← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း (၁၈၁) - နေရာဟောင်းများ (၄)

သရဲဘုရင်သည် သူ့ကို ကြည့်နေပြီး ဘာမျှ မပြောချေ။

ကွေ့လိက ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်ကာ မေးလိုက်၏။

“ဘာဖြစ်လို့လဲ”

သရဲဘုရင်သည် သူ့ကို ငေးကြည့်နေဟန် တူသော်လည်း ခဏအကြာတွင်မှ သတိပြန်ဝင်လာပြီး အကြည့်ကို လွှဲလိုက်၏။ စိတ်ထဲမှ သက်ပြင်းအကြီးအကျယ် ချလိုက်ဟန်ဖြင့် အေးစက်စွာပင် ဆိုလိုက်သည်။

“ဘာမှမဟုတ်ပါဘူး... မင်းပြောတာတွေက ငါတွေးထားတာနဲ့ ထပ်တူကျနေလို့ပါ”

ကွေ့လိက ထပ်မပြောတော့ချေ။

သရဲဘုရင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆို၏။

“မင်း နောက်ထပ် နှစ်ရက်လောက် နားလိုက်ဦး။ ပြီးရင် သေမင်းရွှံ့နွံကို သွားရမယ်”

ပြောပြီးနောက် ရင်ဘတ်ထဲမှ တံဆိပ်ခတ်နှိပ်ထားသော စာတစ်စောင်ကို ထုတ်ပေးလိုက်သည်။

“အသေးစိတ်ကို ဒီစာထဲမှာ ရေးထားတယ်။ သေမင်းရွှံ့နွံကို ရောက်ရင် သရဲဘုရင်ဂိုဏ်းရဲ့ လက်အောက်ခံတွေ အားလုံးက မင်းရဲ့ အမိန့်ကို နာခံကြလိမ့်မယ်”

ကွေ့လိက ထိုစာကို ယူကာ ရင်ဘတ်ထဲသို့ ထည့်လိုက်၏။ သူသည် ခဏမျှ တိတ်ဆိတ်နေပြီးမှ သရဲဘုရင်ကို ခေါင်းညိတ်ပြကာ ထွက်ခွာသွားလေသည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေးစဉ် သရဲဘုရင်၏ အသံကို ကြားလိုက်ရ၏။

“နောက်ထပ် တစ်ခု ရှိသေးတယ်...”

ကွေ့လိ ခြေလှမ်းများ ရပ်တန့်သွားလေသည်။

သရဲဘုရင်၏ အသံက ထွက်ပေါ်လာလေသည်။

“ငါတို့ကြားထဲမှာတောင် ဘာလို့ ငါတို့ရဲ့ အထွတ်အမြတ်ဂိုဏ်းကို မိစ္ဆာဂိုဏ်းလို့ ခေါ်နေရသေးတာလဲ”

ကွေ့လိက အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ အေးစက်စွာ ပြန်ဖြေလိုက်၏။

“ကျွန်တော် ဒီဂိုဏ်းထဲ ရောက်နေတာ ဆယ်နှစ်ရှိပြီ။ ဒီမှာ နေ့တိုင်းက သွေးချောင်းစီးနေတာပဲ။ တစ်ယောက်ကိုတစ်ယောက် လှည့်စားဖို့ ကြိုးစားနေကြပြီး ပရိယာယ်တွေ၊ အကွက်ဆင်မှုတွေကလည်း နေရာအနှံ့ပဲ။ ဒါကို ဘယ်လိုလုပ် အထွတ်အမြတ်လို့ ခေါ်နိုင်မှာလဲ”

သရဲဘုရင်က အကျယ်ကြီး ရယ်မောလိုက်ပြီး မေးလိုက်သည်။

“အော်... ဒါဆို မင်းလာခဲ့တဲ့ လမ်းမှန်ဂိုဏ်းဆိုတာကြီးကကော ဘယ်လိုလဲ”

ကွေ့လိ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားလေသည်။ ခဏအကြာတွင်မှ သူက ပြန်ပြောလိုက်သည်။

“လမ်းမှန်ဂိုဏ်းက လုပ်ခဲ့တဲ့ ယုတ်မာမှုတွေကလည်း မိစ္ဆာဂိုဏ်းကလူတွေထက် မသာပါဘူး”

သရဲဘုရင်က သူ့ကို စိတ်ဝင်တစား ကြည့်ကာ မေးလိုက်လေသည်။

“ဒါကလည်း မဟုတ်၊ ဟိုဟာကလည်း မဟုတ်... ဒါဆို မင်းရဲ့ စိတ်ထဲမှာ ‘အမှန်တရား’ ဆိုတာ ဘာလဲ”

ကွေ့လိက ပြန်မဖြေဘဲ ခဏမျှ ငြိမ်နေပြီးမှ ကောင်းကင်ကို မော့ကြည့်လိုက်၏။

ပြာလွင်သော ကောင်းကင်နှင့် ဖြူလွလွ တိမ်တိုက်များ...

