အခန်း ၆၃
Vol. 7 Ch. 63
63
"အာ့အာ မင်းကို ငါဘယ်နှစ်ခါပြောရမလဲ၊ ငါတို့က အခု လူဆိုးတွေဖြစ်နေပြီကွ၊ တခြားသူအပေါ် သနားညှာတာစိတ် ထားလို့မရဘူး၊ မင်းက ကြမ်းတမ်းရက်စက်မှ လူတွေက မင်းကို ကြောက်မှာ"
အာ့တာ အာ့အာကို တည်တည်တံ့တံ့နှင့် ဆုံးမနေတော့သည်။
ထိုစကားကြောင့် ကျိုးဟောက်ယွီမှာ မှင်တက်သွားရပြီး ရေရွတ်မိ၏။
"မင်းရဲ့ အရွယ်အစားနဲ့ကတော့ ကြမ်းပြနေလည်း ဘယ်သူမှ ကြောက်မှာမဟုတ်ဘူး၊ ဟုတ်ပြီလား"
"မင်း ဘာတွေ တစ်ယောက်တည်း ပွစိပွစိ လုပ်နေတာလဲ၊ သတ္တိရှိရင် အကျယ်ကြီး ပြောစမ်းပါ"
အာ့တာ ကျိုးဟောက်ယွီကို အော်ဟစ်လိုက်သည်။
ပို၍ အမြော်အမြင်ရှိသော အာ့အာက အာ့တာ၏ ပုခုံးကို ပုတ်ကာ ဆို၏။
"ပြန်ရအောင်ကွာ၊ သူ ထွက်မပြေးနိုင်အောင် စောင့်ကြည့်ရုံပါပဲ၊ သူ့ကို စိတ်ဆိုးနေရတာနဲ့ မတန်ပါဘူး"
အ့ာတာ ကျိုးဟောက်ယွီကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် စက်ကြီးများရှိရာသို့ လျှောက်သွားသည်။
"အရပ်ကသာ ပုတာ၊ ဒေါသကတော့ အတော်ကြီးတာပဲ"
ကျိုးဟောက်ယွီ အာ့အာ လျှောက်သွားသည်မှာ အတော်လေး နှေးကွေးနေသည်ကို သတိထားမိသဖြင့် လှမ်းမေးလိုက်၏။
"ဟေ့ ရှေ့က လူကြီးမင်း၊ ငါ့ကို ဘယ်သူက ပြန်ပေးဆွဲခိုင်းတာလဲဆိုတာ ပြောပြလို့ရမလား"
အာ့အာ လှည့်ကြည့်လာပြီး မျက်နှာသေဖြင့် ပြောသည်။
"ငါ ပြောပြီးပြီလေ၊ ငါတို့က လူစောင့်ကြည့်ဖို့ပဲ တာဝန်ရှိတာ၊ တခြားဟာတွေကို သိပိုင်ခွင့်မရှိဘူး၊ ဒါပေမဲ့ မင်း ငြိမ်ငြိမ်လေး နေတာ အကောင်းဆုံးပဲ၊ ထွက်ပြေးဖို့လည်း စိတ်မကူးနဲ့၊ ဘယ်လိုမှ လွတ်မှာမဟုတ်လို့"
သူ၏မျက်ဝန်းများမှာ နက်ရှိုင်းလှပြီး ရိုးအေးသော ရုပ်ရည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်ကို ကျိုးဟောက်ယွီ သတိပြုမိသွားသည်။ ထိုသူ၏ အနက်အဓိပ္ပာယ်ကို ခန့်မှန်းရခက်၏။
‘ဒီလူရဲ့ ခွန်အားကတော့ တကယ်ကို အထင်သေးလို့ မရဘူးပဲ’
ကျိုးဟောက်ယွီ ပထမဆုံး တွေးလိုက်မိသည်။ အာ့အာ စကားပြောပြီးနောက် စက်ကြီးများရှိရာသို့ ပြန်သွားသည်။ ထို့နောက်တွင်တော့ မြေပဲခွံနွှာသံများနှင့် ဘီယာပုလင်းချင်း တိုက်သံများ ထွက်ပေါ်လာတော့သည်။
အာ့တာနှင့် အာ့အာတို့အပြင် အခြားလူ မရှိတော့မှန်း ကျိုးဟောက်ယွီ သိလိုက်ရသည်။ ခုနက ခရီးသည်၊ မျက်မှန်နက်နှင့်လူနှင့် သူ့ကို ဆေးထိုးခဲ့သူတို့မှာ မရှိတော့ချေ။ အာ့တာမှာ စိတ်ဆတ်ပြီး အာ့အာကလည်း မည်သည်ကိုမှ ထပ်မပြောချင်သဖြင့် ကျိုးဟောက်ယွီမှာ မည်သည့်သတင်းအချက်အလက်မှ စုံစမ်း၍ မရတော့ပေ။
သို့သော် သူ မည်သို့ထွက်ပြေးရမည်ကိုသာ ဆက်လက် စဉ်းစားနေသည်။ သူ၏ မျက်လုံးများက ကြိုးဖြတ်ရန် ထက်မြက်သော အရာတစ်ခုခုကို ပတ်ဝန်းကျင်တွင် ရှာဖွေနေမိသည်။ သို့သော် မည်သည့်အရာမှမရှိဘဲ သူ စက်ရုံဟောင်းကြီးထဲတွင်သာ အချည်ခံထားရ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ကျိုးဟောက်ယွီ ပို၍ ပူပန်လာသည်။ လီယုဝမ်နှင့် ကျောင်းအဝင်ဝတွင် ချိန်းထားသော်လည်း သူ သတိလစ်နေသည်မှာ မည်မျှကြာသွားပြီနှင့် ယခု မည်သည့်အချိန်ရှိပြီကို သူ မသိချေ။
အလျှော့မပေးလိုသဖြင့် ထပ်မံရုန်းကန်ကြည့်သော်လည်း ကြိုးများမှာ အလွန်တင်းကြပ်နေသဖြင့် လှုပ်ရှား၍ပင် မရချေ။ ထို့ပြင် အားကုန်သုံးရန်လည်း သူ မဝံ့ရဲပေ။ အကယ်၍ သူ ထပ်ပြီး သတိလစ်သွားပါက ထိုလူများက သူ့ကို မည်သို့လုပ်မည်နည်း။
"ဘယ်လိုဖြစ်လို့ ဒီလောက်တောင် တင်းနေရတာလဲ"
သူ အံကြိတ်ကာ ဒေါသထွက်နေမိသည်။ ယခုအချိန်တွင် သူသည် မလှုပ်နိုင်သကဲ့သို့ ဖုန်းဖြင့် အချိန်ကြည့်ရန်လည်း မဖြစ်နိုင်ပေ။ နောက်ဆုံးတွင်မှ သူ၏ဖုန်းမှာ အသိမ်းခံလိုက်ရမှန်း သိလိုက်ရသည်။
"ဟေ့ အစ်ကိုကြီးတို့၊ အခု ဘယ်နှစ်နာရီရှိပြီလဲဆိုတာ ပြောပြပေးပါဦး"
ကျိုးဟောက်ယွီ ထပ်မံ အော်ဟစ်လိုက်၏။
"တောက် မင်းက ဘာလို့ ဒီလောက် စိတ်ရှုပ်ဖို့ ကောင်းနေရတာလဲ"
အာ့တာ၏ အသံကြီး ထွက်ပေါ်လာပြီး လက်ထဲတွင် တုတ်တစ်ချောင်းကိုင်ကာ ထွက်လာ၏။ သို့သော် သူ၏မျက်နှာ ပေါ်လာသည်နှင့် အာ့အာ သူ့ကို နောက်သို့ ပြန်ဆွဲသွားသည်။
"ညနေ လေးနာရီရှိပြီ"
အာ့အာ လှည့်မကြည့်ဘဲ ဖြေလိုက်၏။
ဤမျှ နောက်ကျနေပြီမှန်း သိလိုက်ရသောအခါ ကျိုးဟောက်ယွီ ဂနာမငြိမ် ဖြစ်သွားရသည်။
"သွားပြီ ယုဝမ်တော့ စိတ်ပူပြီး ရူးတော့မှာပဲ"
လီယုဝမ် သူ့ကို အသည်းအသန် ရှာဖွေနေမည့်ပုံကို မြင်ယောင်ရင်း သူ မျက်မှောင်ကြုတ်မိသည်။ လီယုဝမ်သာမက ဆွန်းချန်လည်း သူ့ကို ဆက်သွယ်မရသဖြင့် အလွန်ပူပန်နေပေလိမ့်မည်။
ကျိုးဟောက်ယွီ အံကြိတ်ကာ ကျိန်ဆဲနေ၏။
‘လုဟန် အဲဒီကောင်နဲ့သာ ထပ်တွေ့လို့ကတော့ သူ့အမေတောင် မှတ်မိမှာမဟုတ်တဲ့အထိ ငါ ဆွဲထိုးပစ်မယ်’
သို့သော် လောလောဆယ်တွင် ထွက်ပြေးရန် နည်းလမ်းမရှိသဖြင့် သူ၏ မကျေနပ်ချက်များကိုသာ မြိုသိပ်ထားရတော့သည်။
အချိန်များ တစက္ကန့်ချင်း ကုန်ဆုံးသွားရာ မသိလိုက်ဘဲ မှောင်သွားတော့၏။
‘ကျွီ’
စက်ရုံ၏ သံတံခါးကြီး ပွင့်လာကာ လူအချို့ ဝင်လာသည်။ မျက်မှန်နက်နှင့်လူကို ကျိုးဟောက်ယွီ ချက်ချင်း မှတ်မိလိုက်၏။ အာ့တာနှင့် အာ့အာတို့သည်လည်း ထိုသူ၏နောက်မှ လိုက်ပါလာသည်။
"သူ့ကို ကျွေးလိုက်ဦး"
မျက်မှန်နက်နှင့်လူက ဘေးကလူတစ်ယောက်ကို အမိန့်ပေးရင်း မျက်မှန်ကို ချွတ်လိုက်သည်။ ထိုအခါမှ သူ၏ မျက်လုံးထောင့်တွင် အမာရွတ်တစ်ခု ရှိနေသည်ကို ကျိုးဟောက်ယွီ တွေ့လိုက်ရ၏။ ထို့ကြောင့်ပင် သူသည် အမြဲတမ်း မျက်မှန်တပ်ထားခြင်း ဖြစ်ပေလိမ့်မည်။ ဤမျက်မှန်နက်နှင့်လူမှာ ကျိုးဟောက်ယွီကို ဖမ်းဆီးသည့်ကိစ္စ၏ အဓိက လက်သည်ဖြစ်ပြီး အပြင်ဘက်တွင် မျက်နှာအမာရွတ်နှင့်လူဟု လူသိများသူ ဖြစ်၏။
ကျိုးဟောက်ယွီမှာ ထမင်းစားချင်စိတ် မရှိတော့ပေ။ သူ မျက်နှာအမာရွတ်နှင့်လူကို စိုက်ကြည့်ရင်း ဟောက်လိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ၊ ငါ့ကို ဖမ်းထားတဲ့ ရည်ရွယ်ချက်က ဘာလဲ"
"ငါတို့က ပိုက်ဆံရဖို့ပဲ လုပ်တာပါ၊ တခြားဟာတွေ ငါတို့ ဂရုမစိုက်ဘူး"
မျက်နှာအမာရွတ်နှင့်လူမှာ ယုတ်မာသော အပြုံးဖြင့် ပြန်ဖြေ၏။
ထိုစကားကို ကြားသောအခါ ကျိုးဟောက်ယွီ ချက်ချင်းပင် လုဟန်ကို ပြေးမြင်မိသည်။
"မင်းကို လုဟန်က ခိုင်းတာလား"
ကျိုးဟောက်ယွီ၏ မျက်ဝန်းများမှာ အေးစက်သွားကာ မျက်နှာအမာရွတ်နှင့်လူကို စူးစိုက်ကြည့်နေ၏။
မျက်နှာအမာရွတ်နှင့်လူ၏ မျက်ခုံးများ ရုတ်တရက် တွန့်သွားကာ လှည့်မေးသည်။
"လုဟန်ဆိုတာ ဘယ်သူလဲ မင်းတို့ သိလား"
သူ့နောက်မှ လူများကလည်း တစ်ပြိုင်နက်တည်း ခေါင်းခါပြကြ၏။
ဤတုံ့ပြန်မှုကြောင့် ကျိုးဟောက်ယွီ ဇဝေဇဝါ ဖြစ်သွားရသည်။
‘သူတို့က လုဟန်ရဲ့ လူတွေ မဟုတ်ဘူးဆိုရင် ဘယ်သူ ခိုင်းတာလဲ’
ဤမြို့တွင် သူ့ကို သေစေချင်သူမှာ လုဟန်အပြင် တခြားမည်သူမှ မရှိနိုင်ချေ။
‘နေဦး’
ကျိုးဟောက်ယွီ၏ မျက်နှာမှာ တင်းမာသွားပြီး အခြားအရာတစ်ခုကို သတိရသွားသည် သူ့ကျောက်ကပ်ကို ခိုးယူရန် ကြိုးစားခဲ့သည့် ထူးဆန်းသော အဖွဲ့အစည်းပင်။
"မင်းတို့က ငါ့ကျောက်ကပ်ကို လာခိုးတဲ့လူတွေလား"
ကျိုးဟောက်ယွီ၏ မျက်နှာမှာ ပို၍ မှောင်မှောင်သွားကာ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ဖျတ်ခနဲ ပေါ်လာ၏။
ထိုစကားကို ကြားသောအခါ မျက်နှာအမာရွတ်နှင့်လူ၏ ပုံစံမှာ ထူးဆန်းသွားပြီး ရယ်ချင်သလို၊ သနားသလို ဖြစ်သွားဟန်တူသည်။
"လူငယ်လေး မင်း ဒီလောက်အထိ ကြုံခဲ့ရလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ မင်းရဲ့ ကံကြမ္မာက တကယ်ကို ကြမ်းတမ်းတာပဲ"
မျက်နှာအမာရွတ်နှင့်လူမှ ကျိုးဟောက်ယွီ၏ပခုံးကို လှောင်ပြုံးဖြင့် ပုတ်လိုက်၏။
"ငါ့ကို မထိနဲ့"
ကျိုးဟောက်ယွီ ဟောက်လိုက်သည်။ မျက်နှာအမာရွတ်နှင့်လူက ပြုံးစိစိဖြင့် လက်နှစ်ဖက်ကို မြှောက်ပြကာ ကြောက်ပြသကဲ့သို့ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
"တောက် မင်းက ငါ့အစ်ကိုကြီးကို ဒီလို လာအော်ရဲတယ်ပေါ့"
လူတစ်ယောက်က ကျိုးဟောက်ယွီကို သင်ခန်းစာပေးရန် အင်္ကျီလက်ကို လိပ်ကာ ရှေ့သို့ တက်လာ၏။
"သူ့ကို လက်ဖျားနဲ့တောင် မထိနဲ့၊ အထက်လူကြီးက သူ့ခန္ဓာကိုယ်ကို ထိခိုက်မှုမရှိစေရဘူးလို့ အမိန့်ပေးထားတယ်"
မျက်နှာအမာရွတ်နှင့်လူမှ တိုက်ခိုက်တော့မည့် ထိုလူကို လက်မြှောက်ကာ တားလိုက်သည်။
ထိုစကားကို ကြားရသောအခါ ကျိုးဟောက်ယွီ သက်ပြင်းချနိုင်သွား၏။
‘အထက်လူကြီးက ဒီလို အမိန့်ပေးထားတယ်ဆိုရင် သူတို့ ငါ့ကို ဒုက္ခပေးမှာ မဟုတ်ဘူးပဲ’
သူ တွေးမိသည်။
ဤသည်မှာ သူ့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ပင်။ အရိုက်မခံရဘူးဆိုလျှင် သူ မည်သည်ကို ကြောက်နေရတော့မည်နည်း။
"မင်းတို့ရဲ့ အထက်လူကြီးက ဘယ်သူလဲဆိုတာ ပြောစမ်း"
ကျိုးဟောက်ယွီ ဆဲဆိုလိုက်၏။
သူ ဆဲဆိုနေသော်လည်း မျက်နှာအမာရွတ်နှင့်လူက ရယ်မောကာ ဆိုသည်။
"အထက်လူကြီးက ဘယ်သူလဲဆိုတာ ငါ မင်းကို ပြောလို့မရဘူး၊ သူတို့က မင်းရဲ့ ကျောက်ကပ်ကို ယူမှာလား၊ ဒါမှမဟုတ် တခြားဟာကို ယူမှာလားဆိုတာလည်း ငါ မသိဘူး"
ယခုအခါ ကျိုးဟောက်ယွီသည် ဤလူများမှာ လုဟန်က စေလွှတ်လိုက်သူများ မဟုတ်ကြောင်း သေချာသွားပြီဖြစ်သည်။ အကယ်၍ လုဟန်သာ ဆိုလျှင် သူ့ကို အပိုင်းပိုင်း အတစ်တစ် လုပ်ပစ်မည်မှာ သေချာ၏။ မည်သို့လျှင် ခန္ဓာကိုယ်ကို မထိခိုက်စေရဟု အာမခံနိုင်ပါမည်နည်း။ ထို့ကြောင့် ဤလူများသည် ကျန်းမာရေးဌာနမှ ဆရာဝန်အတုနှင့် တစ်ပေါင်းတည်း ဖြစ်မည်မှာ သေချာ၏။
သူတို့က အဘယ်ကြောင့် သူ့ကျောက်ကပ်ကို လိုချင်နေရသနည်း။ ကျိုးဟောက်ယွီ လုံးဝ ဇဝေဇဝါ ဖြစ်နေရသည်။ သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် ‘နတ်ဘုရားများ’ နှင့် ဆုံတွေ့ပြီးကတည်းက သူ၏ဘဝမှာ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ သိမ်မွေ့စွာ ပြောင်းလဲလာခဲ့ပုံရသည်။ ဥပမာအားဖြင့် သူ့ကျောက်ကပ်ကို လိုချင်နေသော ဤလျှို့ဝှက်ဆန်းပြားသည့် အဖွဲ့အစည်း သူသည် ထိုသူများနှင့် မည်သည့်အချိန်တွင် ပတ်သက်မိသွားသနည်းဆိုသည်ကို သူ ယခုထိ စဉ်းစား၍ မရသေးပေ။