← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အပိုင်း ၅၈ - စက်ရုံမှူးလျန်ကို ရှာဖွေခြင်း

နောက်တစ်နေ့မနက်တွင် လီယန်ပင်းတစ်ယောက် စူးစူးဝါးဝါး အော်ဟစ်သံကြောင့် လန့်နိုးလာခဲ့သည်။ ထိုအသံ၏ ပိုင်ရှင်မှာ သူ၏ချစ်လှစွာသောညီမလေး လီရှင်းရှင်းပင် ဖြစ်လေသည်။

"မရှိတော့ဘူး၊ အကုန်လုံး ပျောက်ကုန်ပြီ။ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ"

ခေါင်းကိုက်လွန်း၍ အက်ကွဲမတတ် ခံစားနေရသော်လည်း လီယန်ပင်းသည် ညီမဖြစ်သူ၏ အခန်းထဲသို့ အပြေးအလွှား ဝင်သွားခဲ့သည်။ အခန်းတစ်ခုလုံးမှာ ဗရပွဖြစ်နေပြီး မွှေနှောက်ခံထားရသည်။ ထိုအခါမှသာ သူ့အခန်းမှာလည်း ပစ္စည်းများ ဟိုဒီဖြစ်နေသည်ကို သတိပြုမိသော်လည်း ညီမဖြစ်သူ၏ အခန်းလောက်တော့ မဆိုးလှပေ။

"ဘာဖြစ်လို့လဲ၊ ဘာတွေပျောက်လို့လဲ"

"ရွှေတွေ ပျောက်ကုန်ပြီ။ အဖိုးချန်ထားခဲ့တဲ့ ရွှေ‌ချောင်းလေးတွေရော၊ သမီးရဲ့ ပိုက်ဆံနဲ့ ကူပွန်တွေရော အကုန်မရှိတော့ဘူး။ အစ်ကိုကြီး... ဘယ်လိုလုပ်ကြမလဲ"

လီရှင်းရှင်းသည် အစ်ကိုဖြစ်သူ၏ အင်္ကျီစကို ဆွဲကိုင်ကာ မျက်ရည်စက်လက်ဖြင့် ငိုယိုနေသည်။ ငွေကြေးနှင့် အသုံးအဆောင်ပစ္စည်းများ အလျှံပယ်သုံးစွဲနိုင်သည့် ဘဝလေးကို ယခုမှ စတင်ခံစားခါစရှိသေးချိန်တွင် အရာအားလုံး ဆုံးရှုံးလိုက်ရသည့် အဖြစ်မှန်ကို သူမ လက်မခံနိုင်ဖြစ်နေရှာသည်။

ထိုစကားကို ကြားကြားချင်း လီယန်ပင်း အပြင်သို့ ပြေးထွက်သွားသည်။ သူစုဆောင်းထားသော ငွေများကို အရင်စစ်ဆေးကြည့်ရာ မျှော်လင့်ထားသည့်အတိုင်း တစ်ပြားမကျန် ပျောက်ဆုံးနေပြီဖြစ်သည်။ ထို့နောက် မိဘများ၏ အခန်းဘက်သို့ သွားကြည့်ရာတွင်လည်း ပစ္စည်းများမှာ ပြောင်းပြန်လှန် မွှေနှောက်ခံထားရသည်ကို တွေ့လိုက်ရသည်။

"ရဲစခန်းမှာ သွားတိုင်ရမယ်။ ဟုတ်တယ်၊ အခုချက်ချင်းသွားတိုင်ကြမယ်။ သူခိုးကို ကျိန်းသေပေါက် ဖမ်းမိမှာပါ"

လီယန်ပင်း အပြင်သို့ မထွက်ရသေးခင်မှာပင် လီရှင်းရှင်းက ရှေ့သို့တိုးကာ အစ်ကိုဖြစ်သူ၏ လက်မောင်းကို နာကျင်အောင် အားဖြင့် ဆွဲတားလိုက်သည်။

"မဖြစ်ဘူး၊ ရဲစခန်းမှာ သွားမတိုင်ရဘူး"

ရဲစခန်းဟု ကြားသည်နှင့် လီရှင်းရှင်း ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ ရွှေချောင်းလေးများအတွက်နှင့် အဖိုးဖြစ်သူကို ဒုက္ခပေးခဲ့သည့်နေ့မှစ၍ သူမသည် ရဲများကိုတွေ့လျှင် အကြောင်းမဲ့ ကြောက်လန့်နေတတ်သည်။

"ရှင်းရှင်း... ဂျီမကျစမ်းနဲ့။ ဒါက ရဲတိုင်မှ ဖြစ်မှာ"

လီယန်ပင်းသည် ထိုအဖြစ်အပျက်ကို ပြန်တွေးမိတိုင်း ကြောက်စိတ်ဝင်နေမိသည်။ အိမ်ထဲမှာ အေးအေးဆေးဆေး အိပ်ပျော်နေရင်း ဓားပြတိုက်ခံရခြင်းဖြစ်သည်။ နိုးလာချိန်တွင် ခံစားနေရသော ခေါင်းကိုက်ဝေဒနာကို ထောက်ဆပြီး သူခိုးသည် မေ့ဆေးသုံးတတ်သော ပညာသည်တစ်ဦး ဖြစ်ရမည်ဟု သူသိလိုက်သည်။

"မရဘူး၊ ညီမခွင့်မပြုနိုင်ဘူး။ တကယ်လို့... တကယ်လို့ သူတို့တွေ သိသွားရင် ဘယ်လိုလုပ်မလဲ။ အစ်ကိုကြီး... ညီမ တောင်းပန်ပါတယ်၊ ရဲမတိုင်ပါနဲ့နော်"

လီရှင်းရှင်း ကြောက်ရသည့် အကြောင်းရင်း နှစ်ခုရှိသည်။ ပထမအချက်မှာ ရွှေ‌ချောင်းလေးများအကြောင်း ရဲက စစ်မေးလျှင် အဖိုးဖြစ်သူ သေဆုံးမှုတွင် သူမ ပါဝင်နေသည်ကို ပေါ်သွားမည်စိုးခြင်း ဖြစ်ပြီး၊ ဒုတိယအချက်မှာ 'မှောင်ခိုဈေး'သို့ သွားရောက်ကာ ရွှေလဲခဲ့သည်များ ပေါ်သွားမည်ကို စိုးရိမ်ခြင်းဖြစ်သည်။

"မကြောက်ပါနဲ့။ အိမ်က ပိုက်ဆံအချို့ အခိုးခံရတယ်လို့ပဲ ပြောမှာပါ။ ရွှေတွေအကြောင်း တစ်လုံးမှ မဟရင် ရဲတွေလည်း သိမှာမဟုတ်ပါဘူး"

အပြစ်မကင်းလှသည့် လီရှင်းရှင်းကမူ ပို၍ပင် အဝေးကြီး တွေးနေမိသည်။ အကယ်၍ သူခိုးကို ဖမ်းမိသွားလျှင် ထိုသူခိုးက သူခိုးလာသော ပိုက်ဆံ၊ ကူပွန်နှင့် ရွှေချောင်းများအကြောင်းကို ဖော်ကောင်လုပ်လိုက်လျှင် သူမ ဘာလုပ်ရပါ့မည်နည်း။

အပြန်အလှန် စကားပြောရင်း လီယန်ပင်း စိတ်ငြိမ်သွားပြီး စဉ်းစားခန်း ဝင်လာသည်။ သူတို့အိမ်က ဘာကြောင့် သူခိုးမျက်စိကျစရာ ဖြစ်သွားရသနည်း။ အိမ်တွင် လူမမာရှိ၍ ငွေကို ရေသလို သုံးနေရကြောင်းနှင့် ဆွေမျိုးမိတ်ဆွေများထံ လိုက်လံချေးငှားနေရသည်အထိ ဆင်းရဲမွဲတေနေကြောင်း အိမ်နီးနားချင်းအားလုံးက သိကြသည်မဟုတ်ပါလား။

သူတို့ဆီမှာ ပိုက်ဆံရှိတာကို တစ်စုံတစ်ယောက်က မသိဘဲနှင့်တော့ မည်မျှပင် ထုံအသောသူခိုးဖြစ်ပါစေ သူတို့အိမ်ကို ပစ်မှတ်ထားမည်မဟုတ်ပေ။

"လီရှင်းရှင်း၊ နင် တစ်ခုခု လုပ်ခဲ့သေးလား။ လူတိုင်းက အမေ နေမကောင်းလို့ ပိုက်ဆံတွေ လိုက်ချေးနေရတာ သိနေတာပဲ၊ ဘာလို့ ငါတို့အိမ်ကို သူခိုးလာရတာလဲ"

လီယန်ပင်း၏ ဝေဖန်ချက်ကို ကြားသော် လီရှင်းရှင်း မျက်နှာ ပျက်သွားသည်။ သူမ ပျာပျာသလဲ ဖြစ်နေသည်ကို အစ်ကိုဖြစ်သူ မမြင်အောင် ခေါင်းငုံ့ထားလိုက်သည်။ သူမ ပိုက်ဆံရှိကြောင်း ကြွားဝါခဲ့မိပြီပင်။

"နင် တကယ်ပဲ တစ်ခုခု လုပ်ခဲ့တာပဲ။ လီရှင်းရှင်း... နင်ကတော့ တကယ့် ငတုံးးပဲ။ မြန်မြန်ပြောစမ်း၊ အားလုံးကို အမှန်အတိုင်းပြော"

ဆယ်စုနှစ်တစ်ခုကျော် သံယောဇဉ်ရှိခဲ့သော်လည်း ယခုအခါတွင်မူ လီယန်ပင်းသည် ညီမဖြစ်သူကို ပထမဦးဆုံးအကြိမ်အဖြစ် စက်ဆုပ်ရွံရှာမိကာ နာကျည်းမိတော့သည်။

လီယန်ပင်း၏ အမျက်ဒေါသနှင့် ဖိအားပေးမှုအောက်တွင် လီရှင်းရှင်းသည် နောက်ဆုံး၌ ငိုယိုကာ မှောင်ခိုဈေးသို့သွား၍ ရွှေချောင်းလေးများ လဲလှယ်ခဲ့သည့်အကြောင်း ဝန်ခံလိုက်ရလေသည်။

"ဒါတွေကို မထိနဲ့လို့ ငါပြောထားတယ်မဟုတ်လား။ နင်က ဘာလို့ အမြဲတမ်း ကိုယ့်သဘောနဲ့ကိုယ် လုပ်နေရတာလဲ"

လီရှင်းရှင်း လတ်တစ်လော အိမ်မှာ ထမင်းမစားဘဲ အပြင်စာတွေ စားနေခြင်း၊ အင်္ကျီအသစ်၊ ဖိနပ်အသစ်များ ဝယ်လာခြင်းတို့ကို လီယန်ပင်း ပြန်တွေးမိသွားသည်။

"တောက်... နင်ကတော့ကွာ၊ စားဖို့သောက်ဖို့နဲ့ ဝတ်ဖို့အတွက်နဲ့ ရွှေ‌ချောင်းတွေကို သွားလဲရဲတယ်ပေါ့။ လီရှင်းရှင်း၊ နင်ဟာ တကယ်ကို အတ္တကြီးလွန်းတယ်"

"ညီမက အတ္တကြီးတယ်ဟုတ်လား။ ညီမသာ အတ္တကြီးရင် အမေ့ရဲ့ ဆေးရုံစရိတ်တွေ အကုန်သွားရှင်းပေးပြီး ငွေသုံးရာတောင် ထပ်ထားခဲ့ပါ့မလား။ ညီမ အဝတ်အစားနဲ့ အစားအသောက်အတွက် သုံးတာက နည်းနည်းလေးပါ။ ဒါ အစ်ကိုကြီး အပြစ်ပဲ။ အစ်ကိုကြီးသာ ရွှေသွားလဲဖို့ ငြင်းမနေရင် ညီမ ဒီလို ခိုးလုပ်စရာမလိုဘူး၊ ဘယ်သူမှလည်း သိမှာမဟုတ်ဘူး"

ညီမဖြစ်သူ၏ ပြန်လည်စွပ်စွဲချက်ကို ကြားသောအခါ လီယန်ပင်း၏ ဒေါသမှာ ငယ်ထိပ်ရောက်သွားသည်။ လီရှင်းရှင်းကို ပါးရိုက်ရန် လက်ရွယ်လိုက်သော်လည်း သူမ၏ ခက်ထန်လှသော အကြည့်ကြောင့် သူ စိတ်နာကျင်သွားရသည်။

"ကောင်းပြီ... နင့်သဘောပဲ။ အရင်တစ်ခေါက်က အဖိုးကို နင် ဒုက္ခပေးခဲ့တာကို ဖုံးကွယ်ပေးခဲ့မိတာ တကယ်ပဲ နောင်တရတယ်"

လီရှင်းရှင်းကြောင့် အဖိုးဖြစ်သူ သေဆုံးခဲ့ရခြင်းကို လီယန်ပင်းအနေဖြင့် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ အလိုလိုက်ခံထားရ၍ အကျင့်ပျက်နေသော လီရှင်းရှင်းသည် ဒေါသဆွခံလိုက်ရသလို ဖြစ်သွားပြီး အစ်ကိုဖြစ်သူကို တွန်းထုတ်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။

လီယန်ပင်းသည် အိမ်တွင် အကြာကြီး ထိုင်နေပြီးနောက်မှ ရဲစခန်းသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ ယနေ့မှစ၍ သူတို့ မောင်နှမနှစ်ယောက်ကြားက သံယောဇဉ်မှာ အက်ကြောင်းထင်သွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။

လီရှင်းရှင်း အပြင်ရောက်သွားသောအခါ ပထမဆုံး တွေးမိသည်မှာ သူမတွင် ပိုက်ဆံမရှိတော့ခြင်းပင်။ ဘာလုပ်ရပါ့မလဲ။ သူမသည် အစ်ကိုကြီးမာ၊ အစ်ကိုကြီးလျူနှင့် လင်းရှင်းယောင်ထံမှ စာတို့ကို သတိရသွားသည်။

အစောပိုင်းက လီယန်ပင်းသည် လင်းရှင်းယောင်ပေးသော ငွေနှစ်ရာကို ဆေးရုံစရိတ်အတွက် အသုံးပြုခဲ့သော်လည်း လင်းရှင်းယောင် အလိုကျ လင်းစုယွီကို ဒုက္ခမပေးခဲ့ပေ။ စိတ်မသန့်ဖြစ်နေသောကြောင့် သူသည် လင်းရှင်းယောင်နှင့် ဆက်သွယ်မှုလည်း မပြုလုပ်တော့ပေ။

သို့သော် လီရှင်းရှင်းကမူ လင်းရှင်းယောင်၏ လိပ်စာကို မှတ်ထားပြီး အစ်ကိုဖြစ်သူ မသိအောင် စာများ အဆက်အသွယ် လုပ်နေခဲ့သည်။

"ဟုတ်သားပဲ၊ လင်းရှင်းယောင်ရဲ့ ဦးလေးဆီ သွားလို့ရတာပဲ။ အကူအညီလိုရင် စက်ရုံမှူးလျန်ဆီ သွားပါလို့ လင်းရှင်းယောင် ပြောထားတာပဲ"

ယခင်က သူမတွင် ငွေနှင့် ရွှေချောင်းများ ရှိသောကြောင့် စက်ရုံမှူးလျန်ကို မရှာခဲ့ခြင်းဖြစ်သည်။ ယခုမူ အခြေအနေက ပြောင်းသွားပြီ။ ငွေကို လက်ဖွာစွာ သုံးစွဲရသည့် ဘဝကို စွဲလန်းနေမိသော သူမအတွက် ငွေပြတ်သွားခြင်းက အလွန်ပင် စိတ်ဆင်းရဲစရာ ဖြစ်နေသည်။

တူမဖြစ်သူ၏ သူငယ်ချင်းတစ်ယောက် ရောက်နေကြောင်း ကြားသောအခါ စက်ရုံမှူးလျန်မှာ အတော်ပင် ဇဝေဇဝါ ဖြစ်သွားသည်။ သူ၏ တစ်ဦးတည်းသော တူမမှာ လင်းရှင်းယောင်ဖြစ်ပြီး သူမမှာလည်း ယခု ဤအရပ်၌ ရှိသည်ပင် မဟုတ်။ သူမသူငယ်ချင်းက သူ့ထံ အဘယ်ကြောင့် ရောက်လာရသနည်း။

လီရှင်းရှင်းကို အထဲသို့ ခေါ်လာပြီးနောက် "လင်းရှင်းယောင်က ပိုက်ဆံလာယူခိုင်းလို့ပါ" ဟု တွန့်ဆုတ်တွန့်ဆုတ် ပြောသံကြားလိုက်ရသောအခါ စက်ရုံမှူးလျန်မှာ ပို၍ပင် အံ့အားသင့်သွားတော့သည်။

"မိန်းကလေး... ရှင်းယောင်က ငါ့ဆီမှာ ပိုက်ဆံလာယူခိုင်းတယ် ဟုတ်လား။ ငါ့တူမက မင်းကို ပိုက်ဆံကြွေးတင်နေလို့လား"

"ဟင့်အင်း... မဟုတ်ပါဘူး၊ မမရှင်းယောင်က သမီးကို ကြွေးတင်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကိစ္စတစ်ခု ကူညီပေးဖို့အတွက် ပိုက်ဆံလိုလို့ ဦးလေးဆီမှာ လာတောင်းခိုင်းလိုက်တာပါ"

စက်ရုံမှူးလျန်၏ ခန့်ညားထည်ဝါသော အရှိန်အဝါရှေ့တွင် လီရှင်းရှင်း အနည်းငယ် ကြောက်လန့်မိသော်လည်း ငွေရရှိရေးအတွက်သာ အားတင်း၍ ပြောလိုက်ခြင်းဖြစ်သည်။

"ရှင်းယောင်က မင်းဆီက ဘာအကူအညီကို လိုချင်လို့ ငွေရာနဲ့ချီ လိုတာလဲ။ မိန်းကလေး... စကားမပြောခင် သေသေချာချာ စဉ်းစားနော်။ ငွေရာဂဏန်းဆိုတာ မနည်းဘူး။ ခိုင်လုံတဲ့ အထောက်အထား မရှိဘဲနဲ့တော့ ငါ ဒီအတိုင်း ငွေထုတ်မပေးနိုင်ဘူး"

အမှန်စင်စစ် ဤအချိန်တွင် စက်ရုံမှူးလျန်သည် လီရှင်းရှင်းအား လိမ်လည်လှည့်ဖြားသူတစ်ဦးအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ သို့သော် သူမမှာ ငယ်ရွယ်သူတစ်ဦးဖြစ်သဖြင့် အဆင့်အတန်းမခွဲဘဲ ရှင်းပြခွင့်ကိုတော့ ပေးလိုသေးခြင်းပင် ဖြစ်လေသည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters