← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း (၁၈၇) - သေမင်းနွံတော (၂)

သို့သော် အကြောင်းရင်းကို မသိရဘဲ ကျင်းဖျင်အာ၏ ပုံမှန်အတိုင်း ပြေလျော့နေသော မျက်နှာမှာ ရုတ်တရက် တည်ကြည်ကာ သတိကြီးစွာ ထားနေသည့် ပုံစံသို့ ပြောင်းလဲသွားသည်။

သူမသည် ရှောင်ဟွမ်နှင့် စကားပြောကာ ရယ်မောနေစဉ်က နူးညံ့ငြိမ်သက်သော ပုံစံနှင့် လုံးဝကွဲပြားခြားနားသွားသည်။

သတ်ဖြတ်ခြင်း အငွေ့အသက်များ ပါဝင်နေသော တည်ငြိမ်မှုနှင့်အတူ သူမသည် အခြားလူတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး တစ်ဖက်လူမှာ သူမအနေဖြင့် သတိမလွတ်တမ်း ရင်ဆိုင်ရမည့် ကြောက်မက်ဖွယ် ရန်သူတစ်ဦး ဖြစ်ပုံရသည်။

ခေတ္တမျှ ကြာသောအခါ ထူထပ်သော မြူနှင်းများ၏ အဝေးတစ်နေရာမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

“နတ်သမီးကျင်း... ငါတို့ မနေ့က အရေးကြီးတဲ့ ကိစ္စကို ဆွေးနွေးဖို့ မဟူရာရေမြောင်းမှာ တွေ့ဆုံဖို့ သဘောတူထားကြတာကို မင်း ဘာလို့ ရောက်မလာတာလဲ...”

ကျင်းဖျင်အာသည် ယခုအခါ ထိုသူမှာ မည်သူဖြစ်သည်ကို သိရှိသွားပုံရပြီး သူမ၏ မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွားသော်လည်း သူမ၏မျက်ဝန်းထဲရှိ သတိထားမှုမှာမူ လုံးဝ လျော့ပါးမသွားပေ။

သူမ၏ အသံနေအသံထားမှာ လုံးဝ ယဉ်ကျေးမှုမရှိဘဲ အေးစက်စွာ ပြောလိုက်သည်။

“ငါ လမ်းမသိဘူး...”

မြူနှင်းများထဲမှ လူသည် စကားလုံးများ ဆွံ့အသွားပုံရပြီး ခေတ္တမျှ မည်သူမျှ စကားမပြောကြချေ။ အချိန်အတော်ကြာမှ ထိုသူက ပြောလိုက်သည်။

“ဘာလဲ... နတ်သမီးကျင်း ပြောပုံအရဆိုရင် ဟယ်ဟွမ်ဂိုဏ်းက ဒီကိစ္စကို စိတ်မဝင်စားတော့ဘူးလို့ ပြောချင်တာလား...”

ကျင်းဖျင်အာက နှာခေါင်းရှုံ့ကာ တစ်ဖက်လူကို မျက်နှာမူလျက် ပြောလိုက်သည်။

“လွန်ခဲ့တဲ့ သုံးရက်က တာ့ဝမ်ရွာရဲ့ အနောက်မြောက်ဘက် ခြောက်မိုင်အကွာမှာ ငါတို့ ဟယ်ဟွမ်ဂိုဏ်းတပည့် လေးယောက် အသတ်ခံခဲ့ရတယ်... သူတို့က မဟူရာဖားပြုပ်မှုန့်နဲ့ အဆိပ်ခတ်ခံခဲ့ရတာ... ဒါ မင်းလုပ်တာလား...”

မြူနှင်းများထဲမှ လူသည် အံ့အားသင့်သွားပြီး ပြန်ဖြေလိုက်သည်။

“မဟုတ်ပါဘူး...”

ကျင်းဖျင်အာက အေးစက်စွာ ပြောလိုက်သည်။

“ဝမ်တုဂိုဏ်းမှာပဲ မဟူရာဖားပြုပ်မှုန့် ရှိတာ... ဒါကို မင်း ဘယ်လို ရှင်းပြမလဲ...”

ထိုသူက ထပ်မံပြောလိုက်သည်။

“နတ်သမီးကျင်း... အကယ်၍ ငါသာ လုပ်ခဲ့တာဆိုရင် အဆိပ်သုံးဖို့တောင် မလိုဘူး...”

ကျင်းဖျင်အာက ထပ်မံနှာခေါင်းရှုံ့လိုက်သော်လည်း ပြန်လည်မချေပဘဲ ဤအချက်အပေါ် ကန့်ကွက်မှုမရှိကြောင်း ပြသလိုက်သည်။

ထိုသူက ထပ်မံပြောလိုက်သည်။

“ဒါပေမဲ့ ဒါက ငါတို့ ဂိုဏ်းနှစ်ခုလုံးနဲ့ သက်ဆိုင်နေသလို ငါနဲ့လည်း ပတ်သက်နေတာမို့ ဒီကိစ္စ ပြီးသွားရင် မင်းကို ငါ သဘာဝကျကျ ရှင်းပြပါ့မယ်...”

“ဘယ်လိုလဲ... ဒီတစ်ခေါက် အနောက်ဘက် ခရီးစဉ်မှာ ထူးဆန်းတဲ့ အရာတွေ အများကြီး ရှိနေပြီး တစ်ခုခု လွဲချော်နေတာမျိုး ရှိနိုင်တယ်...”

“နတ်သမီးအနေနဲ့ သေချာစဉ်းစားပြီး အရေးကြီးတဲ့ ကိစ္စကို ဦးစားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်...”

ကျင်းဖျင်အာက မျက်မှောင်အနည်းငယ် ကြုတ်ကာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လှည့်၍ ရှောင်ဟွမ်ကို ပြောလိုက်သည်။

“ညီမလေးရှောင်ဟွမ်... ညီမလေးနဲ့ အဘိုးက ဒီမှာ ခဏနားနေကြအုံး... အစ်မ ရှေ့ကိုသွားပြီး တခြားလူတွေနဲ့ ကိစ္စအချို့ ဆွေးနွေးစရာရှိလို့ မိုးမချုပ်ခင် ပြန်လာခဲ့မယ်နော်...”

သူမက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် အသံကို နှိမ့်ကာ ပြောလိုက်သည်။

“အစ်မ ပေးထားတဲ့ ဟာက ညီ​မလေးဆီမှာ ရှိသေးလား...”

ရှောင်ဟွမ်က ခောင်းညိတ်ကာ သူမ၏ ဘယ်ဘက်လက်ကို ပုတ်ပြလိုက်သည်။

ကျင်းဖျင်အာက ပြုံးလျက် သူမ၏လက်ကို ဆွဲကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ဒီသေမင်းနွံတောထဲမှာ နေရာတိုင်းက အန္တရာယ်ရှိတယ်... အစ်မ ရှေ့နားတင် ရှိနေမှာမို့ တစ်ခုခု အခက်အခဲရှိရင် ချက်ချင်း ရောက်လာခဲ့မယ်... ဒါပေမဲ့ လုံးဝလျှောက်မသွားရဘူး... အထူးသဖြင့် ဒီနေရာနဲ့ ဝေးတဲ့နေရာကို မသွားနဲ့...”

ရှောင်ဟွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အစ်မ... စိတ်မပူပါနဲ့... သမီး သိပါတယ်...”

ကျင်းဖျင်အာက ပြုံးလျက် သူမ၏လက်ကို လွှတ်လိုက်ပြီး ပြောလိုက်သည်။

“သတိထားပါ... တစ်ခုခု လိုအပ်ရင် အစ်မကို ခေါ်လိုက်...”

ပြောပြီးနောက် သူမက ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှုလိုက်ပြီး ရုတ်တရက် ခုန်တက်လိုက်ရာ သူမ၏ ဝတ်စုံအောက်ခြေမှ ခရမ်းရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို ပင့်တင်လျက် မြူနှင်းများထဲသို့ ပျံသန်းသွားတော့သည်။

ရှောင်ဟွမ်က မြူနှင်းများထဲတွင် ပျောက်ကွယ်သွားသော ကျင်းဖျင်အာ၏ ပုံရိပ်ကို ကြည့်ကာ လှည့်ပြန်လာပြီး ထိုသစ်ပင်ငယ်ကို မှီထားသော ကျိုးယီရှန်ထံသို့ လျှောက်သွားလိုက်သည်။

သူသည် ခြင်များ၏ နှောင့်ယှက်မှုမှ ကင်းဝေးသွားသဖြင့် ချက်ချင်းပင် သက်သာရာရသွားသော်လည်း သူ၏ပါးစပ်ကမူ ညည်းညူနေဆဲ ဖြစ်သည်။

“ဒီနေရာက ဒီလိုမျိုး ဖြစ်မယ်မှန်း သိရင် ငါ့ကို သတ်ရင်တောင် လုံးဝလာမှာမဟုတ်ဘူး...”

ရှောင်ဟွမ်က ရယ်မောကာ ပြောလိုက်သည်။

“ဘယ်သူမှ အဘိုးကို အတင်းမခေါ်ဘူး... အဘိုးကိုယ်တိုင် လိုက်ချင်တယ်လို့ ပြောခဲ့တာ...”

ကျိုးယီရှန်က နှာခေါင်းရှုံ့လိုက်ပြီးနောက် ရှောင်ဟွမ်ကို မျက်နှာမူလျက် ပြောလိုက်သည်။

“ငါ ပြောမယ်... မင်း အဲဒီမိန်းမနဲ့ ဝေးဝေးနေတာ ပိုကောင်းတယ်... ဒီနှစ်တွေထဲမှာ သူမက လူတွေအများကြီး သတ်ခဲ့သလို အကျင့်လဲမကောင်းဘူး”

“လမ်းမှန်ဂိုဏ်းက လူငယ်အတော်များများကို ဖြားယောင်းသွေးဆောင်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေကို မင်း မကြားမိဘူးလား...”

ရှောင်ဟွမ်က တံတွေးထွေးသကဲ့သို့ အသံပြုလိုက်ပြီး မျက်နှာပေါ်တွင် စိတ်ပျက်ဟန်များ ပေါ်လာကာ ပြောလိုက်သည်။

“အဘိုး... ဘယ်လိုဖြစ်လို့ အဲဒီလို ပြောနိုင်ရတာလဲ...”

ကျိုးယီရှန်က လျှာထုတ်ပြလိုက်သော်လည်း ဆက်လက်၍ စကားမပြောတော့ပေ။

ထို့ကြောင့် သူတို့နှစ်ဦးမှာ ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။ အုံ့မှိုင်းနေသော ကောင်းကင်ယံမှာ တဖြည်းဖြည်း မှောင်မိုက်လာသော်လည်း ကျင်းဖျင်အာမှာမူ ပြန်မလာသေးပေ။

ရှောင်ဟွမ်က စိုးရိမ်လာပြီး သွားရောက်ကြည့်ရှုချင်သော်လည်း ကျင်းဖျင်အာ၏ မှာကြားချက်များကို စဉ်းစားမိသည့်အပြင် သူမကိုယ်တိုင်လည်း ယုံကြည်မှုမရှိသဖြင့် နောက်ဆုံးတွင် မထွက်ခွာရဲပေ။

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ရှောင်ဟွမ်က စိုးရိမ်စိတ်များ ပိုမိုပြင်းထန်လာသည်။

သူမက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ မည်းမှောင်သော တိမ်တိုက်များ ပိုမိုထူထပ်လာပြီး မှောင်မိုက်လာရုံသာမက မိုးရွာတော့မည့်အလား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရှောင်ဟွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမသည် အလျင်စလို ထွက်လာခဲ့သဖြင့် အရာအားလုံးကို ယူဆောင်လာရန် သတိရသော်လည်း မိုးကာပစ္စည်းများကိုမူ ယူဆောင်လာရန် မေ့လျော့ခဲ့သည်။

အကယ်၍ ယခုအချိန်တွင် မိုးရွာပါက အလွန်ဆိုးရွားပေလိမ့်မည်။ သူမက အမြန်လှည့်ကာ ကျိုးယီရှန်ကို မေးလိုက်သည်။

“အဘိုး... ထီး ယူလာခဲ့သေးလား...”

ကျိုးယီရှန်က ခေတ္တမျှ ဆွံ့အသွားပြီး ပြောလိုက်သည်။

“ထီးလား...”

ခေတ္တမျှ ကြာသောအခါ သူက ချက်ချင်း နားလည်သွားပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ခေတ္တမျှ စကားမပြောနိုင်ဘဲ ထစ်ထစ်အအဖြင့် ပြောလိုက်သည်။

“ငါ... ငါက မင်း ယူလာတယ် ထင်လို့...”

ရှောင်ဟွမ်က စိုးရိမ်တကြီး ပြောလိုက်သည်။

“ဟာ... ဒုက္ခပါပဲ... အကယ်၍ မိုးရွာရင် သမီးတို့ ဘယ်လိုလုပ်ကြမလဲ...”

ကျိုးယီရှန်က မော့ကြည့်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူတို့ပတ်လည်တွင် ဤသစ်ပင်ငယ်တစ်ပင်သာ ရှိပြီး ကျန်နေရာများမှာ ရေကန်များနှင့် အပင်များသာ ဖြစ်သဖြင့် မိုးခိုရန် နေရာတစ်နေရာမျှ မရှိချေ။ သူက ညည်းတွားလိုက်သည်။

“ဒီတစ်ခေါက်တော့ ငါတို့ သွားပြီ... မိုးခိုဖို့ နေရာတစ်ခုခု သွားရှာကြရင် မကောင်းဘူးလား...”

ရှောင်ဟွမ်က ချက်ချင်းပင် ခေါင်းခါလိုက်သည်။

“မဖြစ်ဘူး... အစ်မဖျင်အာ ပြောပြီးပြီ... သမီးတို့ လျှောက်မသွားရဘူး... မဟုတ်ရင် အန္တရာယ်ရှိလိမ့်မယ်...”

ကျိုးယီရှန်က ပြန်ပြောလိုက်သည်။

“မသွားရဘူး ဟုတ်လား... ငါတို့ ဒီမှာနေပြီး မိုးမိမယ်ဆိုရင် အဆုတ်နာရောဂါ ဖြစ်မယ့် အန္တရာယ်ပဲ ရှိလိမ့်မယ်...”

ရှောင်ဟွမ်သည်လည်း ယခုအခါ မျက်မှောင်ကြုတ်ကာ စိုးရိမ်နေစဉ် ရုတ်တရက် ရှေ့မှ ခြေသံခပ်ဖွဖွတစ်ခု ကြားလိုက်ရသည်။

ရှောင်ဟွမ်က စိတ်သက်သာရာရသွားပြီး ‘အစ်မဖျင်အာ’ ဟူ၍ ခေါ်ရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် ပါးစပ်ပိတ်လိုက်သည်။

မြူနှင်းများထဲမှ ပုံရိပ်တစ်ခု အမြန်လျှောက်လှမ်းလာပြီး သူ၏နောက်တွင် သေးငယ်သော ပုံရိပ်တစ်ခု လိုက်ပါလာပုံရသည်။ တစ်ချိန်တည်းမှာပင် ရင်းနှီးနေသော ညည်းညူသံတစ်ခုကို ကြားလိုက်ရသည်။

“မင်းလို ကောင်စုတ်နောက်ကို လိုက်ရတာ ငါ့ရဲ့ မျိုးဆက် ရှစ်ဆက်စာ ကံဆိုးမှုပဲ... နေ့တိုင်း စိုးရိမ်ထိတ်လန့်နေရတာကို မပြောနဲ့ဦး...”

“အခုလည်း ဒီလို နေရာမှာ ခြင်ကိုက်ခံရပြီး သွေးစုပ်ခံနေရသေးတယ်... ငါ့သွေးတွေကို အကုန်စုပ်ယူပြီး အဆုံးသတ်လိုက်ဖို့ သူ့ကို မပြောလိုက်တာလဲ...”

“ကွိကွိ... ကွိကွိ...”

ရှောင်ဟွမ်က အံ့အားသင့်သွားသည်။ ထိုသူမှာ ဝမ်ကျန်းရွာတွင် သူမ တွေ့ဆုံခဲ့ဖူးသော ခွေးရိုင်းတာအိုဆရာ ဖြစ်ပြီး သူ၏နောက်တွင် ခုန်ပေါက်နေသည်မှာ မျောက်ကလေး ရှောင်ဟွေ့ ဖြစ်သည်။ သို့သော် ကွေ့လိကိုမူ မတွေ့ရပေ။

ခွေးရိုင်းတာအိုဆရာက လျှောက်လှမ်းလာရင်း သေချာကြည့်လိုက်ရာ ရှောင်ဟွမ်နှင့် ကျိုးယီရှန်တို့က သူ၏ရှေ့တွင် ရပ်ကာ ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားပြီး ပြောလိုက်သည်။

“ဟင်... မင်းတို့နှစ်ယောက်က ရှေ့ဖြစ်ဟောဆရာတွေ မဟုတ်ဘူးလား... ဘာလို့ ဒီကို ရောက်နေတာလဲ...”

ရှောင်ဟွမ်က ပြန်မပြောရသေးမီမှာပင် ခွေးရိုင်းတာအိုဆရာ၏ နောက်ကွယ်ရှိ မျက်စိလျင်သော ရှောင်ဟွေးက ရှေ့မှ မိန်းကလေးမှာ ရင်းနှီးသူဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားပြီး ‘ကွိပွိ ဟုအော်ကာ ရှောင်ဟွမ်၏ အပေါ်သို့ ချက်ချင်း ခုန်တက်သွားလေတော့သည်။

ရှောင်ဟွမ်က ရှောင်ဟွေးကို မြင်သောအခါ ချက်ချင်းပင် ပြုံးလိုက်ပြီး လမ်းတစ်လျှောက်ရှိ ဖုန်မှုန့်များ ပေကျံနေသော ၎င်း၏ လက်နှင့် ခြေထောက်များကို ဂရုမစိုက်ဘဲ ကောက်ချီကာ ရယ်မောလျက် ပြောလိုက်သည်။

“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ...”

ရှောင်ဟွေ့က နားလည်ပုံရပြီး သွားဖြဲပြကာ ၎င်း၏ မျောက်လက်သည်းဖြင့် နောက်ဘက်သို့ ညွှန်ပြလျက် ရှောင်ဟွမ်ကို အဆက်မပြတ် အမူအရာပြကာ အဆက်မပြတ် အော်ဟစ်နေတော့သည်။

ရှောင်ဟွမ်သည် ၎င်း၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားမလည်သော်လည်း ရှောင်ဟွေးက ကွေ့လိမှာ ရှေ့တွင် ရှိနေကြောင်း ပြောလိုခြင်းဖြစ်သည်ကို မှန်ကန်စွာ ခန့်မှန်းမိသဖြင့် သူမ၏ နှလုံးသားမှာ ခေတ္တမျှ တုန်လှုပ်သွားပြီး တွေးလိုက်မိသည်။

‘အစ်မဖျင်အာက ကွေ့လိနဲ့ တွေ့နေတာ ဖြစ်နိုင်မလား...’

ဤသို့ သံသယဖြစ်နေစဉ် ကောင်းကင်ယံ၌ ရုတ်တရက် မိုးခြိမ်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မကြာမီမှာပင် မိုးပေါက်ကြီးများ ဝုန်းဝုန်းကျလာတော့သည်။

ရှောင်ဟွမ်က အော်ဟစ်လိုက်ပြီး သူမ၏လက်ဖြင့် ခေါင်းကို အုပ်ကာ မသိစိတ်အရ ရှောင်ဟွေးကို ပွေ့ပိုက်လျက် ကျိုးယီရှန်ထံသို့ ပြေးသွားကာ မေးလိုက်သည်။

“အဘိုး... ဘယ်လိုလုပ်ကြမလဲ...”

ကျိုးယီရှန်က သက်ပြင်းချကာ သူ၏ဝတ်စုံကို ခေါင်းပေါ်သို့ အုပ်လိုက်ပြီး ပြောလိုက်သည်။

“ရွေးချယ်စရာမရှိဘူး... ငါတို့ သွားလို့လည်း မရဘူး... မိုးခိုစရာ နေရာလည်း မရှိဘူး... ဒါဆိုရင် မိုးမိခံရုံပဲ ရှိတာပေါ့...”

ရှောင်ဟွမ်က စကားမပြောနိုင်တော့ပေ။ ကောင်းကင်ယံကို ကြည့်လိုက်ရာ နေရာတိုင်းမှာ မီးခိုးရောင် အုံ့မှိုင်းနေပြီး မိုးမှာ တဖြည်းဖြည်း ပိုမိုသည်းထန်လာသည်။

မကြာမီအချိန်အတွင်းမှာပင် သူမ၏ ပုခုံးတစ်ဝက်မှာ စိုစွတ်သွားပြီး ဆီးနှင်းကဲ့သို့ ဖြူစင်သော အသားအရေမှာ စိုစွတ်ကာ ပေါ်လွင်နေသည်။

မျောက်ကလေး ရှောင်ဟွေ့မှာမူ ယခုအချိန်တွင် အလွန်လိမ္မာနေပြီး လုံးထွေးကာ ရှောင်ဟွမ်၏ ရင်ခွင်ထဲတွင် ပုန်းအောင်းနေတော့သည်။

“ဟီးဟီး...”

ရုတ်တရက် လှောင်ပြောင်သရော်သော ရယ်မောသံကို ကြားလိုက်ရသဖြင့် ရှောင်ဟွမ်က လှည့်ကြည့်လိုက်ရာ ခွေးရိုင်းတာအိုဆရာက သူ၏ကျောပိုးအိတ်ထဲမှ ထီးတစ်လက်ကို အေးအေးဆေးဆေး ထုတ်ယူကာ ဖွင့်လိုက်ပြီး အလွန်ဝင့်ကြွားသော ပုံစံဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

All Chapters