အခန်း ၆၀
Vol. 6 Ch. 60
အပိုင်း ၆၀ - လီမိသားစု၏ ပူဆွေးမှုနှင့် ဝမ်မိသားစု၏ နောင်တ
"လီရှင်းရှင်း... နင်က ဘာသဘောနဲ့ ပြောတာလဲ။ အခု ငါ့ကို သံသယဝင်နေတာလား"
တကယ်တော့ အစ်ကိုကြီးမာဟာ လီရှင်းရှင်းရဲ့ ရွှေချောင်းလေးတွေကို မျက်စိကျနေတာ ကြာပြီပင်။ ဒါပေမဲ့ သူ လှုပ်ရှားဖို့ အခွင့်အရေး မရသေးတာပါ။ နောက်ပြီး သူက ခိုးရတာထက်စာရင် လီရှင်းရှင်းကို စကားအချိုသတ် ချော့မြှူလိုက်ရုံနဲ့တင် သူမဆီကနေ ဘာမဆို လိမ်ယူလို့ရတယ်လို့ ယုံကြည်ထားတာကြောင့် ခိုးတဲ့နည်းကိုတော့ အထင်သေးသည်။
အစ်ကိုကြီးမာက အငေါ့တူးတူးနဲ့ ပြန်မေးလိုက်တော့မှ လီရှင်းရှင်းရဲ့ လေသံက နည်းနည်းပျော့သွားသည်။ အစ်ကိုကြီးမာက ဒေါသတကြီးနဲ့ နာကျည်းနေတဲ့ပုံစံ ဖြစ်နေတော့ သူ လုပ်တာ မဟုတ်လောက်ဘူးလို့ သူမ တွေးမိသွားသည်။
အစ်ကိုကြီးမာက လူကဲခတ် တော်သူတစ်ယောက်ပါ။ လီရှင်းရှင်းရဲ့ ဒေါသတွေ လျော့သွားတာကို မြင်တော့ သူမရဲ့ ရွှေချောင်းတွေက တကယ်ပဲ အခိုးခံလိုက်ရတာလား၊ ဒါမှမဟုတ် သူမက တခြား အကြံအစည် တစ်ခုခုရှိနေတာလားဆိုတာကို သူ သိချင်လာသည်။
"ရှင်းရှင်း... ငါ ဘယ်လိုလူစားမျိုးလဲဆိုတာ နင်မသိဘူးလား။ ငါက ငါ့ညီအစ်ကိုတွေအပေါ် ဘယ်လောက် သစ္စာရှိသလဲဆိုတာ ငါ့ပတ်ဝန်းကျင်က လူတိုင်းသိတယ်။ နင်က ငါတို့အပေါ် ကောင်းခဲ့တာပဲ၊ ငါတို့ကို အမြဲ အပြင်ခေါ်သွားပြီး ကျွေးမွေးပြုစုခဲ့တာ။ ငါသာ နင့်အပေါ် မကောင်းတာလုပ်ရင် ငါ့ညီအစ်ကိုတွေတောင် ငါ့ကို အထင်သေးသွားကြမှာပေါ့"
"ဒါလည်း ဟုတ်တာပဲ။ ငါက အစ်ကိုကြီးမာတို့အဖွဲ့အပေါ် အရမ်းကောင်းခဲ့တာ၊ သူကလည်း သစ္စာရှိတဲ့သူဆိုတော့ ငါ့ကိုတော့ ပြန်လုပ်မှာ မဟုတ်ပါဘူး။ ဒါဆိုရင်... ဟို လျူ ဆိုတဲ့ လူပဲ ဖြစ်ရမယ်"
"အစ်ကိုကြီးမာ... အဲဒါ အစ်ကိုကြီးလျူပဲ ဖြစ်ရမယ်။ ညီမကို ရွှေချောင်း လဲပေးတဲ့လူလေ။ သူပဲ! အစ်ကိုကြီးမား... ညီမပစ္စည်းတွေ ပြန်ရအောင် အစ်ကိုကြီး ညီမကို ကူညီပေးပါဦးနော်"
လီရှင်းရှင်းဟာ နောက်ဆုံးတော့ တစ်ခါလောက် ဉာဏ်ပွင့်သွားပြီး အဖြစ်အပျက်ကို ပြန်စဉ်းစားမိသွားသည်။ သူမက အစ်ကိုကြီးမားကို ချက်ချင်းပဲ အသနားခံပြီး အစ်ကိုကြီးမားအနေနဲ့ သူ့လူတွေကိုခေါ်ကာ ဟို လျူ ဆိုတဲ့ လူရဲ့အိမ်ကို သွားရောက်ဖျက်ဆီးပေးဖို့ တောင်းဆိုတော့သည်။
