အခန်း ၇၃
Vol. 8 Ch. 73
73
လီယုဝမ်မှာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် အဝေးတစ်နေရာကို ညွှန်ပြကာ ဆိုသည်။
"ဟိုဘက်တောင်ပေါ်မှာ ရှိမယ်ထင်တယ်၊ အရင်က ညီမသစ်သီးတွေ သွားသွားခူးလေ့ရှိတယ်"
အခုတော့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်နေပြီဖြစ်ရာ ရှေ့တွင် ဘာမှမမြင်ရတော့ချေ။
"ဒါဆိုရင် မနက်ဖြန်ကျမှ ငါ့ကို ခေါ်သွားပေးတော့၊ အခုတော့ နောက်ကျနေပြီဆိုတော့ အရင်နားကြရအောင်"
ကျိုးဟောက်ယွီ ထရပ်လိုက်ပြီး ဘောင်းဘီပေါ်မှ ရွှံ့များကို ခါလိုက်သည်။
"အစ်ကိုဟောက်ယွီ ခဏစောင့်ဦးနော်၊ ညီမ အခန်းကို သွားရှင်းလိုက်ဦးမယ်၊ ဒီညတော့ အစ်ကိုဆွန်းချန်နဲ့ပဲ ပူးကပ်ပြီး အိပ်လိုက်ပါဦး"
လီယုဝမ်မှာ အားနာသံလေးဖြင့် ပြောရှာသည်။ သူမ၏ မိသားစုမှာ ချမ်းသာကြွယ်ဝသူများ မဟုတ်သဖြင့် အိမ်တွင် အခန်းအလုံအလောက် မရှိပေ။
"ရပါတယ်၊ ရှင်းပြီးရင် လှမ်းခေါ်လိုက်လေ"
ကျိုးဟောက်ယွီ နားလည်မှုရှိရှိ ကြည့်ပေးလိုက်ပြီးနောက် အားလုံး အတူတူ အထဲသို့ ဝင်ခဲ့ကြသည်။ သူ ကျန်းချူလျန်၏ အခန်းဘက်ကို တစ်ချက်ကြည့်လိုက်ရာ သူမ အိပ်ပျော်နေသည်ကို တွေ့ရသဖြင့် စိတ်အေးလက်အေး ပြန်ထွက်လာခဲ့၏။ ကံကောင်းစွာဖြင့် အချိန်မီ ရောက်လာခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် ကျိုးဟောက်ယွီတစ်ယောက် တစ်သက်လုံး နောင်တရနေမိပေလိမ့်မည်။ လီယုဝမ်မှာ အလွန်အလိုက်သိပြီး အိမ်မှုကိစ္စ ကျွမ်းကျင်သူဖြစ်ရာ ခဏချင်းအတွင်းမှာပင် အခန်းကို သန့်ရှင်းရေး လုပ်ပေးလိုက်သည်။ အပြင်ဘက်တွင်လည်း အလွန်မှောင်နေပြီး ကြည့်စရာ ဘာမှမရှိသဖြင့် ဆွန်းချန်လည်း ဟိုကြည့်ဒီကြည့်လုပ်ကာ ပြန်ဝင်လာ၏။
"ဒီညတော့ ဒီမှာပဲ အဆင်ပြေသလို အိပ်လိုက်ကြပါဦး"
လီယုဝမ် ရိုးရှင်းသော ကုတင်လေးကို ညွှန်ပြရင်း ချိုသာစွာ ပြုံးပြသည်။
"မင်းလည်း သွားနားတော့လေ၊ ကောင်းသောညပါ"
ကျိုးဟောက်ယွီမှာ သူမကို လက်ပြလိုက်သည်။ လီယုဝမ် ထွက်သွားပြီးနောက် ကျိုးဟောက်ယွီသည် ဆွန်းချန်နှင့် အများကြီး စကားမပြောဘဲ တန်းလှဲလိုက်၏။ ဆွန်းချန် လှည့်ကြည့်ကာ စပ်စုလိုက်သည်။
