← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အပိုင်း ၁၁၃

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆူညံနေသည့် အခန်းက ချက်ချင်းပင် တိတ်ဆိတ်သွားကာ လေထုမှာလည်း ရုတ်ချည်းဆိုသလိုပင် လေးလံမွန်းကျပ်သွား၏။

ကျန်းနင်က လှောင်ပြုံး ပြုံးလိုက်သည်။ “ဟမ့်... ဆိုလွန်... မင်း တကယ် လာရဲတာပဲ။”

ထို့နောက် အခြားလူများကို အော်ဟစ်လိုက်၏။ “ထွက်သွားကြ... မင်းတို့ အမှိုက်ကောင်တွေ အကုန်လုံး အခုချက်ချင်း ထွက်သွားစမ်း။”

ဆရာဝန် သုံးလေးယောက်မှာ ကြောက်လန့်တကြား ပြေးထွက်သွားကြသည်။ မထွက်ခွာမီ ဆိုလွန်အား မကြည့်ဘဲ မနေနိုင်ကြချေ။ မကြာသေးမီက ဆိုလွန်၏ နာမည် ကြီးမားနေသည်မှာ သိသာလှ၏။

ကျန်းနင်က အေးစက်စွာ ပြောသည်။ “ဝင်ခဲ့... ဆိုလွန်...။”

ဆိုလွန် အထဲသို့ ဝင်သွားပြီး မျက်လုံးများကို မှေးကျဉ်းလိုက်၏။ အခန်းတွင်း၌ အလွန် မှောင်မိုက်နေသဖြင့် ရှင်းလင်းစွာ မြင်နိုင်ရန် ခက်ခဲနေသည်။

ကုတင်ပေါ်၌ သတိလစ်မေ့မြောနေသည့် နီယာကိုသာ ဝေဝေဝါးဝါး မြင်လိုက်ရ၏။ အရပ်ရှည်ရှည်နှင့် ကျောမတ်မတ်ရပ်နေသော အမျိုးသားတစ်ဦးက အခန်းအလယ်၌ ရှိနေသည်။

“ဝုန်းးး”

ထိုအမျိုးသားက လက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်ရာ တံခါးကြီး ပိတ်ကျသွား၏။

ကျန်းနင်က တင်းမာစွာ အမိန့်ပေးလိုက်သည်။ “ဘယ်သူမှ ဒီအခန်းရဲ့ ခြေလှမ်းတစ်ရာအတွင်းကို မလာနဲ့။”

ချက်ချင်းပင် အပြင်ဘက်ရှိ လူအားလုံး ဆုတ်ခွာသွားကြ၏။ အခန်းတွင်း၌ ဆိုလွန် ၊ ကျန်းနင်နှင့် သတိလစ်နေသည့် နီယာတို့သာ ကျန်ရစ်ခဲ့သည်။

ကျန်းနင်က စိုက်ကြည့်လိုက်သည်။ “မင်း လာမယ်လို့ မထင်ထားဘူး... မိန်းမတစ်ယောက်အတွက် အသက်စတေးခံမယ်ပေါ့...”

ကျန်းနင်၏ ပွင့်လင်းလှသည့် စကားများကြောင့် ဆိုလွန် အံ့အားသင့်သွားရ၏။ ကျန်းနင်က လှည့်လာရာ ဆိုလွန် တစ်ယောက် ကျန်းနင်ကို ပထမဆုံးအကြိမ် သေချာစွာ မြင်တွေ့လိုက်ရသည်။

ကျန်းနင်မှာ ဆိုလွန်ကဲ့သို့ မချောမောသော်ငြား သန်မာပြီး ရဲရင့်သည့် အသွင်အပြင်ရှိကာ ခက်ထန်သော ယောက်ျားပီသမှုမျိုး ရှိနေ၏။

ဆိုလွန်က ပြုံးလိုက်သည်။ “ဟုတ်တယ်... ဒီလောကကြီးက ထူးဆန်းတာတွေနဲ့ ပြည့်နေတာပဲ။ ဥပမာ... ယောက်ျားတစ်ယောက်က ကိုယ့်မိန်းမအသက်ကိုသုံးပြီး သူ့ချစ်သူကို ခြိမ်းခြောက်တာမျိုးပေါ့။”

ကျန်းနင်၏ နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသော်ငြား ထိုစကားကို ငြင်းဆန်ရန် မကြိုးစားချေ။

ဆိုလွန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျုပ် သိချင်တာ တစ်ခုပဲရှိတယ်။ ကျုပ်သာ မလာရင် ခင်ဗျား နီယာကို တကယ် သတ်ပစ်မှာလား။”

ကျန်းနင်က နှုတ်ဆိတ်နေပြီး ဆိုလွန်၏ မေးခွန်းကို စကားတစ်ခွန်းမှ မဆိုဘဲ အဖြေပေးလိုက်၏။

ဆိုလွန် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ “ပြောစမ်းပါ... ခင်ဗျား နီယာကို တစ်ခါလေးတောင် မချစ်ဖူးဘူးလား။”

ကျန်းနင်က ခပ်အေးအေး ပြောလိုက်၏။ “ချစ်ဖူးပါတယ်။ ငယ်ငယ်တုန်းက ဘယ်သူက မချစ်ဖူးဘဲ နေမှာလဲ။ ဒါပေမဲ့ အချစ်ဆိုတာ စိတ်ကူးယဉ်သက်သက်ပဲ။ အစစ်အမှန်လက်တွေ့ဖြစ်တဲ့ အာဏာနဲ့ အကျိုးအမြတ်တွေနဲ့ ယှဉ်လိုက်ရင် ဘာတန်ဖိုးမှ မရှိဘူး မဟုတ်လား။”

ဆိုလွန်က နှာခေါင်းရှုံ့လိုက်သည်။ “ဟမ့်... ဒီလောက် ရှက်စရာကောင်းတဲ့ စကားတွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြောနေတာ ကြားရတော့ ကျုပ်တောင် နည်းနည်း အံ့ဩသွားတယ်။”

ကျန်းနင်က ဆိုလွန်၏ စကားများကို လုံးဝ ဂရုမစိုက်သည်မှာ သိသာလှ၏။ သူက ခပ်ဖွဖွ ပြုံးရုံသာ ပြုံးနေသည်။

ဆိုလွန်က မျက်မှောင်ကြုတ်လိုက်သည်။ “တပ်မှူးကြီးတစ်ယောက် ဖြစ်လာဖို့အတွက် ခင်ဗျားက ကိုယ့်မိန်းမကို တခြားလူဆီ ဝမ်းသာအားရ ပေးအပ်တယ်။ ခင်ဗျားသခင်ရဲ့ မျက်နှာသာပေးမှုကို ရဖို့ သူ့ကို သတ်ပစ်ဖို့ ဝန်မလေးဘူး။ ဒါပေမဲ့ အဆိုးဆုံးက ကိုယ့်မိန်းမအသက်ကို သုံးပြီး တခြားယောက်ျားတစ်ယောက်ကို ခြိမ်းခြောက်နေတာပဲ။ အဲဒါ တကယ့်ကို အရှက်မရှိတာ မဟုတ်ဘူးလား...။”

ကျန်းနင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဘယ်သူက မင်းကို သူ့အတွက် ဂရုစိုက်ခိုင်းလို့လဲ။ မင်းသာ ဂရုမစိုက်ရင် သူ့ကို သေခိုင်းလိုက်လို့ ရသားပဲ။”

ဆိုလွန်က ခေါင်းရမ်းလိုက်သည်။ “သူနဲ့ ကျုပ်က ဘာမှတောင် မဖြစ်သေးဘူးလေ။ ခင်ဗျားတို့နှစ်ယောက်က လက်ထပ်ထားကြတာ...။ သူက ခင်ဗျားရဲ့ မိန်းမပဲ။”

ကျန်းနင်က ရယ်မောလိုက်၏။ “ဟားဟား... မင်းက သိပ် ပျော့ညံ့လွန်းတယ်။ မင်းရဲ့ မိသားစု ဒီလို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေအထိ ကျဆင်းသွားတာ အံ့ဩစရာ မရှိပါဘူး။”

ကျန်းနင်က သူ၏ အင်္ကျီလက်များကို ဖြည်းညင်းစွာ ခေါက်တင်လိုက်သည်။ “ငါတို့နှစ်ယောက်စလုံး အခြေအနေကို နားလည်ပြီဆိုတော့ အဆင်သင့်လုပ်ထားတော့။ ငါ စတော့မယ်။”

ဆိုလွန်က အကဲခတ်လိုက်၏။ “မနက်ဖြန် လေးပစ်စာမေးပွဲ မဖြေနိုင်အောင် ခင်ဗျားက ကျုပ်ရဲ့ ညာလက်ကို ချိုးပစ်တော့မလို့ မဟုတ်လား။”

ကျန်းနင်က ရက်စက်စွာ ပြုံးလိုက်သည်။ “မဟုတ်ဘူး... မင်းရဲ့ ညာလက်တင် မဟုတ်ဘူး။ မင်းရဲ့ လက်တွေ ခြေထောက်တွေ အားလုံးကိုပဲ။ မင်းကို မနက်ဖြန် စာမေးပွဲ ဝင်မဖြေနိုင်အောင် လုပ်ဖို့ပဲ မင်းသမီး ကျိနင်က လိုချင်တာ။ ဒါပေမဲ့ အနာဂတ်က ခြိမ်းခြောက်မှုတွေကို အပြီးတိုင် ဖယ်ရှားပစ်ရမယ်။ ဒါကြောင့် မင်းရဲ့ လက်တွေ ခြေထောက်တွေ အားလုံးကို ငါ ချိုးပစ်မယ်။”

ကျန်းနင်က မာကျောသည့် ကျောက်စိမ်းဘောလုံးတစ်လုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး လက်ထဲ၌ ညင်သာစွာ ဆုပ်နယ်လိုက်၏။

“ခရက်...။” မာကျောလှသည့် ကျောက်စိမ်းဘောလုံးမှာ ချက်ချင်းပင် အမှုန့်အဖြစ် ကြေမွသွားသည်။

နဂါးစစ်သည်တော်တစ်ဦး ဖြစ်သည့်အတွက် ကျန်းနင်က ဆိုလွန်၏ သိုင်းပညာကို လမ်းဘေးခွေး သို့မဟုတ် ကြောင်တစ်ကောင်နှင့် ဘာမှမကွာခြားဟု ရှုမြင်ထား၏။ သူ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ဆိုလွန်မှာ ပြန်လည်ခုခံရန် အခွင့်အရေးပင် ရရှိမည် မဟုတ်ချေ။

ကျန်းနင်က မထီမဲ့မြင် ပြောလိုက်သည်။ “ဒီကိစ္စကို မြန်မြန် ပြီးသွားအောင် မင်းရဲ့ လက်တွေ ခြေထောက်တွေ အားလုံးက အရိုးတွေကို ငါ ခြေမွပစ်မယ်။ ဒါက တကယ်တော့ မင်းရဲ့အသက်ကို ကယ်တင်ပေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ မင်း ဘယ်လောက် သနားစရာကောင်းနေလဲဆိုတာကို မင်းသမီး ကျိနင် မြင်သွားရင် မင်းကို သတ်မှာ မဟုတ်တော့ဘူး။”

ထို့နောက် ကျန်းနင် ဖြည်းညင်းစွာ ရှေ့သို့တိုးလာပြီး ဟန်ဆောင်ပန်ဆောင်ဖြင့် ကြမ်းတမ်းစွာ အော်ဟစ်လိုက်၏။ “ဆိုလွန်... မင်း ဒီကို ဘယ်လိုများ လာရဲတာလဲ။ မင်း ငါ့မိန်းမနဲ့ အိပ်တယ်။ ယောက်ျားတစ်ယောက်အနေနဲ့ ငါ့ဂုဏ်သိက္ခာကို နင်းချေတယ်။ ပြီးတော့ နီယာကိုလည်း ဖျက်ဆီးပစ်တယ်။ မင်းက သေချင်လို့ လာတာလား။ ငါ မင်းကို သတ်ပစ်မယ်။”

ထိုအသံက အလွန်တရာ ကျယ်လောင်နေသည်။ ဆိုလွန်အား ဒုက္ခိတဖြစ်အောင် လုပ်ခြင်းမှာ သဝန်တိုမှု သက်သက်ကြောင့်သာ ဖြစ်ကြောင်းနှင့် သူ့သခင်နှင့် မသက်ဆိုင်ကြောင်း အပြင်ဘက်ရှိ လူအားလုံးကို ကြားစေချင်ပြီး ယုံကြည်စေချင်သည်မှာ သိသာလှ၏။

ကျန်းနင်ဆိုသည့် အကောင်က တကယ့်ကို သစ္စာရှိသည့် ခွေးတစ်ကောင်ပင်။ နီယာ၏ ဖောက်ပြန်မှုမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်သင့်သော်ငြား သူ့သခင်အတွက် အလုပ်ပြီးမြောက်စေရန် အော်ဟစ်ပြောဆိုရန် ဝန်မလေးချေ။

ဆိုလွန် မအံ့ဩဘဲ မနေနိုင်ချေ။ ဤလောက၌ လူသားတို့၏ အရှက်မရှိမှု အဆင့်အတန်းကို အဆက်မပြတ် လျှော့ချနေသည့် လူများ တကယ်ပင် ရှိနေ၏။ ကျန်းနင်၏ အသံက ဒေါသထွက်ပြီး ရူးသွပ်နေပုံပေါက်သော်ငြား မျက်နှာထက်၌မူ တည်ငြိမ်ပြီး ရက်စက်သော လှောင်ပြုံးတစ်ခုက နေရာယူထား၏။

ဆိုလွန်၏ အရှေ့တည့်တည့်၌ ရပ်တန့်ကာ ကျန်းနင်က အသံနှိမ့်၍ ခက်ထန်စွာ ပြောလိုက်သည်။ “မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်တော့ ဆိုလွန်။ မင်းရဲ့ ဘဝက အဖြစ်ဆိုးတစ်ခုပဲ။”

ထို့နောက် နဂါးစွမ်းအားကို အသုံးပြု၍ ဆိုလွန်၏ လက်များကို ခြေမွပစ်ရန် ပြင်ဆင်လိုက်၏။

ထိုအခိုက်၌ပင် ဆိုလွန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျန်းနင်... ခင်ဗျားမှာ တိတ်တိတ်ပုန်း မယားငယ်တစ်ယောက်နဲ့ နှစ်နှစ်အရွယ် သားတစ်ယောက် ရှိတယ်။ နီယာက ဂရုမစိုက်သလို ဟန်ဆောင်နေနိုင်ပေမဲ့ အဲဒီအကြောင်းတွေ အကုန်လုံး သူသိတယ်။ အခုလက်ရှိ အဲဒီဘက်မှာ ကျုပ်လူတွေ ရှိနေတယ်။ ခင်ဗျားသာ ကျုပ်ကို ထိတာနဲ့ သူတို့ကို နောက်ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူး။”

ကျန်းနင်၏ မျက်နှာတို့က ချက်ချင်း ပျက်ယွင်းသွားကာ ဟိန်းဟောက်လိုက်၏။ “မင်းက ငါ့မယားငယ်နဲ့ သားကို သတ်ပစ်တော့မလို့လား။”

ဆိုလွန်က ပခုံးတွန့်လိုက်သည်။ “မဟုတ်ဘူး... ကျုပ်က မိစ္ဆာမှ မဟုတ်တာ။ ဒါပေမဲ့ ကျုပ်လူတွေကို သူတို့ဆီကနေ ဝေးဝေးခေါ်သွားခိုင်းလိုက်မယ်။ ခင်ဗျားရဲ့ တစ်ဦးတည်းသော သားကို ခင်ဗျား တစ်သက်လုံး နောက်ထပ် ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး။”

ကျန်းနင်က ရယ်မောလိုက်၏။ “ဟားဟား... စကားပုံတစ်ခုကို မင်း မကြားဖူးဘူးလား။ တကယ့်ယောက်ျားက မိန်းမပျောက်မှာကို ဘယ်တော့မှ မစိုးရိမ်ဘူး ၊ တကယ့်ယောက်ျားက သားသမီးမရှိမှာကို ဘယ်တော့မှ ပူပန်မနေဘူးတဲ့။ ဒါပေမဲ့ အခုတော့ မင်းက ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်ပြီ။ မင်းရဲ့ ပဉ္စမမြောက် အင်္ဂါကိုပါ ငါ ချိုးပစ်မယ်။”

ကျန်းနင် ရှေ့သို့ ကြမ်းတမ်းစွာ ခုန်အုပ်လိုက်ပြီး ဆိုလွန်၏ လက်မောင်းနှစ်ဖက်စလုံးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်၏။ “ဒါက အတော်လေး နာလိမ့်မယ်။ တောင့်ခံထား။”

ဆိုလွန် သက်ပြင်းချလိုက်သည်။ “လူသားတွေအပေါ် ထားရှိတဲ့ ကျုပ်ရဲ့ မျှော်လင့်ချက်တွေကို ခင်ဗျားက နောက်တစ်ကြိမ် ထပ်ပြီး လျှော့ချပစ်ပြန်ပြီ။ ဒါပေမဲ့ ကျုပ်ကို နာကျင်အောင်လုပ်ဖို့ ခင်ဗျား ရဲမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား အဲဒီလို လုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ခင်ဗျားရဲ့ အနာဂတ်က လုံးဝ ပျက်စီးသွားလိမ့်မယ်။”

ကျန်းနင်က အားပါးတရ ရယ်ချလိုက်၏။ “ဟားဟား... မင်း ငါ့ကို သုံးနှစ်အရွယ် ကလေးလို့ ထင်နေတာလား။ မင်းက ဂုဏ်ထူးဆောင်ဘွဲ့တောင် မရသေးတဲ့ အသုံးမကျတဲ့ သောက်လောလေးတစ်ယောက်ပဲ။ မင်းက ငါ့ကို ဘယ်လိုလုပ် ခြိမ်းခြောက်နိုင်မှာလဲ။”

ဆိုလွန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျုပ် အင်္ကျီထဲမှာ ပန်းချီကားတစ်ချပ် ရှိတယ်။ ခင်ဗျား ထုတ်ကြည့်လိုက်ပါလား။”

ကျန်းနင် အံ့အားသင့်စွာ ရပ်တန့်သွားပြီးနောက် လှောင်ပြုံးလိုက်၏။ “ပန်းချီကားတစ်ချပ်က ဘာများ အရေးပါလို့လဲ။ ငါ့မိန်းမရဲ့ ဝတ်လစ်စလစ် ပန်းချီကားတွေကို နေရာအနှံ့ ဖြန့်ရင်တောင် ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး။”

ဆိုလွန်က မျက်ခုံးပင့်လိုက်သည်။ “ဒါက ဝတ်လစ်စလစ် ပန်းချီကားတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ နီယာ မဟုတ်ဘူး။ ခင်ဗျား တကယ် ကြည့်သင့်တယ်။”

ကျန်းနင်၏ မျက်လုံးများ မှေးကျဉ်းသွား၏။ သူက လက်ကို ဆန့်ထုတ်ကာ တောင်းလိုက်သည်။ “ထုတ်စမ်း။”

ဆိုလွန် အင်္ကျီထဲမှ ပန်းချီကားကို ဆွဲထုတ်လိုက်ပြီး ကျန်းနင် မြင်စေရန် ဖြန့်ပြလိုက်၏။

ကျန်းနင် တစ်ချက်သာ ကြည့်ရန် လိုအပ်သည်။ သူ၏ မျက်လုံးများမှာ အပြင်သို့ ပြူးထွက်လုမတတ် ပြဲကျယ်သွားရ၏။

ပုံထဲရှိ လူများမှာ တကယ်ပင် လုံးဝ ဝတ်လစ်စလစ် ဖြစ်နေကြသည်။ သို့သော် နီယာ မဟုတ်ပေ။ ထိုသူတို့မှာ အမျိုးသားနှစ်ဦး ဖြစ်ကြသည့် ကျန်းနင်နှင့် မင်းသား ကျိလီတို့ပင် ဖြစ်ကြ၏။

အမျိုးသားနှစ်ဦးစလုံး၌ အဝတ်အစား တစ်ထည်မှ မပါရှိကြချေ။ သူတို့က အလွန်တရာ ညစ်ညမ်းလှသည့် လုပ်ရပ်တစ်ခု၌ နစ်မွန်းနေကြသည်။ ထို့အပြင် ကျန်းနင်က တိုက်ခိုက်သူဖြစ်ပြီး မင်းသား ကျိလီက လက်ခံသူ ဖြစ်နေ၏။

အဆိုးဆုံးအပိုင်းမှာ ပန်းချီကားက မယုံနိုင်စရာကောင်းလောက်အောင် အစစ်နှင့် တူညီနေခြင်းပင်။ မျက်နှာအမူအရာများ ၊ အလင်းနှင့် အရိပ်များ ၊ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများကိုပင် အလွန်တရာ ရှင်းလင်းပြတ်သားစွာ ရေးဆွဲထားသည်။

အထူးသဖြင့် အမျိုးသားနှစ်ဦးစလုံး၏ မျက်နှာများပေါ်ရှိ စစ်မှန်သည့် သာယာမှု အမူအရာများမှာ အပြင်လက်တွေ့နှင့် အတိအကျ တူညီနေ၏။

ပန်းချီကားသည် လုံးဝ အရောင်ခြယ်ထားသည့် ပုံကြမ်းတစ်ခု ဖြစ်သော်ငြား အလွန်တရာ အသက်ဝင်နေသဖြင့် တကယ့်လူများ ရှင်သန်လှုပ်ရှားနေသည့်အလား ထင်မှတ်ရပေ၏။

သေချာသည်မှာ ကျိလီနှင့် ကျန်းနင်တို့ ဝတ်လစ်စလစ် ရှိနေချိန်၌ မည်သို့ ပုံစံမျိုးရှိမည်ကို ဆိုလွန် လုံးဝ မသိရှိချေ။ သို့သော် အစ်မတော် ဆိုနင်ပင်းက ပုံကြမ်းဆွဲနည်းများကို သင်ယူပြီးနောက် သူမ၏ စွမ်းရည်များက တစ်ဟုန်ထိုး တိုးတက်လာသည်။ ဆိုလွန်က ရှေးဦးစွာ သူမအား ထိုအမျိုးသားနှစ်ဦး၏ မျက်နှာများကို ဆွဲခိုင်း၏။

ထို့နောက် ထိုမျက်နှာများကို အသုံးပြု၍ ဆိုလွန် ကိုယ်တိုင် ဤအလွန်တရာ ညစ်ညမ်းပြီး အစစ်အမှန်နှင့်တူသည့် ပန်းချီကားကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုပန်းချီကားကို ရေးဆွဲနေစဉ် ရွံရှာလွန်းသဖြင့် အကြိမ်အနည်းငယ်မျှပင် အန်လုမတတ် ဖြစ်ခဲ့ရ၏။

သို့သော် ယခု ထုတ်ပြလိုက်ချိန်၌ ရရှိလာသည့် တုန်လှုပ်ချောက်ချားသွားစေသော ရလဒ်မှာမူ အပြည့်အဝ ပြီးပြည့်စုံနေသည်။

ကျန်းနင်က အံကြိတ်လိုက်၏။ “မင်း... ဒါက အသရေဖျက်တာပဲ။”

ဆိုလွန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ဟုတ်တယ်... ဒါ အသရေဖျက်တာပဲ။ မင်းသား ကျိလီက တခြားလူတွေရဲ့ မိန်းမတွေကို သဘောကျပြီး ယောက်ျားတွေကို စိတ်မဝင်စားဘူးဆိုတာ ကျုပ် သိပါတယ်။ စကားမစပ် ကျုပ် ဒီပုံရဲ့ ဆယ်ဆလောက် ပိုကြီးပြီး ပိုအသေးစိတ်ကျတဲ့ မိတ္တူကြီးတစ်ခုကိုလည်း လုပ်ထားသေးတယ်။ ကျုပ်သာ နှစ်နာရီအတွင်း အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်မရောက်ရင် တော်ဝင်မြို့တော်ရဲ့ အစည်ကားဆုံး လမ်းမကြီးမှာ တစ်ယောက်ယောက်က အဲဒီပိုစတာကြီးကို သွားကပ်လိမ့်မယ်။ အဲဒီအခါကျရင် ဘာဖြစ်လာမယ်လို့ ခင်ဗျား ထင်လဲ။”

ကျန်းနင် ထိုမြင်ကွင်းကို မြင်ယောင်ကြည့်လိုက်ရာ ချက်ချင်းပင် အကြောက်တရားတို့က သူ့အပေါ် ဖုံးလွှမ်းသွား၏။

ဆိုလွန်က အေးဆေးစွာ ပြောလိုက်သည်။ “ဘာတွေ အတိအကျ ဖြစ်လာမလဲဆိုတာ ကျုပ် ပြောပြမယ်။ ပထမဆုံး မြို့တော်က လူတွေက ပြဇာတ်တွေ ၊ အထူးသဖြင့် တုန်လှုပ်စရာကောင်းတဲ့ တော်ဝင်မိသားစုရဲ့ အရှုပ်တော်ပုံတွေကို သိပ်ကြိုက်ကြတယ်။ ဒီပန်းချီကားက သိပ်ကို အသက်ဝင်ပြီး အစစ်နဲ့ တူလွန်းတာကြောင့် ချက်ချင်းပဲ လူသောင်းနဲ့ချီပြီး စိတ်ဝင်စားသွားကြလိမ့်မယ်။ နေ့ဝက်အတွင်းမှာ ခင်ဗျားနဲ့ ကျိလီရဲ့ အရှုပ်တော်ပုံက မြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်။ ရက်အနည်းငယ်အတွင်းမှာပဲ တစ်နိုင်ငံလုံးကို ရောက်သွားလိမ့်မယ်။”

ဆိုလွန်ပြောသည်မှာ မှန်၏။ လုံးဝ မှန်၏။

ဆိုလွန်က ကျန်းနင်အား စိုက်ကြည့်လိုက်သည်။ “ကောလာဟလတစ်ခုကို အကြိမ်တစ်သောင်းလောက် ထပ်ခါတလဲလဲ ပြောလာတဲ့အခါ အဲဒါက အမှန်တရား ဖြစ်သွားတယ်။ အဲဒီအချိန်ရောက်ရင် ခင်ဗျား တကယ်ပဲ အပြစ်ကင်းသလားဆိုတာကို ဘယ်သူကမှ ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ခင်ဗျားက ခန္ဓာကိုယ်ကို ရောင်းစားပြီး မင်းသား ကျိလီကို ပျော်ပျော်ကြီး အလုပ်အကျွေးပြုခဲ့လို့သာ အင်ပါယာမှာ နာမည်အကြီးဆုံး တပ်မှူးကြီး ဖြစ်လာတာလို့ လူတိုင်းက ယုံကြည်ကြလိမ့်မယ်။”

ကျန်းနင်၏ မျက်နှာမှာ ပြင်းထန်စွာ တွန့်လိမ်သွား၏။ အကယ်၍ ဤကိစ္စသာ ပေါက်ကြားသွားပါက ငရဲမြစ်ကြီးထဲသို့ ခုန်ချလိုက်လျှင်ပင် သူ၏ အရှက်ကွဲမှုကို ဆေးကြောနိုင်မည် မဟုတ်ပေ။

ဆိုလွန်က ဆက်ပြောနေ၏။ “လိင်တူချစ်သူတွေအပေါ် ကျုပ်မှာ ဘာအစွဲမှ မရှိပါဘူး။ ဒါပေမဲ့ ဒီလောကကြီးမှာ ဒါက ကြီးမားတဲ့ တားမြစ်ချက်တစ်ခုပဲ။ မြင့်မြတ်နတ်နဂါးကျောင်းတော်ကတောင် ဒါကို မိစ္ဆာအယူဝါဒလို့ သတ်မှတ်ထားတယ်။ မင်းသား ကျိလီမှာ ဒီလိုတိမ်းညွတ်မှုမျိုး ရှိနေတယ်လို့ လူတွေက ထင်သွားရင် နန်းမွေခံအဖြစ် သူ့ရဲ့နေရာက အန္တရာယ်ရှိသွားပြီ။ သံသယတွေကို ရှောင်ရှားဖို့ တော်ဝင်မိသားစုက ခင်ဗျားကို လုံးဝ စွန့်ပစ်လိမ့်မယ်။ တောက်ပတဲ့ အနာဂတ်ဆိုတာကို မေ့ထားလိုက်တော့... သူတို့က ခင်ဗျားရဲ့ တပ်မှူးကြီး ရာထူးကိုတောင် ရုပ်သိမ်းပစ်လိမ့်မယ်။”

ဆိုလွန်က ခနဲ့တဲ့တဲ့ ဆက်ပြောသည်။ “ကျုပ်ပြောတာတွေက ခင်ဗျားအတွက် အ​ဓိပ္ပါယ်ရှိရဲ့လား။”

ကျန်းနင် ပြန်မဖြေချေ။ အကယ်၍ ဤကိစ္စသာ အမှန်တကယ် ဖြစ်လာပါက ဆိုလွန်၏ ခန့်မှန်းချက်မှာ အပေါ့ပါးဆုံး ရလဒ်ပင် ဖြစ်လိမ့်မည်။ ကောလာဟလများကို တားဆီးရန်နှင့် မင်းသား ကျိလီ၏ နာမည်ကို ရှင်းလင်းရန်အတွက် ကျန်းနင် သေချာပေါက် ယဇ်ကောင်အဖြစ် စတေးခံရပေလိမ့်မည်။ ထိုအချိန်ရောက်ပါက သူ၏ ဘဝမှာ လုံးဝ ပြီးဆုံးသွားပြီ ဖြစ်၏။

ကျန်းနင်က တုန်ယင်နေသည့် အသံဖြင့် ခက်ထန်စွာ ပြောလိုက်သည်။ “အရှင်မင်းသား ကျိလီနဲ့ ပတ်သက်ပြီး ဒီလိုကောလာဟလတွေကို မင်း ဖြန့်ရဲရင် သင်္ဂြိုဟ်စရာ မြေတောင် မရှိဘဲ မင်း သေရလိမ့်မယ်။ မင်းရဲ့ မိသားစုတစ်ခုလုံးလည်း သင်္ဂြိုဟ်စရာ မြေတောင် မရှိဘဲ သေရလိမ့်မယ်။ ဘုရင်မင်းမြတ် ကိုယ်တိုင် မင်းကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိမ့်မယ်။”

ဆိုလွန်က ရယ်မောလိုက်သည်။ “ဟားဟား... ကျုပ် သိတယ်... ဒါပေမဲ့ ဂရုမစိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက ကျုပ်ရဲ့ ခြေလက်လေးဖက်စလုံးကို ချိုးပစ်တော့မှာပဲလေ။ မနက်ဖြန် စာမေးပွဲကို ကျုပ် ဖြေနိုင်တော့မှာ မဟုတ်ဘူး။ ဂုဏ်ထူးဆောင်ဘွဲ့ကို ဆက်ခံနိုင်တော့မှာ မဟုတ်သလို မိသားစုရဲ့ အမွေအနှစ်ကိုလည်း ကယ်တင်နိုင်တော့မှာ မဟုတ်ဘူး။”

“အခုချိန်မှာ သေခြင်းတရားက ကျုပ်အတွက် ဘာမှမဟုတ်တော့ဘူး။ ကျုပ်က ခင်ဗျားကိုပါ ဆွဲချသွားချင်တာ။ ကျုပ်က ကိုယ့်အသက်ကို စတေးဖို့ ဆန္ဒရှိတယ်။ ခင်ဗျားကကော ကိုယ့်အနာဂတ်ကို စတေးဖို့ ဆန္ဒရှိရဲ့လား။”

ဤသည်မှာ ဆိုလွန်၏ မျှော်လင့်ချက်မဲ့နေသည့် အကုန်ရင်းသော နည်းဗျူဟာပင်။ သူ ရက်စက်စွာ သေဆုံးရမည် ဆိုလျှင်ပင် ကျန်းနင် ဘယ်သောအခါမှ ဆေးကြောပစ်၍ မရနိုင်လောက်အောင် ညစ်ပတ်လှသည့် သွေးစွန်းမှုကြီးကို ပက်ဖျန်းပေးသွားမည် ဖြစ်သည်။

ကျန်းနင် အံကြိတ်လိုက်၏။ “မင်းက ယုတ်မာတယ်... အရှက်မရှိဘူး...”

ဆိုလွန်က အေးစက်စွာပြောလိုက်သည်။ “မြင့်မြတ်ခြင်းဆိုတာ မြင့်မြတ်တဲ့လူတွေရဲ့ ဆောင်ပုဒ်ဖြစ်ပေမဲ့ ၊ ရက်စက်ခြင်းဆိုတာကတော့ ရက်စက်တဲ့လောကကြီးမှာ ရှင်သန်နိုင်ဖို့ ဖြတ်သန်းခွင့် လက်မှတ်ပဲ။ ခင်ဗျားလို အရှက်မရှိတဲ့ လူတစ်ယောက်ကို ရင်ဆိုင်ရတဲ့အခါ ကျုပ်က ပိုပြီးတော့တောင် အရှက်မရှိနိုင်သေးတယ်။ စစ်မှန် ၊ ရိုင်းစိုင်းပြီး ရိုးရှင်းတဲ့ အရှက်မရှိမှုမျိုးပေါ့။”

ပြင်းထန်လှသည့် ဒေါသများ ပြည့်နှက်နေလျက် ကျန်းနင် လက်ကို မြှောက်လိုက်၏။ မျက်လုံးများက သွေးရောင်လွှမ်းနေပြီး ခန္ဓာကိုယ်မှာ တုန်ယင်နေကာ ဆိုလွန်ကို ရိုက်ချပြီး ဒုက္ခိတဖြစ်အောင် လုပ်ပစ်ရန်မှလွဲ၍ အခြား ဘာကိုမှ မလိုလားတော့ချေ။

သို့သော် လက်ကို မြှောက်လိုက်ပြီးနောက် ရိုက်ချရန် သူ မတတ်စွမ်းနိုင်ပေ။ မလိုလားသော်ငြား မြှောက်ထားသည့် လက်ကို လေထဲ၌သာ ဆိုင်းငံ့ထားလိုက်ရသည်။

ဆိုလွန်က လှောင်ပြုံး ပြုံးလိုက်၏။ “ဟားဟား...။ ခင်ဗျား ဘာမှမလုပ်ဘူးဆိုရင်လည်း ကျုပ် သွားတော့မယ်။”

အပိုင်း ၁၁၃ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters