← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း (၁၈၂) - နေရာဟောင်းများ (၅)

အနောက်တောင်ဘက်တွင်မူ လူပြောများလှသော သေမင်းရွှံ့နွံကြီး ရှိလေသည်။ ထိုနေရာ၏ ရာသီဥတုမှာ အနောက်မြောက်ကန္တာရနှင့် လုံးဝခြားနားလေသည်။

တစ်နှစ်ပတ်လုံး ဆယ်ရက်လျှင် ခုနစ်ရက်၊ ရှစ်ရက်ခန့် မိုးရွာလေ့ရှိပြီး ထူးဆန်းသော သစ်ပင်ပန်းမန်များမှာ နွားမွေးကဲ့သို့ပင် များပြားလှ၏။ ထိုကဲ့သို့ စိုထိုင်းပြီး မှောင်ရိပ်ကျသော နေရာသည် ကမ္ဘာပေါ်ရှိ အဆိပ်ရှိသော သားရဲများနှင့် ပိုးမွှားများ၏ ခိုအောင်းရာ အရပ်ဖြစ်လေသည်။

ထိုနေရာတွင် အထူးထွက်ရှိသော အလွန်ပြင်းထန်သည့် မီသိန်းဓာတ်ငွေ့များသည် မိုးရွာတိုင်း ပုပ်စပ်နေသော ရွှံ့နွံများထဲမှ တက်လာလေ့ရှိပြီး လူများ ရှူမိပါက ဆေးဝါးမရှိလျှင် တစ်နာရီမပြည့်မီ သေဆုံးသွားနိုင်သည်။

ထို့အပြင် နှစ်ပေါင်းများစွာ မိုးရေစိုနေသော တိရစ္ဆာန်အသေကောင်များနှင့် သစ်ပင်များကြောင့် ထိုနေရာသည် အလွန်ပင် အန္တရာယ်များလှသည်။

ခြေတစ်လှမ်း မှားသည်နှင့် အဆုံးမရှိသော ရွှံ့နွံထဲသို့ ကျဆင်းသွားပြီး နေရောင်ကို တစ်သက်လုံး မမြင်ရတော့ဘဲ သေဆုံးသွားနိုင်ပေသည်။

ထိုကဲ့သို့ အန္တရာယ်များသော နေရာသို့ ပုံမှန်အားဖြင့် မည်သူမျှ မလာကြချေ။ သို့သော် မကြာသေးမီက သတင်းများ ပျံ့နှံ့လာ၏။ အနောက်ဘက် သေမင်းရွှံ့နွံတွင် ရုတ်တရက် ကြီးမားလှသော ရွှေရောင်အလင်းတန်းကြီး ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။

ညသန်းခေါင်အချိန်တွင်ပင် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေခဲ့၏။ သုံးရက်အကြာတွင်မှ ထိုရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချိန်မှစ၍ သေမင်းရွှံ့နွံထဲမှ ထူးဆန်းသော အော်ဟစ်သံများကို ကြားနေရသဖြင့် ရွှံ့နွံအနားတွင် နေထိုင်ကြသူများမှာ အမြဲတမ်း ထိတ်လန့်နေကြရလေသည်။

ဤသတင်း ပျံ့နှံ့သွားသည်နှင့် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေ၏။ ကျင့်ကြံသူများ၏ အမြင်တွင်မူ ထူးခြားသော သားရဲများနှင့် မှော်ရတနာများသည် သူတို့၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအား ရှိကြလေရာ ဤရွှေရောင်အလင်းတန်းကြီးမှာ ရှားပါးရတနာတစ်ခု ပေါ်ထွက်လာတော့မည့် နိမိတ်ဖြစ်ပြီး ၎င်းနှင့် ထိုက်တန်သူကို ခေါ်ယူနေခြင်းပင် ဖြစ်သည်။

ထိုအလင်းတန်း၏ အရှိန်အဝါအရ ဤရတနာ၏ တန်ခိုးစွမ်းအားမှာ မသေးလှချေ။ ထို့ကြောင့် တစ်ခဏအတွင်းမှာပင် လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာလမ်းစဉ်မှ ပညာရှင်များ စတင် စုရုံးလာကြတော့သည်။

ထိုသို့ လှုပ်လှုပ်ရှားရှား ဖြစ်နေသည့် ကြားတွင်ပင် မည်သူမျှ မသိနိုင်သော နောက်ကွယ်မှ ရေစီးကြောင်းများကလည်း ပြင်းထန်စွာ စီးဆင်းနေလေသည်။

အနောက်ဘက် သေမင်းရွှံ့နွံမှ တစ်ဝက်ခန့် ခရီးအကွာတွင် ဝမ်ကျန်းရွာဟု ခေါ်သော ခြောက်သွေ့နေသည့် ရွာငယ်လေးတစ်ရွာ ရှိ၏။

ထိုအမည်ကို ရွာသားများ ကိုးကွယ်ကြသော ‘ဝမ်ဘုရင်’ ဟု ခေါ်သည့် နတ်ဘုရားကို အစွဲပြု၍ ပေးထားခြင်း ဖြစ်သည်။ သို့သော် ထိုနတ်ဘုရားမှာ မည်သည့်အခါမျှ စွမ်းအားမပြခဲ့ဖူးချေ။

ရွာသားများကို စည်းစိမ်ချမ်းသာ မပေးနိုင်ခဲ့သလို၊ စားဝတ်နေရေး ပြေလည်အောင်လည်း မကူညီနိုင်ခဲ့ပေ။

အမှန်တစ်ကယ် စဉ်းစားကြည့်လျှင် ဤကဲ့သို့ သေမင်းရွှံ့နွံ၏ အစပ်တွင် နေထိုင်ရသည်မှာ အချိန်မရွေး ထူးဆန်းသော သားရဲများ သို့မဟုတ် အဆိပ်ရှိသော ပိုးမွှားများ ထွက်လာတတ်သည်။

အိမ်မွေးတိရစ္ဆာန်တွေ သေရတာထက် နှစ်စဉ်နှစ်တိုင်း လူတွေ သေဆုံးနေရတာကလည်း မနည်းလှချေ။ အရည်အချင်းရှိသူများမှာ ထိုနေရာကို စွန့်ခွာပြီး အလယ်ပိုင်းဒေသသို့ ထွက်သွားကြလေသည်။ ကျန်ခဲ့သူများမှာမူ များသောအားဖြင့် ပျင်းရိသူများသာ ဖြစ်ကြ၏။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်မှစ၍ ဝမ်ကျန်းရွာသည် ပြန်လည် စည်ကားလာခဲ့၏။ သွားလာနေကြသူများမှာ ပါရမီရှိသော ကျင့်ကြံသူများသာ ဖြစ်ကြသည်။

ဝမ်ကျန်းရွာသည် သေမင်းရွှံ့နွံသို့ သွားရာ တစ်ခုတည်းသော လမ်းမဟုတ်သော်လည်း ရွှံ့နွံနှင့် အနီးဆုံးနေရာ တစ်ခု ဖြစ်သည်။ သေမင်းရွှံ့နွံထဲ မဝင်မီ လူအများစုသည် ဤနေရာတွင် ရေနှင့် အစားအစာ လာဝယ်လေ့ရှိကြရာ ရွာသားများအတွက် ဝင်ငွေအတော်အတန် ရရှိစေခဲ့သည်။

ထို့ပြင် ဤနေရာသည် ရွှံ့နွံနှင့် အနီးဆုံး ဖြစ်သောကြောင့် ရွှေရောင်အလင်းတန်းနှင့် ထူးဆန်းသော အသံများကို ရွာသားများက အရင်ဆုံး တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူအတော်များများက သတင်းလာစုံစမ်းကြခြင်းလည်း ဖြစ်သည်။

သို့သော် လူတွေ များလာသည်နှင့်အမျှ လူကောင်းရှိသလို လူဆိုးလည်း ရှိလာ၏။ နောက်ပိုင်း ရက်များတွင် ဤရွာငယ်လေးထဲ၌ တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီး အချို့မှာ သေမင်းရွှံ့နွံထဲပင် မဝင်ရသေးဘဲ အကြောင်းမဲ့ သေဆုံးသွားကြရလေသည်။

ယနေ့တွင် ကွေ့လိနှင့် ခွေးရိုင်းတာအိုဆရာတို့ ဝမ်ကျန်းရွာသို့ ရောက်ရှိလာကြသည်။ သူတို့ ရွာအဝင်တွင် ရပ်ကာ ကြည့်လိုက်သောအခါ ရွာထဲတွင် လူအသွားအလာ များပြားနေပြီး ပုံမှန်မြင်တွေ့နေရသည့် အသက်မဲ့နေသော ပုံစံမျိုး မဟုတ်တော့ဘဲ စည်ကားနေသည်ကို တွေ့ရ၏။

ရွာထဲသို့ လျှောက်လာရင်း ခွေးရိုင်းတာအိုဆရာက ပတ်ပတ်လည်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် တစ်ခုခုကို ရေရွတ်နေ၏။

မျောက်ကလေး ရှောင်ဟွေ့မှာမူ ရက်ပေါင်းများစွာအတွင်း လူအများကြီးကို ပထမဆုံးအကြိမ် မြင်ဖူးသဖြင့် စိတ်လှုပ်ရှားနေကာ ကွေ့လိ၏ ပခုံးပေါ်မှနေ၍ အော်ဟစ်နေလေသည်။ ကွေ့လိက ရှောင်ဟွေ့ကို အသာအယာပုတ်ပေးရင်း ခွေးရိုင်းတာအိုဆရာကို ကြည့်ကာ မေးလိုက်၏။

“ဘာဖြစ်နေတာလဲ”

ခွေးရိုင်းတာအိုဆရာက ရိုင်းစိုင်းစွာပင် ပြန်ဖြေလိုက်၏။

“တည်းခိုခန်း ရှာနေတာလေ... ဒီလောက် ခရီးအဝေးကြီး လမ်းလျှောက်လာပြီးမှ ကောင်းကောင်း နားသင့်တယ် မဟုတ်လား။ ဒီနေရာက တကယ့်ကို နတ်ဘုရား စွန့်ပစ်ထားတဲ့ နေရာပဲ။ တည်းခိုခန်းတောင် ရှာရတာ ဒီလောက် ခက်ရသလား”

ကွေ့လိက အေးစက်စွာ ပြောလိုက်လေသည်။

“ဒီနေရာမှာ တည်းခိုခန်း ရှိမယ်လို့ မင်းထင်နေတာလား”

ခွေးရိုင်းတာအိုဆရာမှာ အံ့အားသင့်သွားလေသည်။

“ဘာ...”

ကွေ့လိက လမ်းပေါ်တွင် သွားလာနေသူများကို ကြည့်လိုက်၏။ ထိုသူများ၏ အဝတ်အစားများမှာ တောက်ပနေပြီး ဝမ်ကျန်းရွာမှ ရွာသားများကဲ့သို့ ကြမ်းတမ်းစွာ အလုပ်လုပ်ကိုင်သူများ မဟုတ်သည်မှာ ထင်ရှားလှသည်။ သူက မေးလိုက်၏။

“မင်း ဒီနေရာကို အရင်က ရောက်ဖူးလား”

ခွေးရိုင်းတာအိုဆရာက တံတွေးတစ်ချက် ထွေးလိုက်ပြီး ပြောလိုက်၏။

“ဘယ်သူကမှ အားယားနေလို့ ဒီလိုနေရာမျိုးကို လာမှာလဲ”

ကွေ့လိက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်လေသည်။

“အဲဒါကြောင့်ပဲလေ... ဒီနေရာကို ပြင်ပလူတွေ လာလေ့မရှိသလို ရွာသားတွေကလည်း ဆင်းရဲကြတာဆိုတော့ တည်းခိုခန်းက ဘာလုပ်ဖို့လဲ”

ခွေးရိုင်းတာအိုဆရာ စကားမပြောနိုင်တော့ဘဲ သူ၏ ခွေးရုပ်ကဲ့သို့ မျက်နှာမှာ ပို၍ပင် ခါးသီးသွားလေသည်။

ထိုစဉ် လမ်းမကြီး၏ ရှေ့ဘက်ဆီမှ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရ၏။ တစ်စုံတစ်ယောက်က အကျယ်ကြီး အော်ပြောနေခြင်း ဖြစ်သည်။

“နောင်နှစ်ပေါင်း ငါးဆယ်ကို ကြိုမြင်နိုင်ပြီး နှစ်ပေါင်း သုံးရာစာ ဇာတာကို ဟောနိုင်တယ်... အငြင်းပွားဖွယ်မရှိတဲ့ နတ်ဘုရားရှေ့ဖြစ်ဟောသူပါ... လောကကို အကဲဖြတ်ပြီး အနာဂတ်ကို ကြိုဟောပေးနေပါတယ်။ လာရောက် ကြည့်ရှုကြပါ”

ကွေ့လိနှင့် ခွေးရိုင်းတာအိုဆရာတို့ နှစ်ဦးလုံး အံ့အားသင့်သွားပြီး အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။

လမ်းဘေးတစ်နေရာတွင် ဟောင်းနွမ်းနေသော စားပွဲနှင့် ကုလားထိုင် တစ်စုံ ရှိနေပြီး ဘေးတွင် ဝါးလုံးတစ်လုံးကို စိုက်ထူထားကာ ‘နတ်ဘုရားလမ်းညွှန်’ ဟု ရေးထားသော အလံတစ်ခု ချိတ်ဆွဲထား၏။

ဝါးလုံးဘေးတွင် ထူးခြားသော အသွင်အပြင်ရှိသည့် အဖိုးကြီးတစ်ဦးက အသံကျယ်ကြီးဖြင့် အော်ဟစ်နေခြင်း ဖြစ်သည်။ သူ၏ဘေးတွင်မူ အိပ်ငိုက်နေသော မိန်းကလေးတစ်ဦး ရှိနေပြီး ရုပ်ရည်မှာ အတော်လေး ချောမောလှသော်လည်း စားပွဲပေါ် မှီထားကာ စိတ်ပျက်နေသော မျက်နှာပေးဖြင့် ရှိနေလေသည်။

အထူးပြောနေစရာ မလိုဘဲ ဤနှစ်ယောက်မှာ ကျိုးရိရှန်းနှင့် ရှောင်ဟွမ်တို့ပင် ဖြစ်ကြ၏။ ကျိုးရိရှန်းသည် ရှောင်ဟွမ်ကို ခေါ်ကာ လောကအနှံ့ လှည့်လည်နေခြင်း ဖြစ်သည်။

သူ၏ အရည်အချင်းမှာ မမြင့်မားသော်လည်း လူစည်ကားသည့် နေရာများကိုမူ အမြဲတမ်း သွားလေ့ရှိ၏။ လွန်ခဲ့သော ရက်အနည်းငယ်က သေမင်းရွှံ့နွံအကြောင်း ကြားသဖြင့် ရှောင်ဟွမ်က ကန့်ကွက်သည့်ကြားမှ ဝမ်ကျန်းရွာသို့ အတင်းခေါ်လာခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ကျိုးရိရှန်း၏ စကားဖြင့် ပြောရလျှင် ခရီးစရိတ်တွေ အကုန်ပြတ်သွားပြီဖြစ်ရာ အကျပ်အတည်း ဆိုက်နေသဖြင့် လမ်းဘေးတွင် ဗေဒင်ဟောနေရခြင်း ဖြစ်သည်။ သို့သော် သူက အော်ဟစ်ရင်းနှင့် စကားလုံးတွေကို ဖြည်းဖြည်းချင်းစီ ပြောင်းကာအော်လိုက်ပြန်သည်။

“... ဖြတ်သွားဖြတ်လာကြတဲ့ အထူးဧည့်သည်တော်တို့ခင်ဗျာ... ကျွန်တော်မျိုး ဗေဒင်ဆရာကြီးဟာ ဘိုးဘွားစဉ်ဆက်က ပညာတွေကို ရရှိထားတာဖြစ်လို့ လောကမှာရှိတဲ့ အဆိပ်အားလုံးကို ထိန်းချုပ်နိုင်ပါတယ်”

“ဒီနေ့ သေမင်းရွှံ့နွံထဲမှာ ပြင်းထန်တဲ့ အဆိပ်ငွေ့တွေ ရှိနေပေမဲ့ ကျွန်တော်ရောင်းတဲ့ ဒီအဆောင်လေးကို ဆောင်ထားမယ်ဆိုရင် အဆိပ်ပေါင်း ရာချီကို ကာကွယ်နိုင်ပြီး မာကျောတဲ့ ခန္ဓာကိုယ်ကို ရရှိစေမှာပါ...”

ဘေးတွင် ထိုင်နေသော ရှောင်ဟွမ်မှာမူ သက်ပြင်းကို ခပ်ဖွဖွ ချလိုက်၏။ ဒီမှာ ထိုင်နေတာ နာရီပေါင်းများစွာ ကြာပြီဖြစ်ပြီး အဘိုးဖြစ်သူကလည်း အားတက်သရော အော်နေသော်လည်း တကယ်တမ်းတွင် အဆောင်တစ်ခုမှ မရောင်းရသေးချေ။

ဒေသခံတွေက ယုံကြသော်လည်း မဝယ်နိုင်ကြပေ။ ပြင်ပလူများမှာလည်း ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အတွေ့အကြုံရှိကြရာ သူတို့၏ အကြည့်များက ‘လူလိမ်’ ဟုသာ ဆိုနေကြသည်။

ကံကောင်းထောက်မစွာဖြင့် လမ်းမှန်ဂိုဏ်းမှ သူရဲကောင်းများက ရတနာရှာရန် စိတ်စောနေကြသဖြင့် ဗေဒင်ဆရာနှင့် စကားများမနေကြခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် မတရားမှုကို မကြည့်ရက်သည့် တပည့်တစ်ယောက်ယောက်ကသာ ဝင်ပါလာပါက ကျိုးရိရှန်းအတွက် မသက်သာလှချေ။

ကျိုးရိရှန်းက အားတက်သရော အော်နေဆဲဖြစ်ရာ ရှောင်ဟွမ်မှာ စိတ်မရှည်တော့ဘဲ အဘိုးဖြစ်သူကို တားရန် ထရပ်လိုက်စဉ်မှာပင် ရုတ်တရက် လူတစ်ယောက် ရောက်လာ၏။

မည်သည့်အချိန်က ရောက်လာသည်ကို မသိလိုက်ဘဲ စားပွဲရှေ့တွင် ရပ်နေလေသည်။ သူသည် အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်ပြီး ရုပ်ရည်မှာ သန့်ပြန့်လှသော်လည်း မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေလေသည်။

“မိန်းကလေး... ကျွန်တော် ဗေဒင်ကြည့်ချင်လို့ပါ”

ထိုလူငယ်က နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခုဖြင့် တည်ငြိမ်စွာ ဆိုလိုက်၏။

ရှောင်ဟွမ်က မျက်မှောင်ကြုတ်လျက် သူ့ကို အကဲခတ်လိုက်၏။ ထိုအချိန်တွင် ကျိုးရိရှန်းလည်း သတိထားမိသွားကာ ချက်ချင်းပင် ပြုံးရွှင်စွာ ရောက်လာလေသည်။

“ဧည့်သည်တော်... ဘာကြည့်ချင်လို့လဲ၊ ကံဇာတာလား ဒါမှမဟုတ် အိမ်ထောင်ရေးလား။ မျက်နှာကြည့်မလား၊ လက်ဝါးကြည့်မလား ဒါမှမဟုတ် စာလုံးနဲ့ ကြည့်မလား”

ထိုလူငယ်က ခဏမျှ စဉ်းစားပြီးမှ ဆို၏။

“ကျွန်တော်လည်း သေမင်းရွှံ့နွံထဲ ဝင်မလို့ပဲ... အဲဒီတော့ ကျွန်တော့်ရဲ့ ကံဇာတာကိုပဲ ကြည့်ပေးပါဦး”

ကျိုးရိရှန်းက ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်၏။

“ရပါတယ်... ရပါတယ်။ ကဲ... ဧည့်သည်တော် ထိုင်ပါ။ အင်း... ကျွန်တော် အရင် ကြိုပြောထားပါရစေ။ ကျွန်တော်တို့က ဘိုးဘွားစဉ်ဆက် ပညာတွေ ရထားတာဆိုတော့ တခြား ဗေဒင်တွေနဲ့ မတူဘူး။ တစ်ခါကြည့်ရင် ငွေဆယ်စ ပေးရပါမယ်...”

ထိုလူငယ်မှာ အံ့အားသင့်သွားပြီး ဆို၏။

“ဒီလောက်တောင် ဈေးကြီးတာလား”

ကျိုးရိရှန်းက ပြုံးနေသော်လည်း ပြန်မဖြေချေ။

ထိုလူငယ်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ရှောင်ဟွမ်ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။

“ကောင်းပါပြီ... ငွေဆယ်စလည်း ဆယ်စပေါ့။ ဒါဆိုရင် အရင်ဆုံး စာလုံးတစ်လုံးနဲ့ ကြည့်ပေးပါ”

ရှောင်ဟွမ်က သူ့ကို ကြည့်ပြီး ဘေးမှ စက္ကူဖြူတစ်ရွက်ကို ယူကာ စုတ်တံနှင့်အတူ ကမ်းပေးလိုက်၏။

“ဒါဆိုရင် ဧည့်သည်တော် စာလုံးတစ်လုံး ရေးပေးပါ...”

မမျှော်လင့်ဘဲ ထိုလူငယ်က စုတ်တံကို ယူလိုက်သော်လည်း ရယ်မောလျက် ပြောလိုက်လေသည်။

“မလိုပါဘူး... ကျွန်တော့်နာမည်ကိုပဲ ရေးလိုက်မယ်။ ကျွန်တော့်နာမည်ရဲ့ ကံဇာတာက ဘယ်လိုရှိလဲဆိုတာ ကြည့်ပေးပါဦး”

ပြောပြောဆိုဆိုနှင့်ပင် ထိုစက္ကူဖြူပေါ်တွင် စာလုံးသုံးလုံးကို ရေးချလိုက်ပြီး ရှောင်ဟွမ်အား ကမ်းပေးလိုက်၏။

ရှောင်ဟွမ် ခဏမျှ ကြောင်သွားပြီးနောက် စက္ကူကို လှမ်းယူလိုက်၏။ ထိုစက္ကူဖြူကို ကြည့်နေစဉ်မှာပင် ထိုလူငယ်၏ ပြုံးလျက် ပြောဆိုသံကို ကြားလိုက်ရလေသည်။

“ကျွန်တော့်နာမည်က ချင်ဝူယန်ပါ”

All Chapters