အခန်း ၁၁၁
Vol. 12 Ch. 111
အပိုင်း ၁၁၁
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
(ကျွန်တော် ဖျားနေတာရယ်။ တစ်နေ့လုံး အိပ်နေတာ။ ညနေ နိုးမှ ရသလောက်လေး စာစစ်ပြီး ပို့ထားလိုက်ပါတယ်ဗျ။ အားနာပါတယ်နော် 🥺... မနက်ဖြန် ကျန်တာအကုန်နဲ့ + Free Book တင်ပေးပါမယ်ဗျ။ အကြွေးဆပ်မယ် 😭)
ကျိနင်၏ အမှတ်ကို မြင်ပြီးနောက် ကျန်ရှိနေသည့် ကြီးကြပ်သူများအားလုံးက ချက်ချင်းပင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ကြ၏။ သူတို့အားလုံးက လက်ထဲရှိ အမှတ်ပေးဘုတ်ပြားများကို လှည့်ပြလိုက်ကြသည်။ အားလုံးက ၁၀၀ အမှတ်များသာ ဖြစ်ကြ၏။
သူတို့က ဆိုလွန်အား မဖိနှိပ်ချင်၍ မဟုတ်ပေ။ ရိုးရှင်းစွာပင် မတတ်နိုင်ခြင်း ဖြစ်၏။ ဤနှစ်ထောင်ချီမှ တစ်ခါသာ ကြုံတွေ့ရနိုင်သည့် လက်ရာမြောက်တစ်ခုရှေ့၌ ဖိနှိပ်ရန် ကြိုးစားမှုတိုင်းက ချေမှုန်းခံရမည်သာ။
ထို့အပြင် မြင့်မြတ်နတ်နဂါးကျောင်းတော်မှ ကျင့်ကြံသူကများလည်း သူတို့၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသပြီး ဖြစ်၏။
အမှတ်ပေးဘုတ်ပြားများ အားလုံးထက်မှ အမှတ်ပြည့်များကို မြင်လိုက်ရချိန်၌ ကျောင်းသူ ကျောင်းသားများက ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။
သို့သော် လန်လင်းကမူ နေရာ၌ မလှုပ်မယှက် ရပ်နေ၏။
ကြီးကြပ်သူများ ထွက်ခွာသွားကြပြီးနောက် ကျောင်းသားများအားလုံးလည်း ထွက်ခွာသွားကြသည်။ ကျောင်းသူများစွာက လန်လင်းနှင့် စကားပြောကာ သူမတို့၏ ခံစားချက်များကို ဖော်ပြချင်ကြ၏။
သို့သော် ဆိုလွန်ထံမှ ဖြာထွက်နေသည့် အရှိန်အဝါကို မြင်လိုက်ရချိန်၌ သူမတို့၏ အသိစိတ်က နောက်ဆုတ်နေရန် သတိပေးနေသည်။
လူတိုင်း ထွက်ခွာသွားပြီးနောက် ဖျော်ဖြေရေးခန်းမအတွင်း၌ လန်လင်းတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။
"ဝုန်းးး" လန်လင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး မလှုပ်မယှက် လဲလျောင်းနေလိုက်သည်။
သူ၏ စိတ်ဝိညာဉ် ၊ ခွန်အား ၊ စိတ်စွမ်းအားနှင့် ရူးသွပ်မှုအားလုံးကို အကုန်အစင် သုံးစွဲပစ်လေပြီ။ အချို့က အသက်နှင့် စိတ်ဝိညာဉ်ကို ပေးဆပ်ကာ ဂီတတီးခတ်ခြင်းကို မကောင်းဆိုးဝါးဆန်သည်ဟု ဆိုကြ၏။
သို့သော် လန်လင်းကမူ သူ၏ အသက်နှင့် စိတ်ဝိညာဉ်ကို ပေးဆပ်ကာ တကယ် တီးခတ်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ ဂီတတီးခတ်နေခြင်း သက်သက်သာ မဟုတ်ပေ။ တိုက်ပွဲတစ်ခု ဖြစ်၏။ ထိုတိုက်ပွဲ၌ သူက အပြည့်အဝ အောင်ပွဲခံနိုင်ခဲ့သည်။ ဖျက်ဆီးလိုသည့် စွမ်းအင်များနှင့် ရူးသွပ်ကြမ်းတမ်းသော အနုပညာတို့ဖြင့် ပြည့်နှက်နေသည့် သူ၏ ဖျော်ဖြေမှုက လူတိုင်းကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့၏။
ရဲ့ကျင်းယွီ ရောက်လာပြီး သူ့အား ညင်သာစွာ ဖက်ထားလိုက်သည်။
"ဒီညမှာ လူတိုင်းက သခင်လေးရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတယ်။ အဲဒီထဲမှာ ကျွန်မလည်း အပါအဝင်ပဲ။"
**--**--**--**--**--**--**--**
တော်ဝင်အကယ်ဒမီမှ ထွက်ခွာလာပြီးနောက် ကျိနင် သူမ၏ ရထားလုံးဆီသို့ အပြေးအလွှားသွားလိုက်၏။ ထို့နောက် သူမ၏ အစ်ကိုတော် ကျိလီ၏ မင်းသားငယ်နန်းဆောင်ဆီသို့ ရူးသွပ်စွာဖြင့် အလျင်စလို ဆက်သွားလိုက်သည်။
ကျိလီအား မြင်လိုက်ရသည့် အခိုက်အတန့်၌ သူမက ပြေးဝင်သွားကာ သူ့အား တင်းကျပ်စွာဖက်ထားပြီး ကျိလီ၏ ရင်ခွင်ထဲ၌ ကျယ်လောင်စွာ ငိုကြွေးလိုက်၏။
ကျိလီမှာ အဝတ်အစားပင် သေချာမဝတ်ဆင်ရသေးဘဲ ကျိနင်ကြောင့် အလန့်တကြား ဖြစ်သွားသည်။ သို့သော် သူ၏ မျက်လုံးများက လျင်မြန်စွာပင် ချစ်ခင်ကြင်နာမှုတို့ဖြင့် ပြည့်နှက်သွား၏။ သူမ၏ ကျောကို ညင်သာစွာ ပုတ်ပေးကာ မည်သည်တို့ ဖြစ်လာသည်ကိုပင် မမေးဘဲ နှစ်သိမ့်ပေးလိုက်သည်။
ဆယ့်ငါးမိနစ်ခန့် ငိုကြွေးပြီးနောက် ကျိနင် တဖြည်းဖြည်း တိတ်သွား၏။ သူမက လှပသော မျက်လုံးများဖြင့် မော့ကြည့်လာကာ မေးလိုက်သည်။
"အစ်ကိုတော်... ညီမတို့... ညီမတို့က လူဆိုးတွေလား။"
ကျိလီ သူမအား ကြည့်လိုက်၏။ "ဘာလို့ အဲဒီလို ပြောရတာလဲ။"
ကျိနင် မတ်တပ်ရပ်လိုက်ပြီး ဟာ့ပ်ဆီကော့ဒ် စန္ဒရားဆီသို့ လျှောက်သွားလိုက်၏။ သူမက လှပသော မျက်လုံးများကို မှိတ်ထားကာ လန်လင်း ယခုလေးတင် ဖျော်ဖြေသည့် သီချင်းကို စတင်တီးခတ်လိုက်သည်။
အလွန်ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်သည့်အားလျော်စွာ သူမက နားထောင်ရုံဖြင့် မည်သို့တီးခတ်ရမည်ကို သင်ယူနိုင်၏။ ထို့အပြင် လန်လင်း၏ ဂီတထံမှ ဖျက်ဆီးလိုသည့် အရှိန်အဝါများက သူမ၏ ခန္ဓာကိုယ်၌ ကျန်ရစ်နေဆဲပင်။