"ဟေ့ကောင်၊ မင်း အဝတ်အစားမချွတ်ရင် အိပ်မပျော်တဲ့ အကျင့်ဆိုးကြီးကို ဘယ်တုန်းက ဖျောက်ပစ်လိုက်တာလဲ"
ကျိုးဟောက်ယွီမှာ ယခုအချိန်တွင် အဝတ်အစား မချွတ်ရဲပေ။ သူ၏ လက်မောင်းများတွင် အပ်ရာများ ဘယ်နှခုရှိနေမှန်း သူကိုယ်တိုင်ပင် မသိချေ။ အကယ်၍ ဆွန်းချန် မြင်သွားလျှင် သူ့ကို စိတ်ပူစေမည်ကို သူစိုးရိမ်သည်။ ကျိုးဟောက်ယွီ ဘာမှပြန်မပြောဘဲ မျက်လုံးမှိတ်ကာ အိပ်စက်လိုက်၏။ ဒီရက်ပိုင်းအတွင်း သူအလွန်ပင် ပင်ပန်းနေခဲ့သည်၊ တကယ်ကို ပင်ပန်းနေခဲ့ခြင်းဖြစ်သည်။ ဆွန်းချန်လည်း ထပ်မမေးတော့ဘဲ လှဲအိပ်လိုက်သော်လည်း ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင် ဖြစ်နေ၏။ ကျိုးဟောက်ယွီမှာတော့ အထဲဘက်ကို လှည့်ကာ အိပ်ပျော်နေဟန် ဆောင်နေလိုက်သည်။
မြို့ပြင်မှာ အလွန်ပင် တိတ်ဆိတ်လှသည်။ ရံဖန်ရံခါ ဟောင်တတ်သော ခွေးသံမှလွဲလျှင် တခြားအသံ ဘာမှမကြားရချေ။ ထို့ကြောင့် ကျိုးဟောက်ယွီလည်း ခဏချင်းပင် အိပ်ပျော်သွားတော့သည်။ သူ တစ်ညလုံး နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပြီး နိုးလာသောအခါ အပြင်ဘက်တွင် လင်းထိန်နေပြီဖြစ်၏။ မျက်လုံးဖွင့်လိုက်သောအခါ ဆွန်းချန်မှာ ကုတင်ပေါ်တွင် မရှိတော့ပေ။ သို့သော် မကြာမီမှာပင် ဆွန်းချန်နှင့် လီယုဝမ်တို့ အောက်ထပ်တွင် စကားများနေသံကို ကြားလိုက်ရသည်။ ကျိုးဟောက်ယွီ အကြောဆန့်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
"အစ်ကိုဟောက်ယွီ မင်္ဂလာနံနက်ခင်းပါ"
ခါးစည်းအဝတ်လေး ဝတ်ထားသော လီယုဝမ်မှာ လှည့်ကြည့်ကာ နှုတ်ဆက်သည်။
"ယုဝမ် မင်္ဂလာပါ"
ကျိုးဟောက်ယွီ မီးဖိုချောင်ထဲတွင် ကျန်းချူလျန်ကို တွေ့လိုက်ရသဖြင့် ပြုံးကာ နှုတ်ဆက်လိုက်သည်။
"အဒေါ် မင်္ဂလာပါခင်ဗျ"
"မင်္ဂလာပါကွယ်"
ကျန်းချူလျန်မှာ တောက်ပသော အပြုံးဖြင့်ပြန်ပြောသည်။ သူမမျက်နှာမှာ မနေ့ကထက် အများကြီး ပိုလန်းဆန်းလာသည်ကို ကျိုးဟောက်ယွီ သတိပြုမိလိုက်ပြီး တွေးနေမိသည်။
