အခန်း ၇၂
Vol. 8 Ch. 72
72
လီယုဝမ်က ကျိုးဟောက်ယွီကို ဇဝေဇဝါဖြစ်နေသော၊ စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့်ကြည့်ကာ မေးလိုက်သည်။
"အစ်ကိုဟောက်ယွီ၊ ဒီရက်ပိုင်း ဘယ်တွေရောက်နေတာလဲ၊ ညီမတို့ ဘယ်မှာရှာရှာ ရှာမတွေ့ဘူး"
ဤမေးခွန်းကို ကြားသောအခါ ဆွန်းချန်လည်း သံသယများစွာဖြင့် ထပ်ဆင့်မေးတော့သည်။
"ဟုတ်တယ် မင်း ဘယ်ချောင်သွားကပ်နေတာလဲ၊ ငါတို့ ပင်းဟိုင်တစ်မြို့လုံး အနှံ့ရှာတာတောင် မင်းအရိပ်အယောင်တောင် မတွေ့ဘူး"
"ဟူး"
ကျိုးဟောက်ယွီမှာ သက်ပြင်းအရှည်ကြီးတစ်ချက်ချကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"အခြေအနေက နည်းနည်းတော့ အန္တရာယ်များခဲ့တယ်၊ ဒါပေမဲ့ မင်းတို့ ငါ့အတွက် စိတ်မပူပါနဲ့တော့၊ အခု ငါဘေးကင်းနေပြီပဲဟာ"
"ဒါဆို အစ်ကို ဘာတွေဖြစ်ခဲ့တာလဲ"
လီယုဝမ် စိုးရိမ်တကြီးဖြင့် ကျိုးဟောက်ယွီ၏စကားကို ဖြတ်မေးသည်။ ကျိုးဟောက်ယွီမှာ သူမကို စိတ်အေးစေရန် တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေ၏။
"ငါ ပြန်ပေးဆွဲခံလိုက်ရတာလို့ ထင်တာပဲ"
"ဟေ၊ မင်း တကယ်ပဲ ချမ်းသာတဲ့မိန်းမတစ်ယောက်ရဲ့ ပြန်ပေးဆွဲခံလိုက်ရတာလား၊ သူမက မင်းကို နှိပ်စက်သေးလား"
ခေါက်ဆွဲများ ပါးစပ်ထဲ ရှိနေဆဲဖြစ်သော ဆွန်းချန်မှာ ကျိုးဟောက်ယွီကို မျက်လုံးများ အရောင်တောက်လျက် ကြည့်နေသည်။ ကျိုးဟောက်ယွီ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်ကြည့်လိုက်ပြီး လက်ထဲမှ ပန်းသီးအူတိုင်ဖြင့် သူ့ကို လှမ်းပေါက်လိုက်၏။ ဆွန်းချန်မှာ ပန်းသီးကို ရှောင်လိုက်သော်လည်း သူ အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်စဉ် ဖိနပ်အောက်ခြေမှ ချော်သွားပြီး ခေါက်ဆွဲပန်းကန်ကို ကိုင်လျက် ပက်လက်လန်လဲကျသွားတော့သည်။ ခေါက်ဆွဲဖတ်နှင့် ဟင်းရည်များမှာမူ သူ့မျက်နှာတစ်ခုလုံးအပေါ်သို့ ကျလာလေသည်။
“ဝုန်း"
"ဟားဟား"
လီယုဝမ်မှာ ဗိုက်ကိုနှိပ်ကာ အားရပါးရ ရယ်မောတော့သည်။ ကျိုးဟောက်ယွီမှာ ဆွန်းချန်ကို မကျေမချမ်းကြည့်ကာ အေးအေးဆေးဆေး ဆို၏။
"တွေ့လား၊ မင်း ဝဋ်လည်တာပဲ"
ဆွန်းချန်မှာ ထရပ်ကာ မျက်နှာပေါ်မှ ခေါက်ဆွဲဖတ်များကို ဖယ်ရှားလိုက်ပြီး ဒေါသများ ဆူပွက်နေသော်လည်း မည်သူ့ကိုမှ အပြစ်တင်၍ မရချေ။ ချော်လဲသည်မှာလည်း မိမိအပြစ်သာ ဖြစ်သည်။
"သိပ်ပြီး အထင်မကြီးနဲ့ဦး၊ ငါ အပြင်ရောက်မှ တွေ့ကြသေးတာပေါ့"
ဆွန်းချန် ကျိုးဟောက်ယွီကို စိုက်ကြည့်ကာ လီယုဝမ်ကို နူးညံ့စွာ မေးလိုက်သည်
"ယုဝမ်၊ သန့်စင်ခန်းက ဘယ်မှာလဲ"
လီယုဝမ်မှာလှည့်ပြီး အတွင်းခန်းဘက်ကို ညွှန်ပြကာ ဖြေသည်။
"အထဲကိုဝင်ပြီး ဘယ်ဘက်ကို ချိုးလိုက်ရုံပါပဲ"
အမှန်စင်စစ် ကျိုးဟောက်ယွီပျောက်ကွယ်သွားသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ ဟိုတယ်တွင် သူပြန်ပေါ်လာသောအခါ ရင်ဘတ်တွင် ခြေရာကြီးတစ်ခုနှင့် အဝတ်အစားများမှာလည်း ရွှံ့များပေကျံနေ၏။ လီယုဝမ်မှာ သူလွတ်မြောက်လာရန် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရမည်မှန်း သိနေသဖြင့် အလွန်ပင် စိုးရိမ်နေဆဲ ဖြစ်သည်။
"အစ်ကိုဟောက်ယွီ၊ အစ်ကို့ကို ဘယ်သူတွေက ပြန်ပေးဆွဲတာလဲ"
လီယုဝမ်မှာ တုန်တုန်ရင်ရင်ဖြင့် မေးသည်။ လီယုဝမ်မှာ ဤအကြောင်းများကို သိပြီးသားဖြစ်သလို ကျိုးဟောက်ယွီတွင်လည်း ဖုံးကွယ်ထားစရာ မရှိသဖြင့် အမှန်အတိုင်း ပြောပြလိုက်၏။
"ဟိုတစ်ခေါက် ငါ့ကိုကျန်းမာရေးဌာနကို လိမ်ခေါ်သွားတဲ့ လူတွေပဲလို့ ထင်တာပဲ၊ ဘာလို့လဲဆိုတော့ ငါ့ကို ဖမ်းသွားတဲ့လူတွေကလည်း ငါ့ခန္ဓာကိုယ်ထဲက ပစ္စည်းတွေကို ယူချင်တယ်လို့ ပြောကြလို့ပဲ၊ သူတို့က ငါ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ရောင်းဖို့ ကြံနေကြတာ သေချာတယ်"
လူ့ကိုယ်တွင်းအင်္ဂါများ ရောင်းစားသည့် အဖွဲ့အစည်းဖြစ်ကြောင်း ကြားလိုက်ရသောအခါ လီယုဝမ်မှာ လုံးဝ ထိတ်လန့်သွားကာ စကားပင် မပြောနိုင်တော့ချေ။
"ရပါတယ်၊ မင်းရဲ့ အစ်ကိုဟောက်ယွီက သန်မာပါတယ်၊ အဲဒီလိုကောင်တွေက ငါ့ကို မယှဉ်နိုင်ပါဘူး၊ ငါ လွတ်အောင် ပြေးနိုင်ခဲ့တာပဲ ကြည့်လေ"
ကျိုးဟောက်ယွီမှာ ဘာမှမဖြစ်သလို ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်မူ တွေးနေမိသည်။
‘ဒီအဖွဲ့အစည်းက ငါ့ကို မျက်စိကျနေပုံရတယ်၊ နောင်ကျရင် ပိုသတိထားရမယ်’
လီယုဝမ်မှာ ဤစကားကို ကြားသောအခါ အားနာစိတ်များ ဝင်လာပြီး ကြည်လင်သော မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာကာ ပြောလိုက်သည်။
"ဒါတွေအားလုံးက ညီမအပြစ်တွေပါ၊ ညီမသာ အစ်ကို့ကို မလိမ်ခဲ့ရင် အစ်ကို အခုလို ပြန်ပေးဆွဲခံရမှာ မဟုတ်ဘူး"
"ကလေးမလေးရာ အများကြီးမတွေးစမ်းပါနဲ့၊ သူတို့ ငါ့ကို ဖမ်းသွားရင်တောင် ဘာမှမဖြစ်ပါဘူး၊ ငါက ပြန်မချတတ်တဲ့ သစ်တုံးမှမဟုတ်တာ"
ကျိုးဟောက်ယွီမှာ သူမမျက်နှာလေးကို လက်ဖြင့် အုပ်ကိုင်ကာ နူးညံ့စွာ ချော့မော့လိုက်သည်။
"ကဲ၊ ဒီနေ့ မင်း ငိုတာများနေပြီ၊ ထပ်ငိုနေရင် မျက်လုံးတွေ ပျက်စီးကုန်တော့မယ်"
ကျိုးဟောက်ယွီကို စိတ်မပူစေရန် လီယုဝမ်မှာ မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းကို အားရပါးရ ညိတ်ပြလိုက်သည်။ သို့သော် တစ်ရက်တည်းမှာပင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သဖြင့် လီယုဝမ်တွင် သိလိုသော မေးခွန်းများစွာရှိနေ၏။ ဥပမာအားဖြင့် ကျိုးဟောက်ယွီသည် ဤရက်ပိုင်းအတွင်း သူမ၏ဖုန်းခေါ်ဆိုမှုများကို ဘာကြောင့် မကိုင်ခဲ့သနည်း။ ပြီးနောက် ယနေ့တွင် ဘာကြောင့် ရုတ်တရက် ပေါ်လာပြီး သူမကို ကယ်တင်ခဲ့သနည်း။ နောက်ထပ် မေးခွန်းတစ်ခုမှာ ကျိုးဟောက်ယွီသည် ကျန်းချူလျန် ယနေ့ မတော်တဆဖြစ်မည်ကို မည်သို့အတတ်သိနေသနည်း။ ညသန်းခေါင်မတိုင်မီ သေဆုံးလိမ့်မည်ဟုပင် အဘယ်ကြောင့် ပြောနိုင်ခဲ့သနည်း။
လီယုဝမ်ကို အံ့ဩစေဆုံးအချက်မှာ ကျိုးဟောက်ယွီသည် အလွန်ထူးချွန်သော ဆေးပညာကို ပိုင်ဆိုင်ထားပြီး သေလုနီးပါးဖြစ်နေသော ကျန်းချူလျန်ကို အလွယ်တကူပြန်လည်ရှင်သန်လာစေခြင်းပင် ဖြစ်သည်။ လီယုဝမ်သည် ဤအရာအားလုံးကို ရင်ထဲတွင် သိမ်းဆည်းထားရသည်မှာ မသက်မသာဖြစ်သဖြင့် သူ့ကို အကုန်လုံး မေးမြန်းလိုက်တော့သည်။ ကျိုးဟောက်ယွီမှာ လီယုဝမ်အပေါ် လျှို့ဝှက်ချက် မထားတတ်သဖြင့် အဖြစ်မှန်အားလုံးကို ပြောပြလိုက်၏။
"ဟား၊ မင်းက ဒီကလေးမလေးကို 'အာရပ်ပုံပြင်' တွေနဲ့ လာညာနေတာလား"
ထိုစဉ် ဆွန်းချန် အထဲမှထွက်လာပြီး ကျိုးဟောက်ယွီ၏စကားများကို ကြားသွားခြင်းဖြစ်သည်။ လီယုဝမ်၏ အံ့အားသင့်နေသော မျက်နှာကို မြင်လိုက်ရသောအခါ မည်သူမျှ သူ့ကို ယုံမည်မဟုတ်ကြောင်း ကျိုးဟောက်ယွီ ကြိုတင်ခန့်မှန်းပြီးသားဖြစ်၏။ သို့သော် သူအတင်းအကျပ် ယုံခိုင်းနေခြင်းမျိုးမဟုတ်ဘဲ စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ခြင်းသာဖြစ်သည်။
"မင်း ခုနက သုံးလိုက်တဲ့ အပ်စိုက်ပညာကို ရှေးခေတ်က ရှန်းနုန်ဆိုတဲ့သူက သင်ပေးခဲ့တာ ဟုတ်လား"
ဆွန်းချန်မှာ ကျိုးဟောက်ယွီကို စိတ်မနှံ့သူတစ်ဦးကို သနားသလိုမျိုး ကြည့်နေသည်။ ကျိုးဟောက်ယွီပြန်မရှင်းပြတော့ဘဲ အသာပြုံးလိုက်၏။
"သူ မယုံပေမဲ့ ညီမကတော့ ယုံတယ်၊ အစ်ကိုဟောက်ယွီပြောတာ တကယ်ပဲ"
လီယုဝမ်မှာ ကျိုးဟောက်ယွီကို အကြွင်းမဲ့ ယုံကြည်သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောသည်။ ဆွန်းချန် အနားသို့ လာပြီး လီယုဝမ်၏ နဖူးကို စမ်းကြည့်ကာ ပြောလိုက်၏။
"မင်း ဖျားလည်း မဖျားပါဘူး၊ ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လိုက်ပြောနေတာလဲ"
"ညီမ အဓိပ္ပာယ်မရှိပြောနေတာ မဟုတ်ပါဘူး၊ ကောင်းကင်မှာ တကယ်ပဲ နတ်ဘုရားတွေ ရှိပါတယ်၊ ဘာလို့လဲဆိုတော့ အစ်ကိုတို့နှစ်ယောက်က သမီးကို ကာကွယ်ဖို့ဆင်းသက်လာတဲ့ နတ်ဘုရားတွေမို့လို့ပဲ"
လီယုဝမ်မှာ အလေးအနက်ပြောပြီး ကျိုးဟောက်ယွီကို ချိုသာစွာပြုံးပြလိုက်သည်။ သူမ သူ့ကိုယုံကြည်သဖြင့် ကျိုးဟောက်ယွီ ကျေနပ်သွားကာ သူမကို ကြင်နာသော မျက်ဝန်းများဖြင့် ကြည့်နေမိ၏။ အဆုံးမှာတော့ ဤအကြောင်းအရာများသည် ယုံရခက်လွန်းလှသည်။ ကျိုးဟောက်ယွီကိုယ်တိုင်သာ မတွေ့ကြုံခဲ့ရဘဲ တခြားသူတစ်ယောက်မှ ဤအတိုင်း လာပြောမည်ဆိုလျှင် သူလည်း ထိုသူကို အရူးဟု သတ်မှတ်ကာ ရဲတိုင်လိုက်မည်မှာ သေချာသည်။ ဆွန်းချန်က လက်နှစ်ဖက်ကို ပွတ်ကာ မျက်နှာချိုသွေးလျက် မေးလိုက်သည်။
"ဒါနဲ့ မင်းရော ချန်အယ်ကို တွေ့ဖူးလား၊ သူမက တီဗီထဲမှာလို တကယ်လှလား"
ကျိုးဟောက်ယွီမှာ ဆွန်းချန်၏ဉာဏ်ရည်ကိုပင် သံသယဝင်လာကာ တွေးနေမိသည်။
'ချန်အယ်က နတ်သမီးလေ၊ နတ်သမီးလေးလို လှတယ်ဆိုတာ ဘာကိုဆိုလိုသလဲ မင်းမသိဘူးလား သောက်ရူး'
ကျိုးဟောက်ယွီမှာ သူ့ကိုအထင်သေးနေမှန်း သိသွားသော ဆွန်းချန် စိတ်ဆိုးဟန်ဆောင်ကာ ဆိုသည်။
"မင်းကလည်း မကောင်းလိုက်တာ၊ ငါတို့က သူငယ်ချင်းတွေပဲဟာ၊ ငါ့ကိုတော့ ဖုံးကွယ်မထားပါနဲ့၊ နောက်တစ်နေ့ကျရင် ငါ့ကိုလည်း ပြပေးဦးလေ"
ကျိုးဟောက်ယွီမှာတော့ ဘာမှပြန်မပြောဘဲ အပြစ်ကင်းစင်သော မျက်နှာထားဖြင့်သာ ကြည့်နေသည်။ ချန်အယ်ဆိုသည်မှာ နတ်သမီးဖြစ်ပြီး သူ မြင်ချင်တိုင်းမြင်ရသောသူ မဟုတ်ပေ။ ကျိုးဟောက်ယွီကိုယ်တိုင်ပင် သူမကို နေ့တိုင်းမြင်ချင်နေသော်လည်း ယခုအချိန်အထိ တစ်ခါသာတွေ့ဖူးသေးသည်။
"ငါ အကြံပေးချင်တာကတော့ မင်း အဲဒီစိတ်ကူးကို လက်လျှော့ပြီး မင်းရဲ့ ချမ်းသာတဲ့မိန်းမကိုပဲ သွားရှာလိုက်ပါတော့"
ကျိုးဟောက်ယွီမှာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"ဟွန်း ငါ သိသားပဲ၊ မင်းက လျှောက်ပြောနေတာ၊ ဒီလိုအူကြောင်ကြောင် ကောင်မလေးတွေကိုပဲ ညာလို့ရမှာပါ"
ဆွန်းချန်မှာ ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး အပြင်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်သွားတော့သည်။ ကျိုးဟောက်ယွီ လီယုဝမ်ဘက်သို့ လှည့်ကာ မေးလိုက်၏။
"ယုဝမ်၊ အဒေါ့်ရဲ့ အသက်ကိုတော့ ကယ်နိုင်ခဲ့ပြီ၊ ဒါပေမဲ့ သူမရောဂါအဟောင်းတွေကတော့ မပျောက်သေးဘူးထ အဲဒါကြောင့် ဒီနားမှာ တောင်တွေ ဘာတွေရှိလား၊ ငါ မနက်ဖြန် တောင်ပေါ်တက်ပြီး ဆေးဖော်ဖို့ သစ်ဥသစ်ဖုတွေ သွားရှာချင်လို့"
"သစ်ဥသစ်ဖုတွေ"
လီယုဝမ်၏ တောက်ပသောမျက်ဝန်းများတွင် သံသယများဖြင့်ပြည့်နှက်သွားသည်။ ယနေ့ခေတ်တွင် လူများ ဖျားနာလျှင် ဆေးရုံသို့သာ သွားကြပြီး "သစ်ဥသစ်ဖု" ဆိုသည့် စကားလုံးကို ကြားရခဲလှ၏။
"သစ်ပင်ပန်းမန်တွေပေါတဲ့ တောင်ကုန်းလေးဆိုရင် ရပါပြီ၊ ငါ တက်ပြီး ရှာကြည့်လိုက်မယ်၊ တိုင်းရင်းဆေးက အနောက်တိုင်းဆေးထက် ပိုကောင်းတယ်၊ ရောဂါရဲ့အမြစ်ကို ကုပေးနိုင်တာ"
ကျိုးဟောက်ယွီမှာ အမှန်အတိုင်းပြောပြလိုက်တော့သည်။