← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

62

ခရီးသည်၏ တဖွဖွတိုက်တွန်းမှုကို မြင်လိုက်ရသောအခါ သူအဘယ်ကြောင့် ဈေးနှုန်းသုံးဆပေးခဲ့သည်ကို ကျိုးဟောက်ယွီ နားလည်သွားသည်။ တစ်ပါးသူ၏ ပိုက်ဆံကို ယူထားပြီးဖြစ်ရာ အလုပ်ကို ကျေပွန်အောင် လုပ်ပေးရပေမည်။

ကျိုးဟောက်ယွီ အာရုံစိုက်လိုက်ကာ ကားကို မြွေတစ်ကောင်ကဲ့သို့ ကားများကြားထဲမှ တိုးဝှေ့မောင်းနှင်လိုက်ရာ သတ်မှတ်ထားသည့်အချိန်ထက် ဆယ်မိနစ်ကျော်စောပြီး လိုရာခရီးသို့ ရောက်ရှိသွားသည်။ ထိုအခါမှ ခရီးသည်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။

"အစ်ကို ရောက်ပါပြီ၊ ကျွန်တော့်ရဲ့ ဝန်ဆောင်မှုကို စိတ်ကျေနပ်တယ်ဆိုရင် ကြယ်ငါးပွင့် ပေးခဲ့ပါဦးနော်"

ကျိုးဟောက်ယွီ ပြုံးပြုံးလေး ပြောလိုက်သည်။

"သေချာပေါက် ပေးမှာပေါ့"

ခရီးသည်သည် သူ၏ဖုန်းကို ခဏနှိပ်နေပြီးမှ မော့ကြည့်ကာ ဆို၏။

"ကြည့်စမ်း ငါ့ဆီမှာ ပိုက်ဆံမလောက်ဘူး ဖြစ်နေတယ်၊ ငါနဲ့ လိုက်ခဲ့ပါလား၊ ငွေသားသွားထုတ်ပေးမယ်"

"ဟုတ်ကဲ့"

ကျိုးဟောက်ယွီ မော့ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်မှာ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းမှာ ရုပ်မြင်သံကြားထဲမှ လူမိုက်များ မကောင်းမှုလုပ်ရန် ချိန်းဆိုသည့် နေရာမျိုးနှင့် တူနေသည်။

ကျိုးဟောက်ယွီသည် တံတွေးတစ်ချက် မျိုချမိရင်း တွေးမိကာ ချွေးပြန်သွား၏။

‘ဒီလူ မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်နေတာတော့ မဟုတ်ပါဘူးနော်၊ အကယ်၍ ငါက အထဲလိုက်သွားလို့ သူတို့ အရောင်းအဝယ်ကို မြင်သွားရင် သက်သေဖျောက်ဖို့ ငါ့ကိုပါ သတ်လိုက်မလား’

အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်သောအခါ ကျိုးဟောက်ယွီသည် ရှေ့တွင် ထောင်ချောက်တစ်ခု ရှိနေနိုင်သည်ဟု ခံစားလိုက်ရသည်။

"အစ်ကို ပိုက်ဆံမရှိရင်လည်း နေပါတော့၊ ကျွန်တော် အခု စသွားစရာရှိလို့ ပိုက်ဆံမယူတော့ပါဘူး"

သူ ပြုံးပြီး ငြင်းလိုက်၏။

သူသည် ထိတ်လန့်ဟန် မပြသော်လည်း ခရီးသည်ကတော့ သူ့ကို အလွယ်တကူ လွှတ်ပေးမည့်ပုံ မပေါ်ပေ။

"လူငယ်လေး ငါ့ပုံစံက ရာဇဝတ်မှုတစ်ခုခု လုပ်မယ့် လူဆိုးပုံ ပေါက်နေလို့လား"

ခရီးသည်က ကျိုးဟောက်ယွီကို အတည်ကြီး စိုက်ကြည့်ကာ မေးသည်။

ယခုအချိန်တွင် ကျိုးဟောက်ယွီသည် သူ၏ စိတ်ထဲရှိ အမှန်တရားကို မပြောရဲပေ။ သို့သော် သေသေချာချာ ထပ်ကြည့်ပြန်တော့လည်း ဤခရီးသည်မှာ လူဆိုးနှင့်မတူဘဲ ချမ်းသာသော စီးပွားရေးသမားတစ်ဦးနှင့် ပိုတူနေသည်။ သို့သော်ငြားလည်း ‘သူတစ်ပါးကို ဒုက္ခပေးလိုစိတ် မရှိစေနှင့်၊ သူတစ်ပါး၏ ဒုက္ခပေးမှုကိုလည်း သတိထားပါ’ ဆိုသည့် စကားအတိုင်း ကျိုးဟောက်ယွီသည် ပြဿနာမတက်ချင်သဖြင့် အေးဆေးစွာပင် ဆို၏။

"အစ်ကို အထင်မလွဲပါနဲ့၊ ကျွန်တော် တကယ် အရေးကြီးကိစ္စရှိလို့ပါ၊ ဒီနေ့ ညီမလေး ကျောင်းစတက်ရမှာမို့ ကျောင်းကို အမြန်သွားရမှာမို့လို့ပါ"

"မင်း ပိုက်ဆံကြောင့် ဒီအော်ဒါကို လက်ခံခဲ့မှန်း ငါသိပါတယ်၊ ဒါကြောင့် မင်းကို ဒီအထိ ပို့ခိုင်းပြီးမှ ပိုက်ဆံမပေးရရင် ငါ စိတ်မကောင်းဖြစ်မိမှာပေါ့"

ခရီးသည် ရှေ့သို့ လက်ညှိုးညွှန်ပြကာ ဆိုသည်။

"ဒီနေရာက မကြာခင် ဖွံ့ဖြိုးရေးလုပ်တော့မယ်လို့ ကြားတယ်၊ ဒါကြောင့် ဒီစက်ရုံဟောင်းကို ဝယ်ပြီး လျော်ကြေးရမယ့်အချိန်ကို စောင့်မလို့ပါ"

ဤအကြောင်းပြချက်မှာ အလွန်ယုတ္တိရှိသဖြင့် ကျိုးဟောက်ယွီမှာ ယုံကြည်လိုက်ရသည်။ ယခုခေတ်တွင် လျော်ကြေးရမည့်သူများ၏ သားသမီးမှာ သူဌေးသားသမီးများထက်ပင် ပို၍ အရှိန်အဝါ ကြီးမားကြသည် မဟုတ်ပါလား။ ဤမျှကြီးမားသော စက်ရုံကြီးအတွက် လျော်ကြေးမည်မျှ ရမည်ကို ကျိုးဟောက်ယွီ မတွေးရဲအောင်ပင်။

ခရီးသည်က ပွင့်ပွင့်လင်းလင်း ပြောပြသဖြင့် ကျိုးဟောက်ယွီလည်း ဆက်လက်ငြင်းဆန်ရန် အားနာသွား၏။

"ကောင်းပါပြီ ဒါဆို ကျွန်တော် လိုက်ခဲ့ပါ့မယ်"

သူ ကားပေါ်မှ ဆင်းလိုက်၏။ သို့သော် သူ သတိမပေါ့ဘဲ ခရီးသည်၏ နောက်မှ အကွာအဝေးတစ်ခုခြားကာ လိုက်ပါသွားသည်။

စက်ရုံအနားသို့ ချဉ်းကပ်သွားချိန်တွင် အထဲမှ လူတစ်ယောက်က ဆီးကြိုနှုတ်ဆက်၏။

‘မစ္စတာဝူ ခင်ဗျား တကယ် တိကျတာပဲ"

ထိုအခါမှ ကျိုးဟောက်ယွီသည် ‘ငါ အထင်မှားသွားတာနေမှာပါ’ ဟု တွေးကာ သက်ပြင်းချနိုင်တော့၏။ ခရီးသည်မှာလည်း ပြုံးရွှင်စွာ ပြန်လည်နှုတ်ဆက်ကာ လက်ဆွဲနှုတ်ဆက်ကြသဖြင့် ကျိုးဟောက်ယွီ အနားတွင် ခဏစောင့်နေမိသည်။

"ဒါနဲ့ ဒီလူက"

ရုတ်တရက် ကျိုးဟောက်ယွီ၏ ကျောဘက်တွင် ဆူးခနဲ အပ်နှင့်ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ သူ့နောက်တွင် လူတစ်ယောက် ရပ်နေပြီး လက်ထဲတွင် ဆေးထိုးအပ်ကို ကိုင်ကာ ယုတ်မာစွာ ပြုံးနေသည်ကို တွေ့လိုက်ရ၏။

သူ့ကို တိုက်ခိုက်သူသာမက၊ ခရီးသည်နှင့် မျက်မှန်နက်တပ်ထားသော လူတို့၏ မျက်နှာတွင်ပါ ကြောက်မက်ဖွယ် အပြုံးများ ပေါ်ပေါက်လာသည်။

"မင်းတို့"

ကျိုးဟောက်ယွီသည် ခေါင်းများ လေးလံလာကာ သတိလစ်ချင်သလို ဖြစ်လာသည်။ အလွန်ပြင်းထန်သော အိပ်ငိုက်စိတ်က သူ့ကို လွှမ်းမိုးသွားရာ သူသည် ခေါင်းကိုခါယမ်းပြီးနောက် လဲကျသွားတော့သည်။ မျက်လုံးမပိတ်ခင် နောက်ဆုံးကြားလိုက်ရသည့် စကားမှာ ခရီးသည်က သူ၏အမည်ကို ခေါ်လိုက်ခြင်းပင်။

ကျိုးဟောက်ယွီ နိုးလာသောအခါ စက်ရုံဟောင်းကြီးထဲရှိ ကုလားထိုင်တစ်ခုတွင် ကြိုးဖြင့် တင်းကြပ်စွာ အချည်ခံထားရသည်ကို တွေ့လိုက်ရသည်။ သို့သော် ပတ်ဝန်းကျင်တွင် လူတစ်ယောက်မှ မရှိချေ။ သူသည် ငုံ့ကြည့်လိုက်သောအခါ ကြိုးဖြင့် အချည်ခံထားရမှန်း သိလိုက်ရသဖြင့် တစ်ယောက်တည်း ရေရွတ်ရင်း လှောင်ပြုံးပြုံးလိုက်၏။

"အဖွားလီရဲ့ မြေးစုတ်ပဲ၊ ငါက သံကြိုးတွေကိုတောင် ဖြတ်နိုင်တာ၊ ဒီလို ကြိုးနဲ့ ချည်ထားတာက ငါ့ကို အထင်သေးလွန်းရာ ရောက်တယ်"

ထို့နောက် ကျိုးဟောက်ယွီ အသက်ကိုအောင့်ကာ အားကုန်သုံး၍ ကြိုးကို ရုန်းလိုက်သည်။ သို့သော် အချည်ခံထားရသော ကြိုးမှာ ပြေလျော့မသွားသည့်အပြင် သူ့ကိုယ်သူလည်း အားအင်ကုန်ခမ်းကာ ခေါင်းမူးလာသလို ခံစားလိုက်ရသည်။

"ငါ့ကို ဆေးခတ်ထားတာလား"

ကျိုးဟောက်ယွီ၏ မျက်နှာမှာ ထိတ်လန့်မှုများ ဖုံးလွှမ်းသွားကာ ရင်ထဲတွင် ကြောက်စိတ်များ စတင်ပေါ်ပေါက်လာ၏။

ဤကိစ္စမှာ အလွန်ထူးဆန်းနေသည်။ ကျိုးဟောက်ယွီ စိတ်ကိုအေးအေးထားကာ ပြန်စဉ်းစားကြည့်သည်။ သတိမလစ်ခင် ခရီးသည်က သူ၏အမည်ကို ခေါ်လိုက်ခြင်းမှာ ဤသည်မှာ ကြိုတင်စီစဉ်ထားသော ထောင်ချောက်ဖြစ်ပြီး ထိုခရီးသည်က သူ့ကို ရည်ရွယ်ချက်ရှိရှိ ဤနေရာသို့ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။

သို့သော် ထိုလူများမှာ မည်သူနည်း၊ သူ့ကို ဖမ်းဆီးရသည့် ရည်ရွယ်ချက်က အဘယ်နည်း၊ ကျိုးဟောက်ယွီ စက်ရုံအတွင်းကို သေသေချာချာ ကြည့်လိုက်သည်။ စက်ရုံကြီးမှာ ဟောင်းနွမ်းနေပြီး သံချေးတက်နေသော စက်ကြီးများပေါ်တွင် ပင့်ကူအိမ်များ ဖုံးလွှမ်းနေ၏။

ရုတ်တရက် ကျိုးဟောက်ယွီ၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာကာ မျက်နှာမှာ ပို၍ ဖြူဖျော့သွားသည်။ ဤစက်ရုံမှာ မြို့နောက်ပိုင်းတွင် ရှိနေခြင်းကို သူ သတိရသွားခြင်း ဖြစ်သည်။

"လုဟန်က ငါ မသေသေးမှန်း သိသွားလို့ ငါ့ကို ထပ်ဖမ်းခိုင်းတာလား"

ကျိုးဟောက်ယွီ၏ မျက်ဝန်းများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။ လုဟန်နှင့် သူ၏ကြားမှ ရန်ငြိုးမှာ မည်မျှကြီးမားသည်ကို သူ အသိဆုံးပင်။ အကယ်၍ လုဟန်၏လက်ထဲသို့ တကယ်ရောက်သွားပါက သူ အပိုင်းပိုင်း အတစ်တစ် အလုပ်ခံရပေလိမ့်မည်။

ကျိုးဟောက်ယွီ ဤအတိုင်း ငုတ်တုတ်ထိုင်ပြီး အသေမခံနိုင်သဖြင့် ထပ်မံရုန်းကန်ကြည့်သော်လည်း ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ဆွဲထုတ်ခံထားရသကဲ့သို့ မည်သည့်အားမှ မရှိတော့ချေ။ ထို့ပြင် သူ ရုန်းလေလေ၊ ခေါင်းက ပိုမူးလာလေ ဖြစ်ကာ မျက်ခွံများမှာလည်း လေးလံလာပြီး အိပ်ပျော်တော့မလို ခံစားနေရ၏။

"အဖွားလီရဲ့ မြေးစုတ်ပဲ၊ ငါ့ကို ထူးခြားတဲ့ ဓာတုဆေးတွေ ပေးထားတာလား"

သူ ရေရွတ်ရင်း ထပ်မံ အားမစိုက်ရဲတော့ပေ။ မည်သို့ပင်ဖြစ်စေ ဤအတိုင်း ငုတ်တုတ်ထိုင်နေလို့တော့ မရချေ။ သေရမည်ဆိုလျှင်ပင် အဘယ်ကြောင့် သေရသည်ကို သိပြီးမှ သေချင်သည်။ မဟုတ်လျှင်တော့ မကျွတ်မလွတ်သော တစ္ဆေတစ်ကောင် ဖြစ်သွားပေလိမ့်မည်။

"ဘယ်သူရှိလဲ ထွက်လာခဲ့စမ်း"

ကျိုးဟောက်ယွီ အားကုန်ဟစ်အော်လိုက်သည်။

ခဏအကြာတွင် လူတစ်ယောက် ထွက်လာ၏။

"ဘာတွေ အော်နေတာလဲ၊ သေချင်လို့လား"

ထိုလူမှာ ပိန်ပိန်ပါးပါးနှင့် မျောက်ပုံစံ ပေါက်နေပြီး လက်ထဲတွင် သစ်သားတုတ်တစ်ချောင်းကို ကိုင်ထားသည်။ သူ၏နောက်တွင်တော့ တောင်ကြီးတစ်လုံးကဲ့သို့ အလွန်အရပ်ရှည်သော လူတစ်ယောက် ပါလာ၏။ ထိုသူနှစ်ယောက်မှာ ကျိုးဟောက်ယွီကို စောင့်ကြပ်ရန် တာဝန်ပေးထားသော အာ့တာ နှင့် အာ့အာ တို့ပင် ဖြစ်သည်။

"မင်းတို့က ဘယ်သူတွေလဲ၊ ငါ့ကို ဘာလုပ်ချင်လို့လဲ"

ကျိုးဟောက်ယွီ အံကြိတ်ကာ မေးလိုက်၏။

အာ့တာမီ မောက်မာသော လေသံဖြင့် ဆိုသည်။

"မင်းက ဘာမို့လို့ ဒါတွေကို သိချင်နေရတာလဲ၊ ငြိမ်ငြိမ်လေး နေစမ်း"

"အာ့တာ အဲဒီလို မပြောပါနဲ့၊ ငါတို့က လူစောင့်ကြည့်ရုံပဲလေ၊ ဒီလောက်အထိ ကြမ်းတမ်းဖို့ မလိုပါဘူး"

အာ့အာက အေးဆေးစွာ ဆို၏။

သူတို့၏ အမည်များကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ၏ မျက်လုံးများမှာ တောက်ပသွား၏။ သူ တွေးလိုက်မိတော့သည်။

‘ဒီလူပိန်လေးက အာ့တာဆိုရင်၊ ဟို တောင်ကြီးလို လူက အာ့အာဖြစ်ရမယ်’

All Chapters