← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အပိုင်း ၅၉ - လျန်ဇနီးမောင်နှံ၏ စကားဝိုင်း

လီရှင်းရှင်းက ဘာတွေပဲပြောပြော စက်ရုံမှူးလျန်ကတော့ တုန်လှုပ်ခြင်းမရှိပေ။ ထိုမိန်းကလေးမှာ ပြဿနာရှာရန် လာရောက်သည့် လိမ်လည်လှည့်ဖြားသူတစ်ဦးသာဖြစ်သည်ဟု သူက အခိုင်အမာ ယုံကြည်ထားသည်။

စက်ရုံမှူးလျန်က လုံခြုံရေးဌာနမှ လူများကို လှမ်းခေါ်လိုက်သည့်အချိန်မှာပင် လီရှင်းရှင်းသည် မျက်နှာပျက်ပျက်နှင့် မကျေမနပ်ဖြစ်ကာ ထွက်ပြေးသွားတော့သည်။

လင်းရှင်းယောင်၏စာထဲတွင် သူမ၏ဦးလေးက ကူညီလိမ့်မည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားသော်လည်း အမှန်တကယ် တံခါးဝသို့ရောက်လာချိန်တွင်မူ စက်ရုံမှူးလျန်မှာ ဘာမှန်းမသိ ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။

လီရှင်းရှင်းသည်လည်း လိမ်လည်သူဟု အထင်ခံရပြီး အဖမ်းခံရလုနီးပါး ဖြစ်ခဲ့ရသဖြင့် အလွန်ဒေါသထွက်နေမိသည်။ သို့သော်လည်း သူမသည် လင်းရှင်းယောင်၏ မျက်နှာသာပေးမှုကို ရယူရန် အမြဲလိုလို ဖားယားခဲ့ရသူဖြစ်သဖြင့် ဒေါသထွက်နေလင့်ကစား စက်ရုံမှူးလျန်ကိုသာ စိတ်ထဲက ကြိတ်မကျေမချမ်း ဖြစ်နေလေသည်။

စက်ရုံမှူးလျန်ထံမှ ငွေမရနိုင်တော့သဖြင့် လီရှင်းရှင်းသည် အစ်ကိုကြီးမာထံသို့ အမြန်ပြန်လာခဲ့သည်။ လီယန်ပင်း၏ သုံးသပ်ချက်ကို သူမတွေးတောရင်း မိမိ၏ငွေနှင့် ရွှေတုံးအသေးလေးများကို မည်သူခိုးသွားသနည်းဆိုသည်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

စက်ရုံမှူးလျန်သည် တခါတရံတွင် အတော်ပင် သဘောကောင်းတတ်သူဖြစ်သည်။ လီရှင်းရှင်း၏ ဟန်ဆောင်ကပြမှုကို ကိစ္စအသေးအမွှားလေးအဖြစ်သာ သဘောထားပြီး စိတ်ထဲမထားခဲ့ပေ။ အလုပ်မှ အိမ်ပြန်ရောက်သောအခါ ထိုအကြောင်းကို ဇနီးဖြစ်သူအား ဟာသတစ်ခုသဖွယ် ပြန်ပြောပြနေသေးသည်။

"ရှင်ပြောတာက လူတစ်ယောက်က ရှင့်ဆီ ငွေလာတောင်းတယ်၊ ပြီးတော့ ရှင့်ရဲ့တူမတော် လင်းရှင်းယောင်က လွှတ်လိုက်တာလို့ ပြောတယ်ပေါ့လေ"

စက်ရုံမှူးလျန်က စိတ်သဘောထား ပျော့ပျောင်းသော်လည်း လျန်ကတော်ကမူ ထိုသို့မဟုတ်ပေ။ သူမ ကြားဖြတ်ဖတ်ရှုထားသည့် လင်းရှင်းယောင်၏စာထဲတွင် ဘာတွေပါသည်ကို သူမ အကောင်းဆုံး သိထားသည်။

