← Chapters

ပြီးပြည့်စုံသော အောင်နိုင်မှု

Vol. 30 Ch. 408

ပြီးပြည့်စုံသော အောင်နိုင်မှု

Vol. 30 Ch. 408

ကျောက်စားပွဲပေါ်တွင်ရှိနေသော မီးလျှံကျောက်တုံးများမှ ထွက်ပေါ်နေသော မီးတောက်များမှာ မြင့်မားလှပြီး မီးရှူးမီးပန်းပွဲတစ်ခုအလား ဖြစ်နေပေသည်။

မီးတောက်များ အမြင့်သို့တက်လာသည်နှင့်အမျှ ဆူညံနေခဲ့သော ခန်းမကြီးမှာ တိတ်ဆိတ်သွားခဲ့ရ၏။ လှောင်ပြောင်သရော်ခဲ့သော သူများများ၏မျက်နှာမှာလည်း ယခုအချိန်၌ အေးခဲနေရပြီ ​ဖြစ်သည်။

ဤကဲ့သို့ ကြီးကျယ်ခမ်းနားလှသော မီးတောက်များအား မီးလျှံကျောက် လောင်းကစားနယ်ပယ်၌ တစ်ရံတစ်ခါမှပင် မြင်တွေ့ဖူးသည့်သူ မရှိချေ။

မီးတောက်များမှာ ကောင်းကင်ထက်တိုင် ထိုးတက်သွားသည့်အလား ရှိနေ၏။ မီးလျှံကျောက်များမှ ထွက်ပေါ်လာခဲ့သော မီးလျှံအဆီအနှစ်များမှာလည်း နီရဲနေကာ အံ့အားသင့်ဖွယ် အပူရှိန်ကို ထုတ်လွှတ်နေပေသည်။

မြင့်မားလှသောမီးတောက်ကြီး ငြိမ်သက်သွားသည့်အချိန်မှသာ လူအုပ်ကြီးမှာလည်း အသိပြန်ဝင်လာခဲ့ရပြီးနောက် ရူးသွပ်ကုန်သည့်အလား ခံစားနေကြရ၏။

ဇူယွမ်ဖွင့်ဟခဲ့သော မီးလျှံကျောက်ဆယ်ခုတွင် နှစ်တစ်ရာသက်တမ်းရှိသော မီးလျှံအဆီအနှစ်သုံးခု၊ နှစ်ငါးရာသက်တမ်းရှိသော မီးလျှံအဆီအနှစ်လေးခုနှင့် နှစ်ခုနစ်ရာသက်တမ်းရှိသော မီးလျှံအဆီအနှစ်နှစ်ခုတို့ ပါဝင်နေခဲ့သည်။

ထို့အပြင် လူအများအား ထိတ်လန့်စေခဲ့သည်မှာ ဆယ်ခုမြောက် မီးလျှံကျောက်တုံးဖြစ်ပြီး အရည်လဲ့နေသော သွေးနီရောင်အဆီအနှစ်များက နှစ်တစ်ထောင်သက်တမ်းရှိသော မီးလျှံအဆီအနှစ်ဖြစ်ကြောင်း ထင်ရှားနေ၏။

ခန်းမတစ်ခုလုံးမှာ အံ့သြတုန်လှုပ်မှုများနှင့် ဆူညံသွားခဲ့ရပြီး မီးလျှံအမျိုးအစား ချီကျင့်စဉ်များကို ကျင့်ကြံလျက်ရှိနေသူများမှာ လိုချင်ရမ္မက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မီးလျှံအဆီအနှစ်များအား ငေးကြည့်နေခဲ့သည်။ ဤမျှအရည်အသွေးကောင်းသော မီးလျှံအဆီအနှစ်သည် ကျင့်ကြံခြင်းအတွက် များစွာသောအကျိုးကို ဖြစ်ထွန်းစေနိုင်၏။

ထို့နောက် စောင့်ကြည့်နေသူများမှာ ဇူယွမ်အား အံ့အားတကြီးဖြင့် ကြည့်မိလိုက်ကြသည်။ မည်သူကမှ တစ်ချိန်တည်းဖြင့် ထိုမျှအရည်အသွေးကောင်းသော မီးလျှံအဆီအနှစ်များကို မရရှိခဲ့ဘူးချေ။

ထို့အပြင် ဇူယွမ်ဖွင့်ဟခဲ့သော မီးလျှံကျောက်ဆယ်ခု၌ ပျက်စီးနေသော မီးလျှံအဆီအနှစ် တစ်ခုမျှပင် မပါဝင်ခဲ့သောကြောင့် ကံကောင်းခြင်းသက်သက် မဖြစ်နိုင်သည်မှာ ထင်ရှားလှသည်။

ထို့ကြောင့် ကံတရားကြောင့် မဖြစ်နိုင်သည့်အတွက် ဇူယွမ်မှာ မီးလျှံကျောက် လောင်းကစားနယ်ပယ်၌ စိတ်ကူး၍ပင် မရနိုင်အောင် ကျွမ်းကျင်သူဖြစ်ရမည်ဟု လူအုပ်ကြီးမှ ကောက်ချက်ချလိုက်ကြ၏။

“မဖြစ်နိုင်ဘူး”

တီတိုးဝေဖန်သံများ ပြည့်နှက်နေခဲ့သော ခန်းမထဲ၌ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စူးသွမ့်မှာ ဇူယွမ်ရှေ့တွင်ရှိနေသော မီးလျှံအဆီအနှစ်များအား ငေးကြည့်နေခဲ့ပြီးနောက် မျက်နှာအမူအရာ ရှုံ့မဲ့လာကာ ဒေါသထွက်နေဟန်ဖြင့် အော်ဟစ်လိုက်၏။ “မင်းသက်သက် ညစ်တာပဲ ဖြစ်ရမယ်။ မင်းရွေးလိုက်တဲ့ မီးလျှံကျောက်တိုင်းက အရည်အသွေးမြင့် မီးလျှံအဆီအနှစ်တွေ ပါဝင်နေတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”

စူးသွမ့်၏ ယုံကြည်ချက် အပြည့်ရှိနေသော ဟန်ပန်မှာ ယခုအချိန်၌ ပျောက်ကွယ်သွားရပြီ ဖြစ်သည်။

စူးသွမ့်၏ စွပ်စွဲမှုအား ဇူယွမ်မှ စိတ်ထိန်းထားဟန်ဖြင့် ပြည်လည်ပြောဆိုလိုက်၏။ “ဒီမီးလျှံကျောက်တွေက မင်းတို့ဖူကလန်ရဲ့ မီးလျှံကျောက်လောင်းကစားလုပ်ငန်း ဟာတွေပဲ မဟုတ်ဘူးလား။ မင်းတို့လုပ်ငန်းကနေ ကောင်းတဲ့အဆီအနှစ်တွေ ရရှိဖို့မဖြစ်နိုင်ဘူးလို့ မင်းကဆိုလိုချင်တာလား”

စူးသွမ့်မှာ အေးခဲသွားခဲ့ရသည်။ ဖူကလန်၏ ဂုဏ်သိက္ခာနှင့် စီးပွားရေးလုပ်ငန်းအား ထိခိုက်စေနိုင်သော မည်သည့်အရာကိုမှ စူးသွမ့်ကျူးလွန်ရန် မဝံ့ရဲပါချေ။

စူးသွမ့်အား အော်ဟစ်အားပေးနေခဲ့သော မဟူရာမီးတောက်စီရင်စုမှ သူများမှာလည်း ဇူယွမ်အား ကြောက်ရွံ့နေသော မျက်ဝန်းများဖြင့် ကြည့်နေမိကြ၏။

သူတို့အားလုံးမှာ ပထမ၌ ဇူယွမ်သည် မီးလျှံကျောက် လောင်းကစားပြုလုပ်ခြင်းအား တစ်ခါမှမမြင်ဖူးခဲ့သော တောသားငတုံးကောင်တစ်ဦးဟုသာ ယူဆထားခဲ့သည်။ သို့သော် ဇူယွမ်မှာ မီးလျှံကျောက် အလောင်းအစားပညာ၌ ဖူကလန်၏ ခေါင်းဆောင်ပင် ယှဉ်၍မရနိုင်သော အရည်အချင်းများ ရှိနေခဲ့၏။

ကျိုးချူးချင်ယု၏ တင်းတင်းဆုပ်ထားသော လက်များမှာလည်း ပြေလျော့သွားကာ သူမ၏တင့်တယ်လှပသော မျက်နှာလေးပေါ်၌ အပြုံးတစ်ပွင့် ဖူးပွင့်လာခဲ့သည်။ သူမယုံကြည်ပေးခဲ့သည့်အတိုင်းပင် ဇူယွမ်မှာ ထူးချွန်သူတစ်ဦး ဖြစ်၏။

သို့သော် ကျိုးချူးချင်ယုမှာ ဇူယွမ်နှင့် ယခင်ထဲမှ သိကျွမ်းလာသည့်အတွက် မီးလျှံကျောက်အလောင်းအစားနှင့် ဇူယွမ်ထိတွေ့ဖူးခြင်းမရှိကြောင်း အသေအချာ သိရှိနေခဲ့သည်။ ကြည့်ရသည်မှာ ဇူယွမ်သည် မည်သူမှမသိသော နည်းစနစ်တစ်ခုခုကို အသုံးပြုခဲ့ပုံ ရ၏။

“အဲဒီတော့ ပြိုင်ပွဲပြီးပြီလား” ဇူယွမ်မှ ပြုံးကာ မေးမြန်းလိုက်သည်။

စူးသွမ့်၏အမူအရာမှာ အလွန်ပင် ဒေါသထွက်နေဟန် ရှိ၏။ စူးသွမ့်မှာ ပထမ၌ ဇူယွမ်အား အရှက်ကွဲစေရန် ကြံသည်ထားခဲ့ပါသော်လည်း အဆုံး၌ မျက်နှာပျက်ရသူမှာ သူသာဖြစ်နေခဲ့ရသည်။

“မင်း...!” စူးသွမ့်၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေ၏။ သို့သော် ချက်ချင်းဆိုသလိုပင် စိတ်ကိုပြန်လည် ထိန်းချုပ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဇူယွမ်မှာ ကန်ရွှမ်းကလန်မှ တပည့်တစ်ဦးဖြစ်၏။ ထို့ကြောင့် ဇူယွမ်ရှုံးနိမ့်ခဲ့ပါလျှင် စူးသွမ့်မှ စိတ်ကြိုက်အရှက်ခွဲ၍ ရနိုငိပါသော်လည်း ယခုအချိန်၌ စူးသွမ့်မှ ဇူယွမ်အား ဆန့်ကျင်သော အပြုအမူမျိုး ပြုလုပ်ခဲ့မည်ဆိုပါက ကန်ရွှမ်းကလန်၏ ရွေးချယ်ခံစီနီယာတပည့်များမှ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

ဇူယွမ်မှာ စူးသွမ့်၏ သတ်ဖြတ်လိုသော မျက်ဝန်းများကို သတိပြုမိပါသော်လည်း အလေးပင်ထားပုံမရပဲ ခပ်ဖွဖွရီမောကာ စူးသွမ့်ဆီသို့ လျှောက်လှမ်းသွားပြီး ပခုံးအားပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

ထို့နောက် စူးသွမ့်၏ လက်ကောက်ဝတ်မှ အဆောင်အယောင်အား အသာအယာပင် ဖြုတ်ယူခဲ့၏။

“အဟဲ ... ကျေးဇူးပဲနော်” ဇူယွမ်မှ နွေးထွေးရင်းနှီးစွာပြုံး၍ ပြောလိုက်သည်။

စူးသွမ့်၏နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရပြီးနောက် အားယူ၍ ပြုံးကာ တုံ့ပြန်လိုက်၏။ “ညီတော်ဇူယွမ်က အရည်အချင်းတွေကို ကောင်းကောင်းဖုံးကွယ်ထားခဲ့တာပဲ”

ဇူယွမ်အား အဆောင်အယောင်အား ဆော့ကစားနေရင်း ရိမူချီများကို အာရုံခံကာ ပျော်ရွှင်နေခဲ့သည်။ ထို့နောက် နွေးထွေးစွာပြုံးကာ ပြန်၍ပြောလိုက်၏။ “တကယ်လို့ ခေါင်းဆောင်ငယ်မှာ ရတနာတွေ ရလာခဲ့ရင် ကျွန်တော်နဲ့ မီးလျှံကျောက် အလောင်းအစားလုပ်ဖို့ သတိရပေးပါဦး”

ဇူယွမ်၏စကားအား ကြားလိုက်ရသောအခါတွင် စူးသွမ့်မှာ သွေးအန်မတတ်ပင် ဖြစ်သွားရသည်။

ဇူယွမ်မှာ မီးလျှံကျောက်များဆီသို့ ပြန်လည်လျှောက်လှမ်းလာပြီးနောက် ကျေနပ်အားရဟန်ဖြင့်ပြုံးကာ စကားဆိုလိုက်၏။ “ပွဲမစခင်ထဲက ကျွန်တော်ရတဲ့ အဆီအနှစ်တွေကို လက်ဆောင်အဖြစ်ပေးမယ်ဆိုပြီး ပြောထားခဲ့တယ်နော်”

“ကျွန်တော်ကတော့ တကယ်ကို ကျေးဇူးတင်နေရတော့မှာပဲ။ အစ်ကိုတော်စူးသွမ့်ရဲ့ ကြင်နာမှုတွေအတွက်”

ဇူယွမ်မှာ လက်မထောင်ပြလိုက်ပြီးနောက် အင်္ကျီလက်မောင်းအိုးအား ဝှေ့ယမ်းကာ မီးလျှံအဆီအနှစ်များအားလုံးကို သိမ်းဆည်းလိုက်လေတော့သည်။ ဤအဆီအနှစ်များမှာ ဇူယွမ်၏ ကောင်းကင်နေနတ်ဘုရားမှတ်တမ်း ကျင့်ကြံခြင်းအတွက် လွန်စွာမှ အသုံးဝင်လှ၏။

ဇူယွမ်မှာ ကောင်းကင်နေနတ်ဘုရားမှတ်တမ်း၏ ကနဦးအဆင့်၌သာ ရှိနေသေးပြီး ဤအဆီအနှစ်များအား စုပ်ယူခြင်းဖြင့် မီးလျှံစွမ်းအင်အများအပြား တိုးပွားစေနိုင်ကာ တိုက်ပွဲ၌ ကြောက်မက်ဖွယ်ရာ ကောင်းလောက်သော စွမ်းရည်ကို ရရှိနိုင်ပေလိမ့်မည်။

ဇူယွမ်မှ အဆီအနှစ်များ သိမ်းဆည်းလိုက်သည်ကို မြင်ရသောအခါ၌ စူးသွမ့်မှာ နှလုံးသွေးပင်ကျမတတ် ခံစားလိုက်ရသည်။ ထိုမီးလျှံအဆီအနှစ်များ၏ တန်ဖိုးမှာ မူလသလင်းကျောက် ဆယ်သန်းကျော်ခန့်ပင် ရှိနိုင်ပြီး သေးငယ်သောပမာဏတစ်ခု မဟုတ်ချေ။

ရယူစရာရှိသည်များအားလုံးကို သိမ်းဆည်းပြီးသောအခါတွင် ဇူယွမ်မှာ မီးလျှံကျောက် အလောင်းအစား ပြုလုပ်ရာနေရာသို့ ကျေနပ်အားရစွာ ငေးမောလိုက်၏။ ဤနေရာ၌ မီးလျှံကျောက် သောင်းချီရှိနေပါသော်လည်း အရည်အသွေးကောင်းမွန်သော အဆီအနှစ်များအားလုံးကို ဇူယွမ်မှ ရယူထားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသော မီးလျှံကျောက်များမှာ အရည်အသွေး မပြည့်မှီသော အဆီအနှစ်များသာ ပါဝင်နေခြင်း ဖြစ်၏။

“ဒီမှာကျန်တဲ့ မီးလျှံကျောက်တွေက အရည်အသွေး သိပ်မကောင်းဘူး” ဇူယွမ်မှာ မီးလျှံကျောက်အလောင်းအစား ဆော့ကစားနေကြသော အခြားသူများကိုကြည့်ကာ ခပ်ဖွဖွရီမောလိုက်သည်။ ထို့နောက် အချိန်ဆွဲမနေတော့ပဲ ကျိုးချူးချင်ယု၏ လက်ကိုဆွဲကိုင်ကာ လူအုပ်ကြားထဲသို့ တိုးဝင်သွားတော့၏။

စူးသွမ့်မှ ထွက်ခွာသွားသော ဇူယွမ်၏ပုံရိပ်အား ဒေါသဖြစ်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။ ဇူယွမ်ပြောဆိုသွားသော စကားလုံးများမှာ သက်ညှာမှုကင်းမဲ့လွန်းလှ၏။ ဇူယွမ်မှ စနောက်ကာ ပြောဆိုသွားခြင်း ဖြစ်နိုင်ပါသော်လည်း ဇူယွမ်ပြသခဲ့သော မီးလျှံကျောက်နှင့်ပတ်သက်သည့် အရည်အချင်းများအရ မည်သူကမှ ဤနေရာ၌ ဆော့ကစားလိုတော့မည် မဟုတ်ပေ။

ကောင်းမွန်သော မီးလျှံကျောက်များမှာ ကုန်ဆုံးသွားခဲ့ပြီး အရည်အသွေးနိမ့်သော အဆီအနှစ်များသာ ကျန်ရှိသည့်အတွက် မည်သူကမှ အနိုင်မရှိနိုင်သော ကံတရားအား ဆက်လက်မစမ်းသပ်လိုကြချေ။

ထို့ကြောင့် ဤနေရာ၌ရှိနေသော သောင်းချီသည့် မီးလျှံကျောက်များမှာ အပိုသက်သက်သာ ဖြစ်သွားရကာ ဖူကလန်အတွက် မူလသလင်းကျောက် သန်းချီ၍ ဆုံးရှုံးသွားရခြင်း ဖြစ်သည်။

“ဇူယွမ်...!”

စူးသွမ့်၏ မျက်ဝန်းများမှာ ဒေါသများကြောင့် နီရဲလာခဲ့ရပြီး သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်လာခဲ့ရ၏။

...  ...  ...

ပထမထပ်ရှိ တွေ့ဆုံပွဲမှာ ဆူညံပွတ်လောရိုက်နေခဲ့သော်လည်း ဒုတိယထပ်၏ ပတ်ဝန်းကျင်မှာမူ ငြိမ်သက်နေလျက်သာ ရှိသည်။

“ဝိုး...! ချင်းချန် နင့်ရဲ့ဂျူနီယာမောင်တော်လေးက တကယ်အံ့သြဖို့ ကောင်းတာပဲ” ဖန်းရင်မှ အံ့အားသင့်ဟန်ဖြင့် ချီးကျူးလိုက်၏။ သူမ၏လှပဖူးငုံသော မျက်နှာလေးပေါ်တွင် ကျေနပ်အားရသော အရိပ်အယောင်များ ယှက်သန်းနေခဲ့သည်။

“နောက်တစ်ခါ ငါမီးလျှံကျောက် အလောင်းအစားလုပ်ခဲ့ရင် သူ့ဆီက နည်းလေးဘာလေး မေးရမယ်” ဖန်းရင်မှာ အပျော်အပါး၌ စိတ်အားထက်သန်သူဖြစ်သည့်အလျောက် မီးလျှံကျောက် အလောင်းအစားပြုလုပ်ခြင်းအား အတော်ပင် စိတ်ဝင်စားသူဖြစ်၏။

ဇူယွမ်တို့ပွဲ၏ ရလဒ်မှာ မျှော်မှန်းထားသည်ထက် များစွာကျော်လွန်နေခဲ့သောကြောင့် လီချင်းချန်သည်ပင် အံ့အားသင့်သွားခဲ့ရသည်။

ထို့နောက် လီချင်းချန်မှာ ကျောင်းဇူနှင့် ချင်းဟိုင်တို့အားကြည့်၍ စကားဆိုလိုက်၏။ “ဇူယွမ်ရဲ့ကိစ္စကို ငါတို့ဝင်ပါဖို့မလိုဘူးလို့ ပြောသားပဲ”

ကျောင်းဇူ၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရပြီး မည်သည့်စကားမှ ပြန်လည်မတုံ့ပြန်ခဲ့ချေ။ ကျောင်းဇူမှာလည်း ပွဲ၏ရလဒ်အား အမှန်တကယ် အံ့အားသင့်ခဲ့ရခြင်း ဖြစ်သည်။ ဇူယွမ်အား မီးလျှံကျောက် လောင်းကစားနယ်ပယ်၌ ဤမျှလောက် အရည်အချင်းရှိလိမ့်မည်ဟု မည်သူကမှ မမျှော်မှန်းထားခဲ့ပေ။

ဇူယွမ်အား မီးလျှံကျောက် အလောင်းအစား ပြုလုပ်ရန် စိန်ခေါ်ခြင်းသည် စူးသွမ့်၏ အကြံအစည်တစ်ခုဖြစ်သည်ဟုသာ ယူဆထားခဲ့ကြ၏။

“သွားရအောင်”

လီချင်းချန်မှာ ဝမ့်ချီတို့အား အေးစက်စက် ကြည့်လိုက်ပြီးနောက် တွေ့ဆုံပွဲမှ ထွက်ခွာလာခဲ့တော့သည်။

ကျောင်းဇူ၊ပိုင်လီ၊ ချင်းဟိုင်နှင့် အခြားသူများမှာ လီချင်းချန်နောက်မှ လိုက်ပါသွားခဲ့၏။

လီချင်းချန်တို့ ထွက်ခွာသွားပြီးနောက်တွင် ဖန်းရင်နှင့်  မြောက်ပိုင်းနဂါးပင်လယ်ခန်းမမှ အုပ်စုများမှာလည်း အသီးသီး ထွက်ခွာသွားခဲ့ကြသည်။

ဝမ့်ချီမှာ ပူပြင်းလှသော သတ္တုလုံးများကို ဆက်လက်ဆော့ကစားနေရင်းဖြင့် ဇူယွမ်ထွက်ခွာသွားသော နေရာအားကြည့်၍ ပြုံးကာရေရွတ်လိုက်၏။ “ကန်ရွှန်းကလန်က အဲ့ကောင်လေးက စိတ်ဝင်စားဖို့ ကောင်းတာပဲ”

သို့သော် ဝမ့်ချီ၏စိတ်ဝင်စားမှုမှာ ခေတ္တမျှသာ ကြာမြင့်ခဲ့လေသည်။ မူလစဦး စတုတ္ထအဆင့်သာရှိသော တပည့်တစ်ဦးအား ဝမ့်ချီမှ အာရုံစိုက်နေမည်မဟုတ်ပေ။ ဇူယွမ်မှာ မီးလျှံကျောက် အလောင်းအစား ပြုလုပ်ခြင်း၌ အရည်အချင်းရှိပါသော်လည်း ထိုသည်က ဇူယွမ်၏ တိုက်ပွဲစွမ်းရည်အား မဖော်ပြနိုင်ချေ။

ဝမ့်ချီမှာ လီချင်းချန်နှင့် အခြားသူများ ထိုင်ခဲ့ရာနေရာသို့ကြည့်ကာ ယန်ရွှမ်းအား ပြုံး၍ပြောလိုက်၏။ “ဒီတွေ့ဆုံပွဲကနေတဆင့် သူတို့ရဲ့စွမ်းရည်တွေကို ငါတို့သိခဲ့ရပြီ”

“ငါတို့ မြင့်မြတ်သောနန်းတော်ကလန်က မီးလျှံအဆီအနှစ်သွေးကြောရဲ့ ဗဟိုချက်နေရာကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားတယ်။ တကယ်လို့ ကန်ရွှမ်းကလန်ကလည်း အဲ့နေရာကို လိုချင်နေတယ်ဆိုရင် ငါတို့နဲ့ ယှဉ်ပြိုင်ရလိမ့်မယ်”

ဝမ့်ချီမှာ ပြုံးနေရင်းဖြင့် ယန်ရွှမ်းအား မေးမြန်းလိုက်သည်။ “မင်းရော ဘယ်လိုထင်လဲ”

ယန်ရွှမ်းမှာ ခပ်ဖွဖွရီမောကာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် လက်ဖျောက်တီးကာ စကားဆိုလိုက်သည်။

“ဒါက ပြဿနာမရှိပါဘူး။ လီချင်းချန်နဲ့ ကျောင်းဇူကလွဲရင် ကျန်တာက သုံးစားမရတဲ့ ဟာတွေချည်းပဲ”

ယန်ရွှမ်းမှာ ဇူယွမ်နှင့် ကျိုးချူးချင်ယု ထွက်ခွာသွားရာနေရာအား ကြည့်လိုက်ပြီးနောက် လျှို့ဝှက်စွာဖြင့်ပြုံးကာ ရေရွတ်လိုက်၏။

“ဇူယွမ်ကတော့ ... ”

“သူက ကျောက်တုံးတွေနဲ့ ကစားရတာ သိပ်ကြိုက်တယ်ဆိုမှတော့ မီးလျှံအဆီအနှစ်သွေးကြောတွေကို ရယူတဲ့အချိန်ကြရင် ပျော်စရာကောင်းအောင် ကျောက်တုံးတွေပေါ် ဒူးထောက်ထားခိုင်းရမှာပေါ့”

All Chapters