အခန်း ၆၅
Vol. 7 Ch. 65
65
ကြိုးများကို ဖြတ်တောက်ရန် အကြိမ်ကြိမ် ကြိုးစားပြီးနောက် ကျိုးဟောက်ယွီ လက်လျှော့လိုက်ရသည်။ ယခုအချိန်တွင် စိတ်လိုက်မာန်ပါ မလုပ်မိရန် သူ၏ အေးစက်သော ဆင်ခြင်တုံတရားက သတိပေးနေ၏။
"အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက် ရှိပါသေးတယ်" ဟူသော အတွေးတစ်ခုသာ ကျိုးဟောက်ယွီ၏ စိတ်ထဲတွင် ကျန်ရှိတော့သည်။
စက်ရုံထဲတွင် ထိုအေးစက်စက် လူက စကားတစ်ခွန်းမှ မဆိုဘဲ ကျိုးဟောက်ယွီကို ကုလားထိုင်၌သာ ပြန်လည် ချည်နှောင်ထားသည်။ ထိုစဉ် ဗလတောင့်တောင့် လူကြီးက ဆေးထိုးအပ်ကို ကိုင်ကာ ချဉ်းကပ်လာပြန်၏။ ဆေးရှိန်ကပင် မပြယ်သေးရာ နောက်ထပ်တစ်လုံးသာ ထပ်အထိုးခံရပါက မည်သည့်အချိန်မှ ပြန်နိုးလာမည်ကို ကျိုးဟောက်ယွီ မတွေးရဲတော့ပေ။
"အစ်မကြီး ကျွန်တော်က တကယ် လိမ္မာနေတာပဲဟာ၊ ဒါတွေ ထပ်မလိုတော့ပါဘူးနော်"
ကျိုးဟောက်ယွီက ပြုံးစိစိဖြင့် ပြောလိုက်၏။
"နည်းနည်းလေးပဲ နာမှာပါ၊ အောင့်ထားနော် ပြီးရင် မင်းကို သကြားလုံး ဝယ်ကျွေးမယ်"
ထိုလူကြီးက ကလေးတစ်ယောက်ကို ချော့နေသကဲ့သို့ ကျိုးဟောက်ယွီကို နှုတ်ခမ်းလေးဆူကာ ပြောလေသည်။
ကျိုးဟောက်ယွီ ချက်ချင်းပင် ဒေါသထွက်သွားကာ စိတ်ထဲမှ ကျိန်ဆဲနေမိ၏။
‘ငါ့နှယ် သေလိုက်စမ်းပါ၊ မင်းသကြားလုံးလည်း ငါမလိုချင်ဘူး’
"အစ်မကြီး"
ကျိုးဟောက်ယွီ စကားပင် မဆုံးသေးခင် လက်မောင်းတွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ခေါင်းထဲ မူးဝေလာကာ ချက်ချင်းပင် သတိလစ်သွားတော့သည်။
နောက်တစ်ကြိမ် ပြန်နိုးလာသောအခါ အပြင်ဘက်တွင် နေရောင်ခြည်က စူးရှနေသည်ကို တွေ့လိုက်ရသဖြင့် ကျိန်ဆဲလိုက်မိ၏။
"တောက် မနက်တောင် ရောက်နေပြီလား"
အနားရှိ အာ့တာက သူနိုးလာသည်ကို မြင်သောအခါ အာ့အာကို လှမ်းပြောသည်။
"ဟေ့ သူနိုးပြီ၊ သွားကျွေးလိုက်ဦး"
အာ့အာက ထမင်းဘူးကိုင်ကာ ရောက်လာ၏။ ကျိုးဟောက်ယွီသည် မနေ့ကထက်ပင် ပို၍ အားနည်းနေသကဲ့သို့ ခံစားရပြီး တစ်ကိုယ်လုံး နုံးချည့်ကာ မည်သည့်အင်အားမှ မရှိတော့ချေ။
"အဲ အစ်ကိုကြီး၊ ကျွန်တော့်ကို ရေလေး အရင်တိုက်ပါဦး"
သူ အားနည်းသော လေသံဖြင့် ဆိုသည်။ အာ့အာက မည်သည်ကိုမှပြန်မပြောဘဲ ကျိုးဟောက်ယွီကို ရေတိုက်ပြီးနောက် ထမင်းကျွေးသည်။ ယနေ့တွင် ကျိုးဟောက်ယွီမှာ လက်ကို လွှတ်ပေးရန် တောင်းဆိုဖို့ပင် အင်အားမရှိတော့ဘဲ ထမင်းကို တစ်ဝက်ခန့်သာ စားနိုင်တော့၏။
သူ တကယ်ကို ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ခဏမျှ အားတင်းပြီး မျက်လုံးဖွင့်ထားသော်လည်း နောက်ဆုံးတွင် အိပ်ငိုက်စိတ်ကို မအောင့်နိုင်တော့ဘဲ ပြန်လည် မှိန်းသွားရပြန်သည်။ ညနေပိုင်းတွင် ပြန်နိုးလာသောအခါ ခွန်အားအချို့ ပြန်ရလာသော်လည်း လုံလောက်သော အခြေအနေ မဟုတ်သေးပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ပတ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့၏။ ဤရက်များအတွင်း ကျိုးဟောက်ယွီသည် ထွက်ပြေးရန် နည်းလမ်းမျိုးစုံကို စဉ်းစားနေခဲ့သည်။ သို့သော် အစာစားပြီးတိုင်း ဆေးအထိုးခံရမြဲ ဖြစ်သည်။ (နေ့ဘက်တွင်တော့ ဆေးပမာဏ လျော့နည်းသော်လည်းပေါ့)
သူ ရက်များကို လက်ချိုးရေတွက်နေမိရာ ယနေ့သည် နောက်ဆုံးရက်ဖြစ်မှန်း သူသိသည်။ အကယ်၍ ယနေ့မှ မလွတ်မြောက်ပါက လီယုဝမ်၏ မိခင်မှာ သေဘေးမှ လွတ်နိုင်တော့မည် မဟုတ်ချေ။
ဆေးအကြိမ်ကြိမ် အထိုးခံရမှုကြောင့် ကျိုးဟောက်ယွီ၏ ခန္ဓာကိုယ်မှာ ဆေးယဉ်ပါးမှု အချို့ရှိလာပုံရသည်။ သို့မဟုတ်လျှင်လည်း တစ်ခုခုကို အသည်းအသန် စိုးရိမ်နေရသဖြင့် မနေ့ညကတည်းက သူ နိုးနေခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် ထိုအချိန်က သူ အလွန်အားနည်းနေသေးသဖြင့် အိပ်ချင်ယောင်ဆောင်နေခဲ့ရ၏။
သူ့ကို စောင့်ကြပ်နေသော ဂေးစုံတွဲမှာ တံခါးဝတွင် အစောင့်ရပ်နေကြသည်။ ခွန်အားအချို့ ပြန်ရလာပြီ ဖြစ်သော်လည်း သူ့ကို ချည်ထားသော ကြိုးများကို ဖြတ်ရန် မလုံလောက်သေးသဖြင့် သူ ဆက်လက် အိပ်ချင်ယောင်ဆောင်နေမိသည်။
"ဒီနေ့ တော်တော်နောက်ကျနေပြီ၊ သူ ဘာလို့ အခုထိ မနိုးသေးတာလဲ"
ထိုစဉ် ဗလတောင့်တောင့် လူကြီး၏ အသံကို ကျိုးဟောက်ယွီ ကြားလိုက်ရသည်။ အေးစက်စက် မျက်နှာနှင့် လူကလည်း ထူးဆန်းသည်ဟု ယူဆကာ ကျိုးဟောက်ယွီထံ လျှောက်လာသည်။ ကျိုးဟောက်ယွီ သူ၏မေးစေ့ကို လက်ကြီးတစ်ဖက်ဖြင့် မလိုက်ကာ ခေါင်းကို ဘယ်ညာ လှည့်ကြည့်နေသည်ကို ခံစားလိုက်ရ၏။
မျက်နှာသေနှင့်လူ မျက်မှောင်ကြုတ်ကာ ရေရွတ်သည်။
"ဒါမျိုး မဖြစ်သင့်ဘူး၊ ပုံမှန်ဆိုရင် သူ ဗိုက်ဆာလို့ အော်နေရမှာလေ"
"အို ဒုက္ခပါပဲ သူ အစာငတ်ပြီး သေသွားတာတော့ မဟုတ်ပါဘူးနော်"
ထိုလူကြီးမှ ပါးစပ်ကို ပိတ်ကာ ထိတ်လန့်တကြား ကြည့်နေ၏။
မျက်နှာသေနှင့်လူက ကျိုးဟောက်ယွီ၏ နှာခေါင်းအောက်တွင် လက်ချောင်းတင်ကာ အသက်ရှူမရှူ စစ်ဆေးလိုက်ပြီး အေးစက်စွာ ဆိုသည်။
"မသေပါဘူး၊ အသက်ရှူနေတုန်းပဲ"
ထိုအခါမှ လူကြီးမှာ ရင်ဘတ်ကို ဖိကာ သက်ပြင်းချနိုင်တော့၏။
သို့သော် မျက်နှာသေနှင့်လူက တစ်ခုခု မှားနေသည်ဟု ခံစားမိသဖြင့် ကျိုးဟောက်ယွီ နိုးလာအောင် လက်သီးဖြင့် ထိုးရန် ပြင်လိုက်၏။ သို့သော် လူကြီးက တားလိုက်သည်။
"အထက်လူကြီးက မရိုက်ရဘူးလို့ ပြောထားတယ်လေ"
ထို့ကြောင့် ထိုလူသည် ကျိုးဟောက်ယွီ၏ လက်မောင်းကို အားကုန်လိမ်ဆွဲလိုက်တော့သည်။ ကျိုးဟောက်ယွီ အံကြိတ်ကာ တောင့်ခံထားပြီး အမူအရာ လုံးဝ မပျက်စေရန် ထိန်းထားလိုက်၏။
မျက်နှာသေနှင့်လူ၏ မျက်ဝန်းတွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်လာကာ ညည်းတွဲတွဲ ဆိုသည်။
"ဆေးရှိန်က မပြယ်သေးတာလား"
"ဖြစ်နိုင်ပါတယ်၊ ဒီလောက်ရက်ပေါင်းများစွာ ဆေးအထိုးခံထားရတာ ဘယ်သူခံနိုင်မှာလဲ"
ထိုလူကြီးက ကျိုးဟောက်ယွီကို သနားစဖွယ် ကြည့်လိုက်၏။
နောက်ဆုံးတွင်တော့ ထိုအေးစက်စက် လူသည်လည်း လက်လျှော့ကာ ခဏနေမှ ပြန်လာကြည့်မည်ဟု ဆိုကာ ထွက်သွားကြသည်။ ခြေသံများ ဝေးသွားသည်ကို ကြားရသောအခါမှ ကျိုးဟောက်ယွီ သက်ပြင်းချနိုင်တော့သည်။
‘ငါ အင်အားပြန်ရတာနဲ့ မင်းတို့ကို ဆေးရှိန်ရဲ့ အရသာကို ပြန်မြည်းခိုင်းမယ်’
သူ တွေးလိုက်၏။
သို့သော် သူ၏ စိုးရိမ်စိတ်မှာ ပို၍ ကြီးထွားလာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အချိန်မည်မျှ ကုန်ဆုံးသွားပြီကို မသိသောကြောင့် ဖြစ်၏။ သူ လုံးဝ ဇဝေဇဝါ ဖြစ်နေရသည်။
နာရီအနည်းငယ် ထပ်မံကုန်ဆုံးသွားပြီးနောက် မျက်နှာသေနှင့်လူက ကျိုးဟောက်ယွီ ပြန်နိုးမနိုး လာစစ်ပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ ကျိုးဟောက်ယွီ၏ ခွန်အားများမှာ အတော်လေး ပြန်လည်ပြည့်ဖြိုးလာပြီ ဖြစ်ရာ ကြိုးများကို ဖြတ်နိုင်မည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။
ခြေသံများ နီးကပ်လာသည်ကို ကြားသောအခါ ကျိုးဟောက်ယွီ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပြီး အံ့ဩဟန်ဖြင့် အော်မေးလိုက်သည်။
"တောက် နေတောင် ဒီလောက်စူးနေပြီလား အစ်ကိုကြီး အခု ဘယ်နှစ်နာရီရှိပြီလဲ"
"ဗိုက်ဆာလို့ နိုးလာတာလား"
ကျိုးဟောက်ယွီ နိုးလာသည်ကို မြင်ရသဖြင့် ထိုလူလည်း စိတ်အေးသွားပုံရသည်။ အကယ်၍ ကျိုးဟောက်ယွီ တစ်ခုခုဖြစ်သွားပါက သူတို့နှစ်ယောက်တွင် တာဝန်အရှိဆုံး ဖြစ်နေသောကြောင့်ပင်။
"မဟုတ်ဘူး၊ ဆီးသွားချင်လို့ နိုးတာ"
ကျိုးဟောက်ယွီ ရယ်ကျဲကျဲဖြင့် ဆို၏။
"အစ်ကိုကြီး ကျွန်တော် အပြင်ခဏသွားလို့ ရမလား၊ တကယ် မအောင့်နိုင်တော့လို့ပါ"
မျက်နှာသေနှင့်လူက မည်သည်ကိုမှမပြောဘဲ အခြားတစ်ဖက်မှ သံကြိုးကို သွားယူသည်။ ဤရက်ပိုင်းအတွင်း ကျိုးဟောက်ယွီ အလွန်ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် ထိုလူများမှာ သတိလက်လွတ် ဖြစ်နေကြပြီ ဖြစ်၏။ လက်မှ ကြိုးများကို ဖြည်ပေးလိုက်သောအခါ ကျိုးဟောက်ယွီ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လည်ပင်းကို ဆန့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။
ရုတ်တရက် သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ထိုလူ၏ လည်ပင်းကို လှမ်းဖမ်းလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ ခြေထောက်မှ ကြိုးများကိုလည်း အားကုန်သုံးကာ ဖြတ်ပစ်လိုက်၏။
ထိုလူမှာ ပေါ့လျော့နေသဖြင့် ကျိုးဟောက်ယွီ အလွယ်တကူပင် အောင်မြင်သွားသည်။
"ငါ့ကားသော့နဲ့ ဖုန်းကို ပြန်ပေးစမ်း"
ကျိုးဟောက်ယွီ ထိုလူ၏ လည်ပင်းကို တင်းကြပ်စွာ ညှစ်ထားရင်း ဟောက်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် ရက်စက်ကြမ်းကြုတ်မှုများ လျှပ်တစ်ပြက် ပေါ်ပေါက်လာ၏။
ဗလတောင့်တောင့် လူကြီးမှာ ကျိုးဟောက်ယွီ ဤသို့ လုပ်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ကြောင်အသွားသည်။
"မင်း သေချင်နေတာပဲ"
မျက်နှာသေနှင့်လူက အက်ကွဲသောအသံဖြင့် ဆိုကာ ကျိုးဟောက်ယွီ၏ လက်မောင်းကို လှမ်းဖမ်းပြီး ပုခုံးကျော်လွှဲပစ်ရန် ကြိုးစားသည်။ ကျိုးဟောက်ယွီ အခွင့်အရေးကို လက်မလွှတ်ဘဲ ထိုလူ၏ လည်ပင်းကို ဆွဲကာ နောက်သို့ လှဲချလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ဖိထားလိုက်၏။
"ပစ္စည်းတွေ ပေးစမ်း၊ မဟုတ်ရင် သူ့ကို သတ်ပစ်မယ်"
ကျိုးဟောက်ယွီ ထိုလူကြီးကို ဟောက်လိုက်သည်။
ထိုအခါမှ လူကြီးမှာ သတိဝင်လာကာ ကျိုးဟောက်ယွီ၏ ကားသော့နှင့် ဖုန်းရှိသော အိတ်ကို အပြေးအလွှား သွားယူပေးရတော့သည်။ ကျိုးဟောက်ယွီ အိတ်ကို လှမ်းယူလိုက်ပြီး မျက်နှာသေနှင့်လူ၏ ဗိုက်ကို အားကုန်ကန်လိုက်ကာ အော်လိုက်၏။
"ငါ့ကို ရာဇဝတ်ကောင်လို့ ထင်နေတာလား"
သူ တတိယအကြိမ် ထပ်ကန်ရန် ပြင်စဉ်မှာပင် မျက်နှာသေနှင့်လူက သူ၏ခြေထောက်ကို လှမ်းဖမ်းကာ အားကုန် မလိုက်သဖြင့် ကျိုးဟောက်ယွီမှာ နောက်ပြန်လဲကျသွားတော့သည်။ သူသည် နာကျင်မှုကို ဂရုမစိုက်ဘဲ အမြန်ထကာ တံခါးဝသို့ အပြေးအလွှား ပြေးလိုက်၏။ သို့သော် တံခါးနှင့် အနီးဆုံးရှိ လူကြီးက ကျိုးဟောက်ယွီ၏ ကျောကို အားကုန်လှမ်းကန်လိုက်သည်။