"ဟုတ်တယ်လေ၊ သူက ရှင်းယောင်ကို တကယ်သိပြီး အတန်းဖော်ဟောင်းလည်း ဖြစ်နေတာနဲ့ အစကတော့ ပြဿနာမကြီးစေချင်ဘူး။ ဒါပေမဲ့ သူမက တဇွတ်ထိုးတောင်းနေတော့ လုံခြုံရေးတွေကို လှမ်းခေါ်လိုက်တာပေါ့၊ အဲဒါနဲ့ သူလည်း ကြောက်ပြီး ထွက်ပြေးသွားရော"

"လောင်လျန်... အဲဒီကောင်မလေး ပြောတာ အမှန်ဖြစ်နိုင်တယ်လို့ ရှင် မစဉ်းစားမိဘူးလား။ ရှင့် တူမက သူ့ကို ဘာလုပ်ခိုင်းဖို့ ခိုင်းထားလဲဆိုတာ ရှင် မမေးလိုက်ဘူးလား"

လျန်ကတော်သည် ဤအခြေအနေမှာ လင်းရှင်းယောင်၏ အကျင့်စရိုက်ဆိုးများကို ဖွင့်ချရန် အခွင့်ကောင်းဖြစ်ကြောင်း နားလည်လိုက်သည်။

"ရှင်းယောင်က ကျင်းမန်မြို့မှာ တောင်မရှိတော့တာပဲ၊ သူက အဲဒီကောင်မလေးကို ဘာလုပ်ခိုင်းနိုင်မှာမလို့လဲ"

"လောင်လျန်... ရှင့်တူမ လင်းရှင်းယောင်က တော်တော်လေး စွမ်းဆောင်နိုင်တာနော်။ သူက အဲဒီကောင်မလေးဆီ စာပြန်ပြီး လင်းစုယွီကို ပြဿနာရှာဖို့နဲ့ ရှင်းပစ်ဖို့ ခိုင်းထားတာ။ ပြီးတော့ ရှင့်တူမက ရှင့်ကိုပါ သူ့အစီအစဉ်ထဲ ဆွဲထည့်ထားသေးတယ်!"

စက်ရုံမှူးလျန်သည် ဇနီးဖြစ်သူနှင့် စကားပြောရင်း လက်ဖက်ရည်သောက်နေစဉ် ဇနီး၏စကားကြောင့် အလွန်အံ့အားသင့်သွားကာ သောက်လက်စ လက်ဖက်ရည်များပင် ပန်းထွက်ကုန်သည်။

"ဘာ... ဘာပြောတယ်။ ရှင်းယောင်က လင်းစုယွီကို ရှင်းခိုင်းဖို့ စာရေးလိုက်တယ် ဟုတ်လား။ မဖြစ်နိုင်တာ! ရှင်းယောင်နဲ့ စုယွီက အတူတူ ကြီးပြင်းလာကြတာလေ။ အရင်က အငြင်းပွားစရာလေးတွေ ရှိခဲ့ရင်တောင်မှ အခုလိုမျိုး တစ်ယောက်ယောက်ကို ခိုင်းပြီး နှိပ်စက်ဖို့အထိတော့ မလုပ်လောက်ပါဘူး!"

စက်ရုံမှူးလျန်သည် သူ၏တူမကို အလိုလိုက်ခံထားရသူ၊ စိတ်ဆတ်သူနှင့် ဇွတ်တရွတ်နိုင်သူဟုသာ အများဆုံး ထင်မြင်ခဲ့သည်။ သို့သော် သူမသည် ဝေးရာသို့ ရောက်နေပါလျက်နှင့် လင်းစုယွီအား ပြဿနာရှာရန် ကြံစည်နေသေးသည်ဆိုလျှင်မူ ၎င်းမှာ သာမန် ဇွတ်တရွတ်နိုင်သည့် ကိစ္စထက် ပိုနေပြီဖြစ်သည်။