'‘အခုတော့ သူမ အဆင်ပြေသွားပါပြီ၊ သေမင်းလက်က လွတ်လာပြီဆိုတော့ အနည်းဆုံးနှစ်အနည်းငယ်တော့ ထပ်တိုးသွားမှာပဲ’
သို့သော် သူလုံးဝတော့ မသေချာသေးသဖြင့် နောက်တစ်ခါ အခွင့်ကြုံလျှင် ဝူခုန်းကို မေးကြည့်ရန် စိတ်ကူးလိုက်သည်။ မီးဖိုချောင်ထဲမှ ထွက်လာပြီးနောက် ကျိုးဟောက်ယွီသည် ရေပိုက်ခေါင်းတွင် မျက်နှာသစ်ကာ အဝေးမှ တောင်တန်းများကို လှမ်းကြည့်လိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တောင်တန်းများ ဝန်းရံနေသော်လည်း ထိုတောင်များမှာ သိပ်မမြင့်လှပေ။ အဓိကမှာ အိမ်ခြေအနည်းငယ်သာ ရှိသဖြင့် အလွန်ခြောက်ကပ်နေခြင်းပင်။ ကျိုးဟောက်ယွီသည် လီယုဝမ်အပေါ် ပို၍ပင် သနားစိတ်ဝင်လာကာ တွေးနေမိသည်။
‘ယုဝမ် ဒီလောက် လိမ္မာတာ မဆန်းပါဘူး၊ သူမရဲ့ ဘဝအခြေအနေက တကယ်ကို ခက်ခဲတာပဲ’
"အစ်ကိုဟောက်ယွီ ထမင်းစားရအောင်"
လီယုဝမ်၏ အသံမှာ အထဲမှထွက်လာသည်။
"လာပြီ"
ကျိုးဟောက်ယွီ ပြန်ဖြေကာ အိမ်ထဲသို့ ဝင်ခဲ့သည်။ မနက်စာမှာ အလွန်ရိုးရှင်းသော ဆန်ပြုတ်နှင့် ဟင်းရွက်အချို့သာဖြစ်၏။ ဤဟင်းလေးများမှာ သူမ၏ "ကျေးဇူးရှင်" အတွက် အလွန်နည်းနေသည်ဖြစ်ကြောင်း လီယုဝမ် သိနေသဖြင့် စိတ်မကောင်းဖြစ်နေရှာသည်။
"အစ်ကိုဟောက်ယွီ စိတ်ထဲမထားပါနဲ့နော်၊ အိမ်မှာ စားစရာ သိပ်မရှိလို့ပါထ နေ့လယ်ကျရင် ညီမသွားဝယ်ပြီး အကောင်းဆုံး ပြင်ဆင်ပေးပါ့မယ်"
လီယုဝမ်မှ အားနာတကြီး ပြောသည်။
"ဘာလို့ အဲဒီလောက် အားနာနေတာလဲ၊ ငါတို့က မင်းရဲ့ အစ်ကိုတွေပဲဟာ၊ ဟိတ်ဟန်ထုတ်နေဖို့ မလိုပါဘူး"
ကျိုးဟောက်ယွီပြုံးလျက် ဆိုလိုက်သည်။ ကျိုးဟောက်ယွီနှင့် ဆွန်းချန်တို့မှာ သူမကို ညီမလေးတစ်ယောက်လို တကယ် ခင်မင်ကြသောကြောင့် ဖြစ်၏။ အထူးသဖြင့် ဆွန်းချန်မှာ အပြင်လူကဲ့သို့ မနေဘဲ စကားပြောနေရင်းပင် ခေါက်ဆွဲများကို အားရပါးရ စားနေတော့သည်။ သူ စားနေပုံကို ကြည့်ပြီး ကျိုးဟောက်ယွီပင် သူ့ကို သိရသည်မှာ ရှက်ဖို့ကောင်းသည်ဟု တွေးမိသွားသည်။
"အစ်ကိုဟောက်ယွီ မြန်မြန်စားနော်၊ မဟုတ်ရင် အစ်ကိုဆွန်းချန်က အကုန်စားသွားလိမ့်မယ်"
လီယုဝမ် ကုန်ခါနီးဖြစ်နေသော မုန်လာဥကြော်ပန်းကန်လေးကို ကျိုးဟောက်ယွီရှေ့သို့ တိုးပေးလိုက်သည်။ ဆွန်းချန်မှာတော့ ဇွန်းကို မချဘဲ တခြားဟင်းများကို ဆက်စားနေ၏။
"အင်း"
ကျိုးဟောက်ယွီ ပြန်ဖြေလိုက်ပြီး ကျန်းချူလျန်ကို ကြည့်ကာ မေးလိုက်သည်။
"အဒေါ်၊ ဒီနေ့ နေလို့ကောင်းရဲ့လား"
"အများကြီး ကောင်းသွားပါပြီကွယ်၊ သမီးလေးက ပြောတယ်၊ မောင်ရင်က မြို့မှာ နာမည်ကြီးတဲ့ဆရာဝန်တစ်ယောက်ဆိုတာ ဟုတ်လား၊ ကျေးဇူးအများကြီး တင်ပါတယ်ကွယ်"
ကျန်းချူလျန် ကျေးဇူးတင်သော မျက်နှာဖြင့် ပြောသည်။ လီယုဝမ်မှာ ကျိုးဟောက်ယွီကို မျက်စိတစ်ချက် မှိတ်ပြကာ အချက်ပြလိုက်၏။ ကျိုးဟောက်ယွီလည်း သူမ ဘာကို ဆိုလိုသည်ကို ချက်ချင်း နားလည်လိုက်သည်။ လူတိုင်းမှာတော့ ဤကဲ့သို့သော ဒဏ္ဍာရီဆန်ဆန် ကိစ္စတွေကို ယုံကြမည် မဟုတ်ပေ။
"အဒေါ်ကလည်း ချီးမွမ်းလွန်းနေပါပြီ၊ အဒေါ်ရဲ့ရောဂါက သိပ်မပြင်းထန်ပါဘူး"
ကျိုးဟောက်ယွီမှာ သဘာဝကျကျပင် ပြန်ပြောလိုက်သည်။ သူ လိမ်ရသည်ကို မကြိုက်သော်လည်း ဤကဲ့သို့သော "စေတနာရှေ့ထားသော မုသား" မျိုးကိုတော့ ပြောရပေလိမ့်မည်။ လီယုဝမ်မှာ ကျိုးဟောက်ယွီကို လက်မထောင်ပြလိုက်သည်။
"အမေ၊ အစ်ကိုဟောက်ယွီက အမေ့အတွက် ဆေးတွေ သွားရှာပေးဦးမှာ၊ အဲဒါဆိုရင် လုံးဝ ပျောက်ကင်းသွားမှာပါ"
မိခင်ဖြစ်သူနေကောင်းလာသဖြင့် လီယုဝမ်မှာ အပျော်ဆုံးဖြစ်နေသည်။ အရင်က မိခင်၏ ရောဂါကို ကုသရန် ပိုက်ဆံမရှိသဖြင့် သူမ ကိုယ့်ကိုကိုယ်အမြဲ အပြစ်တင်နေခဲ့သည် မဟုတ်ပါလား။
"ကျေးဇူးတင်ပါတယ်ကွယ်"
ကျန်းချူလျန်သည် ထမင်းစားနေရင်း လက်ကိုချလိုက်ကာ လီယုဝမ်၏ လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်ရာ လီယုဝမ်မှာ မျက်ရည်များပင် ဝဲလာရသည်။
"သမီးလေး၊ အမေတို့ မိသားစုက သိပ်ပြီး အစွမ်းအစ မရှိကြဘူး၊ မြို့မှာနေရင် ဒီအစ်ကိုနှစ်ယောက်ရဲ့ စကားကို နားထောင်နော်၊ သူတို့က တကယ်ကို လူကောင်းတွေဆိုတာ အမေ သိနေတယ်"
"စိတ်မပူပါနဲ့ အဒေါ်၊ ကျွန်တော်တို့က တစ်ဦးတည်းသော သားတွေဆိုတော့ ညီမလေးတစ်ယောက် ရဖို့ အမြဲ မျှော်လင့်နေတာပါ၊ ယုဝမ်ကို ကျွန်တော်တို့ ကောင်းကောင်း စောင့်ရှောက်ပါ့မယ်၊ သူမ ပျော်နေစေရမယ်"
ဆွန်းချန် ဝင်ပြောလိုက်ပြီး ကျိုးဟောက်ယွီဘက်သို့ လှည့်မေးလိုက်သည်။
"ဟုတ်တယ်မလား ဟောက်ဇီ"
ကျိုးဟောက်ယွီလည်း ဆွန်းချန်မှ အကြောင်းအရာကို ပြောင်းချင်နေမှန်း သိသဖြင့် ထောက်ခံလိုက်သည်။
"ဟုတ်ပါတယ်၊ ယုဝမ်က လိမ္မာတဲ့ညီမလေးပါ၊ သူမကို ဘာမှ အခက်အခဲမဖြစ်စေရပါဘူး"
ကျန်းချူလျန်မှာ ကျေနပ်စွာဖြင့်ခေါင်းညိတ်သည်။ မနက်စာ စားပြီးနောက် လီယုဝမ်မှာ ကျန်းချူလျန်ကို ဒီနေ့ ဘယ်မှမသွားဘဲ အိမ်မှာပဲနားရန် ပြောခဲ့ပြီးနောက် ကျိုးဟောက်ယွီ၊ ဆွန်းချန်တို့နှင့်အတူ ဆေးဖော်ရန် သစ်ဥသစ်ဖုများရှာဖို့ တောင်ပေါ်တက်ခဲ့ကြသည်။ ကျိုးဟောက်ယွီသည် ဆေးပင်များ၏ပုံသဏ္ဌာန်ကို မမှတ်မိသဖြင့် ဆေးကျမ်းနှင့် နှိုင်းယှဉ်ကာ ရှာဖွေရ၏။ သူ အရင်ကပြောခဲ့သလိုပင် ကျန်းချူလျန်၏ရောဂါမှာ သိပ်မပြင်းထန်ဘဲ အချိန်ဆွဲထားမိသောကြောင့်သာ ဖြစ်သည်။
တောင်ပေါ်သို့ ရောက်သောအခါ လီယုဝမ်မှာ သဘာဝတရားထဲသို့ ပြန်ရောက်သွားသလို ခံစားရပြီး မျောက်လေးတစ်ကောင်လို ဟိုခုန်ဒီလွှားဖြင့် အလွန်ပင် ပျော်ရွှင်နေရှာသည်။ ဆေးပင်များရှာပြီးနောက် သူမသည် ကျိုးဟောက်ယွီနှင့် ဆွန်းချန်တို့ကို အသီးများ ခူးရန် ခေါ်သွားသေး၏။ သို့သော် ခေတ်ကာလ ပြောင်းလဲသွားပြီဖြစ်ရာ ထိုအသီးများမှာ အလေ့ကျပေါက်သည့် အသီးများမဟုတ်တော့ဘဲ တခြားသူများ စိုက်ပျိုးထားသော အသီးများ ဖြစ်နေတော့သည်။
"အကယ်၍ ငါတို့သာ မြန်မြန်မပြေးခဲ့ရင် ဒီနေ့တော့ ခြေထောက်ကျိုးပြီပဲ"
"ဟူး မောလိုက်တာ"
လီယုဝမ်သည် တောင်ခြေရှိကျောက်တုံးကြီးတစ်ခုပေါ်တွင်ထိုင်ကာ အမောဖြေနေသည်။ ဆွန်းချန်မှာလည်း အမောတကော ပြော၏။
"မင်းက ပြောရဲသေးတယ်၊ တောထဲကအသီးတွေဆို၊ ဘာလို့ သူတို့က ခွေးတွေနဲ့ လွှတ်လိုက်တာလဲ"
"ညီမ တောင်ပေါ်မတက်တာကြာပြီလေ၊ ဘယ်လိုလုပ် သိမှာလဲ"
လီယုဝမ်မှာ အပြစ်ကင်းစင်စွာဖြင့် ပြန်ချေပလာသည်။