“ကျွန်တော်လည်း မသိတော့ဘူး”

သူက မိမိကိုယ်ကိုယ် ပြောနေသကဲ့သို့ တိုးတိုးလေး ဆိုလိုက်၏။

အထီးကျန်နေဟန်ရှိသော ထိုကျောပြင်သည် တဖြည်းဖြည်း ဝေးကွာသွားပြီးနောက် သရဲဘုရင်၏ မျက်နှာပေါ်မှ အပြုံးမှာလည်း ပျောက်ကွယ်သွားချေပြီ။

သူ၏ နက်မှောင်သော မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းတို့ လက်ခနဲ ဖြစ်သွား၏။ စိတ်ထဲတွင် ဘာတွေ တွေးနေပါသနည်း...

ထိုစဉ် တစ်ဖက်မှ အသံတစ်ခု ထွက်ပေါ်လာလေသည်။

“ဂိုဏ်းချုပ်... ကျွန်တော်...”

သရဲဘုရင်က စကားကို ဖြတ်ပြောလိုက်၏။

“ချင်းလုံ... လာခဲ့ဦး”

“ဟုတ်ကဲ့”

ချင်းလုံသည် သစ်သားတံတားပေါ်မှ လျှောက်လာ၏။ သူ၏ မျက်လုံးများက သရဲဘုရင် ကြည့်နေသော အဝေးက နေရာဆီသို့ လိုက်ကြည့်ကာ ဆိုလိုက်သည်။

“ဒုဂိုဏ်းချုပ်က ခုနတင် ဒီမှာ ရှိနေတာလား”

သရဲဘုရင်က ခေါင်းညိတ်ပြလိုက်၏။

“ဘာကိစ္စရှိလို့လဲ”

“ဝမ်တုဂိုဏ်းက အဖိုးကြီးက သူ့လူတွေကို တိတ်တိတ်လေး လွှတ်လိုက်ပြန်ပြီ။ ဂိုဏ်းချုပ်က သေမင်းရွှံ့နွံကို ဘယ်တော့ လူလွှတ်မှာလဲ၊ အားလုံး အတူတူ ပူးပေါင်းကြမလားလို့ မေးနေပါတယ်”

သရဲဘုရင်က နှာခေါင်းရှုံ့လိုက်​သည်။

“သွားပြီး အကြောင်းပြန်လိုက်။ နောက်သုံးရက်နေရင် သရဲဘုရင်ဂိုဏ်း၊ ဝမ်တုဂိုဏ်းနဲ့ ဟယ်ဟွမ်းဂိုဏ်းတို့ အတူတူ ရွှံ့နွံထဲ ဝင်ကြမယ်လို့”

ချင်းလုံက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ”

သရဲဘုရင်သည် ခဏမျှ စဉ်းစားနေပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ချင်းလုံဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

“ချင်းလုံ... မင်း ကွေ့လိကို ဘယ်လိုမြင်လဲ”

ချင်းလုံမှာ အံ့အားသင့်သွားပြီး သရဲဘုရင်ကို မော့ကြည့်လိုက်ရာ သရဲဘုရင်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း မျက်လုံးများမှာ နက်ရှိုင်းလွန်းလှသဖြင့် စိတ်ထဲတွင် အေးစိမ့်သွားကာ ခဏမျှ စကားစ ပျောက်သွားလေသည်။

သရဲဘုရင်က ပြုံးလျက် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

ချင်းလုံ သတိပြန်ဝင်လာပြီးနောက် အတန်ကြာ စဉ်းစားကာ တွန့်ဆုတ်နေသော မျက်နှာပေးဖြင့် ရှိနေ၏။ သရဲဘုရင်က တွေ့သွားသဖြင့် ပြုံးကာ ဆိုလိုက်သည်။

“ချင်းလုံ... ငါတို့ သိလာကြတာ ကြာပြီပဲ။ မင်း စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ”

ချင်းလုံက ခေါင်းခါလိုက်ပြီး ခါးသီးစွာ ရယ်မောလျက် ဆို၏။

“ဒီလိုပဲ ပြောရတော့မယ်... ကျွန်တော် သူ့အရွယ်တုန်းက ကျွန်တော့်ရဲ့ ပညာက ဒီလောက်မမြင့်သလို၊ အကွက်တွက်တာလည်း ဒီလောက် မနက်နဲခဲ့ဘူး...”

စကားပြောရင်း သူက ရုတ်တရက် ရပ်လိုက်ရာ သရဲဘုရင်က မျက်မှောင်ကြုတ်လျက် ဆို၏။

“ဘာလဲ... ရှိသေးရင်လည်း ပြောစမ်းပါ”

ချင်းလုံက ခဏမျှ တွန့်ဆုတ်နေပြီးမှ သရဲဘုရင်ကို ကြည့်ကာ ဆိုလိုက်၏

“လုပ်ရပ်တွေကလည်း ဒီလောက်အထိ ရက်စက်မှု မရှိခဲ့ဘူး”

သရဲဘုရင်က သူ့ကို ကြည့်သော်လည်း ဘာမျှပြန်မပြောဘဲ မှန်ကဲ့သို့ ကြည်လင်သော ရေပြင်ဆီသို့ ပြန်လှည့်ကြည့်လိုက်၏။ သူ၏နောက်တွင် ချင်းလုံက ဖြည်းဖြည်းချင်း ဆက်ပြောလေသည်။

“ဒီနှစ်တွေအတွင်း၊ အထူးသဖြင့် ခုနှစ်နှစ်အတွင်းမှာ ကွေ့လိရဲ့ လုပ်ရပ်တွေက ပိုပြီး ရက်စက်ကြမ်းကြုတ်လာတယ်။ အသေးအဖွဲ ကိစ္စလေးနဲ့တင် လူသတ်တတ်လာသလို အာဏာလုပွဲတွေမှာလည်း ပိုပြီးရက်စက်လာတယ်”

“ပြီးတော့ ကျွန်တော်တို့ သရဲဘုရင်ဂိုဏ်းရဲ့ မျိုးဆက်သစ်တွေထဲက ထူးချွန်တဲ့ လူသတ်ရဟန်းတို့၊ ဆလုံပြန်တို့လို လူတွေအားလုံးက သူ့လက်အောက်မှာပဲ ရှိနေကြတာ”

သရဲဘုရင်က အေးဆေးစွာ မေးလိုက်၏။

“မင်းက ဒါကို မကောင်းဘူးလို့ ထင်တာလား”

ချင်းလုံက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းကာ ပြန်ဖြေလိုက်သည်။

“အဲဒါ မဟုတ်ပါဘူး... ဒါပေမဲ့ အရင်တုန်းက သူက... ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံမျိုး ဖြစ်သွားရတာလဲ ဆိုတာပဲ”

သရဲဘုရင်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။

“တကယ်တော့ ငါကိုယ်တိုင်လည်း အစက အကဲဖြတ်တာ မှားခဲ့တယ်”

ချင်းလုံ အံ့အားသင့်သွားပြီး မေးလိုက်၏။

“ဂိုဏ်းချုပ်... ဘာကို ပြောချင်တာလဲ”

သရဲဘုရင်က ဆို၏။

“ငါ သူ့ကို ကောင်းကင်ကျမ်း ဒုတိယတွဲကို သင်ပေးတုန်းက သူ့ရဲ့ အရည်အချင်းနဲ့ဆို အောင်မြင်မှုရဖို့ အနည်းဆုံး နှစ်နှစ်ဆယ်လောက် ကြာမယ်လို့ ထင်ခဲ့တာ”

“ဒါပေမဲ့ ဒီဆယ်နှစ်အတွင်း၊ အထူးသဖြင့် နောက်ဆုံး ငါးနှစ်မှာ ကွေ့လိရဲ့ ကျင့်စဥ်အဆင့်က ရုတ်တရက် အကြီးအကျယ် တိုးတက်လာခဲ့တယ်။ တစ်ရက်ကို မိုင်တစ်ထောင်နှုန်းနဲ့ တိုးတက်နေသလိုပဲ”

“ဒါပေမဲ့ သူက ခံစားချက်အားလုံးကို ဖုံးကွယ်ထားတာဆိုတော့ ငါတောင် သူ့ကို အကဲမခတ်နိုင်တော့ဘူး”

သူ စကားပြောနေစဉ်တွင် ချင်းလုံဘက်သို့ ကျောပေးထားသော သူ၏ မျက်လုံးများထဲ၌ အေးစက်သော အရောင်အဝါတစ်ခု လက်ခနဲ ဖြတ်ပြေးသွားသော်လည်း အသံမှာမူ ပြောင်းလဲခြင်း မရှိချေ။

“သူ့ရဲ့ စရိုက်က ဇွဲရှိတယ်၊ တည်ငြိမ်တယ်၊လွယ်လွယ်အရှုံးမပေးတတ်ဘူး။ ဒါက ကျင့်ကြံခြင်းမှာ အရမ်းအထောက်အကူပြုပေမဲ့ တခြားအကြောင်းရင်းတွေ ရှိမလားဆိုတာတော့ ငါ သံသယရှိနေတုန်းပဲ”

ချင်းလုံက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“သူ့မှာ တခြား လျှို့ဝှက်ချက်တွေ ရှိနေဦးမလား”

သရဲဘုရင်က ခေါင်းခါလျက် ပြန်ပြောလိုက်လေသည်။

“မင်းသိတဲ့အတိုင်း သူ့မှာ ချင်းယွင်ဂိုဏ်းရဲ့ တာအိုလမ်းစဉ်နဲ့ ထျန်းယင်ကျောင်းတော်ရဲ့ ဗြဟ္မာဉာဏ်တော်ကျင့်စဥ် ရှိနေတယ် မဟုတ်လား”

“ဟုတ်ပါတယ်”

သရဲဘုရင်က ဖြည်းဖြည်းချင်း စဥ်းစားကာပြောလိုက်လေသည်။

“ငါ တိတ်တိတ်လေး စောင့်ကြည့်ခဲ့ရသလောက်တော့ သူက ငါတို့ဂိုဏ်းရဲ့ ကောင်းကင်ကျမ်းမှာတင် တိုးတက်လာတာ မဟုတ်ဘူး။ ချင်းယွင်ဂိုဏ်းရဲ့ ထိုက်ကျိရွှမ်ချင်းလမ်းစဉ်နဲ့ ဗုဒ္ဓလမ်းစဥ်ရဲ့ ဗြဟ္မာဉာဏ်တော်တွေမှာပါ တစ်ပြိုင်နက်တည်း တိုးတက်လာတာ”

“ဒီလမ်းစဉ် သုံးခုဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အထောက်အကူပြုပြီး ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေတာများလား”

သူက လှည့်လိုက်ပြီး ချင်းလုံကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။

“သူ့ရဲ့ လက်ရှိ ကျင့်စဥ်အဆင့်ရယ်၊ သူ့လက်ထဲက ဝိညာဥ်ဝါးမြိုတုတ်ရယ် ပေါင်းလိုက်ရင် မင်းမှာ စကြဝဠာအလင်းလက်စွပ် ရှိနေရင်တောင် အနိုင်ရဖို့ ငါးဆယ်ရာခိုင်နှုန်းပဲ ရှိမယ်လို့ ထင်တယ်”

ချင်းလုံက ပြုံးလျက် ပြောလိုက်လေသည်။

“ကျွန်တော်လည်း အိုနေပါပြီ... လူငယ်တွေနဲ့ မယှဉ်နိုင်တော့ပါဘူး”

သရဲဘုရင်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ပခုံးကို ပုတ်လိုက်သည်။

“အဲလိုမျိုး မဟုတ်ပါဘူး”

သူက အေးအေးလူလူပင် ဆက်ပြောလေသည်။

“အဲဒီတုန်းက ဒီလူငယ်ဟာ သာမန်လူ မဟုတ်ဘူးဆိုတာ ငါ ကြိုမြင်ခဲ့သားပဲ။ ဒီနေ့ သူ့ရဲ့ အောင်မြင်မှုက ငါထင်ထားတာထက်တောင် အများကြီး ကျော်လွန်နေပြီ။ သရဲဘုရင်ဂိုဏ်းကို သူ့လက်ထဲ အပ်လိုက်မယ်ဆိုရင် နောင်တစ်ချိန်မှာ အလားအလာတွေ အများကြီး ရှိလာမှာ အမှန်ပဲ။ ဒါပေမဲ့...”

သရဲဘုရင်သည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး စကားကို ရုတ်တရက် ရပ်လိုက်ကာ အဆောင်ဘေးသို့ လျှောက်သွားပြီး အဝေးသို့ ငေးကြည့်နေ၏။

ချင်းလုံသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေရင်း သရဲဘုရင်ကို ကြည့်နေမိ၏။ ဩဇာအာဏာ ကြီးမားလှသော ထိုပုဂ္ဂိုလ်၏ ပုံရိပ်တွင် ရုတ်တရက် ဖော်မပြနိုင်သော ဝမ်းနည်းရိပ်တို့ ပေါ်လွင်နေပြီး စကားလုံးဖြင့် ပြောမပြနိုင်သော ခံစားချက်တို့ကို ထင်ဟပ်စေလေသည်။

“ပိယောင်...”

သုံးရက်အကြာတွင် ကွေ့လိသည် မြေခွေးတောင်မှ ထွက်ခွာပြီး အနောက်တောင်ဘက်သို့ ဦးတည်သွားလေသည်။ သူနှင့်အတူ မျောက်ကလေး ရှောင်ဟွေ့နှင့် ခွေးရိုင်းတာအိုဆရာတို့လည်း လိုက်ပါလာကြ၏။

အစက ခွေးရိုင်းတာအိုဆရာသည် ထိုကဲ့သို့ အန္တရာယ်များသော သေမင်းရွှံ့နွံသို့ မသွားချင်သော်လည်း ကွေ့လိက အမှုမဲ့အမှတ်မဲ့ပင် ပြောလိုက်လေသည်။

“ငါထွက်သွားပြီးရင် မြေခွေးတောင်က အဲဒီသေမင်းရွှံ့နွံထက် အဆတစ်ရာပိုပြီး အန္တရာယ်များလာလိမ့်မယ်။ မင်း ယုံလား”

ထိုစကားကို ကြားပြီးနောက် ခွေးရိုင်းတာအိုဆရာ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားလေသည်။ နှုတ်ခမ်းကတော့ အလျှော့မပေးသော်လည်း ခြေထောက်များက သစ္စာဆဖာက်ကာ နောက်မှ လိုက်ပါလာခဲ့လေသည်။

နတ်ဘုရားနယ်မြေ၏ ကျယ်ပြောလှသော နယ်မြေများအနက် အစည်ကားဆုံးနှင့် အကြွယ်ဝဆုံးမှာ အလယ်ပိုင်းဒေသ ဖြစ်သည်။

အလယ်ပိုင်းဒေသ၏ ပြင်ပ မြောက်ဘက်တွင်မူ လူသူမနီးသော အလွန်အေးမြလှသည့် မြောက်ဝင်ရိုးစွန်းဒေသ ရှိ၏။ အရှေ့ဘက်တွင်မူ အဆုံးမရှိသော ပင်လယ်ပြင်ကြီး ရှိလေသည်။

တောင်ဘက်တွင်မူ အလယ်ပိုင်းဒေသ၏ အပြင်ဘက်၌ မြင့်မားလှသော တောင်တန်းကြီးများ ရှိပြီး ထိုနေရာတွင် တောတောင်ထူထပ်ကာ အဆိပ်အတောက်နှင့် ဘေးအန္တရာယ်ပေါများလှ၏။

ဒဏ္ဍာရီများအရ ထိုနေရာတွင် ငှက်နှင့် သားရဲတိရစ္ဆာန်များကို အစိမ်းလိုက် စားတတ်သည့် အလွန်ရက်စက်သော လူရိုင်းများ နေထိုင်ကြသည်ဟု ဆိုကြသည်။

နတ်ဘုရားနယ်မြေ၏ အနောက်ဘက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော နေရာနှစ်ခု ရှိ၏။ အနောက်မြောက်ဘက်တွင်မူ မျက်စိတစ်ဆုံး ကျယ်ပြန့်လှသော သဲကန္တာရကြီး ရှိပြီး လူများက ထိုနေရာကို ကျက်တီးခေါင်မြေဟုခေါ်ကြသည်။

ထိုနေရာတွင် နှစ်ပေါင်း တစ်ရာကျော်တိုင်အောင် မိုးမရွာခဲ့သဖြင့် အလွန် ခြောက်သွေ့ပြီး တစ်ခါတစ်ရံတွင် ရေအိုင်ငယ်အချို့ ရှိတတ်သော်လည်း သားရဲတိရစ္ဆာန်များ ကျက်စားသဖြင့် သာမန်လူများ သွားလာရန် မဖြစ်နိုင်ချေ။

ဒဏ္ဍာရီများအရ ထိုကန္တာရ၏ အနက်ရှိုင်းဆုံးနေရာတွင် မိစ္ဆာဂိုဏ်းများ စတင်ပေါက်ဖွားခဲ့ရာ နန်းတော်ကြီးတစ်ခု ရှိသည်ဟု ဆိုကြသည်။

All Chapters