"လောင်လျန်... ကျွန်မ ရှင့်ကို အမှန်အတိုင်း ပြောပြမယ်။ ရှင့်တူမက ရှင့်ဆီ အမြဲတမ်း စာတွေရေးနေတာ၊ ဒါပေမဲ့ ကျွန်မက ကြားဖြတ်ဖမ်းပြီး အကုန် မီးရှို့ပစ်လိုက်တာ။ သူက ငါတို့မိသားစု အေးအေးချမ်းချမ်း နေနေရတာကို မကြည့်ရက်နိုင်ဘူးလား။ သူမ ဘယ်လိုနည်းနဲ့ လွတ်သွားလဲဆိုတာ သူ မသိဘူးလား။ သူမ စာပြန်ရေးလို့ တစ်ယောက်ယောက်က သိသွားရင် ငါတို့က သူနဲ့ အဆက်အသွယ် တစ်ကယ် ဖြတ်ထားတာလား ဒါမှမဟုတ် လျှို့ဝှက်ဆက်သွယ်နေတာလားဆိုပြီး အပြောခံရမှာ မကြောက်ဘူးလား?း"

ထိုစဉ်က လျန်မိသားစုသည် လင်းမိသားစုနှင့် ပတ်သက်မှုမရှိတော့ကြောင်း သတင်းစာထဲတွင် ကြေညာချက် ထည့်သွင်းခဲ့ပြီးဖြစ်ရာ လျန်ကတော်အနေဖြင့် လင်းရှင်းယောင်၏စာများ မိမိတို့အိမ်သို့ ရောက်လာမည်ကို လုံးဝ ခွင့်မပြုနိုင်ပေ။

"ဒါက... ဒါက... အဲလောက်ကြီး မဟုတ်လောက်ပါဘူး။ ရှင်းယောင်က စာထဲမှာ သူ့နာမည်လည်း မထည့်ထားပါဘူး။ ဟားဟား..."

လျန်ကတော်၏ တင်းမာသော အကြည့်အောက်တွင် စက်ရုံမှူးလျန်သည် လင်းရှင်းယောင်ဘက်မှ ဆက်၍ မကာကွယ်ရဲတော့ပေ။

"လင်းရှင်းယောင်က ငယ်ငယ်ကတည်းက လင်းစုယွီကို ရန်လိုခဲ့တာ ကျွန်မ ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူက သူ့ရဲ့ စိတ်ကျေနပ်မှုအတွက် ရှင့်ကိုပါ ဆွဲချပြီး မိန်းကလေးငယ်တစ်ယောက်ကို ဒုက္ခပေးခိုင်းနေတာလေ၊ ရှင့်ရဲ့ ဂုဏ်သိက္ခာကိုရော မငဲ့တော့ဘူးလား လောင်လျန်"

လျန်ကတော်သည် ပြောရင်းဆိုရင်း စက်ရုံမှူးလျန်၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်သည်။ အဓိကမှာမူ သူ့ကို မတ်မတ်ထိုင်စေပြီး အကျိုးအကြောင်းကို သေချာနားထောင်စေလိုခြင်းပင်ဖြစ်သည်။

"ရှင်ကတော့ အမြဲတမ်း ရှင့်တူမက ကလေးဆန်တဲ့ စိတ်ပဲရှိတယ်၊ လင်းစုယွီနဲ့ အဆင်မပြေတာပဲလို့ ထင်နေတာ၊ တကယ်တော့ သူက စိတ်ထား ကျဉ်းမြောင်းပြီး သည်းခံစိတ် မရှိတဲ့သူပဲ"

"သူတို့ ငယ်ငယ်က ဆရာငှားပြီး စာသင်တုန်းကလည်း သူက လင်းစုယွီကို အထင်သေးပြီး နှိပ်စက်ချင်တာ၊ လင်းစုယွီကို နေ့တိုင်း သူ့ဘေးမှာရပ်ပြီး ယပ်ခပ်ပေး၊ လက်ဖက်ရည်ငှဲ့ပေးရတဲ့ အစေခံလို ခိုင်းခဲ့တာလေ။ ဒါပေမဲ့ လင်းစုယွီက ထိုင်နေတဲ့သူ့ထက်စာရင် မတ်တပ်ရပ်နေရင်းနဲ့တောင် ပိုတော်ပြီး ပိုမြန်မြန် တတ်မြောက်သွားမယ်လို့ သူ ထင်ထားခဲ့မှာ မဟုတ်ဘူး"

