အခန်း ၇၄
Vol. 8 Ch. 74
74
"တော်ကြပါတော့၊ အရင်ဆုံး အိမ်ပြန်ရအောင်"
ကျိုးဟောက်ယွီမှာ ချွေးသုတ်ရင်း ဆွန်းချန်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ အပြန်လမ်းတွင် သူတို့ လူတော်တော်များများနှင့် ဆုံခဲ့သော်လည်း အားလုံးမှာ လီယုဝမ်ကို သိပုံရပြီး နှုတ်ဆက်ကြ၏။
"မင်းက ဒီရွာမှာ တကယ်ပဲ နာမည်ကြီးတာပဲ၊ ရွာရဲ့ အလှပန်းလေး ဖြစ်မှာပဲ မဟုတ်လား"
ဆွန်းချန်မှာ လီယုဝမ်၏ ပုခုံးကို ဖက်ကာ စနောက်လိုက်သည်။
"ဒီမှာက မြို့ကြီးတွေလို မဟုတ်ဘူးလေ၊ လူတိုင်းက ခင်ဖို့ကောင်းကြတယ်"
လီယုဝမ် အလေးအနက် ပြန်ပြောသည်။ လမ်းတစ်လျှောက်တွင် ကျိုးဟောက်ယွီလည်း ဤနေရာမှ လူများ၏ ရိုးသားဖြူစင်မှုကို ခံစားမိနေသည်။
"အမေ၊ သမီးတို့ ပြန်လာပြီ"
အိမ်ထဲသို့ လှမ်းခေါ်လိုက်သည်နှင့် လီယုဝမ်၏ အသံကို ကြားကာ ကျန်းချူလျန်မှာ ပြုံးရွှင်စွာ ထွက်လာသည်။
"အဒေါ်"
ကျိုးဟောက်ယွီနှင့် ဆွန်းချန်တို့ ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။ ကျန်းချူလျန်မှာ သူတို့ကို အထဲသို့ အမြန်ဖိတ်ခေါ်ကာ စိုးရိမ်တကြီးမေး၏
"မြို့ကလူတွေဆိုတော့ တောင်တက်ရတာ အတော်ပင်ပန်းနေကြပြီ မဟုတ်လား"
ကျိုးဟောက်ယွီမှာ ဘာပြန်ပြောရမှန်း မသိတော့ဘဲ တွေးနေမိသည်။
‘မြို့ကလူတွေဆိုတိုင်း အဲဒီလောက်လည်း နုနယ်နေတာမဟုတ်ပါဘူး၊ လမ်းအနည်းငယ် လျှောက်ရုံနဲ့ မောရမလား’
"မပင်ပန်းပါဘူးဗျာ၊ ကျွန်တော့်ဇာတိကလည်း တောင်တွေပေါတဲ့ နယ်ကပဲဟာ"
ဆွန်းချန်မှ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ကျိုးဟောက်ယွီမှာတော့ သူတို့နှင့် အများကြီး စကားမပြောဘဲ ဆေးဖော်ရန် အိမ်ထဲသို့ ဝင်သွား၏။ လီယုဝမ်လည်း ကူညီရန် နောက်မှ လိုက်လာခဲ့သည်။ ရုတ်တရက် တစ်ခုခုကို သတိရသွားသော ကျိုးဟောက်ယွီမှာ ဟိုတစ်ခေါက် ဆေးရုံစရိတ်မှ ပိုနေသော ပိုက်ဆံများကို လီယုဝမ်ထံ ကမ်းပေးလိုက်ပြီး အလေးအနက် ပြောလိုက်သည်။
"ယုဝမ်၊ ဒီပိုက်ဆံကို သေချာသိမ်းထားပါ၊ မင်းအမေကိုလည်း အလုပ်တွေ အပင်ပန်းမခံဖို့ ပြောလိုက်နော်"
လီယုဝမ်သည် ကျိုးဟောက်ယွီထံမှ ကျေးဇူးအများကြီး ရရှိထားပြီးဖြစ်ရာ ယခုကဲ့သို့ များပြားသော ပမာဏကို ထပ်မံလက်ခံရန် ဝန်လေးနေမိသည်။
"အစ်ကိုဟောက်ယွီ၊ ညီမ အစ်ကို့ဆီက ပိုက်ဆံတွေ ထပ်မယူနိုင်တော့ပါဘူး၊ ဒါ့အပြင်"
"ဘာမှမပြောနဲ့၊ ယူထားလိုက်စမ်းပါ"
ကျိုးဟောက်ယွီ အမိန့်ပေးသံဖြင့် ပြောလိုက်သည်။ လီယုဝမ်သည် သူ့အခြေအနေကို သိနေသလို၊ ဤပိုက်ဆံများမှာလည်း သူကိုယ်တိုင် ရှာထားခြင်း မဟုတ်သဖြင့် သူမ စိတ်ထဲတွင် မသက်မသာ ဖြစ်နေရ၏။ သို့သော် ကျိုးဟောက်ယွီမှာ သူမကို စကားပြောခွင့် မပေးပေ။ ကျန်းချူလျန် အထဲသို့ ဝင်လာသည်ကို မြင်သောအခါ ကျိုးဟောက်ယွီမှ တိုးတိုးလေး သတိပေးလိုက်သည်။
"အဒေါ် လာပြီ၊ ပိုက်ဆံကို မြန်မြန်သိမ်းလိုက်"
ကျန်းချူလျန်ကို စိုးရိမ်စိတ် မဝင်စေချင်သဖြင့် လီယုဝမ်လည်း ထိုပိုက်ဆံများကို မတတ်သာဘဲ သိမ်းလိုက်ရတော့သည်။ ပိုက်ဆံပေးပြီးနောက် ကျိုးဟောက်ယွီသည် ဆေးကျိုရန် ပြန်ပြင်နေ၏။
"လူငယ်လေးကျိုး၊ အဒေါ်ပဲ လုပ်ပါ့မယ်၊ အပြင်ထွက်ပြီး အေးအေးဆေးဆေး နားလိုက်ပါ"
ကျန်းချူလျန်မှာ ကျိုးဟောက်ယွီ လက်ထဲမှ ယပ်တောင်ကို လှမ်းယူလိုက်သည်။ သူမ၏ စေတနာကို သိသဖြင့် ကျိုးဟောက်ယွီလည်း မီးဖိုချောင်ထဲမှ ထွက်လာခဲ့၏။ တံခါးဝတွင် ဆေးလိပ်သောက်နေသော ဆွန်းချန်ဘေး၌ သူ ဝင်ထိုင်လိုက်သည်။
"မင်း ခုနက ပြန်ပေးဆွဲခံရတယ်လို့ ပြောတယ်နော်၊ မြို့ပြန်ရောက်ရင် ဘာဆက်လုပ်ဖို့ စိတ်ကူးလဲ"
ဆွန်းချန် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း အဝေးကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။ ကျိုးဟောက်ယွီသည် ဆွန်းချန်၏ စရိုက်ကို သိသဖြင့် သူသည် ကျိုးဟောက်ယွီအတွက် လက်စားချေပေးရန် ကြံစည်နေကြောင်း ရိပ်မိလိုက်၏။ ဆွန်းချန်ကို အန္တရာယ်ထဲ မတွန်းပို့ချင်သည်ထက် ပိုဆိုးသည်မှာ သူကိုယ်တိုင်ပင် မည်သူမှ သူ့ကို ဖမ်းသွားမှန်း မသိခြင်းပင် ဖြစ်သည်။
"ပြန်ရောက်ရင်တော့ အရင်ဆုံး ရှီယုကို ကျေးဇူးသွားတင်မလို့ပဲ၊ မင်း ဘယ်လိုထင်လဲ"
ကျိုးဟောက်ယွီမှာ ထိုအကြောင်းများကို မပြောချင်သဖြင့် ခေါင်းစဉ်ပြောင်းလိုက်သည်။ သို့သော် ဆွန်းချန်မှာ ဤစကားကို ကြားလိုက်ရသည်နှင့် ရုတ်တရက် တက်ကြွသွား၏။
"ဒါပေါ့ အစ်ကိုရာ၊ မင်း နောက်ဆုံးတော့ သဘောပေါက်သွားပြီပဲ"
ဆွန်းချန်မှာ ကျိုးဟောက်ယွီ၏ ပုခုံးကို အားရပါးရ ပုတ်လိုက်ပြီး ပြောလိုက်သည်။
"သူမက အရမ်းချမ်းသာတဲ့ သူဌေးသမီးလေးပဲ၊ ပိုအရေးကြီးတာက အရမ်းလှတာပဲ၊ မင်းသာ သူမကို ရအောင်ယူနိုင်ရင် ငါလည်း ချမ်းသာပြီပေါ့"
ကျိုးဟောက်ယွီမှာ ဆွန်းချန်၏ ရိုက်ချက်ကြောင့် ပုခုံးပင် ပြုတ်သွားသလား အောက်မေ့ရသည်။ သူ လက်မောင်းကို ပွတ်ရင်း ပြန်ပြောလိုက်၏။
"ငါက ကျေးဇူးတင်ချင်ရုံတင်ပါ၊ အများကြီး မတွေးစမ်းပါနဲ့"
ပြီးခဲ့သည့်တစ်ခေါက်က သူသည် ရူးသွပ်သွားသည့်အလား ဝေ့ရှီယု ကိုအော်ဟစ်ခဲ့မိသော်လည်း သူမက အငြိုးမထားဘဲ ဆေးရုံစရိတ်များကို ပေးချေပေးခဲ့သည်။ ဤသည်ကို သူအားနာနေမိ၏။ ထို့ပြင် ထိုဖုန်းကို ဝေ့ရှီယုမှ ဘယ်သူ့ကိုမှ မပေးဖို့ အထပ်ထပ် မှာကြားခဲ့သော်လည်း သူကတော့ တန်ဖိုးမထားခဲ့မိချေ။ ဤအရာအားလုံးမှာ ဝေ့ရှီယုအပေါ် ကျိုးဟောက်ယွီကို အားနာစိတ် ဖြစ်စေသည်။ ကျိုးဟောက်ယွီ၏ မတက်ကြွသော ပုံစံကို မြင်သောအခါ ဆွန်းချန် စိတ်တိုသွားကာမျက်လုံးပြူး၍ ငေါက်တော့၏။
"မင်း ရူးနေတာလား၊ ဒီလောက်ကောင်းတဲ့ သူဌေးသမီးလေး ရှိနေတာတောင် မင်းက မယူချင်ဘူးလား၊ ငါ့ရှေ့မှာဘာတွေလာမူပြနေတာလဲ"
ဝေ့ရှီယုနှင့် အနာဂတ်တွင် အဆင်ပြေမည် မပြေမည်မှာ အသာထား၊ ကျိုးဟောက်ယွီသည် ဝေ့ရှီယုအတွက် ကောင်းမွန်သော အနာဂတ်မျိုးကိုသာ ရိုးသားစွာ ဆုတောင်းပေးသူဖြစ်သည်။
"ဒီလို ကိစ္စတွေက အတင်းလုပ်လို့ မရပါဘူး၊ ငါ့ဘာသာငါ ဘာလုပ်ရမလဲဆိုတာ သိပါတယ်"
ဝေ့ရှီယုအပေါ် သူ့ခံစားချက်မှာ ရှုပ်ထွေးနေသည်။ သို့မဟုတ် သူသည် ဝေ့ရှီယုနှင့် ပတ်သက်လျှင် စဉ်းစားရမှာကို ဝန်လေးနေခြင်လည်း ဖြစ်နိုင်ပေ၏။ မကြာမီ လီယုဝမ်နှင့် ကျန်းချူလျန်တို့ ထမင်းစားရန် လာခေါ်ကြသည်။ ကျန်းချူလျန်ရှေ့တွင် တိုင်းရင်းဆေးပန်းကန်လေး ချပေးထားသည်ကို မြင်သောအခါ ကျိုးဟောက်ယွီပြောလိုက်သည်။
"အဒေါ်၊ ဆေးကို နည်းနည်း ထပ်သောက်လိုက်ရင် ရောဂါက လုံးဝ ပျောက်ကင်းသွားမှာပါ"
"အေးပါကွယ်၊ အဒေါ် မှတ်ထားပါ့မယ်"
ကျန်းချူလျန် တဖွဖွ ညိတ်ပြသည်။ ကျိုးဟောက်ယွီက ပြောလိုက်၏။
"ထမင်းစားပြီးရင် ကျွန်တော်တို့ ဒီနေ့ နေ့လယ်ပဲ ပြန်ကြတော့မယ်၊ ယုဝမ်လည်း ကျောင်းတက်ရဦးမယ်၊ ကျွန်တော်လည်း အလုပ်သွားရမှာမို့လို့ပါ"
ကျန်းချူလျန်မှ ဂရုတစိုက်ဆိုရှာသည်။
"ဒါဆိုရင်လည်း မြန်မြန်စားကြကွယ်၊ အလုပ်တွေကို မနှောင့်နှေးစေနဲ့"
ထမင်းစားပြီးနောက် ကျိုးဟောက်ယွီသည် ကျန်းချူလျန်ကို နှုတ်ဆက်လိုက်သည်။ မြို့မှာ သူလုပ်စရာကိစ္စတွေ အများကြီးရှိနေသေးသဖြင့် ဤနေရာတွင် အကြာကြီး မနေနိုင်ပေ။ ဥပမာအားဖြင့် လုဟန်ကို လက်စားချေရမည့် ကိစ္စမျိုးဖြစ်သည်။ ဒီရက်ပိုင်းအတွင်း ကံဆိုးမှုများရှိခဲ့သော်လည်း ကျန်းချူလျန် ကျန်းမာရေးကောင်းမွန်လာခြင်းကဲ့သို့ ပျော်စရာကိစ္စတွေလည်းရှိနေသည်။ ထို့ကြောင့် ကျိုးဟောက်ယွီ စိတ်အခြေအနေသိပ်မဆိုးဘဲ ကားမောင်းရင်း သူတို့နှင့် စကားတပြောပြောဖြင့် ပြန်လာခဲ့၏။ ကျောင်းရှေ့တွင် လီယုဝမ်ကို ထားခဲ့စဉ် ကျိုးဟောက်ယွီမှာ သူမကို အလေးအနက် မှာကြားလိုက်သည်။
"ယုဝမ်၊ ဟိုယုတ်မာတဲ့ အတန်းဖော်ဆီကို အဲဒီပိုက်ဆံတွေ ပြန်ပေးလိုက်ပါ၊ သူ မင်းကို ထပ်နှောင့်ယှက်ရင် ငါ့ကို ချက်ချင်းဖုန်းဆက်နော်၊ တစ်သက်လုံး နောင်တရမယ့် ဆုံးဖြတ်ချက်မျိုးကို မချမိစေနဲ့"
သူမသည် သူ့ကိုအပြင်လူကဲ့သို့ သဘောထားကာ အရာအားလုံးကို တစ်ဦးတည်း ကြိတ်ခံစားနေမည်ကို သူ စိုးရိမ်နေခြင်းဖြစ်သည်။ ဆွန်းချန်လည်း နောက်ခန်းမှ ဝင်ပြောပေး၏။
"ဟောက်ဇီပြောတာ မှန်တယ်၊ ငါတို့ကို မင်းရဲ့ အစ်ကိုအရင်းတွေလိုပဲ သဘောထားပါ၊ ညီမကို အစ်ကိုက စောင့်ရှောက်တာ သဘာဝပဲလေ၊ ရှက်နေဖို့ မလိုဘူး"
လီယုဝမ်သည် အလွန်စိတ်လှုပ်ရှားသွားကာ ခေါင်းညိတ်ပြသည်။
"နားလည်ပါပြီ၊ အစ်ကိုတို့ ပြောတာကို သေချာမှတ်ထားပါ့မယ်"
ကျိုးဟောက်ယွီမှ ပြုံးပြလိုက်သည်။
"ဒါဆို မင်း ကျောင်းသွားတော့လေ၊ ငါ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့"
"ငါလည်း ဒီမှာပဲ ဆင်းခဲ့တော့မယ်၊ မင်းပဲ အိမ်ပြန်တော့"
ဆွန်းချန်သည် သူတို့ကြားတွင် လူပိုမဖြစ်ချင်သဖြင့် ဆင်းခဲ့သည်။ ကျိုးဟောက်ယွီ ဘာမှမပြောဘဲ ဝေ့ရှီယုကို ဖုန်းဆက်လိုက်၏။
"ဟဲလို ငါပါ၊ အခု အားလား၊ မင်းကို ထမင်းကျွေးမလို့"
ဝေ့ရှီယုသည် ကျိုးဟောက်ယွီထံမှ ဖုန်းလက်ခံရရှိသဖြင့် အနည်းငယ် အံ့ဩသွားသည်။ အရင်က သူမ ဖုန်းခေါ်သည်ကို မကိုင်ခဲ့သောသူမှာ ယခုတော့ ကိုယ်တိုင်ဖုန်းဆက်လာသည် မဟုတ်ပါလား။
"နောက်ဆယ်မိနစ်နေရင် ကုန်တိုက်ကို လာကြိုလိုက်"
ဝေ့ရှီယုမှ တစ်ခွန်းတည်းပြောကာ ဖုန်းချလိုက်သည်။ ဖုန်းချပြီးနောက် ကျိုးဟောက်ယွီ အိမ်သို့အရင်ပြန်ခဲ့၏။ သူသည် ဤအဝတ်အစားများကို ဝတ်ထားသည်မှာ တစ်ပတ်ကျော်နေပြီ ဖြစ်သည်။ အခြားသူများကို ဂရုမစိုက်သော်လည်း ဝေ့ရှီယုနှင့်သွားတွေ့မည်ဆိုလျှင်တော့ သူမအဆင့်အတန်းနှင့် ကိုက်ညီအောင် ပြင်ဆင်သွားချင်သည်။ အဆင့်မြင့်သောနေရာများတွင် စားကြမည်မှာ သေချာသဖြင့် သူကိုယ်တိုင်လည်း သိက္ခာမကျစေချင်ပေ။