ကျိလီ သူမ၏ မျက်လုံးတို့ကို မှိတ်ထားလိုက်ပြီး အလွန်သေချာစွာ နားဆင်နေလိုက်၏။ မိနစ်အနည်းငယ်ကြာပြီးနောက် ကျိနင်၏ တီးခတ်မှု ပြီးဆုံးသွားလေပြီ။
ကျိလီက ဖြည်းညှင်းစွာ မေးလိုက်သည်။ "ဒါက စာမေးပွဲမှာ ဆိုလွန်တီးတဲ့ဟာလား။"
ကျိနင် ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။ ဒါပေမဲ့ သူတီးတာက ညီမထက် ဆယ်ဆပိုပြီး အစွမ်းထက်တယ်။ ဖျက်ဆီးလိုတဲ့ အရှိန်အဝါရယ် ၊ အတူတူသေချင်တဲ့ ခံစားချက်ရယ်က အဆတစ်ရာပိုပြီး ပြင်းထန်တယ်။ မဟာဆရာသခင် ဘိုင်ရွန်နဲ့ ညီမအပါအဝင် လူတိုင်းက လုံးဝလွှမ်းမိုးခံလိုက်ရတာ။ သူ့ကို ဖိနှိပ်ဖို့ ကြိုးစားတဲ့ ညီမတို့ရဲ့ လုပ်ရပ်က ဟာသတစ်ခုလို ဖြစ်သွားတယ်။"
ကျိလီ လေးနက်စွာ ပြောလိုက်သည်။ "သူက တကယ်ကို လောကကြီးနဲ့ မသက်ဆိုင်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတာပဲ။ ဒါဆို ဒီဂီတက ညီမတော်ကို သံသယဝင်သွားစေတာလား။"
ကျိနင်က ဝမ်းနည်းစွာ မေးလိုက်၏။ "အစ်ကိုတော်... ညီမတို့ တကယ်ပဲ မှားနေတာလား။ ဆိုမိသားစုနဲ့ ဆိုလွန်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာက အမှားတစ်ခုများလား။"
ကျိလီ မျက်မှောင်ကျုံ့လိုက်သည်။ "ဒီသီချင်းနာမည်က ဘာလဲ။"
ကျိနင်က ဖြေလိုက်၏။ "ကံကြမ္မာတဲ့။"
ကျိလီက တူရိယာဆီသို့ လျှောက်သွားပြီး ကံကြမ္မာကို ကြိုးစားတီးခတ်လိုက်၏။ ထူးဆန်းစွာပင် သူ၏ တီးခတ်မှုက ကျိနင်ထက် များစွာပို၍ အားကောင်းနေသည်။ အမှောင်ထု ဖျက်ဆီးခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေကာ ဆိုလွန်နှင့် ထပ်တူကျလုနီးပါးပင်။
သို့သော် သံစဉ်အနည်းငယ်မျှ တီးခတ်ပြီးနောက် သူ၏ လက်များအတွင်းမှ နဂါးစွမ်းအားက ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး တူရိယာတစ်ခုလုံးကို ချက်ချင်းပင် အပိုင်းပိုင်းအစစ ကွဲကြေသွားစေ၏။
တူရိယာကို ဖျက်ဆီးပစ်ပြီးနောက် ကျိလီက သူ၏ လက်များကို ဆန့်ထုတ်ကာ သွယ်လျသော လက်ချောင်းများကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
"အရူးမလေး... အစ်ကိုတို့ မမှားဘူး။"
ကျိနင်က မျက်ရည်ဝဲလျက် ဆက်မေး၏။ "ဒါဆို ဆိုလွန်က မှားနေတာလား။"
ကျိလီက ခေါင်းရမ်းလိုက်သည်။ "ဆိုလွန်လည်း မမှားဘူး။ အရာအားလုံးက ကံကြမ္မာပဲ။ ဆိုလွန်က သူ့ရဲ့ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရမယ်။ မဟုတ်ရင် သူရော သူ့မိသားစုပါ ဖျက်ဆီးခံရလိမ့်မယ်။"
"ဒါပေမဲ့ အစ်ကိုတို့လည်း ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရမယ်။ မဟုတ်ရင် အစ်ကိုတို့လည်း ဖျက်ဆီးခံရမှာပဲ။ ညီမတော် မေ့သွားပြီလား။ အစ်ကိုတို့အဖေ ဘယ်လိုသေရလဲ။ အစ်ကို့တို့အမေ ဘယ်လိုသေရလဲ။ ဆိုလွန်က သူပိုင်ဆိုင်သင့်တာကို ပြန်ယူချင်တယ်။ အစ်ကိုတို့လည်း အဲဒီအတိုင်းပဲ လုပ်ရမယ်။"
ကျိနင်က သူမ၏အစ်ကို၏ ရင်ခွင်ထဲ၌ ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ လှဲလျောင်းနေကာ လှပသည့် ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ခွင့် ပြုထားလိုက်၏။
ကျိလီက သူမ၏ဆံပင်များကို ညင်သာစွာ ထိတွေ့လိုက်သည်။
"တကယ်လို့ ဆိုလွန် ရှုံးနိမ့်သွားရင် သူ ရက်ရက်စက်စက် သေရလိမ့်မယ်။ ဒါပေမဲ့ အစ်ကိုတို့ ရှုံးနိမ့်သွားရင်လည်း ရက်ရက်စက်စက် သေရမှာပဲ။ ဆိုလွန်က အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေပုံရပေမဲ့ အစ်ကိုတို့ကလည်း အန္တရာယ်ထဲမှာပဲ ရှိနေတာ။"
"ရန်သူတွေ ဖြစ်နေရင်တောင်မှ ဒီအခိုက်အတန့်မှာ အပြန်အလှန် လေးစားမှုတစ်ခုကို အစ်ကိုခံစားရတယ်။ အစ်ကိုတို့နှစ်ယောက်စလုံးက ကိုယ်စီ ကံကြမ္မာတွေကို ဆန့်ကျင်တိုက်ခိုက်နေကြတာ။ နောက်ဆုံးမှာ ဘယ်သူနိုင်မလဲ ၊ ဘယ်သူရှုံးမလဲဆိုတာကိုတော့ ကံကြမ္မာကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ကြတာပေါ့။"
နောက်ဆုံး၌ ကျိနင်က တဖြည်းဖြည်း ငြိမ်သက်သွား၏။ သူမ၏ ယိမ်းယိုင်သွားသည့် စိတ်နှင့် စိတ်စွမ်းအားတို့က တစ်ဖန်ပြန်လည် ခိုင်မာလာသည်။
ကလေးဘဝ အမှတ်ရစရာများက သူမ၏ စိတ်ထဲသို့ အလုံးအရင်း ဝင်ရောက်လာ၏။ အဆုံးအစမဲ့ မီးတောက်များ ၊ အဆုံးအစမဲ့ သွေးများ ၊ အသတ်ခံခဲ့ရသည့် ဖခင်နှင့် အရှက်ခွဲခံခဲ့ရသည့် မိခင်... ကျိနင်၏ ဖခင်အမည်မှာ ကျိလန် ဖြစ်၏။
တစ်ချိန်က နုလန်ဘုရင့်နိုင်ငံ၏ ဘုရင်ဖြစ်လာရန် အလားအလာအရှိဆုံး မင်းသားတစ်ပါး ဖြစ်ခဲ့ပြီး အထက်တန်းလွှာများအားလုံး၏ ချစ်ခင်မြတ်နိုးခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ သို့သော် ထိတ်လန့်ဖွယ်ကောင်းလှသည့် ထီးနန်းလုပွဲအတွင်း၌ သူမ၏ ဖခင် ရှုံးနိမ့်သွားခဲ့၏။ ရှုံးနိမ့်ခြင်းဆိုသည်မှာ သေခြင်းတရားပင်။
တကယ်၍ မိန်းမစိုးကြီး လီချန်လျန်ကသာ သူတို့မောင်နှမအား နန်းတော်ထဲမှ ကြိုတင်ခေါ်ထုတ်မသွားလျှင် ၊ ထို့အပြင် မြင့်မြတ်နတ်နဂါးကျောင်းတော်ကသာ သူတို့အား ခိုလှုံခွင့်မပေးလျှင် သူတို့နှစ်ယောက်စလုံး သေဆုံးနေနှင့်ပြီ ဖြစ်သည်။
နှစ်ဖက်စလုံး မမှားကြပေ။ သူတို့က ကိုယ်စီ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်နေကြခြင်း သက်သက်သာ ဖြစ်၏။
ကျိလီက လေးနက်စွာ ပြောလိုက်သည်။ "ဆိုလွန်ရဲ့ရန်သူတွေက အစ်ကိုတို့ပဲ။ ဒါကြောင့် သူ့ရန်သူက အစွမ်းထက်တယ်။ ဒါပေမဲ့ အစ်ကိုတို့ရဲ့ရန်သူကရော အစွမ်းမထက်ဘူးလား။ အစ်ကိုတို့ရဲ့ရန်သူက ဒီလောကမှာ အစွမ်းအထက်ဆုံး လူတွေထဲက တစ်ယောက်ပဲ။"
"ဘာလို့လဲဆိုတော့ သူက ကျိပိုင်အပါအဝင် လူတိုင်းကို အနိုင်ယူနိုင်လို့ပဲ။ သူက အရိပ်တွေထဲမှာ ပုန်းကွယ်နေတယ်။ နုလန်ဘုရင့်နိုင်ငံက လူတိုင်းအတွက်တော့ သူကိုယ်တိုင်က ကျော်ဖြတ်ရမဲ့ ကံကြမ္မာပဲ။"
ကျိနင် သူမ၏မျက်ရည်များအားလုံးကို သုတ်ဖယ်လိုက်သည်။
"အစ်ကို... အခု ဘာလုပ်ရမလဲဆိုတာ ညီမသိပြီ။ ကျန်နေသေးတဲ့ သိုင်းစာမေးပွဲအတွက် ဆိုလွန်က တကယ်ပဲ အားနည်းနေတာဖြစ်ဖြစ် ၊ ညီမတို့ကို လှည့်စားဖို့ အားနည်းချင်ယောင် ဆောင်နေတာပဲဖြစ်ဖြစ် သူကျရှုံးအောင် လုပ်ရမယ်။ သူ အထက်တန်းလွှာ စစ်သည်တော်တံဆိပ် ရသွားတာကို လုံးဝခွင့်မပြုနိုင်သလို သူ့ရဲ့မြို့စားဘွဲ့ကို ဆက်ခံခွင့်ကိုလည်း မပေးနိုင်ဘူး။"
ကျိလီ စကားမပြောတော့ဘဲ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။
ကျိနင်ကမူ ပြတင်းပေါက်အပြင်ဘက်ရှိ ညကောင်းကင်ယံကို ကြည့်လိုက်သည်။ "ဆိုလွန်... ငါ့ကို အပြစ်မတင်နဲ့။ ကံကြမ္မာကိုပဲ အပြစ်တင်လိုက်တော့။"
**--**--**--**--**--**--**--**
နောက်တစ်နေ့၌ ဆိုလွန်မှာ တော်ဝင်မြို့တော်တစ်ခုလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာ၏။ ယမန်နေ့ညက သူ၏အံ့မခန်း ဖျော်ဖြေမှုမှာ တော်ဝင်အကယ်ဒမီကို တုန်လှုပ်သွားစေရုံသာမက တော်ဝင်မြို့တော်တစ်ခုလုံးသို့ပါ ပြန့်နှံ့သွားလေပြီ။ သူ၏ဖျော်ဖြေမှုအကြောင်းကို နေရာတိုင်း၌ ပြောဆိုနေကြသည်။
ထို့အပြင် သူတီးခတ်ခဲ့သည့် မြင့်မြတ်သောသီချင်း ကံကြမ္မာမှာ ထိုနေရာ၌ ရှိနေသည့် ကျောင်းသူ ကျောင်းသားများထံမှ ပြန့်နှံ့သွားပြီး ထိပ်တန်းလက်ရာမြောက်တစ်ခုအဖြစ် လျင်မြန်စွာပင် ဂုဏ်ပြုခံလိုက်ရ၏။
ထိုနေရာ၌ ရှိနေခဲ့သော ကျောင်းသူ ကျောင်းသားများစွာ အိမ်ပြန်ရောက်သည့်အခါ မှတ်ဉာဏ်ထဲမှနေ၍ ထိုသီချင်းကို ကြိုးစားတီးခတ်ကြသည်။ သံစဉ်များကို အတိုင်းအတာတစ်ခုအထိ မှန်ကန်အောင် လုပ်ဆောင်နိုင်ကြသော်ငြား သူတို၏ ဝမ်းနည်းပူဆွေးမှု ၊ ဒေါသနှင့် ဖျက်ဆီးခြင်း အရှိန်အဝါတို့မှာ ဆိုလွန်နှင့် နှိုင်းယှဉ်၍ မရနိုင်ကြချေ။
ဆိုလွန်၏ အံ့မခန်းဖျော်ဖြေမှုက နောက်ထပ် ရလဒ်တစ်ခုကို ယူဆောင်လာ၏။ နောက်ဆုံး၌ လူအများက သူနိုင်မည်ဟု စတင်လောင်းကြေးထပ်လာကြသည်။ ဤမတိုင်မီက သူနိုင်မည်ဟု လောင်းကြေးထပ်သူများမှာ ပြည့်တန်ဆာများ ၊ လန်လင်းနှင့် မြို့စားကြီး ကျိထင်တို့သာ ရှိပြီး စုစုပေါင်း ရွှေဒင်္ဂါးတစ်သောင်းခန့်သာ ရှိ၏။
သို့သော် လက်ရှိအချိန်၌ လူဒါဇင်ပေါင်းများစွာက မထင်မှတ်ဘဲ ဆိုလွန်နိုင်မည်ဟု လောင်းကြေးထပ်လာကြရာ သူ့ဘက်၌ ရွှေဒင်္ဂါးနှစ်ထောင်ကျော် ထပ်မံတိုးလာပြန်သည်။
ထို့အပြင် ဤလောင်းကြေးထပ်သူ အသစ်များအားလုံးလိုလိုမှာ ယမန်နေ့ညက သူ၏ဖျော်ဖြေမှုကြောင့် တုန်လှုပ်သွားရသည့် မိန်းကလေးများ ဖြစ်ကြ၏။ အချို့ဆိုလျှင် ယမန်နေ့ကအထိ သူ့အား အရိုးစွဲမတတ် မုန်းတီးနေကြသော ဆိုလွန်၏ ရည်းစားဟောင်းများပင်။
သို့သော် ယမန်နေ့ည အပြီး၌မူ သူတို့က သူ၏အကြီးမားဆုံးသော ပရိသတ်များ ဖြစ်လာကြ၏။ သူတို့၏ ငွေကြေးအားလုံး ဆုံးရှုံးသွားမည်ကိုပင် ဂရုမစိုက်တော့ဘဲ သူ့အား ထောက်ခံရန်အတွက် စုဆောင်းထားသမျှအားလုံးကို ထုတ်ယူလာကြသည်။
အနုပညာစာမေးပွဲမှာ ပြီးဆုံးရန် နှစ်ရက်အချိန်ယူရသည့်အတွက် သိုင်းစာမေးပွဲကို မနက်ဖြန် မွန်းလွဲပိုင်း၌ ပြုလုပ်ရန် စီစဉ်ထား၏။
မနက်ဖြန်၏ နောက်ဆုံးစာမေးပွဲမှာ ဆိုမိသားစု၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အခိုက်အတန့် ဖြစ်လာပေလိမ့်မည်။
သူနှင့် ကျိနင်တို့အကြားရှိ လောင်းကြေးမှာ လူသိများပြီးသား ဖြစ်သော်ငြား လက်ရှိအချိန်၌မူ တော်ဝင်မြို့တော်၏ အကြီးမားဆုံးသော ခေါင်းစဉ်တစ်ခု ဖြစ်လာလေပြီ။ လူတိုင်းလိုလိုက လောင်းကြေး၏ နောက်ဆုံးရလဒ်ကို ဆွေးနွေးနေကြသည်။
နောက်ဆုံးစာမေးပွဲရှိ ဆိုလွန်၏ ရလဒ်များမှာ လူထုအာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာ၏။ တော်ဝင်မြို့တော်တစ်ခုလုံးက ဆိုလွန်အား အနီးကပ် စောင့်ကြည့်နေကြသည်။
မလိုအပ်သည့် ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် လန်လင်း အပြင်မထွက်ပေ။ အိမ်၌သာနေကာ မျက်လုံးများကို မှိတ်၍ တရားထိုင်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းနေ၏။
ယမန်နေ့ညက ဖျော်ဖြေမှု၌ သူ၏ စွမ်းအင်နှင့် စိတ်ခံစားမှုများအားလုံးကို အသုံးပြုလိုက်ရသည်။
ထို့အပြင် ကျိနင်၌ သူ့အား ပြည့်စုံသည့် အမှတ်ပေးရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိသော်ငြား ရှုံးနိမ့်မှုကို ဘယ်သောအခါမှ လက်ခံမည်မဟုတ်ကြောင်းကို လန်လင်း ခံစားမိနေ၏။ နောက်ဆုံး သိုင်းစာမေးပွဲအတွင်း၌ နောက်ကွယ်မှနေ၍ ညစ်ပတ်သည့် လှည့်ကွက်များသုံးရန် သူမ သေချာပေါက် ကြိုးစားလိမ့်မည်ဖြစ်ကြောင်း သူသိနေသည်။
ဤအလွန်တရာ အရေးပါလှသော လောင်းကြေး၌ လန်လင်း ရှုံးနိမ့်၍မရနိုင်သလို ကျိနင်လည်း ရှုံးနိမ့်၍မရနိုင်ပေ။ ဤအောင်ပွဲအတွက် တိုက်ပွဲဝင်ရန် သူမ၏နာမည်ကောင်းကိုပင် ဖျက်ဆီးပြီး ဖြစ်၏။
လက်ရှိအချိန်၌ သူမက အနိုင်ရရန်အတွက် ဖြစ်နိုင်သမျှနည်းလမ်းတိုင်းကို သေချာပေါက် အသုံးပြုပေလိမ့်မည်။
တတိယအဆင့် လေးကိုင်စစ်သည်တစ်ယောက်၏ ခွန်အားနှင့် အသူရာမိစ္ဆာကြယ်၏ စွမ်းအားတို့ကြောင့် မနက်ဖြန် နောက်ဆုံးစာမေးပွဲ၌ သူထူးချွန်စွာ စွမ်းဆောင်နိုင်ပြီး အဆုံးစွန်သော အောင်ပွဲကို ရရှိမည်ဟု လန်လင်း ယုံကြည်ထား၏။
သို့သော် ထိုအခိုက်အတန့်၌ လူရိပ်တစ်ခုက မြို့စားအိမ်တော်၏ အပြင်ဘက်သို့ အပြေးအလွှား ရောက်ရှိလာပြီး တံခါးကို ဝုန်းဒုန်း အသည်းအသန် ခေါက်လိုက်သည်။
အပိုင်း ၁၁၁ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team