"သူငယ်ငယ်က အမှားလုပ်ရင်လည်း လင်းစုယွီအပေါ် ပုံချခဲ့တာ၊ ကြီးလာတော့လည်း လင်းစုယွီကို အကြိမ်ကြိမ် ထောင်ချောက်ဆင်ခဲ့တာ။ ရှင်တို့တစ်တွေက အမှန်တရားထက် ကိုယ့်ဆွေမျိုးကို ဘက်လိုက်တတ်တာကို ကျွန်မ မတားနိုင်ဘူး။ ဒါပေမဲ့ ကျွန်မ ပြောထားမယ်... ရှင့်ရဲ့တူမက သာမန်ကလေးဆန်တာ မဟုတ်ဘူး။ အခုချိန်မှာ ကျွန်မတို့မိသားစု ဘဝက မလွယ်ကူလှဘူး၊ ခက်ခက်ခဲခဲ ရယူထားရတဲ့ ငြိမ်းချမ်းရေးကို သူ့ကြောင့် အပျက်မခံပါနဲ့!"

"မလုပ်ပါဘူး... မလုပ်ပါဘူး... သူ့ကို ဘေးကင်းအောင် ပို့ပေးလိုက်တာကတင် သူ့အတွက်ရော၊ ငါ့အစ်မကြီးအတွက်ရော လုံလောက်နေပါပြီ။ နောင်ကိုလည်း သူ့အတွက်နဲ့ ငါ အန္တရာယ်အဖြစ်မခံတော့ပါဘူး"

စက်ရုံမှူးလျန်က အမြန်ပင် ကတိပေးလိုက်သည်။ သူသည် ပုံမှန်ဆိုလျှင် သဘောကောင်းပြီး စကားပြောရလွယ်သော်လည်း ဒေါသထွက်လာလျှင် အလွန်ကြောက်စရာကောင်းသည့် ဇနီးသည်၏ စရိုက်ကို ကြောက်ရွံ့နေခြင်းဖြစ်သည်။

"လင်းရှင်းယောင်အတွက် ကုန်ခဲ့တဲ့ ငွေတွေ၊ အားစိုက်ထုတ်မှုတွေကို မပြောနဲ့ဦး၊ အတွင်းရေးမှူးဝမ်ကိုတောင် ကျေးဇူးကြွေးတွေ တင်နေရပြီ။ ကျေးဇူးကြွေးဆိုတာ ဆပ်ရလွယ်လို့လား။ ရှင့်ကြောင့် ကျွန်မတို့ သားလတ်လေးရဲ့ အနာဂတ်တောင် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတာ ကြည့်ဦးလေ"

လျန်ကတော်သည် မြို့တော်ဝန်ကျောက်နှင့် အတွင်းရေးမှူးဝမ်တို့ အားပြိုင်နေကြစဉ်က ကိစ္စကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုစဉ်က အတွင်းရေးမှူးဝမ်သည် မြို့တော်ခန်းမအတွင်းရေးမှူးရုံးမှ လျန်ချောင်ဟွေ့ကို အသုံးချရန် မျက်စိကျခဲ့ပြီး အရေးကြီးသောအချိန်တွင် သူ့ကို ကူညီခိုင်းလိုခဲ့သည်။

လျန်ချောင်ဟွေ့က လိမ္မာပါးနပ်လွန်းသဖြင့်သာ အမှားအယွင်းမရှိဘဲ အတွင်းရေးမှူးဝမ်၏ လက်ရုံးဖြစ်သူကို ဖမ်းဆီးနိုင်ခဲ့ကာ ဝမ်ရော ကျောက်ပါ ကျေနပ်လောက်သည့် စစ်ဆေးချက်မှတ်တမ်းကို ပေးအပ်နိုင်ခဲ့ခြင်းဖြစ်သည်။

"မဖြစ်နိုင်တာ... မဖြစ်နိုင်တာ! ငါ့သားလတ်ကို ငါက ဘယ်လိုလုပ် ဒုက္ခပေးမှာလဲ။ မိန်းမရယ်... စိတ်မပူပါနဲ့၊ နောက်ကို ရှင်းယောင်ရဲ့ကိစ္စတွေကို ငါ လုံးဝ ဂရုမစိုက်တော့ပါဘူး။ အဲဒါက ကလေးတွေ စိတ်ကောက်ပြီး ရန်ဖြစ်တာပဲလေ၊ လူကြီးတစ်ယောက်အနေနဲ့ အဲဒီထဲ ဝင်ပါစရာ အကြောင်းမှမရှိတာ"

