← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အပိုင်း ၁၁၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

အပြင်ဘက်မှ အသည်းအသန် တံခါးခေါက်သံများ ထွက်ပေါ်လာ၏။ ဆိုမိသားစု၏ တံခါးစောင့်က လှမ်းမေးလိုက်သည်။ “ဘယ်သူလဲ ၊ ဒီနေ့ သခင်လေးက ဧည့်သည်မတွေ့ဘူး”

အပြင်ဘက်မှ အသက်ရှူသံပြင်းထန်နေသည့် သက်လတ်ပိုင်းလူတစ်ယောက်က ပြာယာခတ်စွာ ပြန်ဖြေလာ၏။ “တံခါးမြန်မြန်ဖွင့်ပေးပါ။ ငါ့မှာ အရေးကြီးကိစ္စရှိလို့ ဆိုလွန်နဲ့ အခုချက်ချင်း တွေ့မှဖြစ်မယ်။ နောက်ကျရင် မီတော့မှာ မဟုတ်ဘူး”

ထိုလူသည် သပ်ရပ်သော နှုတ်ခမ်းမွေးနှင့် ရုပ်ရည်သန့်ပြန့်သူတစ်ဦး ဖြစ်၏။ သို့သော် လက်ရှိအချိန်၌ သူ၏ ပုံစံမှာ အလွန်တရာ သနားစရာကောင်းနေသည်။ သူ၏ အဝတ်အစားများမှာ စုတ်ပြဲပျက်စီးနေ၏။

ရိုက်နှက်ခံထားရသောကြောင့် မျက်နှာတစ်ခုလုံး ဖူးယောင်ညိုမည်းနေကာ ဆံပင်များမှာလည်း ငှက်သိုက်တစ်ခုကဲ့သို့ ရှုပ်ပွနေသည်။

ရဲ့ကျင်းယွီက ရှေ့သို့ထွက်လာ၏။ “ဘယ်သူလဲ”

အပြင်ဘက်မှ သက်လတ်ပိုင်းလူက ပြန်ဖြေသည် “ငါက သခင်ရီခိုင်ပါ။ ငါ့သမီး ရီယွင်က မင်းတို့သခင်လေးရဲ့ ချစ်သူလေ။ ငါသမီး အဖမ်းခံထားရတယ်။ ငါသာ ရွှေဒင်္ဂါး သုံးရာ သွားမပေးရင် သူတို့ သူ့ကို စော်ကားကြလိမ့်မယ်”

ဤခွေးသူတောင်းစားပင် ဖြစ်နေပြန်၏။ ယခင်က သူသည် လောင်းကစားကြွေး ရွှေဒင်္ဂါး ကိုးရာတင်နေသဖြင့် သူ၏ သမီးကို လောင်းကစားရုံသို့ ရောင်းစားတော့မည်ဖြစ်သည်။ ဆိုလွန်က သူ၏ အကြွေးများကို ဆပ်ပေးပြီး ဖြစ်၏။ ယခုလည်း ထိုကိစ္စမျိုး ထပ်ဖြစ်လာပြန်သည်။

ရဲ့ကျင်းယွီက အေးစက်စွာ ငေါက်ငမ်းလိုက်သည်။ “ထွက်... သွား... စမ်း...”

သခင်ရီခိုင်က အော်ဟစ်ငိုကြွေးလိုက်၏။ “တောင်းပန်ပါတယ်။ ငါ့သမီးနဲ့ ဆိုလွန်ရဲ့ ပတ်သက်မှုကို ထောက်ထားပြီး သူ့ကို ကယ်ပေးပါ။ ရွှေဒင်္ဂါး သုံးရာတည်းပါ။ သုံးရာလေးပဲ လိုတာပါ”

ရဲ့ကျင်းယွီက ဒေါသတကြီး အော်လိုက်သည်။ “ထွက်သွားလို့ ပြောနေတယ်လေ”

ထိုစဉ် လန်လင်း ထွက်လာ၏။ “နေဦး... သူ့ကို အထဲဝင်ခိုင်းလိုက်ပါ”

ရဲ့ကျင်းယွီက တားလိုက်သည်။ “သခင်လေး...။ ဒါက ထောင်ချောက်...”

လန်လင်းက ပြတ်သားစွာ လက်ကာပြလိုက်၏။ “ပေးဝင်လိုက်”

ကြီးမားလှသည့် တံခါးကြီး ပွင့်သွား၏။ သခင်ရီခိုင် အထဲသို့ အပြေးအလွှား ဝင်လာပြီး လန်လင်း၏ ပေါင်ကို ဖက်ကာ ငိုကြွေးလိုက်သည်။ “တစ်ညတာ ပေါင်းသင်းဖူးရင်တောင် ရက်တစ်ရာ သံယောဇဉ် ရှိတယ်တဲ့။ မင်းတို့ရဲ့ အတိတ်က အချစ်ကို ထောက်ထားပြီး ရီယွင်ကို ကယ်ပေးပါကွာ။ ရွှေဒင်္ဂါး သုံးရာပေးလိုက်ရင် သူတို့ သူ့ကို လွှတ်ပေးလိမ့်မယ်”

လန်လင်းက ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ “ဦးလေး... ခင်ဗျားကို ကျွန်တော် မေးစရာတစ်ခု ရှိတယ်”

သခင်ရီခိုင်က ပြာပြာသလဲ ခေါင်းညိတ်ပြသည်။ “မေးပါ... မေးပါ”

လန်လင်းက သူအား စိုက်ကြည့်လိုက်၏။ “ခင်ဗျား လိမ်ချင်ရင် တခြားပစ်မှတ်ကို ရွေးသင့်တယ်။ ကျွန်တော့်ရုပ်က အဲဒီလောက်တောင် အတဲ့ပုံ ပေါက်နေလို့လား။ ဘာလို့ ကျွန်တော့်ကိုမှ ကွက်ပြီး လိမ်ချင်နေရတာလဲ”

သခင်ရီခိုင်က အသည်းအသန် ခေါင်းယမ်းလိုက်သည်။ “မဟုတ်ဘူး ၊ တကယ်ပြောတာပါ။ ငါ မင်းကို လိမ်မနေပါဘူး။ ငါတို့ ရွှေဒင်္ဂါး သုံးရာနဲ့ သူ့ကို ပြန်မရွေးရင် ရီယွင်ရဲ့ အပျိုစင်ဘဝက ပျက်စီးသွားလိမ့်မယ်။ မင်းသာ ကယ်ပေးရင် သူက ထာဝရ မင်းအပိုင် ဖြစ်သွားမှာပါ”

လန်လင်းက သူ၏ စကားများကို လျစ်လျူရှုလိုက်၏။ “ခင်ဗျား သူတို့ဆီမှာ အရိုက်ခံရတာလား”

သခင်ရီခိုင်က သနားစရာကောင်းအောင် ခေါင်းညိတ်ပြသည်။ “ဟုတ်ပါတယ်”

လန်လင်းက အေးစက်စွာ ပြောလိုက်၏။ “သနားစရာကောင်းလိုက်တာ ၊ ခင်ဗျားရဲ့ လက်နှစ်ဖက်စလုံးလည်း ကျိုးသွားတာပဲ”

သခင်ရီခိုင် အံ့အားသင့်သွားသည်။ သူ၏ လက်များက မကျိုးသေးပေ။ အခြားနေရာများကိုသာ အရိုက်ခံထားရခြင်းဖြစ်သည်။

ထိုအခိုက်အတန့်၌ လန်လင်းက သခင်ရီခိုင်၏ လက်များကို ကြမ်းပြင်ပေါ်သို့ ကြမ်းတမ်းစွာ ဖိချလိုက်ပြီး ရဲ့ကျင်းယွီအား အမိန့်ပေးလိုက်သည်။ “သူ့လက်ချောင်းတွေ အားလုံးကို နင်းချေပစ်လိုက်”

ထိုစကားကို ကြားလိုက်ရချိန်၌ သခင်ရီခိုင်မှာ ပြင်းထန်စွာ တုန်ယင်သွား၏။ ထွက်ပြေးရန် လျင်မြန်စွာ ကြိုးစားသော်ငြား လန်လင်းက သူ့အား မလှုပ်နိုင်အောငိ ဖိချုပ်ထားသည်။

ရဲ့ကျင်းယွီသည်လည်း သူမ၏ သားရေဖိနပ်ထူကြီးဖြင့် သခင်ရီခိုင်၏ လက်ချောင်းဆယ်ချောင်းလုံးအား ရက်ရက်စက်စက် နင်းချေလိုက်၏။

ချက်ချင်းပင် လက်ချောင်းဆယ်ချောင်းလုံး ကြေမွသွားရသည်။ သခင်ရီခိုင်၏ ခန္ဓာကိုယ်ကြီး တုန်ယင်သွားပြီးနောက် သနားစရာကောင်းလှသည့် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာ၏။ “အား...” လက်များကို မြှောက်ကြည့်လိုက်ရာ လိမ်ကောက်ပြီး သွေးသံရဲရဲဖြစ်နေသည့် လက်ချောင်းများကို မြင်လိုက်ရသည်။ ထို့နောက် ပြင်းထန်လှသည့် နာကျင်မှုကြောင့် နောက်တစ်ကြိမ် ထပ်မံအော်ဟစ်လိုက်ရပြန်၏။

လန်လင်းက အေးစက်စွာ ပြောလိုက်သည်။ “မှတ်ထား ၊ လောင်းကစားရုံက ခင်ဗျားကို ဒီလိုလုပ်လိုက်တာ ၊ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး။ ခင်ဗျား လောင်းကစားကြိုက်တာကို ကျွန်တော် ဂရုမစိုက်ဘူး။ ကိုယ့်သမီးကို ရောင်းစားတာကိုလည်း ဂရုမစိုက်ဘူး။”

“ဒါပေမဲ့ ခင်ဗျား ပိုက်ဆံရှုံးပြီး ကျွန်တော့်ကို ဒုက္ခပေးဖို့ တခြားလူတွေရဲ့ အသုံးချခံဖြစ်လာတာကိုတော့ လက်မခံနိုင်ဘူး။ ခင်ဗျား ကျွန်တော့်ကို တစ်ကြိမ် ဒုက္ခပေးဖို့ ကြိုးစားတယ်။ အဲဒီအတွက် တန်ကြေးက ခင်ဗျားရဲ့ လက်ချောင်းဆယ်ချောင်း ကျိုးသွားပြီ။ အခု ကျွန်တော်တို့ ကျေပြီ။ နောက်တစ်ခါ ဆိုရင်တော့ ခင်ဗျားကို သင်းကွပ်ပြီး တောင်ပိုင်း လူရိုင်းတွေဆီ လွှဲပေးလိုက်မယ်။”

ထိုစကားကို ကြားလိုက်ရချိန်၌ သခင်ရီခိုင်မှာ အကြောက်လွန်ကာ ကွေးကွေးလေး ဖြစ်သွား၏။

ဤသည်မှာ အမှန်တရားပင်။ ယခုတစ်ကြိမ် ငွေရှုံးပြီးနောက် လောင်းကစားရုံမှ လူများက သူ့အား ဆိုလွန်ကို သွားရှာရန် ပြောကြသည်။ သူက ဆိုလွန်အား လောင်းကစားရုံသို့ ဖြားယောင်းခေါ်ဆောင်လာနိုင်သရွေ့ အကြွေးများကို ရှင်းလင်းပေးမည်ဖြစ်၏။

တစ်စုံတစ်ယောက်က ဆိုလွန်ကို ပစ်မှတ်ထားနေကြောင်း သူ ကောင်းကောင်းကြီး သိထားသော်ငြား သူ၏ လောင်းကစားကြွေးများ ကျေစေရန်အတွက် ရောက်လာခြင်းဖြစ်သည်။

တစ်ချိန်က အလွန်ရိုးအသည့် ဆိုလွန်က ဤမျှအထိ ရက်စက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ တကယ်၍ တောင်ပိုင်း လူရိုင်းများထံသို့သာ အလွှဲအပ်ခံရပါက သေရသည်ထက်ပင် ဆိုးရွားသည့် ကံကြမ္မာကို သေချာပေါက် ခံစားရပေလိမ့်မည်။

လန်လင်းက သူ့အား အေးစက်စွာ ငုံ့ကြည့်လိုက်၏။ “ကျွန်တော် ပြောတာကို နားလည်လား”

သခင်ရီခိုင်၏ မျက်နှာက နာကျင်မှုကြောင့် တွန့်လိမ်နေပြီး ခေါင်းညိတ်ပြရန်ပင် ရုန်းကန်လိုက်ရသည်။

လန်လင်းက ခွေးမောင်းသကဲ့သို့ လက်ခါပြလိုက်၏။ “လစ်လို့ရပြီ”

သခင်ရီခိုင်က ယိမ်းယိုင်ကာ မတ်တပ်ရပ်လိုက်ပြီး အမြန်ပြေးထွက်သွားသည်။

**--**--**--**--**--**--**--**

ရဲ့ကျင်းယွီက မျက်မှောင်ကြုတ်လိုက်၏။ “သူတို့ နောက်ထပ် နည်းလမ်းတစ်ခု ထပ်ကြိုးစားကြဦးမှာပဲ သခင်လေး။”

လန်လင်းက ခေါင်းညိတ်လိုက်သည်။ “ကျိနင်က ကျွန်တော့်ရဲ့ အားနည်းချက်ကို မိန်းမတွေလို့ ထင်နေတာ။ ရီယွင်က ပထမဆုံး ပစ်မှတ်သက်သက်ပဲ။ နောက်ထပ် သူက ရဲ့ဖေးတျယ်နဲ့ နီယာကို ပစ်မှတ်ထားကောင်း ထားလာလိမ့်မယ်။ အဲဒီညက ကျွန်တော်တို့ သန်းခေါင်ယံအချိန်မှာ မြို့ထဲကို ဝင်လာတာဆိုတော့ ရဲ့ဖေးတျယ် ကျွန်တော်တို့ကို ကူညီပေးတယ်ဆိုတာကို ကျိနင် သိဖို့က အလွန်လွယ်ကူတယ်။”

ရဲ့ကျင်းယွီက သက်ပြင်းချလိုက်၏။ “မနေ့ညက ကျွန်မတို့ အိမ်ပြန်ရောက်ပြီးနောက် သခင်လေးရဲ့ ညွှန်ကြားချက်တွေကို ကျွန်မ လုပ်ဆောင်ခဲ့တယ်။ ကျွန်မ ရဲ့ဖေးတျယ်ကို ချက်ချင်း သွားရှာပြီး တော်ဝင်မြို့တော်ကနေ အမြန်ထွက်သွားခိုင်းတယ်။ ဒါပေမဲ့ ဆရာမ နီယာအတွက်ကတော့ ကျွန်မ ဘာမှလုပ်ပေးလို့ မရဘူး။ ဘာလို့လဲဆိုတော့ သူက မြို့စားကြီး ကျန်းယုံရဲ့ အိမ်တော်ထဲမှာ ရှိနေလို့ပဲ။”

လန်လင်းက သက်ပြင်းချလိုက်သည်။ “ကျိနင် ဆရာမ နီယာကို မတိုက်ခိုက်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။”

သို့သော်... ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ထူးဆန်းသည့် သက်လတ်ပိုင်းလူတစ်ယောက် ထျန်းရွှေမြို့စားအိမ်တော် အပြင်ဘက်သို့ ရောက်ရှိလာပြီး တံခါးလာခေါက်၏။

တံခါးစောင့်က ခေါင်းရမ်းလိုက်သည်။ “ဒီနေ့ သခင်လေးက ဧည့်သည် လက်မခံပါဘူး။”

ထိုသက်လတ်ပိုင်းလူက ညင်သာပြီး ယဉ်ကျေးသည့်ဟန်ဖြင့် ပြောလိုက်၏။ “ကျွန်တော်က မြို့စားကြီး ကျန်းယုံရဲ့ အိမ်တော်ကပါ။ မနေ့ညက သခင်မ နီယာ ရုတ်တရက် အပြင်းအထန် ဖျားနာသွားပါတယ်။ လက်ရှိမှာ သူ သေလုမျောပါး ဖြစ်နေပြီး အသက်ငင်နေပါပြီ။ သူက သခင်လေး ဆိုလွန်ကို နောက်ဆုံးအနေနဲ့ တစ်ကြိမ်လောက် တွေ့ချင်နေပါတယ်။”

ထိုစကားကို ကြားလိုက်ရချိန်၌ ဆိုလွန်နှင့် ရဲ့ကျင်းယွီတို့၏ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။

ကျိနင် ဤမျှအထိ စည်းကျော်လာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။ ယမန်နေ့ကမှ နီယာက အနုပညာစာမေးပွဲအတွက် ကြီးကြပ်သူတစ်ဦး ဖြစ်ခဲ့သည်။ ဆိုလွန်အား ကျိနင် ဖိနှိပ်နေမှုကို ဆန့်ကျင်သည့်အတွက်ကြောင့် ရုတ်တရက် ရွံရှာဖွယ်ရောဂါတစ်ခုကူးစက်ခံရသည်ဟုဆိုကာ ကြီးကြပ်သူအဖွဲ့ထဲမှနေ၍ ထုတ်ပယ်ခံလိုက်ရ၏။

ယခုမူ ထိုရောဂါဆိုသည့်အရာက တကယ်ပင် သူမ၏အသက်ကို ယူဆောင်သွားတော့မည်လော။ မယုံနိုင်စရာကောင်းလောက်အောင်ပင် ဆရာမ နီယာ၏ ခင်ပွန်းဖြစ်သူ ကျန်းနင်က ဆိုလွန်အား ချောက်ချရန်အတွက် ကိုယ်ပိုင်ဇနီးသည်၏ အသက်ကိုပင် အသုံးပြုနေသည်။

ကျော်ကြားလှသည့် အကြီးအကဲနှင့် ကျောင်းအုပ်ကြီးတစ်ဦးဖြစ်သည့် မြို့စားကြီး ကျန်းယုံပင်လျှင် ဤမျှအထိ အရှက်မရှိဘဲ ယုတ်မာကောက်ကျစ်နေမည်ဟု လန်လင်းတို့ မထင်မှတ်ထားမိခဲ့ကြချေ။

ရဲ့ကျင်းယွီက အလန့်တကြား တားလိုက်သည်။ “မသွားနဲ့နော် သခင်လေး။ နောက်ထပ် ထောင်ချောက်တစ်ခုပဲ။”

သက်လတ်ပိုင်းလူက ခေါင်းညိတ်ပြ၏။ “သေချာတာပေါ့။ သွားတာ မသွားတာက သခင်လေး ဆိုလွန်ရဲ့ ဆန္ဒပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကို ပြန်ခွင့်ပြုပါဦး။”

ထို့နောက် သူက လှည့်ထွက်သွားသည်။

**--**--**--**--**--**--**--**

ရဲ့ကျင်းယွီက လန်လင်း၏ လက်မောင်းကိုလှမ်းဆွဲလိုက်၏။ “သခင်လေး... မသွားပါနဲ့။ ဒါ ကျိနင်ရဲ့ ထောင်ချောက်ပဲ။ မြို့စားကြီး ကျန်းယုံရဲ့ အိမ်တော်ကို သခင်လေး ရောက်သွားတာနဲ့ တစ်ပြိုင်နက် နီယာရဲ့ ခင်ပွန်း ကျန်းနင်က သခင်လေးရဲ့ လက်တွေကို ချိုးပစ်လိမ့်မယ်။ သခင်လေးက သူ့မိန်းမနဲ့ ဖောက်ပြန်လို့ လက်တွေကို ချိုးပစ်တာ တရားတယ်လို့ သူက အခိုင်အမာ ပြောဆိုလိမ့်မယ်။”

လန်လင်းက ခေါင်းညိတ်လိုက်သည်။ “အစ်မ ပြောတာ မှန်တယ်။ အဲဒါ သူတို့ရဲ့ ရည်ရွယ်ချက်ပဲ။ ဒါပေမဲ့ နီယာရဲ့ ရောဂါဆိုတာလည်း တကယ့်အစစ်ပဲ။ ရုတ်တရက် ဖျားနာသွားသယောင် ထင်ရအောင် တစ်ယောက်ယောက်က သူ့ကို အဆိပ်ခတ်ထားတာ။ ကျွန်တော်သာ မသွားဘူးဆိုရင် သူတို့က တကယ်ပဲ နီယာကို သေခိုင်းကြမှာ။”

ထိုစကားကို ကြားလိုက်ရချိန်၌ ရဲ့ကျင်းယွီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားရ၏။

ရဲ့ကျင်းယွီက ဒေါသတကြီး အံကြိတိလိုက်သည်။ “ကျန်းနင်နဲ့ ကျန်းယုံတို့က တိရစ္ဆာန်တွေထက်တောင် ပိုပြီး ယုတ်မာကြတာပဲ”

လန်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ “အာဏာနဲ့ သြဇာလွှမ်းမိုးမှုအတွက် အချို့လူတွေ မလုပ်နိုင်တဲ့အရာ မရှိဘူး။ သူတို့အတွက် ဇနီးတစ်ယောက် သေဆုံးသွားတာက ဘာများ အရေးပါလို့လဲ။”

ရဲ့ကျင်းယွီက မျက်မှောင်ကြုတ်လိုက်၏။ “နီယာရဲ့ မိသားစုက ဒီအတိုင်း ထိုင်ကြည့်ပြီး ဘာမှ မလုပ်ကြတော့ဘူးလား။”

လန်လင်းက သက်ပြင်းချလိုက်သည်။ “နီယာက ကျောင်းသားတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို လူမိသွားတာလေ။ အဲဒီကိစ္စက သူ့ မိသားစုအတွက် အရှက်ရစရာ ဖြစ်သွားစေတယ်။”

ရဲ့ကျင်းယွီက အံကြိတ်လိုက်၏။ “အဲဒီတိရစ္ဆာန်တွေကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်စိတ် ပေါက်လာပြီ။”

ထို့နောက် ရဲ့ကျင်းယွီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ “အဲဒီလိုဆိုရင်တောင်မှ သခင်လေး သွားလို့မရဘူး။ သခင်လေး အတင်းသွားမယ်ဆိုရင် ကျွန်မ စာပေဆောင် သွားပြီး သခင်မလေးကို ထွက်လာဖို့ ခေါ်လိုက်မယ်။”

လန်လင်းက ရဲ့ကျင်းယွီ၏ ပခုံးအား နှစ်သိမ့်ဟန်ဖြင့် ပုတ်လိုက်၏။ “စိတ်မပူပါနဲ့ အစ်မ။ ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်။ အစ်မတော်နဲ့ ကျွန်တော် သွားပြောလိုက်မယ်။”

ထို့နောက် သူက တံခါးစောင့်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။ “မြို့စားကြီး ကျန်းယုံရဲ့ အိမ်တော်ကို သွားပြီး ကျုပ်မိုးမချုပ်ခင် ရောက်လာမယ်လို့ သူတို့ကို သွားပြောလိုက်။”

ရဲ့ကျင်းယွီက အလျှော့မပေးပေ။ “သခင်လေး သွားလို့မရဘူး။ ကျွန်မတို့ မြို့စားကြီး ကျိထင်ကို သွားရှာပြီး အကူအညီတောင်းကြည့်ရင်ကော ဘယ်လိုလဲ။”

လန်လင်းက ခေါင်းရမ်းလိုက်၏။ “ကျန်းယုံက ကျိထင်စကားကို နားထောင်လိမ့်မယ်လို့ အစ်မ တကယ်ထင်နေတာလား။”

သူပြောသည်မှာ မှန်ကန်ကြောင်း သူမ သဘောပေါက်သွားသည်။ ကျန်းယုံသည် အာဏာကို ရေငတ်နေသည့် အဆင့်မြင့် အထက်တန်းလွှာတစ်ဦး ဖြစ်ပြီး တော်ဝင်အကယ်ဒမီ၏ ကျောင်းအုပ်ကြီးလည်း ဖြစ်၏။ ကျိထင်ကဲ့သို့သော သောက်စားပျော်ပါးနေသည့် မြို့စားကြီးတစ်ဦး၏ စကားကို သူ နားထောင်မည် မဟုတ်ပေ။

လန်လင်းက သက်ပြင်းချလိုက်သည်။ “မြို့စားကြီး ကျန်းယုံရဲ့ အိမ်တော်ထဲကို ကျွန်တော် ဝင်သွားတာနဲ့ တစ်ပြိုင်နက် ကျန်းနင်က ကျွန်တော့်ရဲ့ လက်တွေ ခြေထောက်တွေကို ချိုးပစ်လိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်။”

“ရန်သူကလည်း ဒီအချက်ကို ကျွန်တော် သိနေတာကို ဂရုမစိုက်ဘူး။ သူတို့က နီယာရဲ့အသက်ကို သုံးပြီး ကျွန်တော့်ကို ခြိမ်းခြောက်နေကြတာ။ ကျွန်တော်သာ မသွားဘူးဆိုရင် နီယာ သေချာပေါက် သေရလိမ့်မယ်။”

ထို့အပြင် ကျန်းနင်က နဂါးစစ်သည်တော်တစ်ဦးလည်း ဖြစ်နေသေး၏။ သူ၏ သိုင်းပညာစွမ်းရည်များက လန်လင်းထက် အဆတစ်ရာမက ပိုမိုမြင့်မားသည်။ ဆိုရလျှင် ကျန်းနင်၌ လန်လင်းအား လွယ်ကူစွာပင် ဒုက္ခိတဖြစ်အောင် လုပ်နိုင်စွမ်းရှိနေ၏။

ရဲ့ကျင်းယွီ၏ ခန္ဓာကိုယ်မှာ ဒေါသကြောင့် တုန်ယင်လာရသည်။ လူတစ်ယောက်က ဤမျှအထိ ရက်စက်ပြီး ယုတ်မာကောက်ကျစ်နိုင်လိမ့်မည်ဟု သူမ တွေးပင်မတွေးကြည့်နိုင်ချေ။

လန်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ယုတ်မာကောက်ကျစ်ခြင်းဆိုတာက လူယုတ်မာတွေရဲ့ သဘာဝပဲ။ မြင့်မြတ်ခြင်းဆိုတာကတော့ လူကောင်းတွေရဲ့ ဆောင်ပုဒ်ဖြစ်တယ်။ ကျွန်တော်က လူကောင်းတစ်ယောက် မဟုတ်ပေမဲ့လည်း ဆရာမ နီယာက ကျွန်တော်တို့အပေါ် အလွန်ကြင်နာရှာတယ်။ သူ့လို လှပတဲ့ ကျောက်စိမ်းလေးတစ်တုံး ပျက်စီးသွားမှာကို ကျွန်တော် ဒီအတိုင်း ကြည့်မနေနိုင်ဘူး။”

ထို့နောက် လန်လင်း လှည့်ကာ အိမ်တော်၏ စာပေဆောင်အတွင်းသို့ ဝင်သွားပြီး ထိုနေရာ၌ ဆုတောင်းနေသည့် သူ၏ အစ်မတော် ဆိုနင်ပင်းကို သွားတွေ့လိုက်သည်။

ရှစ်နာရီကြာပြီးနောက် ရဲ့ကျင်းယွီ၏ ကာကွယ်စောင့်ရှောက်မှုအောက်၌ လန်လင်း အိမ်တော်မှ ထွက်ခွာလာပြီး မြို့စားကြီး ကျန်းယုံ၏ အိမ်တော်ဆီသို့ ရထားလုံးဖြင့် ထွက်ခွာသွားသည်။

ရထားလုံး၏ ပတ်ပတ်လည်၌ ဆိုမိသားစုမှ သိုင်းသမား သုံးဆယ်ခန့်က အစောင့်အဖြစ် လိုက်ပါလာကြ၏။

နာရီဝက်ခန့် ကြာပြီးနောက် လန်လင်း ကျန်းယုံအိမ်တော်၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။

ကျန်းယုံဆိုသည့် ဘွဲ့အမည်မှာ တော်ဝင်မိသားစုမှ တိုက်ရိုက် ချီးမြှင့်ထားသည့် ရာထူးတစ်ခု ဖြစ်၏။

မြို့စားကြီးတစ်ဦး ဖြစ်သည့်အတွက်ကြောင့် အိမ်တော်မှာ ထျန်းရွှေမြို့စားအိမ်တော်လောက် မကြီးမားသော်ငြား တော်ဝင်နန်းတော်နှင့် များစွာ ပိုမိုနီးကပ်သည်။ ဆိုလိုသည်မှာ သူ၏ နိုင်ငံရေးအဆင့်အတန်းက များစွာ ပို၍မြင့်မားနေ၏။

လက်ရှိအချိန်၌ အိမ်တော်၏ တံခါးကြီးများမှာ ပွင့်နေ၏။ လူများက အလွန်တရာ အလျင်စလိုဖြစ်နေသည့်ဟန်ဖြင့် အဆက်မပြတ် ဝင်ထွက်သွားလာနေကြသည်။

ထို့အပြင် ဆရာဝန်များက အထဲမှ မကြာခဏ ထွက်လာကြပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းရမ်းနေကြသေးသည်။

လန်လင်းက ရှေ့သို့လျှောက်သွား၏။ “ဆိုလွန် လာရောက်လည်ပတ်တယ်လို့ မင်းတို့သခင်ကို သွားသတင်းပို့လိုက်။”

ချက်ချင်းပင် သိုင်းပညာရှင်တစ်ဦးက သူ့အား အေးစက်စွာ စိုက်ကြည့်ကာ ခက်ထန်စွာ ပြောလိုက်၏။ “ခင်ဗျား တစ်ယောက်တည်းပဲ အထဲဝင်ခွင့်ရှိတယ်။ ကျန်တဲ့လူတွေ အားလုံး အပြင်မှာ စောင့်နေရမယ်။”

ရဲ့ကျင်းယွီက ရှေ့သို့ထွက်လာသည်။ “အဲဒီလိုလုပ်လို့ မရဘူး။ ကျွန်မ သခင်လေးနဲ့အတူ အထဲကို ဝင်ရမယ်။”

သိုင်းပညာရှင်က ဘာမှပြန်မပြောဘဲ လှည့်ထွက်သွား၏။

လန်လင်း အထဲဝင်ရန် ငြင်းဆန်လိမ့်မည်ဟု မျှော်လင့်ကာ ရဲ့ကျင်းယွီက အတင်းဆွဲထားသည်။ “ကျွန်မ အထဲမဝင်ရရင် သခင်လေးလည်း မဝင်ပါနဲ့။”

လန်လင်းက ပြုံးပြလိုက်၏။ “ကျွန်တော့်ကို အပြင်ကနေပဲ စောင့်နေပေးပါ။”

အလန့်တကြားဖြစ်သွားကာ ရဲ့ကျင်းယွီက အော်ဟစ်လိုက်သည်။ “မလုပ်နဲ့။”

လန်လင်းက သူမ၏ ပခုံးကို ခပ်ဖွဖွပုတ်ပေးလိုက်၏။ “စိတ်အေးအေးထားပါ အစ်မ။ အားလုံး အဆင်ပြေသွားမှာပါလို့ ကျွန်တော် ကတိပေးတယ်။ ကျွန်တော် အကောင်းပကတိ ပြန်လာနိုင်ရုံတင်မကဘူး။ အဲဒီတိရစ္ဆာန် ကျန်းနင်ရဲ့ မျက်နှာကိုပါ ရိုက်ခဲ့ဦးမှာ။”

ထို့နောက် လှည့်ကာ အိမ်တော်အတွင်းသို့ ဝင်သွားလိုက်သည်။ မှေးမှိန်ပြီး ဆိုးယုတ်သည့် အပြုံးတစ်ခုက လန်လင်း၏ မျက်နှာပေါ်၌ ဖြတ်ပြေးသွား၏။

ရဲ့ကျင်းယွီ၏ မျက်နှာကမူ ဖြူရော်နေဆဲပင်။ သူမအတွက်မူ ကျန်းယုံအိမ်တော်က ကျားဂူတစ်ခုနှင့် မခြားနားပေ။

အိမ်တော်အတွင်းရှိ ဟန်ဆောင်ဖျော်ဖြေမှုမှာ အတော် ကောင်းလှ၏။

အိမ်တော်တစ်ခုလုံးရှိ လေထုက မုန်တိုင်းမလာမီ ရုတ်တရက် အုံ့ဆိုင်းနေသည့် တိမ်မည်းကြီးများကဲ့သို့ လေးလံနေသည်။

ရေတွက်၍မရနိုင်သည့် ဆရာဝန်များက အဆက်မပြတ် သွားလာလှုပ်ရှားနေကြပြီး ပြင်းထန်လှသော ဆေးနံ့များက လေထုထဲ၌ စွဲကျန်နေ၏။

အိမ်တော်အတွင်းရှိ အစေခံများကမူ အသံထွက်ရန်ပင် မဝံ့ရဲဘဲ လမ်းလျှောက်နေကြသည်။ သူတို့အားလုံး၏ မျက်နှာအမူအရာများက လေးနက်တည်ကြည်နေကြပြီး အနည်းငယ်လည်း ထိတ်လန့်နေကြ၏။

အချုပ်အားဖြင့်ဆိုရလျှင် မည်သူပဲကြည့်ကြည့် ဤအိမ်တော်သည် သခင်မ နီယာ၏ အသက်ကို ကယ်တင်ရန် အသည်းအသန် ကြိုးစားနေသည့်ပုံ ပေါက်နေသည်။

အစောင့်၏ ဦးဆောင်မှုအောက်၌ လန်လင်း အိမ်တော်၏ နောက်ဘက်ခြံဝင်းသို့ ရောက်ရှိလာ၏။ ဤနေရာ၌ ဆေးနံ့တို့က အလွန်တရာ ပြင်းထန်လျက် ရှိနေသည်။

အထဲမှ အမျိုးသားတစ်ဦးက ဒေါသတကြီးဖြင့် အော်ဟစ်နေ၏။ “အမှိုက်တွေ... မင်းတို့အားလုံးက အမှိုက်ကောင်တွေပဲ။ ငါ့ဇနီးကိုသာ မင်းတို့ မကုနိုင်ရင် မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်။”

သူ၏ အသံက ဒဏ်ရာရနေသည့် တောရိုင်းသားရဲတစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။ ထိုသူမှာ နီယာ၏ ခင်ပွန်း ကျန်းနင်ပင် ဖြစ်ပေလိမ့်မည်။

အစေခံက အခန်းအပြင်ဘက်မှနေ၍ သတင်းပို့လိုက်သည်။ “မြို့စားငယ်... သခင်လေး ဆိုလွန် ရောက်လာပါပြီ။”

အပိုင်း ၁၁၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters