အခန်း ၆၈
Vol. 7 Ch. 68
68
"ညီမ ညီမမှာ တခြားရွေးချယ်စရာ မရှိလို့ပါ သမီးကြောင့်နဲ့ အစ်ကို့ကို အဲဒီလောက်အထိ အပင်ပန်းမခံစေချင်ဘူး၊ ဒါကြောင့် သူ့ဆီကနေ ပိုက်ဆံချေးလိုက်တာ"
လီယုဝမ်သည် အားငယ်စွာ ပြောရှာသည်။
ကျိုးဟောက်ယွီမှာတော့ ဒေါသအရှိန်ကြောင့် မျက်မှောင်ကျုတ်နေပြီ ဖြစ်သည်။
"ဒါမျိုးအတွက်နဲ့ မင်းရဲ့ခန္ဓာကိုယ်ကို အပေါင်မခံနိုင်ဘူး ငွေနှစ်သောင်း မပြောနဲ့၊ နှစ်သိန်းပဲဖြစ်ဖြစ်၊ သိန်းနှစ်ဆယ်ပဲဖြစ်ဖြစ် မင်း ဒါမျိုး မလုပ်သင့်ဘူး"
ဟု သူက ဒေါသတကြီး အော်လိုက်သည်။
လီယုဝမ်မှာ ဘာမှပြန်မပြောနိုင်တော့ဘဲ ကျိုးဟောက်ယွီ၏ ဆူပူကြိမ်းမောင်းမှုကို ခံရင်း တိတ်တဆိတ် မျက်ရည်ကျနေရုံသာ တတ်နိုင်တော့သည်။ ကျိုးဟောက်ယွီက သူမအတွက် ဤမျှအထိ စိတ်ပူနေလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။ ယခုမှ သူမ၏ ဆုံးဖြတ်ချက်အတွက် နောင်တရနေမိသည်။
" ငါက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား ငါ့ကို ဘယ်လိုသတ္တိနဲ့ လာထိုးတာလဲ အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်စမ်း၊ မဟုတ်ရင် မင်း နောင်တရစေရမယ်"
ဝူဇီဟန်က မြေပြင်မှ ထရပ်ကာ ကျိုးဟောက်ယွီကို လက်ညှိုးထိုးပြီး ကျိန်ဆဲတော့သည်။
သို့သော် သူသည် အခြေအနေကို မသုံးသပ်မိဘဲ အိပ်မက်ယောင်နေခြင်းသာ ဖြစ်သည်။ ကျိုးဟောက်ယွီက သူ့ကို အခုထိ အသက်ချမ်းသာပေးထားခြင်းမှာပင် အတော်လေး သနားညှာတာနေခြင်း ဖြစ်သည်ကို သူ မသိချေ။
"ဒီကောင်စုတ်ကတော့ကွာ လီယုဝမ်ကို ဒီလိုလုပ်ပြီးတာတောင် မင်းက ပြန်အော်ရဲသေးတယ်ပေါ့"
ကျိုးဟောက်ယွီက သူ့ကို ဆိုဖာပေါ် တက်လိုက်ပြီး လက်သီးချက်များကို မိုးသီးမိုးပေါက်အလား ရွာချလိုက်တော့သည်။
သူက ဝူဇီဟန်ကို ထိုးနှက်ရင်း
"မင်းလို အကောင်က ယုဝမ်ကို အခွင့်ကောင်းယူချင်တာလား ငါ ပြောလိုက်မယ်၊ မင်းက သူမရဲ့ လက်သန်းလေးတစ်ချောင်းနဲ့တောင် မတန်ဘူး"
ဟု အော်ဟစ်နေသည်။
ဝူဇီဟန်မှာ စာကြည့်တိုက်မှာသာ နေလေ့ရှိသော ပညာတတ်ပုံစံမျိုး ဖြစ်သဖြင့် ကျိုးဟောက်ယွီ၏ လက်သီးဒဏ်ကို မခံနိုင်ဘဲ ခေါင်းတစ်ခုလုံး သွေးချင်းချင်းနီသွားတော့သည်။ ကျိုးဟောက်ယွီ၏ လက်သီးများတွင် သွေးများ ပေကျံနေသည်ကို မြင်သောအခါ လီယုဝမ်က ပြေးလာပြီး သူ့ကို ဆွဲဖယ်ကာ
"အစ်ကိုဟောက်ယွီ တော်ပါတော့၊ ဆက်မထိုးပါနဲ့တော့ သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက် တစ်ယောက်ပါ။သူ့ကို တစ်ခုခုဖြစ်အောင် လုပ်လိုက်ရင် သမီးတို့ လျော်နိုင်မှာမဟုတ်ဘူး"
ဟု တောင်းပန်ရှာသည်။
ဝူဇီဟန်မှာ ကျောင်းတွင် လူမိုက်အဖြစ် နာမည်ကြီးသူ ဖြစ်သည်။ သူ၏ မိသားစုမှာ အလွန်ပင် အာဏာကြီးသည်ဟု ကောလာဟလများ ရှိနေသဖြင့် လူတိုင်းက သူ့ကို ရှောင်ကြဉ်ကြသည်။ ‘ချမ်းသာတဲ့ ဒုတိယမျိုးဆက်’ ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ၏ ဒေါသက ပို၍ ပေါက်ကွဲသွားသည်။
"ဖယ်စမ်း"
ကျိုးဟောက်ယွီ ဟောက်လိုက်ပြီး ဝူဇီဟန်အပေါ် လက်သီးချက်များ ထပ်မံ ရွာချလိုက်ပြန်သည်။ ‘လုဟန်’ သည်လည်း မိဘပိုက်ဆံဖြုန်းသည့် ဒုတိယမျိုးဆက် တစ်ယောက်ပင် ဖြစ်သည်။ မကြာသေးမီကပင် ထိုဒုတိယမျိုးဆက် လုဟန်ကြောင့် သူ သေလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ယခုအခါ ကျိုးဟောက်ယွီသည် ဝူဇီဟန်ကို လုဟန်ဟု မှားယွင်းမြင်ယောင်သွားကာ လူသတ်ချင်စိတ်များ ပေါ်ပေါက်လာပြီး ရက်ရက်စက်စက် တိုက်ခိုက်နေတော့သည်။
"ဒီအတိုင်းဆို လူသေတော့မှာပဲ"
လီယုဝမ်မှာ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လျှောက်နေမိသည်။
ထိုစဉ် ဆွန်းချန် ရောက်လာသည်ကို မြင်လိုက်ရသဖြင့် သူမ အပြေးအလွှား သွားကာ
"အစ်ကိုဆွန်းချန် ဟောက်ယွီကို တားပေးပါဦး သူ လူသတ်တော့မယ်"
ဟု အကူအညီတောင်းတော့သည်။ ဆွန်းချန်သည် ဝူဇီဟန်မှာ ဝက်ခေါင်းအလား ဖူးယောင်နေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီကို အတင်းဆွဲဖယ်လိုက်ရသည်။
"မင်းတို့ကြားမှာ ဘာရန်ငြိုးတွေ ရှိလို့လဲ ဘာလို့ သူ့ကို သတ်မလို့ လုပ်နေတာလဲ"
ဆွန်းချန်မှာ အဖြစ်အမှန်ကို မသိသဖြင့် ကျိုးဟောက်ယွီ ဘာကြောင့် ဤမျှအထိ ဒေါသထွက်နေရသည်ကို နားမလည်နိုင် ဖြစ်နေသည်။
ကျိုးဟောက်ယွီသည် ဆွန်းချန်ကို မြင်သောအခါမှ အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို ပြန်ထိန်းလိုက်သည်။ ကံကောင်းသည်မှာ လီယုဝမ် တစ်ခုခု မဖြစ်သွားခြင်းပင်။ ယခု အရေးကြီးဆုံးမှာ လီယုဝမ်၏ မိခင် ကျန်းချူလျန်ကို ကယ်တင်ရန် ဖြစ်သည်။
"မင်း အချိန်ကိုက် ရောက်လာတာပဲ သွားကြစို့"
ကျိုးဟောက်ယွီက လီယုဝမ်၏ လက်ကို ဆွဲကာ ထွက်လာခဲ့သည်။
ဆွန်းချန်က ဝက်ခေါင်းဖြစ်နေသော ဝူဇီဟန်ကို တစ်ချက်ကြည့်ပြီးနောက် အပြင်သို့ ပြေးထွက်လာကာ
"အဲဒါ ဘယ်သူလဲ မင်း ဘာလို့ သူ့ကို ထိုးနေတာလဲ"
ဟု လှမ်းမေးသည်။
"သူက ယုဝမ်ကို ဟိုတယ်ကို ခေါ်လာတာလေ"
ကျိုးဟောက်ယွီက လျှောက်ရင်း ပြန်ဖြေသည်။ ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက် ဟိုတယ်သို့ လာကြသည်ဆိုလျှင် ဘာလုပ်မည်ကို မည်သူမဆို ခန့်မှန်းနိုင်ပေသည်။
"တောက် ခွေးကောင်"
ဆွန်းချန်သည် အခန်းထဲသို့ ပြန်ပြေးဝင်သွားပြီး ဝူဇီဟန်ကို နောက်ထပ် အချက်အနည်းငယ် ထပ်ကန်ပြီးမှ ပြန်ထွက်လာခဲ့သည်။
ဟိုတယ်အပေါက်ဝသို့ ရောက်သောအခါ လီယုဝမ်က ကျိုးဟောက်ယွီ၏ လက်ကို အားကုန်ခါထုတ်လိုက်ပြီး
"ညီမကိစ္စကို နောက်ထပ် လာမပတ်သက်ပါနဲ့တော့"
ဟု အော်လိုက်သည်။
ဤသည်မှာ ကျိုးဟောက်ယွီနှင့် ဆွန်းချန်တို့ကို သူမနှင့် အဆက်အသွယ် ဖြတ်လိုကြောင်း ပြောခြင်းပင်။ အဓိကအားဖြင့် သူမသည် ထိုသူတို့နှင့် စတွေ့ကတည်းက ဒုက္ခများနှင့် ကံဆိုးမှုများကိုသာ ယူဆောင်လာပေးသည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။ ယနေ့တွင်လည်း ကျိုးဟောက်ယွီက သူမအတွက်ကြောင့် ဝူဇီဟန်ကို ထိုးနှက်ခဲ့ရာ ဝူဇီဟန်က ငြိမ်နေမည်မဟုတ်မှန်း သူမ သိသည်။ ထို့ကြောင့် သူတို့ကို ကာကွယ်ရန်အတွက် ဤသို့ လုပ်လိုက်ခြင်းပင်။ ရှေ့လျှောက် ဝူဇီဟန်က သူမအပေါ် မည်သို့ပြုမူမည်ဖြစ်စေ ကျိုးဟောက်ယွီနှင့် ဆွန်းချန်တို့ ဘေးကင်းမည်ဆိုလျှင် သူမ၏ ကံကြမ္မာကို လက်ခံရန် အသင့်ရှိနေသည်။
ကျိုးဟောက်ယွီကမူ ခုနက သူမကို သူ ဆူပူခဲ့သဖြင့် စိတ်ကောက်နေသည်ဟုသာ ထင်နေသည်။
"ယုဝမ် စိတ်မဆိုးပါနဲ့ ခုနက အစ်ကို တကယ် ဒေါသထွက်သွားလို့ပါ၊ မင်းကို အော်ချင်လို့ အော်တာ မဟုတ်ပါဘူး"
ဟု သူက နူးညံ့စွာ ချော့ရှာသည်။
သို့သော် လီယုဝမ်က စိတ်ကို တင်းထားသည်။ ရင်ထဲတွင် အလွန်နာကျင်နေသော်လည်း
"အခုကစပြီး ညီမကို တစ်ယောက်တည်း ထားခဲ့ပေးကြဖို့ ပြောတာပါ"
ဟု ပြတ်ပြတ်သားသား ဆိုလိုက်သည်။
ဆွန်းချန်က တစ်ခုခု ထူးဆန်းနေသည်ကို သတိပြုမိသဖြင့်
"ယုဝမ် ဘာဖြစ်လို့လဲ အဲဒီကောင်က အရိုက်ခံရဖို့ ထိုက်တန်လို့ အရိုက်ခံရတာပါ အဲဒီလိုလူမျိုးအတွက်နဲ့ ငါတို့ကို စိတ်မဆိုးသင့်ဘူးလေ"
ဟု အေးဆေးစွာ ဆိုသည်။
"ညီမ ပြောတာက အစ်ကိုတို့နဲ့ ညီမ ဘာမှ မသက်ဆိုင်တော့ဘူးလို့ ပြောတာ ညီမကို အေးအေးချမ်းချမ်းပဲ နေခွင့်ပေးပါတော့"
လီယုဝမ်သည် အားကုန်အော်ဟစ်လိုက်ရသည်။ ဤနာကျင်စရာ ဆုံးဖြတ်ချက်ကို ချလိုက်ရသဖြင့် မငိုမိအောင် ထိန်းထားသော်လည်း မျက်ရည်များမှာ ပါးပြင်ပေါ်သို့ စီးကျလာပြီ ဖြစ်သည်။
ထိုစကားကြောင့် ကျိုးဟောက်ယွီနှင့် ဆွန်းချန်တို့မှာ မှင်တက်သွားကြသည်။ သူတို့တစ်ဦးကိုတစ်ဦး ကြည့်လိုက်သော်လည်း သူမ ဘာကို ဆိုလိုသည်ကို နားမလည်နိုင်ကြပေ။ သူတို့ သုံးယောက်စလုံး တိတ်ဆိတ်သွားကြရာ လမ်းပေါ်တွင် ဖြတ်မောင်းသွားသော ကားသံများကိုသာ ကြားနေရသည်။
"ယုဝမ် ခေါင်းမမာစမ်းပါနဲ့ ငါတို့ စတွေ့ကတည်းက ငါတို့ သုံးယောက်ရဲ့ ကံကြမ္မာက ဆက်နွှယ်နေပြီးသားပါ ဒီဘဝမှာတော့ ငါတို့ ဘယ်တော့မှ ခွဲလို့မရတော့ဘူး"
ကျိုးဟောက်ယွီက တိတ်ဆိတ်မှုကို အရင်ဖြိုခွဲလိုက်သည်။ သူက ရှေ့သို့တက်ကာ လီယုဝမ်ကို ဆွဲရန်ပြင်သော်လည်း သူမက လက်ကို နောက်သို့ ပို့ကာ ရှောင်လိုက်သည်။
သူသည် လီယုဝမ်နှင့် ဆုံခဲ့သည်မှာ မကြာသေးသော်လည်း ဤသည်မှာ သူမ၏ စိတ်ရင်းမဟုတ်မှန်း သူ ယုံကြည်သည်။ သူသိသော လီယုဝမ်မှာ အလွန်အလိုက်သိတတ်သူ ဖြစ်သည်။ သူမ ဘာကို စိုးရိမ်နေသနည်းဆိုသည်ကိုမူ သူ မသိချေ။
"အစ်ကိုတို့ သွားကြပါတော့၊ ညီမ တစ်ယောက်တည်း နေချင်တယ်"
လီယုဝမ်က သူတို့နှစ်ယောက်ကို ဝမ်းနည်းစဖွယ် ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် တွန့်ဆုတ်နေမှုနှင့် တောင့်တမှုများကို ကျိုးဟောက်ယွီ တွေ့လိုက်ရသဖြင့် ဤဆုံးဖြတ်ချက်မှာ သူမအတွက် မည်မျှ နာကျင်ရမည်ကို သူ သိလိုက်သည်။
အကြောင်းရင်းကို နောက်မှ မေးမြန်း၍ ရသည်၊ ယခုအချိန်တွင် အသက်ကယ်ရန်မှာ ဦးစားပေး ဖြစ်သည်။
"ယုဝမ် ကလေးကလားတွေ မလုပ်စမ်းနဲ့၊ အိမ်ကို လိုက်ခဲ့တော့"
ကျိုးဟောက်ယွီက လီယုဝမ်၏ လက်ကို အတင်းဆွဲကာ ကားဆီသို့ ခေါ်သွားတော့သည်။
သူက သူမကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် သူမ နာကျင်သွားရပြီး ရုန်း၍လည်း မရချေ။
"လွှတ်စမ်း ကျောင်းကို ပြန်တော့မယ်၊ နောက်တစ်ခါ ညီမကို လာမရှာနဲ့တော့"
လီယုဝမ်မှာ ဒေါသထွက်သွားကာ လက်သီးလေးများဖြင့် ကျိုးဟောက်ယွီ၏ ကျောကို ထုနှက်နေတော့သည်။ ကားအနားသို့ ရောက်သောအခါ ကျိုးဟောက်ယွီလည်း စိတ်မထိန်းနိုင်တော့ပေ။
"မင်း တော်လောက်ပြီ မင်းအမေ သေလုနီးပါး ဖြစ်နေတာကိုကော သိရဲ့လား အဲဒါကို မင်းက ငါ့ကို လာပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတုန်းပဲလား"
ကျိုးဟောက်ယွီသည် လီယုဝမ်ဘက်သို့ လှည့်လိုက်သောအခါ သူ၏ မျက်နှာတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။
လီယုဝမ်မှာ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြီး ခေါင်းထဲတွင်လည်း အူသွားတော့သည်။ သူမသည် ကျိုးဟောက်ယွီကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိကာ စကားပင် မပြောနိုင်တော့ချေ။
"ယုဝမ် တစ်ခုခု မှားခဲ့ရင်တောင် မင်းက အဒေါ်ကြီးကို အဲဒီလို မကျိန်သင့်ဘူးလေ"
ဆွန်းချန်ကလည်း ကျိုးဟောက်ယွီကို ဘေးသို့ တွန်းဖယ်ကာ လီယုဝမ်ကို ကာကွယ်ရင်း ဟောက်လိုက်သည်။ ကျိုးဟောက်ယွီ သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ အေးစက်စွာ ပြောလိုက်သည်။
"ဒါက ယုံရခက်မယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ အခု ရှင်းပြနေဖို့ အချိန်မရှိဘူး ကားပေါ်တက်ကြ"