← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

66

{စာစစ်လူပြောင်းသွားလို့ အရေးအသားလိုအပ်ချက်ရှိသေးရင် နားလည်ပေးကြပါနော်}

ကျိုးဟောက်ယွီသည် မြေပြင်ပေါ်သို့ မှောက်ရက်လဲကျသွားပြီး ပါးစပ်ထဲတွင်လည်း ရွှံ့များဖြင့် ပြည့်သွားတော့သည်။

သူသည် မြေပြင်ပေါ်တွင် ကြာကြာမနေဝံ့ပေ။ နောက်မှ ကပ်ပါလာသော ခြေသံများကို ကြားနေရသဖြင့် အမြန်ပင် ပြန်ထလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ ရှေ့တွင်ရပ်နေသော ဗလတောင့်တောင့် လူကြီးကို သူ မမှတ်မိနိုင်အောင် ဖြစ်သွားရသည်။ အစက မိန်းကလေးငယ်လေးတစ်ဦးကဲ့သို့ နွဲ့နှောင်းနေသော်လည်း ယခုမူ သူ၏မျက်ဝန်းထဲတွင် လူသတ်လိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ ကြည့်မိသူကို ကျောချမ်းသွားစေသည်။

ရက်ပေါင်းများစွာ အနှိပ်စက်ခံထားရသဖြင့် ကျိုးဟောက်ယွီသည် သူ၏ ဒေါသကို အားရပါးရ ဖွင့်ထုတ်ပစ်ချင်နေသည်။ သူ၏ မျက်ဝန်းများမှာ စူးရှလာပြီး မျက်နှာမှာလည်း အေးစက်တင်းမာသွား၏။ ထို့နောက် သူသည် လက်မောင်းကို ဖြည်းဖြည်းချင်း မြှောက်ကာ ထိုလူကြီးကို လက်ညှိုးဖြင့် လှမ်းခေါ်ရင်း

"လာခဲ့စမ်း"

ဟု ဟစ်အော်လိုက်သည်။

ထိုလူကြီးက စကားတစ်ခွန်းမှ မဆိုဘဲ ကျိုးဟောက်ယွီထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။ ကျိုးဟောက်ယွီကလည်း အလျှော့မပေးဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ထိုးနှက်ရန် ပြင်လိုက်၏။ သို့သော် သူ၏လက်သီးက ထိုလူကြီး၏ ရင်ဘတ်ကို ထိမှန်သွားသောအခါ ခိုင်ခံ့လွန်းသော နံရံကြီးတစ်ခုကို ထိုးလိုက်ရသလို ခံစားလိုက်ရသည်။ ကျိုးဟောက်ယွီ၏ လက်သီးမှာ နာကျင်ကိုက်ခဲသွားသော်လည်း တစ်ဖက်လူကမူ ဘာမှမဖြစ်သည့်အပြင် မျက်နှာထားပင် ပျက်ယွင်းမသွားချေ။

ကျိုးဟောက်ယွီက သူ၏လက်သီးကို ပြန်ချိုးလိုက်ရင်း

‘ဒီကောင်က တစ်ကိုယ်လုံး သံမဏိလို မာနေတာပဲ၊ နေဦး အနည်းဆုံးတော့ ငါ ဝင်လို့ရတဲ့ နေရာတစ်ခု ရှိရမယ်’

ဟု တွေးကာ မျက်နှာသေနှင့် ထိုလူကို တစ်ချက် လှမ်းကြည့်လိုက်ရာ ရွံရှာစိတ်ဖြင့် ပျို့အန်ချင်သလို ဖြစ်သွားရသည်။

လက်စားချေရန်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ ဤလူနှစ်ယောက်ကို သူ ရှင်းပစ်မှ ရပေမည်။ မဟုတ်လျှင် သူ လွတ်မြောက်နိုင်မည်မဟုတ်သလို အချိန်ကလည်း သိပ်မကျန်တော့ချေ။ လီယုဝမ်၏ မိခင်အတွက်သာမက၊ သူ့ကို အစားထိုး စောင့်ကြပ်မည့်သူများလည်း မကြာခင် ရောက်လာတော့မည် မဟုတ်ပါလား။ ထို့ပြင် ယနေ့သည် နောက်ဆုံးရက်ဖြစ်ရာ စကာဖေ့စ်က လူအင်အား အများအပြားထပ်မံခေါ်ဆောင်လာနိုင်သည်။

ကျိုးဟောက်ယွီ သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ အာရုံစူးစိုက်လိုက်ပြီး ထိုလူကြီး၏ အားနည်းချက်ကို စတင်ရှာဖွေတော့သည်။ သူ၏ ထက်မြက်သော အမြင်အာရုံကြောင့် ထိုလူ၏ ဆီးခုံနေရာတွင် အလင်းဖျော့ဖျော့လေး တောက်ပနေသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် အောက်ဘက်တွင်လည်း နောက်ထပ် အားနည်းချက်တစ်ခု ရှိနေသေး၏။ ဤသည်မှာ အရှေ့ဘက်ခြမ်းသာ ဖြစ်ပြီး သူ၏ အကြီးမားဆုံး အားနည်းချက်မှာ ကျောဘက်တွင် ရှိမည်ဟု ကျိုးဟောက်ယွီ ယုံကြည်မိသည်။

သို့သော် ကျိုးဟောက်ယွီသည် အောက်တန်းကျသော နည်းလမ်းများကို မသုံးလိုသလို၊ ထိုလူ၏ ကျောဘက်က ညစ်ပတ်သော အားနည်းချက်ကိုလည်း မတိုက်ခိုက်လိုပေ။ ထို့ကြောင့် ချိုင်းအောက်ရှိ အားနည်းချက်နေရာ ကိုသာ သူ၏ တစ်ခုတည်းသော ပစ်မှတ်အဖြစ် သတ်မှတ်လိုက်သည်။ ပစ်မှတ်ကို အတည်ပြုပြီးသည်နှင့် ကျိုးဟောက်ယွီက ဟိန်းဟောက်ကာ ရှေ့သို့ ပြေးဝင်လိုက်တော့သည်။

ထိုလူကြီးသည် ကျိုးဟောက်ယွီ၏ အရည်အချင်းကို စမ်းသပ်ပြီးဖြစ်ရာ ကျိုးဟောက်ယွီတွင် ခွန်အားအချို့ ရှိသော်လည်း သူ့ကို ဒုက္ခပေးနိုင်လောက်သည်အထိ မဟုတ်ဟု ယူဆထားသည်။ ထို့ကြောင့် သူသည် အထင်သေးသောဟန်ဖြင့် ကျိုးဟောက်ယွီ အနားရောက်လာသည်အထိ ငြိမ်၍ရပ်စောင့်နေ၏။ ကျိုးဟောက်ယွီက လက်သီးကိုမြှောက်ကာ ပြေးဝင်လာချိန်တွင် တစ်ဖက်လူကလည်း လက်သီးဖြင့် ပြန်ထိုးရန် ပြင်လိုက်သည်။ ထိုအခါ ကျိုးဟောက်ယွီက အမြန်ငုံ့ရှောင်လိုက်ပြီး လူကြီး၏ ချိုင်းအောက်သို့ ပင့်လက်သီး ဖြင့် အားကုန် ထိုးနှက်လိုက်တော့သည်။

"အာ"

ထိုခဏ၌ လူကြီးမှာ ရင်ဘတ်ထဲ တင်းကြပ်သွားကာ မမြင်ရသော လက်တစ်ဖက်က သူ၏ လေပြွန်ကို ညှစ်ထားသလို ခံစားလိုက်ရသဖြင့် အသက်ရှူရန် ခက်ခဲသွားရသည်။ တစ်ဖက်လူ၏ နာကျင်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ကျိုးဟောက်ယွီက အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်၏။ အားနည်းချက်ကို သိသွားပြီဖြစ်ရာ ရန်သူကို အနိုင်ယူရန် သူ့ကိုယ်သူ ပို၍ ယုံကြည်မှု ရှိလာသည်။

ဤတိုက်ခိုက်မှုအပြီးတွင်တော့ လူကြီးသည် ကျိုးဟောက်ယွီကို အလေးအနက်ထား၍ စတင် တိုက်ခိုက်တော့သည်။ သူသာမက မျက်နှာသေနှင့်လူကလည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာ၏။ ပထမအကြိမ် အောင်မြင်ပြီးနောက် ကျိုးဟောက်ယွီက ဒုတိယအကြိမ် တိုက်စစ်ဆင်ပြန်သည်။ တစ်ကြိမ် အလှည့်စားခံထားရသဖြင့် လူကြီးက ကျိုးဟောက်ယွီကို လက်သီးဖြင့် ပြန်မထိုးတော့ဘဲ ကျိုးဟောက်ယွီ၏ တိုက်စစ်ကိုသာ ကာကွယ်ရန် ပြင်လိုက်သည်။ သူက ပါးနပ်သလို ကျိုးဟောက်ယွီကလည်း မညံ့ပေ။ တစ်ဖက်လူက တုံ့ပြန်ရန် အစီအစဉ်မရှိမှန်း သိလိုက်သည်နှင့် ကျိုးဟောက်ယွီက လက်သီးကို လက်ဝါးအဖြစ် ပြောင်းလဲကာ ထိုလူ၏ မျက်နှာကို အားကုန် လှမ်းရိုက်လိုက်တော့သည်။

လူကြီးက ဗီဇအရ မျက်နှာကို လက်ဖြင့် အမြန်ကာလိုက်ရာ သူ၏ မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ တောက်လောင်လာ၏။ ထိုလူ လက်မြှောက်လိုက်သည့် အခွင့်အရေးကို အသုံးချကာ ကျိုးဟောက်ယွီက လက်ညှိုးနှင့် လက်ခလယ်ကို ပူးလိုက်ပြီး ထပ်မံ ထိုးနှက်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် ကျိုးဟောက်ယွီ၏ နည်းစနစ်မှာ ပို၍ တိကျသွားသည်။ လူကြီးသည် ချိုင်းကို ဖိကာ နောက်သို့ ခြေလှမ်းများစွာ နောက်ဆုတ်သွားရပြီး သူ့ကို အရှင်လတ်လတ် ဝါးစားမတတ် အကြည့်များဖြင့် ကျိုးဟောက်ယွီကို စိုက်ကြည့်နေတော့သည်။

"ဘယ်လိုလဲ... အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတယ် မဟုတ်လား"

ကျိုးဟောက်ယွီ ကျေနပ်နေစဉ်မှာပင် မျက်နှာသေနှင့်လူက သူ၏လက်မောင်းကို အားကုန် လှမ်းကန်လိုက်သည်။ ကန်ချက်က ပြင်းထန်လွန်းသဖြင့် ကျိုးဟောက်ယွီ၏ လက်မောင်းမှာ ထုံကျဉ်သွားကာ နောက်သို့ မီတာအတော်များများ လွင့်ထွက်သွားရသည်။ မျက်နှာသေနှင့်လူသည်လည်း ကျိုးဟောက်ယွီမှာ သာမန်လူမဟုတ်မှန်း သိသွားသလို၊ သူ၏အဖော် မယှဉ်နိုင်မည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ဝင်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။

"ခုနကပဲ ငါ့ကို အနိုင်ကျင့်နေကြတာ မဟုတ်လား အခုလည်း အတူတူ လာခဲ့ကြစမ်းပါ"

ကျိုးဟောက်ယွီက သူ၏လက်မောင်းပေါ်မှ ခြေရာကို ခါလိုက်ရင်း အထင်သေးသော အကြည့်များဖြင့် ဆိုလိုက်သည်။

ရှေ့မှ လူနှစ်ယောက်က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာ ကျိုးဟောက်ယွီထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြသည်။ သူတို့နှစ်ယောက်စလုံးမှာ အလွန်ခွန်အားကြီးသော်လည်း ကံကောင်းသည်မှာ သူတို့၏ လက်သီးချက်များမှာ သိပ်မမြန်လှပေ။ ကျိုးဟောက်ယွီသည် လူနှစ်ယောက်၊ လက်လေးဖက်၏ တိုက်စစ်ကို မနည်းတောင့်ခံနေရသည်။ သို့သော် ဤအတိုင်း ဆက်တိုက်နေပါက အဆင်မပြေနိုင်မှန်း သူ သိလိုက်သည်။ အကယ်၍ သူသာ အင်အားနှင့် အချိန်ကို အလဟဿ ဖြုန်းတီးနေပါက နောက်ထပ်လာမည့်သူများကို သူ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် သူသည် နောက်သို့ ခြေလှမ်းဆုတ်လိုက်ကာ တိုက်ပွဲမှ ခေတ္တခွာပြီး နောက်ထပ် အစီအစဉ်ဆွဲရန် ပြင်လိုက်သည်။ သို့သော် သူ ဆုတ်ခွာလိုက်စဉ်မှာပင် လူကြီးက မျက်နှာသေနှင့်လူကို ပွေ့ချီကာ မြှောက်ပေးလိုက်ရာ ထိုလူက ကျိုးဟောက်ယွီ၏ ရင်ဘတ်ကို အားကုန် ကန်လိုက်တော့သည်။ ကျိုးဟောက်ယွီသည် ရင်ဘတ်မှ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရရင်း နောက်သို့ လဲကျသွား၏။

"တောက်... ငါ့ကို လာပြီး အာထရာမန်း လုပ်ပြနေတာလား"

ကျိုးဟောက်ယွီ တံတွေးတစ်ချက် ထွေးလိုက်ရင်း အာရုံစိုက်လိုက်သည်။ သူ၏ မျက်လုံးများ စူးရှသွားစဉ် မြေပြင်ပေါ်ရှိ ဆေးထိုးအပ်တစ်ခုကို အမှတ်မထင် တွေ့လိုက်ရသည်။ ထိုဆေးထဲတွင် မေ့ဆေးများ ပါဝင်နေသည် မဟုတ်ပါလား။ မည်မျှပင် ခိုင်ခံ့သော ခန္ဓာကိုယ် ရှိပါစေ၊ ဤဆေးတစ်လုံး အထိုးခံရလျှင်တော့ အိပ်ပျော်သွားမည်မှာ သေချာသည်။

ကျိုးဟောက်ယွီသည် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ ရှေ့သို့ ပြေးဝင်သွားတော့သည်။ လူကြီးက မြေပြင်တွင် အခိုင်အမာ ခြေကုပ်ယူထားပြီး၊ မျက်နှာသေနှင့်လူကတော့ အနည်းငယ် နောက်ဆုတ်ကာ အရှိန်ယူပြီး ပြန်ပြေးလာသည်။ ထို့နောက် လူကြီး၏ ပုခုံးကို ထောက်ကာ မြေပြင်နှင့် ၉၀ ဒီဂရီ အနေအထားဖြင့် ပြင်းထန်သော ကန်ချက်ကို ကျိုးဟောက်ယွီထံ ပစ်လွှတ်လိုက်ပြန်သည်။

ကျိုးဟောက်ယွီသည် ချက်ချင်းပင် ငုံ့လိုက်ကာ မြေပြင်ပေါ်တွင် ဂျွမ်းတစ်ပတ်လှည့်ပြီး ဆေးထိုးအပ်ကို ကောက်ယူလိုက်သည်။ ထို့နောက် အရှိန်ဖြင့် ပြန်တက်လာကာ ဆေးထိုးအပ်ကို ထိုလူကြီး၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်အောင် ထိုးလိုက်ပြီး ဆေးအားလုံးကို ထိုးသွင်းပစ်လိုက်တော့သည်။

"အချစ်ရေ သူ ငါ့ကို အပ်နဲ့ ထိုးလိုက်တယ်"

လူကြီးသည် နောက်သို့ လှည့်ပြောရင်း မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားတော့သည်။

မိမိ၏ အဖော် လဲကျသွားသည်ကို မြင်သောအခါ မျက်နှာသေနှင့်လူ၏ မျက်နှာမှာ အမူအရာ မပျက်သော်လည်း မျက်ဝန်းများမှာတော့ သွေးတက်သလို ရဲရဲနီလာတော့သည်။ တိုက်ပွဲအတွင်းမှာပင် ဤလူသည် ဟိုလူကြီးလောက် အင်အားမကြီးမှန်း ကျိုးဟောက်ယွီ သိလိုက်ရသည်။ ယခုအခါ တစ်ယောက်ချင်း ရင်ဆိုင်ရမည်ဖြစ်ရာ ကျိုးဟောက်ယွီ ဘာမှမကြောက်တော့ပေ။

"ငါသာ မင်းနေရာမှာဆိုရင်တော့ မင်းရဲ့ အဖော်နားမှာပဲ သွားထိုင်နေလိုက်မယ် သူ နိုးလာတဲ့အခါ ပထမဆုံး မြင်ရတဲ့သူက မင်း ဖြစ်နေအောင်ပေါ့ ဒါက ကျိုးမိသားစုရဲ့ ပိုးပန်းနည်း ပထမအကွက်ပဲ၊ ဒီနေ့တော့ ငါ မင်းကို အလကား သင်ပေးလိုက်မယ်"

ကျိုးဟောက်ယွီက လူမိုက်ပုံစံဖြင့် သူ့ကို မျက်ခုံးတစ်ချက် ပင့်ပြလိုက်သည်။

"ငတုံး"

ထိုလူက အေးစက်စွာ ဆိုသည်။

"ငါ့ကို အဲဒီလို လာစော်ကားတဲ့သူမှန်သမျှမှာ ကံကြမ္မာတစ်ခုပဲ ရှိတယ်လို့ ငါ ကျိန်ဆိုထားတယ်"

ကျိုးဟောက်ယွီ၏ အပြုံးများ ပျောက်ကွယ်သွားကာ အေးစက်သော မျက်နှာထားဖြင့်

"မင်းက သေလူပဲ"

ဟု ဆိုကာ ရှေ့သို့ ပြေးဝင်လိုက်သည်။ သူ၏ လက်သီးချက်က လေတိုးသံနှင့်အတူ ထွက်ပေါ်လာ၏။

မျက်နှာသေနှင့်လူမှာ အငိုက်မိသွားကာ လက်သီးကို အလျင်စလို ဖမ်းလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိုင်သွားသည်။ ကျိုးဟောက်ယွီက သူ့ကို တုံ့ပြန်ရန် အခွင့်အရေး မပေးဘဲ ခြေထောက်ဖြင့် အမြန်ပင် ကန်လိုက်ပြန်သည်။ ထိုလူ လဲကျသွားသည်နှင့် ကျိုးဟောက်ယွီသည် သူ၏ ဗိုက်ကို အားကုန် သုံးကာ ကန်ပစ်လိုက်တော့သည်။

မျက်နှာသေနှင့်လူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်တွင် မီတာအတော်ကြာ လျှောတိုက်သွားပြီး တိုင်တစ်ခုကို ဝင်တိုက်မိမှသာ ရပ်တန့်သွားတော့သည်။ ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ကျိုးဟောက်ယွီသည် ထိုလူ့ရှေ့တွင် သွေးအိုင်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။

All Chapters