← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

71

ကျန်းချူလျန်သည် သူမမျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးအားအင်ချည့်ခိုင်စွာဖြင့် တစ်ခွန်းချင်း ပြောလိုက်သည်။

"ကြားရတယ်"

ဤစကားကို ကြားလိုက်ရမှသာ လီယုဝမ်လည်း ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။ လီယုဝမ်သည် မိခင်ဖြစ်သူ၏ မျက်နှာကို လက်ဖြင့် အုပ်ကိုင်ချင်သော်လည်း ကျန်းချူလျန်၏ ဦးခေါင်းတွင် ငွေအပ်များ စိုက်ထားဆဲ ဖြစ်သဖြင့် ဘာမှမလုပ်ရဲဘဲ ကြည့်နေရုံသာ တတ်နိုင်ရှာ၏။ ကျန်းချူလျန် နိုးလာပြီဆိုသော်ငြား ဤသည်မှာ သေမင်းလက်မှ ပြန်လည်လွတ်မြောက်လာခြင်းကိုသာ သက်သေပြနိုင်သေးပြီး ရောဂါမှာမူ အမြစ်ပြတ်သေးသည်မဟုတ်ချေ။

"ယုဝမ် ခဏဖယ်ပေးဦး၊ ငါ ထပ်စစ်ဆေးကြည့်ရအောင်"

ကျိုးဟောက်ယွီ ပြောလိုက်သည်နှင့် လီယုဝမ် အမြန်ဖယ်ပေးလိုက်သည်။ သူမသည် ကျိုးဟောက်ယွီ၏ စွမ်းဆောင်ချက်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး ဖြစ်ရာ သူသည် မိခင်ဖြစ်သူကို အမှန်တကယ် ကုသပေးနိုင်သူဟု ယုံကြည်သွားပြီဖြစ်သည်။ ကျိုးဟောက်ယွီ အသက်ကိုအောင့်ကာ ကျန်းချူလျန်၏ အခြေအနေကို သေချာကြည့်ရှုလိုက်ရာ သွေးကြောများမှာ အနည်းငယ်သာ ပွင့်သေးသည်ကို တွေ့ရ၏။ ထို့ကြောင့် သူသည် အားအနည်းငယ် သုံးကာ စိုက်ထားသော ငွေအပ်များကို အနည်းငယ်မျှစီ ထပ်မံ ဖိသွင်းလိုက်သည်။ ရုတ်တရက်ဆိုသလို ကျန်းချူလျန်၏ မျက်ခုံးများ တွန့်ချိုးသွားကာ အလွန်အမင်း နာကျင်မှုကို အောင့်ထားရသလို မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတော့သည်။ ဤသည်ကို မြင်လိုက်ရသောအခါ လီယုဝမ် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြန်ပြီးငိုသံပါကြီးဖြင့် မေးရှာသည်။

"အစ်ကိုဟောက်ယွီ၊ အမေ ဘာဖြစ်ပြန်တာလဲဟင်"

"ဝေါ့"

ကျိုးဟောက်ယွီ ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ကျန်းချူလျန်သည် သွေးပုပ်များကို အန်ထုတ်လိုက်တော့သည်။ ဤသည်ကို မြင်လိုက်ရသောအခါ လီကျားတုန်းမှာ ကုတင်ဘေးရှိ ကျိုးဟောက်ယွီကို လှမ်းဆွဲကာ အော်ဟစ်လိုက်၏။

"ခင်ဗျား ကျွန်တော့်အမေကို ဘာလုပ်လိုက်တာလဲ"

ကျိုးဟောက်ယွီ ဘာမှမပြောရသေးခင်မှာပင် ဆွန်းချန်မှာ လီကျားတုန်းကို ဆွဲဖမ်းလိုက်ပြီး ပြန်ဟောက်လိုက်သည်။

"ငါ့အစ်ကိုကို အဲဒီလို လာမပြောနဲ့၊ မင်း သတ္တိရှိရင် ငါ့ကို လာပြောစမ်း"

"တော်ကြစမ်း"

ကျိုးဟောက်ယွီမှ ဒေါသတကြီး အော်လိုက်ပြီးမှ တည်ငြိမ်စွာပင် ရှင်းပြလိုက်သည်။

"အဒေါ့်ရဲ့ သွေးကြောတွေ ပိတ်နေတာပါ၊ အခု အဲဒီသွေးပုပ်တွေ အန်ထုတ်လိုက်ပြီဆိုတော့ အဆင်ပြေသွားပါပြီ"

အားလုံးမှာ မှင်တက်သွားကြပြီးမှ ကျန်းချူလျန်ကို လှည့်ကြည့်လိုက်ရာ သူမမျက်နှာမှာ လန်းဆန်းလာပြီး အသက်ရှူနှုန်းမှာလည်း ပို၍ မှန်ကန်အားကောင်းလာသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ လူတိုင်း သက်ပြင်းချနိုင်တော့၏။ ကျန်းချူလျန် ဘေးကင်းသွားပြီဖြစ်ကြောင်း ကျိုးဟောက်ယွီ နားလည်လိုက်သည်။ သူ ငွေအပ်များကို သိမ်းဆည်းလိုက်ရင်း တွေးနေမိသည်။

‘ရှန်းနုန်ရဲ့ အပ်စိုက်ပညာက တကယ်ကို အစွမ်းထက်တာပဲ၊ ငါသာ ကျင့်ကြံခြင်းအစွမ်းတွေ ရှိနေမယ်ဆိုရင် အနာဂတ်မှာ တကယ်ကို အံ့မခန်းဖြစ်လာမှာပဲ’

အစွမ်းအထက်ဆုံး နောက်ဆုံးအကွက်မှာ သေလူကိုပင် ပြန်ရှင်စေနိုင်သော်လည်း ကံမကောင်းစွာဖြင့် ကျိုးဟောက်ယွီတွင် ကျင့်ကြံခြင်းစွမ်းအား မရှိသဖြင့် ယင်းကိုအသုံးမပြုနိုင်ချေ။

"အမေ"

လီယုဝမ်နှင့် လီကျားတုန်းတို့မှာ ပြိုင်တူခေါ်လိုက်ကြပြီး မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ကြသည်။

"ယုဝမ်၊ အဒေါ်က အားနည်းနေသေးတယ်၊ သူမအတွက် စားစရာ တစ်ခုခု သွားပြင်ပေးလိုက်ဦး"

ကျိုးဟောက်ယွီမှာ ဆွန်းချန်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်ကာ သူတို့ သားအမိ သုံးယောက်တည်း ရှိနေစေရန် အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။ ဆွန်းချန်မှာ အလွန်အမင်း သိချင်စိတ်များဖြင့် အပြင်သို့ လိုက်လာခဲ့သည်။

"မင်းကို ငါ မမှတ်မိတော့သလိုပဲ"

ဆွန်းချန်မှာ ကျိုးဟောက်ယွီကို ဆေးလိပ်တစ်လိပ် ကမ်းပေးသော်လည်း ကျိုးဟောက်ယွီ ငြင်းလိုက်သည်။

"ဘာလို့ မမှတ်မိရမှာလဲ၊ ငါက အရင်က ဟောက်ယွီပါပဲ"

ကျိုးဟောက်ယွီ အိမ်ရှေ့လှေကားထစ်တွင် ထိုင်ချလိုက်သည်။ သူသည် အရင်က လူအတိုင်းပင် ဖြစ်ပြီး အရပ်အမောင်း၊ ကိုယ်အလေးချိန်နှင့် ရုပ်ရည်မှာ ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော် ဆွန်းချန်အဖို့မှာမူ ကျိုးဟောက်ယွီ၏ ပတ်ပတ်လည်တွင် နားမလည်နိုင်သော လျှို့ဝှက်ချက်များစွာ ရှိနေသကဲ့သို့ ခံစားနေရသည်။။ ထို့နေက ဘားမှာ ကျိုးဟောက်ယွီ ပြသခဲ့သည့် သတ္တိနှင့် အရည်အချင်း၊ ယနေ့ ပြသခဲ့သည့် ဆေးပညာ၊ နောက်ပြီး Wahaha Group နှင့် သူ၏ ပတ်သက်မှု ဤအရာအားလုံးမှာ ဆွန်းချန်အတွက် ထူးဆန်းနေပြီး မည်သို့မျှ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေသည်။ အဆုံးမှာတော့ သူတို့နှစ်ယောက်စလုံးမှာ ကွန်ပျူတာသိပ္ပံ ကျောင်းသားများ မဟုတ်ပါလား။

"အရင်က စာမကြိုးစားတဲ့ လူငယ်တွေဟာ ကြီးလာရင် ကွန်ပျူတာ ရောင်းစားရလိမ့်မယ်"

သူတို့ အမြဲ နောက်ပြောင်ခဲ့ဖူးသည်။ သို့သော် ယင်းမှာ ဆေးပညာနှင့်တော့ လုံးဝ သက်ဆိုင်ခြင်းမရှိပေ။

"မင်း အရင်ကထက် အများကြီး ပြောင်းလဲသွားတယ်လို့ ငါထင်တယ်၊ ပိုကောင်းတဲ့ ဘက်ကို ပြောင်းလဲသွားတာပါ၊ မင်းရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ မင်းအတွက် ဝမ်းသာပါတယ်"

ဆွန်းချန်မှာ သူ့ရင်ဘတ်ကို ပုတ်ပြရင်း ကျိုးဟောက်ယွီကို အလေးအနက် ပြောလိုက်သည်။ ကျိုးဟောက်ယွီ ဘာမှထူးထူးခြားခြားမတုံ့ပြန်ဘဲ ပြုံးရုံသာ ပြုံးလိုက်၏။ သူနှင့် ဆွန်းချန်ကြားတွင် ခိုင်မာသော သံယောဇဉ် ရှိပြီးသားဖြစ်သလို၊ ယခုအခါ လီယုဝမ်နှင့်လည်း ဆုံတွေ့ခဲ့ရပြီ ဖြစ်ရာ သူ အလွန်ပျော်ရွှင်နေပြီး အနာဂတ်အတွက်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ မြို့ပြင်ဖြစ်သဖြင့် မြင့်မားသော အဆောက်အဦးများ မရှိဘဲ ကောင်းကင်ယံတစ်ခုလုံးကို ကြယ်အစုံဖြင့် မြင်တွေ့နေရသည်။ ကျန်းချူလျန်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ရာ ကျိုးဟောက်ယွီ၏ ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလည်း လျော့ကျသွားသလို ခံစားရသည်။ ကြယ်များကို ခဏမျှ ကြည့်နေပြီးနောက် လီယုဝမ်သည် အငွေ့တထောင်းထောင်း ထနေသော ခေါက်ဆွဲပန်းကန် တစ်လုံးကို ကိုင်ကာ ထွက်လာခဲ့သည်။

"အစ်ကိုဟောက်ယွီ၊ ကျေးဇူးအများကြီး တင်ပါတယ်"

လီယုဝမ်မှာ ကျိုးဟောက်ယွီကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်ကာ ခေါက်ဆွဲကမ်းပေးလိုက်သည်။ ကျိုးဟောက်ယွီ အသာအယာ ပြုံးလိုက်ပြီး ဆိုသည်။

"ဘာမှမဟုတ်ပါဘူး၊ စိတ်ထဲမထားနဲ့"

ဆွန်းချန်မှာ အနည်းငယ် မနာလိုဖြစ်သွားဟန်ဖြင့် မတ်တပ်ရပ်လိုက်ကာ မေးလိုက်သည်။

"ယုဝမ်၊ မင်းက ဘာလို့ သူ့ကိုပဲ ခေါက်ဆွဲ ပေးတာလဲ၊ ငါ့အတွက်ကော"

"အစ်ကိုဟောက်ယွီက အပင်ပန်းခံထားတာလေ၊ ဒါကြောင့် ညီမက သူ့ကို ပြန်ပေးဆပ်ရမှာပေါ့၊ အစ်ကို စားချင်ရင်တော့ အထဲမှာ သွားယူလိုက်လေ"

လီယုဝမ်မှာ အတည်အပေါက်ပြောလိုက်သည်။

"ကောင်းပါပြီဗျာ၊ မင်းတို့ကတော့ တကယ်ကို ဟုတ်နေကြတာပဲ"

ဆွန်းချန် သူတို့ကိုတစ်ချက်ကြည့်ကာ အထဲသို့ အမြန်ဝင်သွားတော့သည်။ ထိုနေ့တွင် ကျိုးဟောက်ယွီသည် တိုက်ပွဲနှစ်ကြိမ် ရင်ဆိုင်ခဲ့ရသလို ကျန်းချူလျန်ကိုလည်း သေမင်းလက်မှ ဆွဲယူခဲ့ရ၏။ သူသည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေသလို ဗိုက်မှာလည်း ဆာလွန်းသဖြင့် ထုံနေပြီဖြစ်သည်။

"တကယ် အရသာရှိတာပဲ"

ခေါက်ဆွဲကို အားရပါးရစားရင်း ကျိုးဟောက်ယွီ၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးများ ပြည့်နှက်နေသည်။ ကျိုးဟောက်ယွီ အရသာရှိရှိစားနေသည်ကို မြင်ရသောအခါ လီယုဝမ်လည်း အလွန်ဝမ်းသာသွားရ၏။ သို့သော် အရင်ကဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရသွားသောအခါ သူမအပြုံးများ ပျောက်ကွယ်သွားပြီး အားနာစွာဖြင့် ဆိုသည်။

"အစ်ကိုဟောက်ယွီ၊ ညီမ တောင်းပန်ပါတယ်၊ အရင်က အစ်ကို့ကို နာကျင်စေမယ့် စကားတွေ ပြောခဲ့မိတယ်"

လီယုဝမ်၏ နောင်တရနေသော မျက်နှာကို မြင်လိုက်ရသောအခါ ကျိုးဟောက်ယွီသည် ခေါက်ဆွဲပန်းကန်ကို ချလိုက်ပြီး သူမပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အလေးအနက် ပြောလိုက်သည်။

"ငါတို့ စတွေ့ကတည်းက မင်းက ငါ့ရဲ့ ညီမလေး ဖြစ်ခဲ့ပြီးသားပါ၊ အခုကစပြီး မင်းရဲ့ ကိစ္စတွေဟာ ငါ့ရဲ့ ကိစ္စတွေပဲ၊ မင်း ငါ့ဆီကနေ လွတ်အောင် မပြေးနိုင်တော့ဘူး၊ ဒါကြောင့် အဲဒီလို မိုက်မဲတဲ့ စကားတွေကို နောက်တစ်ခါ ထပ်မပြောနဲ့တော့"

"အစ်ကိုဟောက်ယွီ"

လီယုဝမ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များ ဝဲလာကာ ကျိုးဟောက်ယွီ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။ ထိုစဉ် လီကျားတုန်းသည် ပန်းသီးတစ်လုံးကိုင်ကာ အပြင်သို့ ထွက်လာရာ ဤမြင်ကွင်းကို မြင်ပြီး မှင်တက်သွား၏။ သူသည် လီယုဝမ်နှင့် ကျိုးဟောက်ယွီတို့၏ ပတ်သက်မှုကို သေချာမသိသော်လည်း ဤအချိန်တွင် သူတို့ကို မနှောင့်ယှက်သင့်မှန်းတော့ သိသည်။

"ကဲ မငိုပါနဲ့တော့၊ အကယ်၍ မင်းရဲ့ အတန်းဖော်က မင်းကို ထပ်နှောင့်ယှက်ရင် ငါ့ကိုသာ ပြောလိုက်၊ သူက ဒုတိယမျိုးဆက် ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် မင်းကို မထိခိုက်သရွေ့ ငါဘာမှမကြောက်ဘူး"

ကျိုးဟောက်ယွီ လီယုဝမ်၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးရင်း ချော့မော့လိုက်သည်။ လီယုဝမ်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရ၏။ ကျိုးဟောက်ယွီသည် သူမအတွက် အသက်ကိုပင် ပဓာနမထားဘဲ ရင်ဆိုင်ပေးခဲ့သူ ဖြစ်ရာ သူမမှာ အားနာစိတ်နှင့် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေသည်။ ထိုစဉ် ဆွန်းချန်သည် ခေါက်ဆွဲစားရင်း အပြင်သို့ ထွက်လာသည်။ လီကျားတုန်း မှင်တက်ကာ ရပ်နေသည်ကို မြင်သောအခါ သူပြုံးလိုက်ပြီး ပြောလိုက်သည်။

"ညီလေး၊ သိပ်ပြီး အများကြီး မတွေးပါနဲ့၊ ငါတို့က မင်းရဲ့ အစ်မကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာပါ၊ တခြား ဘာမှမရှိပါဘူး"

"ကျွန်တော် ကျွန်တော်"

လီကျားတုန်း ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပန်းသီးကို ကျိုးဟောက်ယွီထံ ကမ်းပေးလိုက်ကာ ရိုးရိုးသားသား ဆိုရှာသည်။

"အစ်ကိုဟောက်ယွီ၊ ကျွန်တော် တောင်းပန်ပါတယ်၊ ခုနက ကျွန်တော် အရမ်း စိတ်လိုက်မာန်ပါ ဖြစ်သွားမိတယ်"

ကျိုးဟောက်ယွီမှာ သူ့ခံစားချက်ကို နားလည်သဖြင့် ပန်းသီးကို ပြုံးလျက် ယူလိုက်ကာ ဆိုလိုက်သည်။

"ရပါတယ်၊ မင်းက အဒေါ့်အတွက် အရမ်းစိတ်ပူနေလို့ဆိုတာ ငါနားလည်ပါတယ်"

လီကျားတုန်းမှာ အရပ်ရှည်ပြီး ဗလတောင့်တောင့် ဖြစ်နေသည်ကို ကျိုးဟောက်ယွီ သတိပြုမိသည်။ အာဟာရချို့တဲ့ပုံပေါက်သော လီယုဝမ်နှင့် လုံးဝ မတူချေ။ ထို့ပြင် သူသည် တက်ကြွလန်းဆန်းပြီး ချောမောသော လူငယ်လေးတစ်ဦးလည်း ဖြစ်သည်။ လီကျားတုန်းမှာ အလွန်ရိုးသားသော သူတစ်ဦးဖြစ်ပြီး အလွန်အမင်း စိတ်ပူမှသာ ဤသို့ ပြုမူတတ်သူဖြစ်၏။ ယခုလည်း သူသည် ဘာပြောရမှန်းမသိဘဲ ရိုးသားဖြူစင်သော အပြုံးဖြင့်သာ ကြည့်နေတော့သည်။

"နင် မနက်ဖြန် စာမေးပွဲရှိတယ်လို့ ပြောတယ်မလား၊ ဒါဆို အမြန်သွားအိပ်တော့လေ၊ ဒီကိစ္စတွေကို အစ်မပဲကြည့်လုပ်လိုက်မယ်"

လီယုဝမ် မောင်ဖြစ်သူကို နူးညံ့စွာ ပြောလိုက်သည်။ ကျားတုန်းခေါင်းကို အားရပါးရညိတ်ပြလိုက်ပြီး ကျိုးဟောက်ယွီနှင့် ဆွန်းချန်တို့ကို နှုတ်ဆက်ကာ အပေါ်ထပ်သို့ ပြေးတက်သွားတော့၏။

All Chapters