနောက်ကနေ လှမ်းတားနေတဲ့ အစ်ကိုဖြစ်သူရဲ့ အသံကိုလည်း လုံးဝ ဂရုမစိုက်ခဲ့ပါ။

လီရှင်းရှင်းက ပိုက်ဆံအိတ်ထဲက ပိုက်ဆံထုတ်ပြီး ညဘက်ပြေးဆွဲတဲ့ ထရော်လီဘတ်စ်ကားပေါ် တက်လိုက်ပါသည်။ မှတ်တိုင်အနည်းငယ်အကြာမှာ ဆင်းလိုက်ပြီး လူနေရပ်ကွက်တစ်ခုထဲကို လမ်းလျှောက်ဝင်သွားခဲ့သည်။ လမ်းတွေ အကွေ့အကောက်တွေကြားထဲကနေ ဆိတ်ငြိမ်တဲ့ ဝင်းအိမ်လေးတစ်ခုရဲ့ တံခါးကို ခေါက်လိုက်သည်။

"ဘယ်သူလဲ"

ဝင်းထဲကလူက တံခါးခေါက်သံကို မှတ်မိနေပေမဲ့ သတိထားပြီး မေးလိုက်သည်။

"ကျွန်မပါ၊ လီရှင်းရှင်း။ ပစ္စည်းလာလဲတာ"

"ဪ၊ ရဲဘော်လီကိုး။ ခဏလေးစောင့်ဦး၊ လာပြီ လာပြီ"

ဝင်းထဲကလူကတော့ ဝမ်းသာအားရ ဖြစ်သွားသည်။ ဒါက တကယ့် 'လာဘ်နတ်မင်း' ပဲလေ၊ သူမဆီကနေ ရွှေချောင်းလေးတွေ လဲပေးခဲ့တဲ့ နှစ်ခါလုံးမှာတင် သူက ယွမ်တစ်ရာကျော်လောက် အမြတ်ရခဲ့တာကိုး။

"အစ်ကိုကြီးလျူ" လီရှင်းရှင်းက ဝင်းထဲကို အမြန်ပဲ ဖိတ်ခေါ်ခြင်း ခံလိုက်ရသည်။

"ညီမလေးရှင်းရှင်း၊ ရွှေချောင်းလေးတွေ ထပ်လာလဲတာလား။ ဒီတစ်ခါ ဘယ်လိုဖြစ်လို့ တစ်ယောက်တည်း လာတာလဲ။ အစ်ကိုကြီးမာက အတူမပါလာဘူးလား"

"ဒီနေ့ တစ်ယောက်တည်း လာတာ။ ဘာလဲ၊ တစ်ယောက်တည်းလာရင် လဲမပေးဘူးလား။ အဲဒီလိုဆိုရင် အစ်ကိုကြီးမာကိုပဲ နက်ဖြန်မှ ခေါ်လာရမလား"

လီရှင်းရှင်းက အရင်က အစ်ကိုကြီးမာနဲ့အတူ ရွှေချောင်းလာလဲတာ နှစ်ခါရှိပြီဖြစ်ပြီး အဲဒီတုန်းက မင်းသမီးတစ်ပါးလို ဆက်ဆံခံခဲ့ရတာကြောင့် အခုလည်း သူမရဲ့ လေသံက မောက်မာနေတုန်းပင်။

"ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ။ အခုချက်ချင်း လဲပေးမှာပေါ့၊ ချက်ချင်းပဲ။ အို... ညီမလေးရှင်းရှင်းကလည်း အစ်ကို့ကို နောက်နေပြန်ပြီ။ ညီမလေးက အစ်ကိုကြီးမာရဲ့ သူငယ်ချင်းပဲ၊ အစ်ကိုက မလဲပေးဘဲ နေရဲပါ့မလား"

လျူဆိုသည့်လူ၏ မျက်လုံးတွေက ဟိုဟိုဒီဒီ ဝေ့ကြည့်နေပါသည်။ လီရှင်းရှင်းကို မြှောက်ပင့်ပြောဆိုနေရင်းကနေ သူမ တစ်ယောက်တည်းလာတာကို တွေ့လိုက်ရလို့ စိတ်ထဲကနေ ခိုးပြီး ဝမ်းသာနေသည်။

အရင်နှစ်ခါက အစ်ကိုကြီးမာ ပါလာလို့သာ ဒီ 'လာဘ်နတ်မင်းမလေး' နောက်ကို မလိုက်ရဲခဲ့တာ။ အခုတော့ လီရှင်းရှင်း ရွှေချောင်းလဲပြီးတာနဲ့ သူမနောက်ကို ချက်ချင်း လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

သူမက ဈေးနှုန်းကိုတောင် သိပ်ဂရုမစိုက်ဘဲ ရွှေချောင်းတွေကို တစ်ခါနှစ်ခါ လာလဲဖူးသလို၊ အစ်ကိုကြီးမာအပေါ်မှာလည်း ရက်ရက်ရောရော ရှိခဲ့သည်။ အစ်ကိုကြီးလျူရဲ့ အမြင်မှာတော့ လီရှင်းရှင်းဟာ ဘယ်လိုပဲကြည့်ကြည့် တကယ့် သူဌေးနောက်ခံရှိတဲ့သူတစ်ယောက်လိုပါပဲ။

ဒီတစ်ခါမှာတော့ လီရှင်းရှင်းက ပိုပြီး လက်ဖွာလာပြီး သူမအိတ်ထဲကနေ ရွှေချောင်းလေး နှစ်ချောင်းကို တိုက်ရိုက်ထုတ်လိုက်ပါသည်။

"ကောင်းပါပြီ ညီမလေး၊ ခဏလေးစောင့်နော်။ အစ်ကို ပိုက်ဆံသွားယူလိုက်ဦးမယ်"

ထိုလူရဲ့ မျက်လုံးတွေထဲမှာ အရောင်တွေ တလက်လက် ထလာသည်။ အစ်ကိုကြီးလျူရဲ့ မျက်လုံးတွေထဲမှာ လောဘတွေ ပြည့်နေတာကို ဘယ်သူမဆို မြင်နိုင်ပေမဲ့ လီရှင်းရှင်းကတော့ ဒါဟာ နှစ်ခါရှိပြီမို့ အကျွမ်းတဝင်ရှိနေတဲ့သူက သူမကို လိမ်မှာမဟုတ်ဘူးလို့ပဲ ထင်နေခဲ့ပါသည်။

ဟုတ်ပါတယ်၊ လျူဆိုသည့် လူက လီရှင်းရှင်းကို အခုချက်ချင်း လိမ်ဖို့ အစီအစဉ်မရှိသေးပေ။ သူကတောင် သူမအတွက် သစ်သီးအနည်းငယ်ကို ရက်ရက်ရောရော တည်ခင်းပေးခဲ့သေးသည်။

"အစ်ကိုကြီးလျို၊ ဒီတစ်ခါတော့ ကျွန်မကို ဆန်ရိက္ခာကူပွန်တွေ၊ အသားကူပွန်တွေနဲ့ ပိတ်စကူပွန်တွေ ပိုပေးပါဦး"

လီရှင်းရှင်းက ရွှေလဲတိုင်း ငွေတစ်ဝက်၊ ကူပွန်တစ်ဝက် ယူလေ့ရှိတာပါ။ သို့သော် အစ်ကိုကြီးမာနဲ့အတူ နေ့တိုင်း အစိုးရစားသောက်ဆိုင်တွေမှာ လျှောက်စားနေတာကြောင့် ကူပွန်တွေက အမြန်ကုန်သွားတတ်သည်။ ထို့ကြောင့် ဒီတစ်ခါမှာတော့ သူမက ကူပွန်တွေ ပိုပြင်ခိုင်းထားတာပါ။

"ရတာပေါ့၊ ရတာပေါ့။ ညီမလေးရှင်းရှင်း တောင်းဆိုမှတော့ အစ်ကို အများကြီး ပြင်ပေးထားမှာပေါ့"

မိနစ်အနည်းငယ်အကြာမှာတော့ လျိုက အခန်းထဲကနေ ပိုက်ဆံတစ်ထပ်နဲ့ ကူပွန်တစ်ထပ်ကို ယူလာပြီး လီရှင်းရှင်းနဲ့ ရိုးရိုးသားသားပဲ အရောင်းအဝယ် လုပ်လိုက်သည်။

အရောင်းအဝယ်ပြီးသွားတော့ လီရှင်းရှင်းက ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်ဆိုင်ကို သွားစားသည်။ ထမင်းစားချိန် ကျော်လုနီးပါးဖြစ်နေပြီမို့ ဆိုင်မှာ ခေါက်ဆွဲပလိန်းနဲ့ ဟင်းသီးဟင်းရွက်ဟင်းတွေပဲ ကျန်တော့သည်။

"အစ်မ၊ အသားဟင်းတစ်ခွက်ရအောင် လုပ်ပေးလို့ရမလား။ အသားမျှင်ခေါက်ဆွဲဆိုရင်လည်း ရပါတယ်"

ပိုက်ဆံနဲ့ ကူပွန်ကို နှစ်ဆပေးလိုက်တဲ့ စွမ်းအားကြောင့် မီးဖိုချောင်က စားဖိုမှူးကြီးဟာ သူ့အတွက် ဖယ်ထားတဲ့ အသားကိုတောင် ထုတ်ပေးလိုက်ရသည်။

"အစ်ကိုကြီးလျူ၊ ဒီကောင်မလေးက တကယ်ကို ပိုက်ဆံသုံးနိုင်တာပဲ။ အသားတစ်လုပ်စားဖို့အတွက်ကို နှစ်ဆတောင် ပေးသွားတယ်"

နှမြောစရာပဲလေ၊ အဲဒီပိုက်ဆံနဲ့ ကူပွန်တွေက ဒီည သူတို့ ရည်မှန်းထားတဲ့ အရာတွေပါ။ အခု လီရှင်းရှင်းက အများကြီးသုံးလိုက်တော့ သူတို့ရမယ့် ဝေစုက နည်းနည်းလေးပဲရတော့မှာပေါ့။

"ဒီလောက် အသေးအဖွဲလေးတွေကို ကြည့်ပြီး စိတ်မပူစမ်းပါနဲ့။ ဒီကောင်မလေးနောက်ကို လိုက်သွားပြီး သူဘယ်မှာနေလဲဆိုတာ သိတာနဲ့ ငါတို့အတွက် ရွှေချောင်းတွေ အများကြီး ရှိနေမှာပဲ"

လျူက သူ့ရဲ့အပေါင်းအဖော်ကို ညမှောင်ရိပ်ထဲ ဆွဲခေါ်သွားခဲ့သည်။ သူကတော့ ဒီလောက် အမြတ်အစွန်းလေးကို ဂရုမစိုက်ပါဘူး၊ သူ တွက်ချက်နေတာက လီရှင်းရှင်းရဲ့ အိမ်မှာရှိမယ့် ရွှေချောင်းတွေပါပဲ။

အဲဒီညက လီရှင်းရှင်း အိမ်ပြန်ရောက်တဲ့အခါ လီယန်ပင်းက အိပ်ပျော်နေပြီပင်။ လီရှင်းရှင်းက သူ့ကိုလည်း ဂရုမစိုက်သလို၊ ရွှေချောင်းလဲလို့ရလာတဲ့ ပိုက်ဆံတွေကိုလည်း သူမရဲ့ အစ်ကိုအရင်းခေါက်ခေါက်ကို ဝေမျှဖို့ စိတ်ကူးမရှိခဲ့ပေ။

ထိုအချိန်မှာတော့ လီယန်ပင်းဟာ သူ့ညီမက ရွှေချောင်းတွေကို အပြင်ထုတ်ပြီး ပိုက်ဆံလဲနေတယ်ဆိုတာကို လုံးဝ မသိခဲ့သလို၊ ဒီကိစ္စကြောင့်ပဲ သူတို့မိသားစုဟာ နောက်ထပ် မုန်တိုင်းတစ်ခုနဲ့ ကြုံရတော့မယ်ဆိုတာကိုလည်း သူ မသိခဲ့ပါ။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters