← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀) - လူကောင်းတစ်ဦးဖြစ်လာသော ခွေးရိုင်း (၃)

ကွေ့လိနှင့် အခြားသူများမှာ အံ့သြသွားကြ၏။ တောင်ပိုင်းနယ်ခြားရှိ တောင်တန်းပေါင်းများစွာ အကြောင်းကို အားလုံးသိကြသော်လည်း ထိုအရိုင်းအစိုင်း နယ်မြေရှိ လူမျိုးစု ခြောက်ဆယ့်သုံးစုအကြောင်းကိုမူ မည်သူမျှ မကြားဖူးကြချေ။ သို့သော် ကျိုးယိရှန်၏ အမူအရာမှာ ပေါက်ကရ ပြောနေပုံ မရချေ။

ကျင်းဖျင်အာက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ဒါက ထူးဆန်းနေပြီ။ တောင်ပိုင်းနယ်ခြားက သေမင်းနွံတောနဲ့ဆို မိုင်ပေါင်း ထောင်ချီဝေးတာလေ။ ဒီလူသားငါးက ဘာလို့ ဒီအထိ ရောက်လာတာလဲ”

ဤမေးခွန်းမှာ မောက်မာနေသော ကျိုးယိရှန်ကို ဆွံ့အသွားစေသည်။ သူသည် ခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်၏။

“အဲဒါတော့ ငါလည်း မသိဘူး”

အားလုံးမှာ ခဏမျှ တိတ်ဆိတ်သွားကြပြီး မည်သည့် အဖြေမျှ ထွက်မလာသဖြင့် ကွေ့လိက ဦးစွာ လှည့်ထွက်သွားလေသည်။

သူ၏ ပခုံးပေါ်ရှိ မျောက်ကလေး ရှောင်ဟွေ့မှာ ရုတ်တရက် လှည့်ကြည့်ကာ သွားဖြဲပြရင်း ရှောင်ဟွမ်ကို လက်ပြနှုတ်ဆက်လေသည်။

ရှောင်ဟွမ်က ပြုံးပြလိုက်၏။

ခွေးရိုင်းတာအိုဆရာက ရှောင်ဟွမ်ကို တစ်ချက်ကြည့်ပြီး နောက်မှ လိုက်သွားလေသည်။ သူ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးမီ ရှောင်ဟွမ်က နောက်မှ လှမ်းအော်လိုက်၏။

“ဆရာလေး... ရှေ့လမ်းက အန္တရာယ်များတယ်နော်၊ သတိထားသွားပါ”

ကျင်းဖျင်အာမှာ အံ့သြသွားပြီး ရှောင်ဟွမ်ကို ကြည့်လိုက်သော်လည်း ရှောင်ဟွမ်မှာ ပြုံးနေဆဲဖြစ်ကာ ထူးခြားမှု မရှိချေ။

ရှေ့မှ ခွေးရိုင်းတာအိုဆရာမှာမူ ခြေလှမ်းကို ပို၍ သွက်အောင် လျှောက်သွားတော့သည်။

သူ ကြားသလား သို့မဟုတ် မကြားချင်ယောင် ဆောင်နေသလား မသိရသော်လည်း လှည့်ပင်မကြည့်ဘဲ ကွေ့လိကို မီရန် အပြေးလေး လိုက်သွားတော့သည်။

ချင်ဝူယန်က ကွေ့လိ ထွက်ခွာသွားသော လမ်းကို ကြည့်ကာ ကျင်းဖျင်အာထံသို့ လျှောက်လာပြီး ပြုံး၍ ပြောလိုက်သည်။

“နတ်သမီးကျင်းရဲ့ ခရမ်းရောင်အလင်းဓားက နာမည်ကြီးမှန်း သိပါတယ်၊ အခု ကိုယ်တိုင် မြင်လိုက်ရတော့မှ နာမည်နဲ့လိုက်အောင် တကယ်ပဲ စွမ်းတာပဲ”

ကျင်းဖျင်အာက ခပ်အေးအေးပင် ပြုံး၍ ပြောလိုက်၏။

“သခင်လေးချင်က ကျွန်မကို နောက်နေတာပဲ။ ရှင်နဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ အဆိပ်အနည်းငယ် သုံးလိုက်တာနဲ့ ဒီရေအိုင်ကို အဆိပ်အိုင်အဖြစ် ပြောင်းလဲပစ်နိုင်တာပဲ”

“နောက်နှစ်ငါးဆယ်အတွင်း ဘာမှ ပေါက်နိုင်တော့မှာ မဟုတ်ဘူး”

ချင်ဝူယန်၏ မျက်လုံးများမှာ တည်တင်းသွားပြီး အမူအရာမှာလည်း အေးစက်သွားသည်။ သူသည် ကျင်းဖျင်အာကို ခဏမျှ စိုက်ကြည့်နေပြီးနောက် အေးအေးဆေးဆေးပင် ပြောလိုက်၏။

“ကျုပ်ရဲ့ ဖူဖျင်းအဆိပ်က လုပ်ထားတာ မကြာသေးပါဘူး။ လှည့်ကွက်တစ်ခုပါပဲ၊ ပညာရှင်တွေရဲ့ မျက်စိထဲကို မဝင်နိုင်ပါဘူး။ ဒါကို နတ်သမီးကျင်းက သိနေလိမ့်မယ်လို့ မထင်ထားဘူး။ ကျုပ် တကယ်ပဲ လေးစားမိပါတယ်... တကယ် လေးစားတယ်”

ကျင်းဖျင်အာကလည်း အလျှော့မပေးသော အကြည့်ဖြင့် သူ့ကို ကြည့်ကာ ပြောလိုက်သည်။

“သခင်လေးချင်က ကျွန်မကို အမွှန်းတင်လွန်းနေပါပြီ”

ချင်ဝူယန်က သူမကို နောက်တစ်ကြိမ် ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်သွားသော်လည်း ချက်ချင်းပင် ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဒါဆိုရင် ကျုပ် အရင်သွားနှင့်မယ်။ ကျုပ်တို့ ချမှတ်ထားတဲ့ အစီအစဉ်တွေက...”

ကျင်းဖျင်အာက သူ့စကားကို ဖြတ်ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ အဲဒီကိစ္စကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မ သိပါတယ်”

ချင်ဝူယန်က ပြုံး၍ “ကောင်းပြီ” ဟု ပြောကာ ရှောင်ဟွမ်ကို ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားရာ မြူများကြားတွင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ချင်ဝူယန် ပျောက်ကွယ်သွားပြီးနောက် ကျင်းဖျင်အာမှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ခဏအကြာတွင် သူမက သက်ပြင်းရှည်ကြီးကို ချလိုက်ရာ သူမနောက်တွင် ရှိနေသော ရှောင်ဟွမ်မှာ ကျင်းဖျင်အာ၏ ခန္ဓာကိုယ်မှာ ယခုမှပင် ပြေလျော့သွားသည်ကို ခံစားလိုက်ရ၏။

“အစ်မ... နေလို့မကောင်းဘူးလားဟင်”

ရှောင်ဟွမ်က စိုးရိမ်တကြီး မေးလိုက်သည်။

ကျင်းဖျင်အာက ခေါင်းခါပြပြီး ရှောင်ဟွမ်ကို ကြည့်ကာ ညင်သာစွာ မေးလိုက်လေသည်။။

“အစ်မ ခုနက အချိန်မီ ရောက်မလာခဲ့ဘူး။ ညီမလေး ဘာဖြစ်သွားသေးလဲ”

ရှောင်ဟွမ်က ရယ်မောရင်း ခေါင်းခါပြကာ ပြောလိုက်သည်။

“ညီမ ဘာမှမဖြစ်ပါဘူး။ ခုနက မိုးစိုသွားတာပဲ ရှိတာ။ ကံကောင်းလို့ ညီမမှာ... အာ...”

ကျင်းဖျင်အာမှာ လန့်သွားပြီး မေးလိုက်၏။

“ဘာဖြစ်လို့လဲ”

ရှောင်ဟွမ်က ခြေဆောင့်ကာ ပြောလိုက်သည်။

“ညီမ ဟိုဆရာလေးကို ထီးပြန်ပေးဖို့ မေ့သွားတယ်”

ကျင်းဖျင်အာက ပခုံးတွန့်ကာ ပြောလိုက်၏။

“ဒါဆိုလည်း သိမ်းထားလိုက်ပေါ့။ နောက်တစ်ခါ ဆုံမှ ပြန်ပေးပေါ့”

ရှောင်ဟွမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ကျင်းဖျင်အာက အဝေးသို့ ငေးကြည့်နေပြီးနောက် ခံစားချက်တစ်ခု ရလာသကဲ့သို့ ရှောင်ဟွမ်ကို တိုးတိုးလေး ပြောလိုက်၏။

“ရှောင်ဟွမ်... နောက်တစ်ခါ အဲဒီလူနှစ်ယောက်ကို သတိထားနော်”

ရှောင်ဟွမ်မှာ နားမလည်ဘဲ မေးလိုက်သည်။

“ရှင်... ဘာကိုလဲ”

ကျင်းဖျင်အာ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်သွားပြီး သူမက အေးစက်စွာ ပြောလိုက်၏။

“အဲဒီလူနှစ်ယောက်က တကယ်ကို ရက်စက်တတ်တဲ့သူတွေ။ နောက်တစ်ခါ သူတို့ကို မြင်ရင် ချက်ချင်း ဝေးဝေးက ရှောင်သွားနော်။ သူတို့နားကို ဘယ်တော့မှ မကပ်နဲ့”

ရှောင်ဟွမ်မှာ တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်မိသည်။ သို့သော် သူမ၏ ရင်ထဲတွင်မူ အကြောင်းရင်းမရှိဘဲ စိတ်ပျက်သလို ခံစားလိုက်ရ၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျိုးယိရှန်၏ လိမ်ညာမှုကို ခံခဲ့ရသော လူငယ်လေးတစ်ဦး၏ ပုံရိပ်က သူမ၏ မှတ်ညဏ်များထဲတွင် ဝေဝါးဝါး ပေါ်လာလေသည်။

ခွေးရိုင်းတာအိုဆရာသည် ကွေ့လိ၏နောက်မှ လိုက်ပါရင်း သေမင်းနွံတော၏ အနက်ပိုင်းအရပ်သို့ ခက်ခဲစွာ လျှောက်လှမ်းသွားလေသည်။

နေ့ခင်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ပျော့အိနေသော မြေပြင်မှာ အလွန်တရာ ရွှံ့ဗွက်ထူထပ်နေလေသည်။

သို့သော် ကွေ့လိသည် ချင်ဝူယန်၊ ကျင်းဖျင်အာတို့နှင့် တွေ့ဆုံပြီးနောက်တွင် မှော်လက်နက်များကို အသုံးမပြုဘဲ ခြေလျင်သွားရန်သာ အခိုင်အမာ ဆုံးဖြတ်ခဲ့လေသည်။

အကယ်၍ ယခင်ကဆိုလျှင် ခွေးရိုင်းတာအိုဆရာမှာ ဆဲဆိုကြိမ်းမောင်းနေမည်မှာ အမှန်ပင်။ အနည်းဆုံးတော့ ငြီးငြူနေမည်သာ ဖြစ်သည်။

သို့သော် ယခုမူ သူသည် အတွေးထဲတွင် နစ်မျောနေပြီး စကားတစ်ခွန်းပင် မဆိုဘဲ ကွေ့လိ၏နောက်မှ တိတ်ဆိတ်စွာ လိုက်ပါနေလေရာ ၎င်းကပင် ကွေ့လိကို အံ့ဩသွားစေ၏။

ကွေ့လိသည် ခွေးရိုင်းတာအိုဆရာ၏ ငေးငိုင်နေသော မျက်နှာကို ကြည့်ကာ လေသံကိုနှိမ့်၍ အေးစက်စွာ ပြောလိုက်သည်။

“သူ ဘာဖြစ်နေတာလဲ”

ဤစကားမှာ သူကိုယ်သူ ရေရွတ်လိုက်ခြင်းသာ ဖြစ်၏။ အကြောင်းမူကား အေးစက်စက်နိုင်လှသော နွံတောထဲတွင် ရေမှော်ပင်များနှင့် ရေကန်များနှင့် သူ၏ပခုံးပေါ်ရှိ မျောက်ကလေး ရှောင်ဟွေ့ကလွဲလျှင် အခြားသူမရှိသောကြောင့်ပင် ဖြစ်သည်။

ငိုက်မျဉ်းနေသော ရှောင်ဟွေ့မှာ ကွေ့လိ၏စကားကို ကြားလိုက်ရချိန်တွင် လှုံ့ဆော်မှုတစ်ခု ရလိုက်သကဲ့သို့ ရုတ်တရက် တက်ကြွသွားလေသည်။

ဉာဏ်ကောင်းသော ၎င်း၏မျက်လုံးလေးများကို ဟိုဟိုဒီဒီ လှန်ကြည့်လိုက်ပြီးနောက် ကွေ့လိ၏ပခုံးပေါ်မှ ခုန်ဆင်းကာ ကခုန်ပြလေတော့၏။

ဤထူးဆန်းသော အမူအရာကြောင့် နောက်မှလိုက်လာသည့် ခွေးရိုင်းတာအိုဆရာပင် ထိတ်လန့်သွားပြီး လှမ်းကြည့်လိုက်ရသည်။

ရှောင်ဟွေ့မှာ အော်ဟစ်ကာ ကွေ့လိကို ကြည့်၍ ပြုံးဖြဲဖြဲလုပ်ရင်း ကပြနေ၏။ ထို့နောက် မျက်လုံးကို တစ်ပတ်လှည့်လိုက်ပြီး ဘေးနားရှိ ရေကန်လေးဆီသို့ ခုန်ဆင်းသွားသည်။

၎င်းသည် ရေကန်ထဲမှ ရေကို လက်ဖြင့်ခပ်ကာ မိမိဦးခေါင်းပေါ်သို့ လောင်းချလိုက်ပြီးနောက် ကောင်းကင်ကို လက်ညှိုးညွှန်လျက် ဟိုခုန်ဒီခုန် လုပ်နေလေသည်။

ခွေးရိုင်းတာအိုဆရာသည် ထိုအခြင်းအရာကို စိုက်ကြည့်ရင်း ကွေ့လိအနားသို့ လျှောက်လာကာ ပြောလိုက်သည်။

“ဘာဖြစ်တာလဲ... ဒီမျောက်က ရူးသွားတာလား”

ကွေ့လိမှာမူ မျက်မှောင်ကြုတ်လျက် ရှောင်ဟွေ့ကို တိုးတိုးလေး မေးလိုက်၏။

“မိုးရွာနေတာလား”

ရှောင်ဟွေ့မှာ အလွန်ဝမ်းသာသွားပြီး ခေါင်းကို တရစပ်ငြိမ့်ပြလေသည်။ ထို့နောက် အမည်မသိ အပင်တစ်ပင်မှ သစ်ရွက်တစ်ရွက်ကို ခွဲယူကာ တစ်စုံတစ်ခုကို ကာကွယ်သကဲ့သို့ ခေါင်းပေါ်တွင် မိုးထားလိုက်၏။

ထို့နောက် ဇာတ်ကွက်တစ်ခုကို သရုပ်ဆောင်နေသကဲ့သို့ ခန္ဓာကိုယ်ကို ဟိုယိမ်းဒီယိမ်း လုပ်ပြနေလေသည်။

၎င်း၏ညာလက်ထဲမှ သစ်ရွက်ကို ဘယ်လက်သို့ ပြောင်းကိုင်လိုက်ပြီး ဘယ်လက်မှ ညာလက်သို့ ပြန်ပြောင်းလိုက်နှင့် အလုပ်ရှုပ်နေလေသည်။

ခွေးရိုင်းတာအိုဆရာသည် ကြည့်နေရင်းမှ ရုတ်တရက် လိပ်ပြာမလုံသလို ခံစားနေရလေသည်။ ထိုထူးဆန်းသော မျောက်ကို စိုက်ကြည့်ရင်း ကွေ့လိကို ပြောလိုက်သည်။

“ရူးနေပြီ... ရူးနေပြီ... ဒီမျောက်ကတော့ တစ်ကယ်ကို ရူးနေတာပဲ”

မျောက်ကလေး ရှောင်ဟွေ့သည် သစ်ရွက်ကို လွှင့်ပစ်လိုက်ပြီး နှစ်ချက်သုံးချက်မျှ ခုန်ကာ ကွေ့လိ၏ပခုံးပေါ်သို့ ပြန်တက်သွား၏။

၎င်းသည် သူတို့ လာခဲ့သော လမ်းဘက်သို့ လက်ညှိုးထိုးကာ တရစပ် အော်ဟစ်နေလေသည်။

ကွေ့လိသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညင်းစွာ လှည့်၍ ခွေးရိုင်းတာအိုဆရာကို ကြည့်လိုက်၏။

ခွေးရိုင်းတာအိုဆရာမှာ အားတင်းပြုံး၍ ပြောလိုက်သည်။

“ဘာ... ဘာလို့ ငါ့ကို ကြည့်နေတာလဲ”

ကွေ့လိ၏ အကြည့်မှာ ခွေးရိုင်းတာအိုဆရာ ကျောပေါ်တွင် လွယ်ထားသော အထုပ်ဆီသို့ ရောက်သွားပြီး အေးစက်စွာ ပြောလိုက်၏။

“စောစောက မိုးရွာတုန်းက မင်းရဲ့ထီးကို...”

ဤနေရာသို့ ရောက်သောအခါ သူသည် မျက်မှောင်အနည်းငယ်ကြုတ်လျက် ရှောင်ဟွေ့ကို ကြည့်လိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးမှ ဆက်ပြောလေသည်။

“မင်းရဲ့ထီးကို ဟိုရှေ့ဖြစ်ဟောတဲ့ မိန်းကလေးကို မိုးခိုဖို့ ငှားလိုက်တာလား”

ခွေးရိုင်းတာအိုဆရာ ပြန်မဖြေမီမှာပင် ကွေ့လိ၏ပခုံးပေါ်မှ ရှောင်ဟွေ့မှာ အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေပြီး မျက်လုံးလေးများ မှိတ်သည်အထိ ပြုံးဖြဲဖြဲ လုပ်နေလေတော့သည်။

ခွေးရိုင်းတာအိုဆရာ၏ မျက်နှာမှာ ဖြူ​တလှည့် နီတလှည့် ဖြစ်သွားပြီး အလွန်တရာ အရှက်ရနေပုံပေါ်သည်။ သူသည် ရုတ်တရက် ကွေ့လိကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ဒီကောင်စုတ်... ငါပြောပြမယ်... မင်းရဲ့တာအိုဦးလေးက လူသတ်တာကို ဖွဲမီးလို သတ်ခဲ့တာကွ...ငါ့လက်ထဲမှာ သေခဲ့တဲ့သူတွေက အနည်းဆုံး ရှစ်ရာ၊ တစ်ထောင်လောက် ရှိတယ်...”

ကွေ့လိသည် သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း စိတ်ဝင်စားပုံမရချေ။ ရှေ့သို့ ဆက်လျှောက်ရင်း အေးစက်စွာ ပြောလိုက်၏။

“မင်းဟာမင်း လူတစ်ထောင်သတ်သတ်၊ ရှစ်ရာသတ်သတ်... ငါနဲ့ ဘာဆိုင်လို့လဲ”

ခွေးရိုင်းတာအိုဆရာမှာ စကားစပြတ်သွားပြီး သူ၏အရှိန်အဝါကို မြှင့်တင်ရန် ကြွားဝါနေသော စကားများကို ဆက်မပြောနိုင်တော့ချေ။ ရှေ့မှ လျှောက်သွားသော ကွေ့လိ၏ အသံမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာပြန်သည်။

“ဒါနဲ့... မင်း လူတစ်ထောင်ပဲ သတ်သတ်၊ ရှစ်ရာပဲ သတ်သတ်... အဲဒါက ဟိုမိန်းကလေးကို ထီးငှားလိုက်တာနဲ့ ဘာဆိုင်လို့လဲ”

ပြောပြီးနောက် သူသည် ခြေလှမ်းများကို ရပ်လိုက်ကာ ခွေးရိုင်းတာအိုဆရာဘက်သို့ လှည့်ကြည့်လိုက်၏။

ခွေးရိုင်းတာအိုဆရာမှာ ကြောင်အသွားပြီး အားကောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ပြောလိုက်သည်။

“မင်း... မင်း ဘာလုပ်ချင်လို့လဲ... မဟုတ်ဘူး၊ မင်း ဘာပြောလိုက်တာလဲ”

All Chapters