"အစ်ကိုကြီးလျူလား... လျူတဟိုင် လား။ သူက ဘာလို့ နင့်ကို ပစ်မှတ်ထားရမှာလဲ။ ငါ နင့်ကို သူ့ဆီ ခေါ်သွားတိုင်း ဘယ်သူမှ နောက်က လိုက်မလာအောင် သေသေချာချာ စစ်ဆေးခဲ့တာပဲဟာ"
"ညီမ... ညီမ မနေ့က ပိုက်ဆံ အရမ်းလိုနေလို့ အစ်ကိုကြီးလျူဆီကို တစ်ယောက်တည်း သွားလိုက်တာ။ သူတို့က ညီမကို အကွက်ချလိမ့်မယ်လို့ မထင်ထားမိဘူး"
'ဟက်... ငါ့ကို ကော်မရှင် မပေးချင်လို့ ငါ့ကို မသိအောင် သွားတာမလား' လို့ အစ်ကိုကြီးမာက စိတ်ထဲကနေ ခနဲ့လိုက်သည်။ လီရှင်းရှင်း ရွှေတုံးသွားလဲတိုင်း သူက အမြဲတမ်း ပွဲစားခ ယူနေကျ ဖြစ်သည်။
ဒါပေမဲ့ အစ်ကိုကြီးမာက ဒါကို ထုတ်မပြောပါပေ။ သူက လီရှင်းရှင်းနဲ့ အခုလောလောဆယ် အဆင်မပြေ ဖြစ်မခံချင်သေးပါ။
"ဟူး... ရှင်းရှင်းရာ၊ နင့်ကို ငါ ဘယ်လိုပြောရမလဲ။ အဲဒီ လျူ ဆိုတဲ့လူက မှောင်ခိုဈေးကွက်မှာ ကျင်လည်နေတဲ့လူ၊ တစ်ဖက်သားကို လိမ်ဖို့ဆိုတာ သူတို့အတွက် ထမင်းစားရေသောက်ပဲ။ ငါ အရင်က ပြောခဲ့တာတွေကို နင် ဘာလို့ မမှတ်မိတာလဲ"
"ရွှေချောင်းတွေကို တစ်ယောက်တည်း သွားမလဲပါနဲ့လို့ ငါပြောသားပဲ၊ အဲဒါက မလုံခြုံဘူး။ အခုတော့... ငါ လူတွေခေါ်ပြီး သူ့အိမ်ကို သွားရင်တောင် အဲဒီ လျူ ဆိုတဲ့ကောင်က ထွက်ပြေးသွားတာ ကြာလောက်ပြီ"
အစ်ကိုကြီးမာ ပြောသလိုပါပဲ၊ သူတို့အဖွဲ့ အိမ်ရှေ့ရောက်လို့ တံခါးကို ဘယ်လိုပဲ ခေါက်ခေါက် ဘယ်သူမှ ပြန်မထူးလာပါ။ အနီးအနားကို မေးမြန်းကြည့်လိုက်တော့မှ သူက ညတွင်းချင်းပဲ အိမ်ပြောင်းသွားပြီဆိုတာ သိလိုက်ရပါသည်။
လီရှင်းရှင်းရဲ့ မျက်နှာဟာ အစကတည်းက ဖြူလျော်နေတာဖြစ်ပြီး အခုတော့ လူသေတစ်ယောက်လို ပြာနှမ်းသွားတော့သည်။ သူမရဲ့ ရွှေချောင်းတွေ၊ လဲလှယ်ထားတဲ့ ပိုက်ဆံတွေနဲ့ ပစ္စည်းဝယ်ခွင့် လက်မှတ်တွေအားလုံးကို ဘယ်တော့မှ ပြန်မရတော့ဘူးဆိုတာ သူမ ခံစားသိလိုက်ပြီ။
"ညီမလေး ရှင်းရှင်း... အဆင်ပြေရဲ့လား"
လီရှင်းရှင်းရဲ့ ပုံစံကို ကြည့်ပြီး အစ်ကိုကြီးမာရဲ့ တပည့်တွေတောင် မနေနိုင်ဘဲ နှစ်သိမ့်စကား ပြောပေးကြရှာသည်။