...သွေးအန်ချင်စရာပါပဲ၊ ဒီလူ ဘာတွေနားလည်နေတာလဲ။ အခုထိတောင် စက်ရုံမှူးလျန်က လင်းရှင်းယောင်ကို ကလေးဆန်ဆန် စိတ်ကောက်နေတာလို့ပဲ မဆင်မခြင် ယုံကြည်နေဆဲဖြစ်ရာ လျန်ကတော်မှာ စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။

သို့သော်လည်း စက်ရုံမှူးလျန်က လင်းရှင်းယောင်၏ ကိစ္စများကို ဆက်မလုပ်တော့ဟု ကတိပေးလိုက်သဖြင့် လျန်ကတော် အနည်းငယ် စိတ်သက်သာရာရသွားသည်။ ထို့အပြင် သူမရှိနေသရွေ့ လင်းရှင်းယောင်က လောင်လျန်ကို အသုံးချရန် ကြံစည်နေသမျှသည် အိပ်မက်တစ်ခုသာ ဖြစ်လိမ့်မည်ဟု သူမ ယုံကြည်ချက် အပြည့်ရှိနေသည်။

လီရှင်းရှင်းသည် စက်ရုံမှူးလျန်ထံမှ ထွက်လာပြီးနောက် သူမ၏ ရွှေ‌ချောင်းလေးများ အခိုးခံရသည့်ကိစ္စကိုသာ တွေးနေမိသည်။ သူမ၏အမြင်တွင် အစ်ကိုကြီးမာနှင့် အစ်ကိုကြီးလျူတို့အနက် အစ်ကိုကြီးမာက ပို၍ အားကိုးထိုက်သည်ဟု ထင်မြင်မိသည်။

"အိုး... ရှင်းရှင်းပါလား။ ဒီနေ့ အစ်ကိုကြီးမာဆီ လာတာက သူ့ကို ဒီနေ့ ဘယ်မှာ ထမင်းသွားကျွေးဖို့‌ခေါ်သွားမလို့လဲ" ဤညီမငယ်မှာ စိတ်တိုတတ်သော်လည်း ချမ်းသာပြီး ရက်ရောသဖြင့် သူတို့က သူမကို အတော်ပင် သဘောကျကြသည်။

"အစ်ကိုကြီးမာ ဘယ်မှာလဲ။ ညီမ သူ့ကို ပြောစရာရှိလို့။" လီရှင်းရှင်းသည် တစ်ဖက်လူ၏ ထမင်းကျွေးရန် အရိပ်အမြွက် ပြောဆိုချက်ကို သတိပင်မထားမိဘဲ ပြန်မေးလိုက်သည်။

လီရှင်းရှင်း လာသည့် အကြိမ်တိုင်းတွင် သူမသည် သူတို့အား အပြင်သို့ခေါ်သွားပြီး ကောင်းကောင်းမွန်မွန် ကျွေးမွေးလေ့ရှိသည်။

အစားအသောက်နှင့် အဝတ်အထည် ရှားပါးသည့် ဤခေတ်ကြီးတွင် သင့်ကို အပြင်ခေါ်သွားပြီး အသားကျွေးသည့်လူမှာ ကျေးဇူးရှင်လော သို့မဟုတ် ငတုံးငအလော။

လီရှင်းရှင်းသည် ပြန်မဖြေသည့်အပြင် တစ်ဖက်လူကို ပြုံးပြခြင်းပင်မရှိဘဲ အဆောင်မကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။ တစ်ဖက်လူမှာမူ လီရှင်းရှင်း၏ သဘောထားကို စိတ်မဆိုးသည့်အပြင် ခေတ္တကြာလျှင် စားသောက်ဆိုင်သို့ သွားရတော့မည်ဟု မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ဆိုင်းနေလေသည်။

သို့သော်လည်း မကြာမီမှာပင် လီရှင်းရှင်းကို နှုတ်ဆက်ခဲ့သည့် ထိုသူသည် အဆောင်မကြီးအတွင်းမှ စတင်ထွက်ပေါ်လာသော အချေအတင် စကားများသံကို ကြားလိုက်ရတော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters