← Chapters

အခန်း ၁၃၃၀

Vol. 133 Ch. 1330

အခန်း ၁၃၃၀

Vol. 133 Ch. 1330

အခန်း (၁၃၃၀) ဒါက ဘယ်သူ့ရဲ့ အရှေ့ပိုင်းတိုက်ကြီးပဲ

ကလေးငယ်က သူ၏အသံကိုတည်ငြိမ်ကာ ခံစားချက်ကင်းမဲ့ဟန်ပေါက်အောင် ကြိုးစားနေသော်လည်း မောက်မာကာအထင်သေးမှု အရိပ်အယောင်များကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

သူ၏ခြေအောက်တွင်ရှိသော သတ္တဝါများဖြစ်သော ဗောဓိသတ္တများဖြစ်စေ အာဟတ်များဖြစ်စေ သူ့အတွက် ပုရွက်ဆိတ်များထက် မပိုသကဲ့သို့ ရှိနေ၏။

သူတို့ကိုဒူးထောက်ကာ ကြိုဆိုခွင့်ပြုခြင်းကပင် ကြီးမားလှသော ကျေးဇူးတော်တစ်ခုဖြစ်နေသကဲ့သို့ပင်။

သူ၏အစေခံကလေးငယ်ကို ဤမျှမာနထောင်လွှားစေရန်မည်ကဲ့သို့သော ဆရာမျိုးဖြစ်နေမည်ဆိုသည်ကို တွေးတောဖွယ်ဖြစ်ပေ၏။

"အစစ်အမှန်အရှင် ထိုက်ရွှီ..." ကယ်တင်ခံရသော မသေမျိုးသုံးပါးဂိုဏ်း၏တပည့်များအားလုံးက ရတနာရထားလုံးပေါ်ရှိ မှုန်ဝါးဝါးပုံရိပ်ကို အူကြောင်ကြောင်ဖြင့် စိုက်ကြည့်နေကြ၏။

အနက်ရောင်ဝတ်ရုံများလွင့်လူးနေမှုကြားတွင် ဖြူဖျော့ချောမောသော ထိုဘေးတိုက်မျက်နှာပြင်က အလွန်ပင် လောကနှင့်ကင်းကွာနေသော်လည်း အနည်းငယ်စိမ်းသက်နေပါသည်။

နောက်ဆုံးတွင် ပိန်သွယ်သော အမျိုးသားတစ်ဦးက "သူပဲ" ဟု အော်ဟစ်လိုက်၏။

နာမည်ကိုခေါ်ဆိုတော့မည့်ဆဲဆဲတွင် သူက ချက်ချင်းသတိဝင်လာပြီး သူ၏ ပါးစပ်ကို လက်ဖြင့် အလျင်အမြန် ပိတ်ထားလိုက်ပါသည်။

ထိုက်ရွှီဆိုသော အမည်မှာ တောင်ပိုင်းတိုက်ကြီးမှ ထွက်ပြေးလာပြီးနောက် လင်းရွှီဂူ၏ငြင်းပယ်ခြင်းကိုခံခဲ့ရကာ ကောင်းကင်မျှော်စင်တောင်၏ တာအိုနယ်မြေတစ်ဝက်ဖြင့်သာ လျော်ကြေးပေးခံခဲ့ရသော ပိုးကောင်နတ်ဆိုးတပည့်ပင်။

သို့သော် ယခုအခါ ဤသူ၏အသွင်အပြင်က ဤတပည့်၏စိတ်ထဲတွင်ရှိသော ပုံရိပ်နှင့် လုံးဝ ကိုက်ညီမှု မရှိတော့ပေ။ ယိုယောင် နှင့် လီရှန်း တို့ကဲ့သို့သော စီနီယာများပင်လျှင် ဤကဲ့သို့အံ့မခန်းအငွေ့အသက်မျိုး ရှိမနေခဲ့ပေ။

"တပည့်ရှန်းမင် က စီနီယာအစ်ကိုထိုက်ရွှီ ကို ရိုသေစွာ ကြိုဆိုပါတယ်"

ရှန်းမင်က မြေပြင်မှထရပ်ရန် သူ၏ခွန်အားအားလုံးကို လေးနက်စွာစုစည်းလိုက်ပြီးနောက် ဒူးတစ်ဖက်ထောက်လျက်ကောင်းကင်ယံသို့ ရိုသေစွာ အရိုအသေ ပေးလိုက်၏။

သူက အစစ်အမှန်အရှင် ထိုက်ရွှီကို မသိရှိသော်လည်း မသေမျိုးသုံးပါးဂိုဏ်းကိုမူ သိရှိနားလည်နိုင်ပါသည်။

သူတို့က ကူညီရန်လာရောက်ခဲ့ကြသော မြောက်ပိုင်းတိုက်ကြီးမှ ဂိုဏ်းတူအဖွဲ့ဝင်များ ဖြစ်ကြပြီး နောက်ဆုံးတွင် ဤအခိုက်အတန့်ကိုမြင်တွေ့ရန် သူ အသက်ရှင်ကျန်ရစ်ခဲ့ပြီ ဖြစ်၏။ ထို့အပြင် ယခင်က လွှဲခုတ်လိုက်သောဓားချက်မှာ သူ၏လေးစားမှုနှင့် အမှန်တကယ် ထိုက်တန်လှပါသည်။

"စီနီယာအစ်ကို ထိုက်ရွှီကို ကျွန်မတို့ ကြိုဆိုပါတယ်"

အမျိုးသမီး တပည့်က သူမ၏လက်ထဲရှိ မသေမျိုးဓားကို လွှင့်ပစ်လိုက်ပြီး သူမ၏အနောက်ရှိ တပည့်များအားလုံးနှင့်အတူ ဒူးတစ်ဖက်ထောက်ချလိုက်ကာကောင်းကင်ယံရှိ ပုံရိပ်ကို အကြီးအကဲ တစ်ယောက်ကဲ့သို့ အလွန်အမင်းရိုသေလေးစားမှုဖြင့် ဆက်ဆံလိုက်ကြ၏။

မသေမျိုးသုံးပါးဂိုဏ်း၏ တပည့်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ယခင်တိုက်ခိုက်မှုမှ ဒဏ်ရာများကိုခံစားခဲ့ရသော်လည်း ဗောဓိသတ္တငါးပါးက အံများကိုကြိတ်ထားပြီး ဒူးထောက်ရန်ခေါင်းမာစွာ ငြင်းဆန်ကာ သူတို့၏ဗုဒ္ဓရတနာများကို လျှိုဝှက်စွာ ထုတ်ယူလိုက်ကြသည်။

"..."

ရှန်းရွှီဘိုးဘေးက အောက်ဘက်ရှိ မြင်ကွင်းကို တိတ်တဆိတ် ကြည့်နေပြီး ခေတ္တမျှတိတ်ဆိတ်နေပြီးနောက် လှောင်ပြောင်လိုက်၏။ "မင်းတို့က ဒူးထောက်ပြီးကြိုဆိုဖို့ ငြင်းဆန်နေမှတော့ သေချာပေါက်သေချင်နေတာပဲ ဖြစ်ရမယ်"

ထိုသို့ပြောဆိုပြီးနောက် သူက အစစ်အမှန်အရှင် ၏ အနောက်သို့နာခံစွာ ဆုတ်ခွာသွားခဲ့၏။

ထိုစကားကို ကြားသောအခါ ခေါင်းဆောင် ဗောဓိသတ္တ၏သွေးများရွှဲနစ်နေသော မျက်နှာမှာ ပြင်းထန်စွာ တွန့်လိမ်လာပါသည်။ သူက လက်ထဲတွင် ကြာပန်းတစ်ပွင့်ကို ကိုင်ဆောင်ထားလျက် ခေါင်းမော့ကာပြတ်သားစွာ ကြေညာလိုက်၏။ "မင်းတို့ မသေမျိုးဂိုဏ်းက တပည့်တွေ၊ ငါတို့ ဗောဓိဂိုဏ်းရဲ့ အရှေ့ပိုင်းတိုက်ကြီးထဲကို အတင့်ရဲပြီး ကျူးကျော်ဝင်ရောက်လာရဲတယ်ပေါ့..."

ထိုအချိန်မှာပင်ပျင်းရိစွာမှီကာထိုင်နေသော တာအိုအရှင်က သူ၏လက်ညှိုးကို ပျင်းရိပျင်းတွဲဖြင့် မြှောက်လိုက်၏။

မျက်တောင်တစ်ခတ်အတွင်း ခန်းမဆောင်၏ကျောက်လှေကားထစ်တွင်စိုက်ဝင်နေသော ရှေးဟောင်းမသေမျိုးဓားက အနည်းငယ် တုန်ယင်လာပြီး ခုနစ်ကြိမ် သွေးမီးဖုတ် ဝိညာဉ် ရတနာ ၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်ပါသည်။

၎င်းက ရှည်လျားသောလှေကားထစ်များမှ ထွက်ခွာမသွားသော်လည်း ထိုခေါင်းဆောင်ဗောဓိသတ္တ၏ ခန္ဓာကိုယ်ပေါ်တွင် ဖြောင့်တန်းသော မျဉ်းကြောင်းများ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး တစက်စက်ကျဆင်းနေသော အသံနှင့်အတူ ထိုမျဉ်းကြောင်းများထဲမှ သွေးများဖြည်းညှင်းစွာ ယိုစိမ့်လာခဲ့၏။ သူ၏ခန္ဓာကိုယ်က သူကိုင်ဆောင်ထားသောကြာပန်းနှင့်အတူ သပ်ရပ်လျင်မြန်စွာဖြင့် အပိုင်းအစပေါင်းဒါဇင်ချီကာ ခုတ်ထစ်ပိုင်းဖြတ် ခံလိုက်ရလေသည်။

ရှန်းယီက သူ၏ကိုယ်နေဟန်ထားကို အနည်းငယ် မတ်မတ်ပြင်ထိုင်လိုက်ပြီး ဘုန်းကြီးများကို တည်ငြိမ်စွာ မေးလိုက်၏။ "ငါ သိပ်သေသေချာချာမကြားလိုက်ရဘူး၊ ဒါက ဘယ်သူ့ရဲ့အရှေ့ပိုင်းတိုက်ကြီးလဲ"

"ဟင်း..."

‌ခန်းမဆောင်ပတ်လည်တွင် လေးလံသော အသက်ရှူသံများ ထွက်ပေါ်လာခဲ့သည်။

ကျန်ရှိနေသော ဗောဓိသတ္တလေးပါးက တစ်ကိုယ်လုံးတုန်ယင်နေပြီး သူတို့၏ စီနီယာအစ်ကို သူတို့ မျက်စိရှေ့တွင် အကူအညီမဲ့စွာသေဆုံးသွားသည်ကို ကြည့်နေကြ၏။ အရှေ့ရှိ လူက ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်းအဆုံးစွန်သို့ ရောက်ရှိသော ထိပ်တန်းတပည့်ဖြစ်ကြောင်း သေချာလှပါသည်။

ထို့အပြင် ထိုခုနစ်ကြိမ် သွေးသန့်စင်မသေမျိုး ဓား ကို မြင်ရခြင်းက ဤသူက ထိပ်တန်းတပည့်များထဲတွင် အပါအဝင်ဖြစ်ကြောင်းသေချာစေလေ၏။

ယခင် ခေါင်းဆောင်ချူရှီး ထက်ပင် ပိုမို သာလွန်နေသေး၏။

ဤအတွေးနှင့်အတူ ဗောဓိသတ္တများ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများက အလိုအလျောက်ပေါ်ပေါက်လာခဲ့သည်။ သို့သော် သူတို့က ဤနေရာတွင် အရှေိပိုင်း ဍုမေဏုတောင်၏ ခြေရင်း၌ရပ်နေကြခြင်း ဖြစ်သည်။

အကယ်၍ သူတို့က အရှေ့ပိုင်းတိုက်ကြီးကို တစ်ဖက်လူနှင့် မျှဝေနိုင်ကြောင်း ဝန်ခံခဲ့ပါက... ၎င်းက သူတို့ချည်းသက်သက်ဆုံးဖြတ်နိုင်သော ကိစ္စမဟုတ်သည့်အပြင်၊ ထိုကဲ့သို့သော စကားများကိုပြောဆိုခြင်းက ပြန်လည်ရောက်ရှိချိန်တွင် ပြင်းထန်သောပြစ်ဒဏ်များကို ခံရစေပါလိမ့်မည်။

သူတို့က များပြားလှသောအာဟတ်များဆီသို့ လှည့်ကြည့်လိုက်ကြ၏။

အမှန်ပင်။ ဤသည်မှာ အင်အားပြရုံသက်သက်သာ ဖြစ်နိုင်ပြီး လှည့်စားခံရမည်မဟုတ်ပေ။ နေ့ခင်းကြောင်တောင်တွင် ဤသူက ဍုမေဏု တောင်မှ ဘုန်းကြီးထောင်ပေါင်းများစွာကို သတ်ဖြတ်ရဲလိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။

အကယ်၍သတ္တိရှိပါက ချက်ချင်းပင်သူတို့အားလုံးကို သတ်ပစ်လိုက်မည်သာဖြစ်သည်။

"ဒါက ဗောဓိဂိုဏ်းရဲ့ အရှေ့ပိုင်းတိုက်ကြီးပဲ"

နောက်ထပ် ဗောဓိသတ္တတစ်ပါးက ဟိန်းဟောက်လိုက်ရာ သူ၏အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏အနောက်ရှိ မရေမတွက်နိုင်သော အာဟတ်များက တညီတညွတ်တည်း လျုက်လံအော်ဟစ်လိုက်ကြ၏။

သို့သော် အသက်တစ်ရှိုက်စာအတွင်းမှာပင် ဦးခေါင်းများစွာက ပြတ်တောက်သွားသောအသံများနှင့်အတူ သပ်ရပ်စွာပြတ်ကျသွားခဲ့ပြီး စူးရှသောသွေးနံ့များက ခန်းမဆောင်ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေတော့သည်။

လုပ်ငန်းစဉ် တစ်ခုလုံးတွင် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိခဲ့ကြောင်း ထင်ရှားပါသည်။ အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်ဓားက လိုက်ပါလာခဲ့ခြင်း ဖြစ်၏။

၎င်းမှာ အင်အားပြရုံသက်သက်သာဖြစ်သည်ဟု ထင်မှတ်ခဲ့သော ထိုဗောဓိသတ္တက ယခုအခါ သူ၏ လည်ချောင်းထဲတွင် ထိန်းမနိုင်သိမ်းမရဆူပွက်လာသည်ကို ခံစားလိုက်ရပြီးလည်ချောင်းထဲတွင် မီးစွဲလောင်နေသကဲ့သို့ ချွေးသီးချွေးပေါက်များက သူ၏နဖူးပေါ်မှ စီးကျလာခဲ့၏။

သူက ကောင်းကင်ကန့်လန့်ကာ အလယ်ရှိ ရတနာ ရထားလုံးကို မယုံကြည်နိုင်စွာစိုက်ကြည့်လိုက်ရာ လူငယ်လေး၏တည်ငြိမ်သော အမူအရာကိုသာ မြင်တွေ့လိုက်ရပြီး သူတို့၏တုံ့ပြန်မှုကို စောင့်ဆိုင်းရင်းအထက်တွင် မြင့်မားစွာ ထိုင်နေဆဲဖြစ်လေ၏။

"အရှေ့ပိုင်းတိုက်ကြီး က... ဗောဓိဂိုဏ်းပိုင်တာပါ..."

ရဲဘော်ရဲဘက်များစွာက သူတို့၏မျက်စိရှေ့တွင် လဲကျသေဆုံးသွားသည်နှင့်အမျှ ကျန်ရှိနေသူများက မျှော်လင့်ချက်ရှိနေသကဲ့သို့ သို့မဟုတ် ရန်စခံလိုက်ရသကဲ့သို့ဖြစ်လာကာ ခေါင်းမော့လိုက်ကြပြီး အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကို ဒေါသတကြီးစိုက်ကြည့်နေကြသော်လည်း သူတို့၏အသံများမှာမူ သိသိသာသာ တိုးဝင်သွားခဲ့လေပြီဖြစ်သည်။

ဂိုဏ်းနှစ်ခုကြား ပဋိပက္ခများတွင် သေချာပေါက် အသေအပျောက်များရှိခဲ့သော်လည်း ၎င်းတို့မှာ လက်လျှော့ရန် မဝံ့ရဲသည့်အကြောင်းပြချက်ပေးနိုင်သော အကြိတ်အနယ်အခြေအနေများတွင်သာ ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ အသာစီးရရှိထားပြီးဖြစ်သော်လည်း ဤကဲ့သို့ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းကိုမြင်တွေ့ရခြင်းမှာ ဂိုဏ်းနှစ်ခုစလုံးတွင် ရှားပါးလှပေသည်။

တစ်ဖက်နှင့်တစ်ဖက်က ကံကြမ္မာမှတစ်ဆင့် ယုံကြည်မှုစွမ်းအင်များကို သိမ်းပိုက်ရန်ကြိုးစားနေခြင်းသာ ဖြစ်သည်။

ဤအတိုင်းအတာအထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ဤတရားခံအား မသေမျိုးသုံးပါးဂိုဏ်း နှင့် ဗောဓိဂိုဏ်းတို့မှ ၎င်းတို့၏ပြစ်မှုများအတွက် ရင်ဆိုင်လာရပါက သူတို့၏အကျိုးစီးပွားများနှင့် ဆန့်ကျင်နေသဖြင့် ကောင်းမွန်သောနိဂုံးတစ်ခုကို ရရှိမည် မဟုတ်ပေ။

All Chapters