← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

69

ကျိုးဟောက်ယွီက နောက်ပြောင်နေပုံမရသလို လီယုဝမ်၏ မိခင်ကို တမင်သက်သက် ကျိန်ဆဲနေခြင်းမျိုးလည်း မဟုတ်မှန်း သိသာလှသည်။

ထို့ကြောင့် သူတို့နှစ်ယောက်မှာ သစ်သားရုပ်များကဲ့သို့ မှင်တက်ကာ ရပ်နေမိကြသည်။ အထူးသဖြင့် လီယုဝမ်မှာ စိတ်ထဲတွင် ဗလာကျင်းသွားပြီး သူမ၏ ဝိညာဉ်ပင် ခန္ဓာကိုယ်မှ လွင့်ထွက်သွားသလို ခံစားနေရ၏။ ကျိုးဟောက်ယွီက သူမကို အိမ်ပြန်ရန် အကြိမ်ကြိမ် သတိပေးခဲ့သည်ကို ပြန်စဉ်းစားမိသောအခါ သူသည် တစ်ခုခုကို ကြိုတင်သိနေသည်မှာ သေချာနေပြီ ဖြစ်သည်။

"ဘာရပ်ကြည့်နေတာလဲ ကားပေါ်တက်ကြတော့"

ကျိုးဟောက်ယွီက ကားပေါ်သို့ အရင်တက်ကာ သူတို့ကို လှမ်းအော်လိုက်သည်။

ဤလောကတွင် မိသားစုဝင်များမှလွဲလျှင် ကျိုးဟောက်ယွီမှာ လီယုဝမ် အယုံကြည်ရဆုံးသူ ဖြစ်သည်။ သူမ အလောတကြီး ကားပေါ်တက်လိုက်ပြီး

"အစ်ကိုဟောက်ယွီ အစ်ကို ဘာတွေသိထားတာလဲ သမီးကို မြန်မြန်ပြောပါဦး"

ဟု တုန်တုန်ရင်ရင်ဖြင့် မေးရှာသည်။

"အခုချက်ချင်း ရှင်းပြဖို့က မလွယ်ဘူး ငါ့ကိုသာ ယုံလိုက်ပါ"

ဆွန်းချန် ကားပေါ်တက်လာသည်နှင့် ကျိုးဟောက်ယွီ ကားကို ချက်ချင်း စက်နှိုးကာ မောင်းထွက်လိုက်တော့သည်။

မိခင်ဖြစ်သူ သေတော့မည်ဟူသော စကားကြောင့် လီယုဝမ်မှာ အလွန်အမင်း စိုးရိမ်ပူပန်လာကာ ငြိမ်ငြိမ်မထိုင်နိုင်တော့ချေ။

"အစ်ကိုဟောက်ယွီ ဘာဖြစ်တာလဲလို့ မြန်မြန်ပြောပါ"

စိုးရိမ်စိတ် လွန်ကဲနေသဖြင့် ကျိုးဟောက်ယွီ ကားမောင်းနေသည်ကိုပင် မေ့သွားကာ သူ၏ လက်မောင်းကို လီယုဝမ်က လက်နှစ်ဖက်ဖြင့် လှမ်းဆွဲလိုက်မိသည်။

ကားမှာ ဝုန်းခနဲ ယိမ်းထိုးသွားပြီး လမ်းလယ်ကျွန်းဆီသို့ တည့်တည့်ကြီး ဦးတည်သွားတော့သည်။ ကျိုးဟောက်ယွီ ဘရိတ်ကို အားကုန်နင်းလိုက်ရာ လမ်းလယ်ကျွန်းနှင့် စင်တီမီတာ အနည်းငယ်အကွာတွင် ကားမှာ ရပ်တန့်သွားသည်။ ဤမြင်ကွင်းက လီယုဝမ်ကို ဟိုတစ်ခေါက် မတော်တဆမှုအကြောင်း ပြန်သတိရသွားစေသဖြင့် သူမ မျက်နှာမှာ ဖြူလျော့သွားကာ မှင်တက်သွားရပြန်သည်။

ကျိုးဟောက်ယွီက သူမ၏ ခံစားချက်ကို နားလည်သဖြင့် စိတ်မဆိုးနိုင်ပေ။

"ယုဝမ် ဒါကို ရှင်းပြရရင် အများကြီး ပြောရမှာမို့ အခု အချိန်မဖြုန်းချင်ဘူး အိမ်ရောက်ရင် မင်းအလိုလို သိလာလိမ့်မယ်"

ကျိုးဟောက်ယွီက လီယုဝမ်၏ ပုခုံးနှစ်ဖက်ကို ကိုင်ကာ အလေးအနက် ပြောလိုက်သည်။

"ငါ့ကို ယုံလား"

"အချိန်မရှိဘူးဆိုရင်လည်း အမြန်သာ မောင်းပါတော့ ယုဝမ်ကို ငါ ဂရုစိုက်လိုက်မယ်"

ဆွန်းချန်ကလည်း ကျိုးဟောက်ယွီကို ယုံကြည်သဖြင့် လီယုဝမ်၏ ခေါင်းကို ပုတ်ကာ

"ယုဝမ် သူ မင်းကို လိမ်မှာမဟုတ်ဘူးလို့ ငါယုံတယ် ခုနက မင်းလုပ်တာက အရမ်းအန္တရာယ်များတယ်၊ အခု စိတ်အေးအေးထားပြီး အိမ်ပြန်ကြည့်ရအောင်"

ဟု ချော့မော့လိုက်သည်။

လီယုဝမ်မှာ သူမ၏ ခံစားချက်ကို မဖော်ပြတတ်တော့ဘဲ မျက်နှာကို လက်ဖြင့်အုပ်ကာ တရှုံ့ရှုံ့ ငိုကြွေးနေမိတော့သည်။ ကျိုးဟောက်ယွီတွင် သူမကို ချော့မြှူနေရန် အချိန်မရှိပေ၊ အကြောင်းမှာ ယခုအခါ ငါးနာရီခွဲခန့် ရှိနေပြီ ဖြစ်သောကြောင့်ပင်။

ထို့ပြင် လီယုဝမ်တို့ အိမ်သို့သွားရန်မှာ နာရီအတော်ကြာ မောင်းရမည်ဖြစ်ရာ သူသည် စက္ကန့်တိုင်းကို အကျိုးရှိရှိ အသုံးချရမည် ဖြစ်သည်။ ပို၍ ဆိုးသည်မှာ မြို့ပြင်သို့ ထွက်လိုက်သည်နှင့် လမ်းမှာ ကျဉ်းမြောင်းကာ ပိတ်ဆို့နေခြင်းပင်။

ကျိုးဟောက်ယွီသည် စိတ်ပူပန်လွန်းသဖြင့် ဟွန်းကို တရစပ် တီးနေမိသည်။ သို့သော် ဟွန်းပျက်သွားအောင် တီးလျှင်ပင် အရာမထင်ဘဲ ကားမှာ ခရုသွားသကဲ့သို့ တရွေ့ရွေ့သာ သွားနေ၏။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်ကို ကြည့်ရင်း ကျိုးဟောက်ယွီမှာ ကွပ်မျက်ခံရမည့်နေ့ကို စောင့်နေသော သေဒဏ်ကျ အကျဉ်းသားတစ်ယောက်ကဲ့သို့ ခံစားနေရသည်။

အသက်ရှင်လိုသော ပြင်းပြသည့် စိတ်ဆန္ဒက သူ့ကို ရူးသွပ်မတတ် ဖြစ်စေသည်။ ခက်ခဲကြမ်းတမ်းသော ခရီးစဉ်အပြီး ည ၁၁ နာရီကျော်မှ လီယုဝမ်တို့ အိမ်သို့ ရောက်ရှိသွားသည်။ ထိုနေရာမှာ အလွန်ခေါင်သဖြင့် ကားမှာ အိမ်ရှေ့အထိ ဝင်၍မရဘဲ လမ်းမကြီးပေါ်တွင်သာ ရပ်ထားခဲ့ရသည်။

ထိုမှတစ်ဆင့် ဆယ်မိနစ်ခန့် လမ်းလျှောက်ဝင်ရပြန်သည်။ လီယုဝမ်တို့ အိမ်မှာ ကောင်းမွန်သော အိမ်မျိုး မဟုတ်ဘဲ ရိုးရှင်းသော အုတ်ညှပ် နှစ်ထပ်အိမ်လေးသာ ဖြစ်သည်။

"မေမေ"

လီယုဝမ်သည် အိမ်ရှေ့တွင် လဲကျနေသော မိခင်ဖြစ်သူကို အဝေးမှ လှမ်းမြင်လိုက်ရသည်နှင့် သည်းထိတ်ရင်ဖိုစွာ အော်ဟစ်ရင်း အပြေးအလွှား သွားတော့သည်။ ဤသည်ကို မြင်လိုက်ရသောအခါ ကျိုးဟောက်ယွီ၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားကာ သူလည်း အမြန်လိုက်သွားသည်။

'သေခြင်းရှင်ခြင်း မှတ်တမ်း' အရ ကျန်းချူလျန်၏ သက်တမ်းမှာ ယနေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။ သို့သော် မည်သည့်အချိန်တွင် ကုန်ဆုံးမည်ကိုမူ ကျိုးဟောက်ယွီ အတိအကျ မသိချေ။ ထို့ကြောင့် ကျန်းချူလျန် သေဆုံးသွားပြီလား၊ သို့မဟုတ် ကယ်တင်ရန် အခွင့်အရေး ရှိသေးသလားဆိုသည်ကို သူ မဝေခွဲနိုင်သေးပေ။

လီယုဝမ်က သူမ၏မိခင်ကို ထူလိုက်သောအခါ ကျန်းချူလျန်၏ မျက်နှာမှာ ပြာနှမ်းနေပြီး နားထင်တွင်လည်း ဖူးယောင်နေသည်ကို ကျိုးဟောက်ယွီ တွေ့လိုက်ရသည်။ သွေးများပင် ခြောက်ကပ်နေပြီဖြစ်ရာ သူမ လဲကျနေသည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှသည်။

ကျန်းချူလျန်မှာ အသက်သိပ်မကြီးသေးသဖြင့် ဤသို့ လဲကျရုံနှင့် ဘာမှမဖြစ်သင့်သော်လည်း၊ သူမ၏ သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ သာမန်ဒဏ်ရာလေးကပင် ပြင်းထန်သော ထိခိုက်မှု ဖြစ်သွားခြင်းပင်။

"မေမေ နိုးပါဦး သမီးကို မခြောက်ပါနဲ့"

လီယုဝမ်မှာ ရင်ကွဲမတတ် ငိုကြွေးနေပြီး သူမ၏ မျက်ရည်များမှာ မိခင်ဖြစ်သူ၏ မျက်နှာပေါ်သို့ ပုလဲကုန်းပြတ်သကဲ့သို့ တဖွဲဖွဲ ကျဆင်းနေသည်။

သို့သော် မည်မျှပင် ခေါ်စေကာမူ ကျန်းချူလျန်မှာ သေလူတစ်ယောက်ကဲ့သို့ ဘာမှမတုံ့ပြန်ချေ။ ထိုစဉ် လီယုဝမ်၏ မောင်ဖြစ်သူ လီကျားတုန်း မှာ အပေါ်ထပ်မှ အသံများကြားသဖြင့် ပြေးဆင်းလာသည်။ သတိလစ်နေသော မိခင်ဖြစ်သူကို လီယုဝမ် ပွေ့ချီထားသည်ကို မြင်သောအခါ လီကျားတုန်း မှင်တက်သွားကာ

"မမ မေမေ ဘာဖြစ်တာလဲ"

ဟု မေးရှာသည်။

လီယုဝမ်မှာ ဝမ်းနည်းလွန်းသဖြင့် သူမ၏ ဒေါသများကို မောင်ဖြစ်သူထံ ပုံချလိုက်တော့သည်။

"နင်က ဘယ်လိုဖြစ်နေတာလဲ မေမေ အိမ်ရှေ့မှာ လဲနေတာ ဒီလောက်ကြာတာတောင် နင် ဘာလို့ မသိရတာလဲ နင်ကရော သူ့သားလို့ အခေါ်ခံရဖို့ တန်ရဲ့လား"

ဟု မျက်ရည်များကြားမှ စိုက်ကြည့်ကာ ငေါက်လိုက်သည်။

လီကျားတုန်းက အားငယ်စွာဖြင့်

"မေမေက လယ်ထဲ ခဏသွားကြည့်ဦးမယ်၊ ပြန်လာခဲ့မယ်လို့ ပြောသွားတာလေ ကျွန်တော်က မနက်ဖြန် စာမေးပွဲရှိလို့ စောစောအိပ်လိုက်တာပါ မေမေ ပြန်ရောက်နေပြီ ထင်လို့ပါ၊ အခုလို ဖြစ်မယ်မှန်း ဘယ်သူသိမှာလဲ"

ဟု ပြန်ပြောရှာသည်။

ယခုအချိန်တွင် ကျိုးဟောက်ယွီမှာ သူတို့ ရန်ဖြစ်နေသည်ကို နားထောင်နေရန် အချိန်မရှိသဖြင့် ကျန်းချူလျန်၏ နှာခေါင်းအောက်တွင် လက်တင်ကာ အသက်ရှူနှုန်းကို အမြန်စစ်ဆေးလိုက်သည်။ ကျန်းချူလျန်မှာ အသက်ရှူနေသေးသော်လည်း အလွန်အားနည်းကာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေ၏။

"ရန်မဖြစ်ကြနဲ့တော့၊ အသက်ကယ်ဖို့က အဓိကပဲ"

ကျိုးဟောက်ယွီက အော်ဟစ်လိုက်သည်။

ကျန်းချူလျန်မှာ အသက်ရှူနေသေးကြောင်း သိလိုက်ရသည်နှင့် ဆွန်းချန်က ချက်ချင်းပင်

"ဒါဆို ဘာစောင့်နေဦးမှာလဲ အဒေါ်ကြီးကို ဆေးရုံအမြန်ပို့ကြစို့"

ဟု ဆိုကာ ကူညီရန် ပြင်သည်။

ကျိုးဟောက်ယွီ လာရာလမ်းတစ်လျှောက်တွင် ဆေးရုံတစ်ရုံမျှ မတွေ့ခဲ့သဖြင့် အနီးအနားတွင် ဆေးရုံရှိမရှိ သူ မသိပေ။

"ယုဝမ် အနီးဆုံး ဆေးရုံက ဘယ်လောက်ဝေးလဲ"

"အနီးဆုံး ခရိုင်ဆေးရုံက မိနစ်လေးဆယ်လောက် မောင်းရတယ်"

လီယုဝမ်က မသေချာစွာ ဖြေရှာသည်။

ကျိုးဟောက်ယွီ အချိန်ကို ကြည့်လိုက်ရာ ၁၁ နာရီခွဲ ရှိနေပြီ ဖြစ်သည်။ ဆေးရုံသို့ ညသန်းခေါင်ကျော်မှ ရောက်မည်ဆိုလျှင် နောက်တစ်နေ့ ဖြစ်သွားပေလိမ့်မည်။ ယနေ့မှာ ကျန်းချူလျန်၏ သက်တမ်းကုန်ဆုံးမည့်နေ့ ဖြစ်သဖြင့် ညသန်းခေါင် မတိုင်မီ သူမကို သေမင်းလက်မှ ပြန်လည်ဆွဲယူရပေမည်။ မဟုတ်လျှင် နတ်ဘုရားပင် ကယ်နိုင်မည် မဟုတ်ဘဲ သူမမှာ အသက်မဲ့ခန္ဓာ ကဲ့သို့သာ ဖြစ်သွားပေလိမ့်မည်။

ကျိုးဟောက်ယွီ ကားကို အမြန်မောင်း၍ ညသန်းခေါင်မတိုင်မီ ဆေးရုံသို့ ရောက်အောင် သွားနိုင်သည်ဆိုဦးတော့၊ ခရိုင်ဆေးရုံ၏ ဆေးကုသမှု စွမ်းရည်မှာ အကန့်အသတ် ရှိနေမည်မှာ သေချာသည်။ ယခုအချိန်တွင် ကျိုးဟောက်ယွီသည် ကျန်းချူလျန်၏ အသက်နှင့် လောင်းကြေးမထပ်ဝံ့ပေ။

အကျပ်ရိုက်နေသော ကျိုးဟောက်ယွီသည် 'ရှန်နုန်ဆေးကျမ်း' မှ သူ သင်ယူထားသော ပညာရပ်များကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

"ယုဝမ် ငါ မင်းတို့နဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိတယ် မင်းတို့ မောင်နှမနှစ်ယောက်စလုံး သေချာနားထောင်ပါ"

ကျိုးဟောက်ယွီက အလွန်ပင် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ လီယုဝမ်သည် ကျိုးဟောက်ယွီကို စတွေ့ကတည်းက ဤမျှအထိ တည်ငြိမ်လေးနက်နေသည်ကို တစ်ခါမျှ မမြင်ဖူးသဖြင့် သူမပါ ထိတ်လန့်လာရသည်။

"အစ်ကိုဟောက်ယွီ ဘာဖြစ်လို့လဲဟင်"

လီယုဝမ်က ကြောက်ကြောက်လန့်လန့်ဖြင့် မေးသည်။

ကျိုးဟောက်ယွီ အသက်ကို ပြင်းပြင်းရှူကာ ပြတ်ပြတ်သားသား ပြောလိုက်သည်

"အဒေါ်ကြီးက ညသန်းခေါင်မတိုင်ခင် ဆုံးသွားလိမ့်မယ်လို့ ငါ အတတ်ပြောနိုင်တယ် ဒါကြောင့် ဆေးရုံပို့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး၊ အခု ငါ့ကို နောက်ဆုံးတစ်ခါ ထပ်ယုံပေးပါ ငါ့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အဒေါ်ကြီးကို ကယ်ချင်တယ် မင်းတို့ မောင်နှမနှစ်ယောက် သဘောတူလား"

All Chapters