"ညီမလေး... အစ်ကိုတို့ စကားကို နားထောင်ပါ။ ပိုက်ဆံဆိုတာ ကုန်သွားရင်လည်း ကုန်ပါစေပေါ့။ 'ရွှေစင်တစ်ထောင် ကုန်သွားရင်လည်း တစ်နေ့တော့ ပြန်ရလာမှာပဲ' ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ မဟုတ်လား"
"ရွှေစင်တစ်ထောင် ကုန်သွားရင် ပြန်ရမယ်' ဟုတ်လား... နင်က အဲဒီစကားပုံကို အဲဒီလို သုံးတာလား။ သွားစမ်းပါ... စကား မပြောတတ်ရင် ငြိမ်နေစမ်း"
အစ်ကိုကြီးမာက သူ့တပည့်ကို ဟောက်လိုက်သည်။
"ရှင်းရှင်း... နင်ပဲ ပြောခဲ့တယ်မလား၊ နင့်မိသားစုက အရင်က နာမည်ကြီး ကုန်သည်ကြီးတွေဆို။ ဒီရွှေချောင်းလေးတွေဆိုတာ နင့်အတွက် မုန့်ဖိုးလောက်ပဲ ရှိတာပဲဥစ္စာ။ ပျောက်သွားရင်လည်း ပျောက်ပါစေတော့၊ ဝမ်းနည်းမနေပါနဲ့"
"ဒီတစ်ခါတော့ အစ်ကိုကြီးမာကပဲ နင့်ကို ထမင်းပြန်ကျွေးပါ့မယ်။ ပင်လယ်စာ သွားစားကြမယ်လေ။ နင် စိတ်ချမ်းသာသွားအောင် ငါ လုပ်ပေးချင်လို့ပါ"
'မဟုတ်ဘူး... အဲဒါ ငါ့မှာ ရှိသမျှ အကုန်လုံးပဲဟ' လို့ လီရှင်းရှင်းက ရင်ထဲမှာ အော်ဟစ်နေမိပးသည်။ ဒါပေမဲ့ အစ်ကိုကြီးမာရဲ့ စကားတွေကြောင့် သူမ ပိုပြီး အကြပ်ရိုက်သွားရသည်။
သူမဟာ အရင်ကတည်းက သူမမိသားစုက အရမ်းချမ်းသာတာပါဆိုပြီး ရွှေတုံးတွေ သေတ္တာလိုက် ရှိတယ်လို့ ကြွားလုံးထုတ်ထားခဲ့မိသည်။
အခုတော့... သူမဟာ ဒီဒုက္ခကို တစ်ယောက်တည်း ကြိတ်မှိတ်ခံစားရုံကလွဲလို့ အခြားမရှိတော့ဘူး။ အစ်ကိုကြီးမာတို့အဖွဲ့က သူမရဲ့ အခြေအနေမှန်ကို သိမသွားအောင်လည်း အနာဂတ်မှာ ဆက်ပြီး ဖုံးဖိထားရဦးမှာပါ။
တစ်ဖက်မှာလည်း ဝမ်ရွှန်ဖတစ်ယောက် မနေ့က ရဲစခန်းကို ပို့ခံလိုက်ရပြီးနောက် ဝမ်မိသားစုဆီကို သတင်းက ချက်ချင်း ရောက်သွားသည်။
ကျင်းဟွာတစ်ယောက် သတင်းကြားကြားချင်းမှာပဲ သူမရဲ့ သားဖြစ်သူဟာ လျန်ချောင်ဟွေ့နဲ့ ချန်ဟွေ့ယီတို့ကြောင့် စခန်းရောက်သွားတာကို သိလိုက်ရပြီး ဒေါသတွေ အလိပ်လိုက် ထွက်လာတော့သည်။
သူမဟာ အဲဒီအချိန်မှာပဲ ချန်မိသားစုဆီကို သွားပြီး ချန်ဟွေ့ယီကို ပြဿနာရှာဖို့ လုပ်ပေမဲ့ ဝမ်မိသားစုရဲ့ အိမ်ထောင်ဦးစီးက ဘယ်အရာက ပိုအရေးကြီးတယ်ဆိုတာကို သိသည်။ သူက ကျင်းဟွာကို ချက်ချင်းတားဆီးလိုက်ပြီး အခုအချိန်မှာ အရေးကြီးဆုံးက သားဖြစ်သူ ပြန်လွတ်လာဖို့အတွက် လူကြီးတွေကို အောက်လမ်းကနေ အကူအညီတောင်းဖို့ ဖြစ်တယ်လို့ ဖျောင်းဖျလိုက်သည်။
ဝမ်မိသားစုဟာ တစ်နေ့လုံးနီးပါး သူတို့သိသမျှ လူတိုင်းဆီ လိုက်လံ အကူအညီတောင်းပေမဲ့ ဘယ်သူကမှ ဂရုမစိုက်ကြပေ။ ဆွေမျိုးသားချင်းတွေထဲက လူငယ်တချို့ဆိုရင် သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်းတောင် ပြန်ပြီး လှောင်ပြောင်လိုက်ကြသေးသည်။
သူတို့ပြောချင်တာကတော့ ဝမ်မိသားစုဟာ အရင်က ချေးထားတဲ့ ပိုက်ဆံတွေကိုတောင် မဆပ်ရသေးဘဲ အခုတစ်ခါ ထပ်ပြီး အရှက်မရှိ အကူအညီလာတောင်းတာဟာ လူပါးဝလွန်းရာ ကျတယ်ဆိုတာပါပဲ။ ဒီလို ဆွေမျိုးမျိုး မရှိတာကမှ ပိုကောင်းဦးမယ်လို့ ဆိုကြသည်။
တကယ်တော့ ကျင်းဟွာရဲ့ စရိုက်က မှားနေရင်လည်း ငြင်းတတ်သလို မှန်နေရင်လည်း ပြဿနာရှာတတ်တဲ့သူမို့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက သူမကို ကြောက်သလိုလို၊ ရှောင်ချင်သလိုလိုနဲ့ ဘယ်သူကမှ အဖက်မလုပ်ကြပါဘူး။
လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ဝမ်မိသားစုမှာ တစ်ခုပြီးတစ်ခု ပြဿနာတွေ တက်နေခဲ့ပြီး ပြဿနာတက်တိုင်း ပိုက်ဆံလာချေးနေကြတာပင်။ အရင်အကြွေးက မကျေသေးဘူး၊ နောက်ထပ် အကြွေးက အသစ်တိုးလာပြန်ပြီ။ ဘယ်သူက သူတို့ ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံတွေကို ကျင်းဟွာတို့လက်ထဲ ဒီအတိုင်း ထည့်ပေးလိုက်ချင်ပါ့မလဲ။
အဲဒီတော့မှပဲ ဝမ်မိသားစုဟာ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ပျက်ပြားနေပြီဆိုတာနဲ့ ဘယ်သူကမှ သူတို့ကို လက်တွဲကူညီမှာ မဟုတ်တော့ဘူးဆိုတာကို နားလည်သွားသည်။ တစ်နေ့လုံး ပင်ပန်းနွမ်းနယ်ခဲ့ရတဲ့ ဝမ်မိသားစုဟာ သောကတွေနဲ့ ပြည့်နှက်နေတော့သည်။
အဲဒီအချိန်မှာ ကျင်းဟွာရဲ့ ခင်ပွန်းက သူ့ရဲ့ သားကြီးကို ကယ်လို့မရတော့ဘူးဆိုတာကို သိလိုက်ပြီး သူဟာ အသုံးမကျတော့တဲ့ လူတစ်ယောက်လို ခံစားလိုက်ရသည်။ သို့သော် သူ့မှာ တခြားသားတွေ ရှိသေးတာမို့ သူတို့ပါ ဒီကိစ္စထဲ ပါမသွားအောင် စဉ်းစားရတော့မည်။
ဝမ်ရွှန်ဖရဲ့ အဖေက မိသားစု ဂုဏ်သိက္ခာကို ဘယ်လို ပြန်ဆယ်ရမလဲဆိုတာ ခေါင်းစားနေတုန်းမှာပဲ စက်ရုံညွှန်ကြားရေးမှူးလျန်က လူလွှတ်ပြီး သူ့ကို လာခေါ်ခိုင်းလိုက်သည်။
အစကတော့ လျန်ကတော်နဲ့ လင်းစုယွီတို့ တိုင်ပင်ထားတဲ့ နည်းလမ်းက သူ့ကို အထွတ်အထိပ်ရောက်အောင် မြှောက်ပေးပြီးမှ ပြန်ဖြုတ်ချဖို့ပါ။ ဒါပေမဲ့ စက်ရုံမှူးလျန်က လျန်ချောင်ဟွေ့ဆီကနေ အကြောင်းစုံကို သိလိုက်ရပြီး အရိပ်အမြွက် တစ်ခု ရသွားသည်။
ဘာလို့ အဲဒီလောက် ဒုက္ခခံနေမှာလဲ။ ဝမ်ရွှန်ဖရဲ့ လူသတ်ရန် ကြိုးပမ်းမှုကို သုံးပြီး သူတို့ကို ဖိအားပေးလိုက်ရုံပဲလေ။ ဒါဆိုရင် ဝမ်မိသားစုဟာ စက်ရုံက စီစဉ်ပေးတာကို မလိုက်နာဘဲ မနေနိုင်တော့ဘူး။
စက်ရုံမှူးလျန်က ဝမ်မိသားစုကို တိုက်ရိုက်ပဲ ပြောလိုက်သည်။ အကယ်၍ သူတို့မိသားစုဝင်တွေက အနောက်မြောက်ဒေသမှာ မြေယာအသစ် ဖော်ထုတ်ဖို့ သွားရောက်အလုပ်လုပ်မယ်ဆိုရင် စက်ရုံကနေ ထောက်ပံ့ကြေးပေးမယ့်အပြင် ဝမ်မိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း တစ်ဖက်တစ်လမ်းကနေ ပြန်ဆယ်ပေးမည်ဟု ဆိုပါသည်။
စက်ရုံမှူးလျန်ရဲ့ ဖြောင်းဖျမှုအောက်မှာ ဝမ်မိသားစုဟာ အနောက်မြောက်ဒေသကို သွားရင် အစကနေ ပြန်စရမှာ မှန်ပေမဲ့ ဂုဏ်သိက္ခာကိုတော့ ပြန်ရနိုင်မယ်ဆိုတာကို သဘောပေါက်သွားကြသည်။
ဝမ်ရွှန်ဖရဲ့ အဖေဟာ ကျန်ရှိနေတဲ့ သားနှစ်ယောက်ကို စဉ်းစားလိုက်သည်။ တစ်ယောက်က အလယ်တန်းကျောင်းသား၊ နောက်တစ်ယောက်က အိမ်ထောင်ပြုမယ့် အရွယ်ရောက်နေပြီဆိုတော့ သူဟာ အံကြိတ်မှိတ်ပြီး ညွှန်ကြားရေးမှူးလျန်ရဲ့ အဆိုပြုချက်ကို လက်ခံလိုက်ရတော့သည်။
တကယ်တော့ ဝမ်ရွှန်ဖရဲ့ အဖေမှာ ရွေးချယ်စရာ မရှိပါပေ။ သူ့ရဲ့ သားကြီးက ရူးသွပ်ပြီး လူသတ်ဖို့အထိ ကြိုးစားခဲ့တာကြောင့် လုံခြုံရေးဌာနမှူး ချန်ကျွင်းနဲ့ စက်ရုံမှူးလျန်တို့ကို ပြိုင်တူ ပြစ်မှားမိသွားခဲ့သည်။
အားနည်းသူက အားကြီးသူကို မယှဉ်နိုင်ပါ။ စက်ရုံမှူးလျန်နဲ့ ချန်ကျွင်းတို့ နှစ်ယောက်လုံးက ဖိအားပေးလာသည့်အခါမှာ သူတို့မိသားစုအတွက် ထွက်ပေါက်တစ်ခု ပေးတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီပင်။
ဝမ်မိသားစုဟာ အနောက်မြောက်ဒေသကို သွားဖို့ ပြင်ဆင်နေတာကြောင့် ကျင်းဟွာလည်း ချန်မိသားစုဆီ သွားပြီး ပြဿနာရှာမယ့် အကြံကို လက်လျှော့လိုက်ရတော့သည်။ အဓိကကတော့ သူမသာ သွားပြီး ပြဿနာရှာရင် စက်ရုံမှူးလျန် ကတိပေးထားတဲ့ ထောက်ပံ့ကြေးတွေ မရဘဲ ဖြစ်သွားမှာ စိုးလို့ပါ။
ဝမ်ရွှန်ဖရဲ့ အဖြစ်အပျက် ဖြစ်ပြီး နောက်တစ်နေ့မှာ ကျင်းဟွာဟာ ခေါင်းငုံ့ပြီးပဲ လမ်းလျှောက်တော့သည်။ အိမ်နီးနားချင်းတွေက သူမအကြောင်းကို တီးတိုးအတင်းပြောနေကြပေမဲ့ သူမကတော့ မကြားချင်ယောင် ဆောင်နေလိုက်သည်။
အခုတော့ ကျင်းဟွာဟာ ငြိမ်ငြိမ်လေး နေနေရသည်။ ဘာလို့လဲဆိုတော့ သူမရဲ့ ခင်ပွန်းက သူမအပေါ် အငြိုးအတေးတွေ ရှိနေပြီး သားကြီးကို သေသေချာချာ မစောင့်ရှောက်လို့ဆိုပြီး ပါးတောင် အကြိမ်ကြိမ် ရိုက်ခဲ့သေးသည်။
ဝမ်မိသားစုအတွက် အချိန်သိပ်မကျန်တော့ပါ။ ရက်အနည်းငယ်အတွင်းမှာ မိသားစုကိစ္စတွေကို အမြန်ရှင်းလင်းပြီး အနောက်မြောက်ဒေသကို ထွက်ခွာကြရမည်ဖြစ်သည်။
ဝမ်ရွှန်ဖရဲ့ ဦးကြီးက သူတို့အိမ်ကို ဝယ်ယူလိုက်သည်။ သို့သော် အိမ်ရောင်းရတဲ့ ပိုက်ဆံက လက်ထဲမှာတောင် မနွေးသေးခင် သတင်းကြားတဲ့ ဆွေမျိုးတွေက အကြွေးလာတောင်းကြတော့သည်။
အကြွေးတွေ ဆပ်ပြီးတဲ့နောက်မှာတော့ ကျင်းဟွာရဲ့ လက်ထဲမှာ ပိုက်ဆံအနည်းငယ်ပဲ ကျန်တော့သည်။ ပိုက်ဆံမရှိဘဲနဲ့ အနောက်မြောက်ဒေသမှာ မိသားစုတစ်ခုလုံး ဘယ်လို အသက်ဆက်ကြမလဲဆိုတာကို တွေးပြီး သူမ စိုးရိမ်နေမိသည်။
ဝမ်ရွှန်ဖရဲ့ စိတ်ဝေဒနာက တစ်ခါတစ်လေမှ ထတာပါ။ ပြဿနာရှာပြီး ရူးသွပ်နေတာ တစ်အောင့်ကြာရင် သူ ပြန်ပြီး သတိဝင်လာတတ်ပြီး သူ ဘာတွေလုပ်ခဲ့လဲဆိုတာကိုလည်း မှတ်မိနေသည်။
"ငါ့အမေနဲ့ အဖေက ငါ့ကို လာကယ်မှာပါ၊ မကြောက်နဲ့... မကြောက်နဲ့။ ငါ့အမေက ငါ့ကို အရမ်းချစ်တာ၊ သူ ငါ့ကို ဒီအတိုင်းဒုက္ခ အရောက်ခံမှာ မဟုတ်ဘူး"
သတိပြန်ဝင်နေတဲ့ ဝမ်ရွှန်ဖဟာ သူ့ကိုယ်သူ အဲဒီလိုပဲ နှစ်သိမ့်နေခဲ့ပေမဲ့ ဝမ်မိသားစု ထွက်ခွာသွားတဲ့အထိ သူတို့ဆီက ဘာသတင်းမှ မကြားခဲ့ရချေ။
ဝမ်မိသားစုဆီက သတင်းအစား လျန်ချောင်ဟွေ့ရဲ့ ကြားဝင်ဆောင်ရွက်မှုကြောင့် သူ့ရဲ့ ပြစ်ဒဏ်စီရင်ချက်ကသာ အမြန်ဆုံး ထွက်ပေါ်လာခဲ့တော့သည်။