← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

75

သို့သော် ကျိုးဟောက်ယွီတွင် အဖိုးတန်အဝတ်အစားဟူ၍ မရှိပေ။ ထို့ကြောင့် အိမ်သို့သာ အမြန်ပြန်ကာ ရေမိုးချိုးပြီး သန့်ရှင်းသောအဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ဆယ်မိနစ်ခန့်အကြာတွင် ကျိုးဟောက်ယွီသည် ကတိပေးထားသည့်အတိုင်း ကုန်တိုက်ရှေ့သို့ ရောက်ရှိလာခဲ့၏။ ယနေ့တွင် ဝေ့ရှီယုသည် လှပသော ဦးထုပ်နှင့် နေကာမျက်မှန်ကို ဝတ်ဆင်ထားပြီး အဖြူရောင် ဂါဝန်ရှည်ကြီးမှာ သူမ၏ ခန္ဓာကိုယ်အချိုးအစားကို ပို၍သွယ်လျကာ ကျော့ရှင်းနေစေသည်။ လေအဝေ့တွင် သူမ၏ဂါဝန်စလေးများ လွင့်ပျံနေပြီး၊ သူမ၏ မြင့်မြတ်သော အရှိန်အဝါ၊ နုနယ်လှပသော မျက်နှာတို့နှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် သူ့ထံသို့ လမ်းလျှောက်လာနေသည့် နတ်မိမယ်လေးတစ်ပါးအလား ထင်မှတ်ရသည်။ လမ်းပေါ်တွင် ဤမျှလှပသော အမျိုးသမီးတစ်ဦး လျှောက်လှမ်းလာခြင်းမှာ အသက်အရွယ်မရွေး အမျိုးသားများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေတော့သည်။ ကျိုးဟောက်ယွီ သိသမျှသော အလှပဂေးများထဲတွင် ချန်အယ်မှာ နံပါတ်တစ်ဆိုလျှင် ဝေ့ရှီယုမှာမူ သေချာပေါက် နံပါတ်နှစ် ဖြစ်ပေလိမ့်မည်။

"မစ္စဝေ့ ကားပေါ်တက်ပါခင်ဗျ"

ကျိုးဟောက်ယွီမှာ ကားတံခါးကို ဖွင့်ပေးကာ ရိုရိုသေသေဖြင့် ဖိတ်ခေါ်လိုက်သည်။ ဘေးပတ်ဝန်းကျင်ရှိ အမျိုးသားများမှာ မျက်လုံးများ ပြူးထွက်မတတ် ငေးကြည့်နေကြသဖြင့် သူတို့ကို လက်တွေ့လောကထဲ ပြန်ခေါ်ဆောင်ရန် ဤသို့ ပြုမူလိုက်ခြင်းပင်။ ဝေ့ရှီယုသည် ဤမျှ ဟောင်းနွမ်းစုတ်ပြတ်နေသော ကားအစုတ်ကြီးထဲသို့ တက်သွားသည်ကို မြင်လိုက်ရသောအခါ ထိုအမျိုးသားများမှာ ဒေါသများ ဆူပွက်လာကြသည်။ သူတို့သည် ကံကြမ္မာကို ကျိန်ဆဲရင်း ကျိုးဟောက်ယွီကိုလည်း မနာလိုဝန်တိုစိတ်ဖြင့် စိုက်ကြည့်နေကြတော့၏။

ဝေ့ရှီယုသည် ကျိုးဟောက်ယွီ၏ ပြောင်းလဲသွားသော အမူအရာကို သတိထားမိသော်လည်း ဘာမှမပြောဘဲ ထိုခံစားချက်ကိုသာ သဘောကျစွာ ခံစားနေလိုက်သည်။ လူအုပ်ကြီး၏ မနာလိုသော အကြည့်များကြားမှ ကားလေးမှာ အဝေးသို့ မောင်းထွက်သွားတော့သည်။ကျိုးဟောက်ယွီမှ အေးအေးဆေးဆေး ပြောလိုက်၏။

"စားချင်တဲ့နေရာ ရွေးလိုက်၊ ငါပဲ ကျွေးမှာပါ"

"ဘာဖြစ်ဖြစ်ရတယ်"

ဝေ့ရှီယုမှာ ဖုန်းထဲမှ ဂိမ်းကိုသာ အာရုံစိုက်နေရင်း စိတ်မပါသလို ပြန်ဖြေသည်။ သူ ထပ်မေးပြန်၏။

"မင်း ဘာစားချင်လဲ"

"ဘာဖြစ်ဖြစ်"

ဝေ့ရှီယုမှာ တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေသည်။ သူမသည် ဂိမ်းထဲတွင် အာရုံရောက်နေသဖြင့် သူမ၏ ကိုယ်လုံးလေးမှာ ဘေးတစ်ဖက်သို့ပင် ယိုင်နေရှာ၏။ ကျိုးဟောက်ယွီ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆိုလိုက်သည်။

"ဒါဆိုရင် အနောက်တိုင်းစာ သွားစားကြမလား"

ဝေ့ရှီယုကဲ့သို့ လူမျိုးမှာ အနောက်တိုင်းအစားအစာကို ပိုနှစ်သက်မည်ဟု သူ ယူဆထားခြင်းဖြစ်သည်။ စျေးကြီးမည်မှန်း သိသော်လည်း သူမ၏ ကျေးဇူးကို ဆပ်ရန်အတွက် သူ ဤသို့ ဆုံးဖြတ်လိုက်ခြင်းပင်။

"အနောက်တိုင်းစာ မစားချင်ဘူး၊ အမြဲစားနေရလို့ ငြီးငွေ့နေပြီ"

ဝေ့ရှီယု တန်းငြင်းလိုက်သည်။ သို့သော် ကျိုးဟောက်ယွီမှာ စိတ်မဆိုးသည့်အပြင် တိတ်တဆိတ် ဝမ်းသာနေမိ၏။

‘မစားတာပဲ ကောင်းတယ်၊ ပိုက်ဆံလည်း သက်သာသွားတာပေါ့’

"ဒါဆိုရင် ဟော့ပေါ့ သွားစားမလား"

သူ အကဲခတ်သလို မေးကြည့်သည်။

"ဟင့်အင်း၊ ဟော့ပေါ့က အရမ်းစပ်တယ်"

ဝေ့ရှီယုမှာ ဖုန်းကိုသာ စိုက်ကြည့်နေပြီး သူ့ဘက်ကို တစ်ချက်ကလေးမှ လှည့်မကြည့်ချေ။ ကျိုးဟောက်ယွီလည်း ဤသည်မှာ အကျိုးအကြောင်း ဆီလျော်သည်ဟု တွေးကာ ပြောလိုက်သည်။

"ဒါဆို မင်းပဲ ပြောလေ၊ ဘာစားချင်လဲ"

"ဘာဖြစ်ဖြစ်လို့ ပြောနေတာပဲလေ"

ဝေ့ရှီယု၏ နောက်စကားတစ်ခွန်းမှာ ကျိုးဟောက်ယွီကို ဒေါသထွက်စေတော့သည်။ သူမသည် စားချင်သည်မှာ အဓိကမဟုတ်ဘဲ ကျိုးဟောက်ယွီကို တမင်သက်သက် ဒုက္ခပေးနေခြင်း ဖြစ်သည်ဟု သူ ခံစားလိုက်ရ၏။ "ဘာဖြစ်ဖြစ်" ဟု ပြောပြီးမှ ဟိုဟာမစားချင်၊ ဒီဟာမစားချင်နှင့် ငြင်းနေခြင်း မဟုတ်ပါလား။ သို့သော် အရင်က သူမကူညီခဲ့သည်များကို ထောက်ထားကာ ကျိုးဟောက်ယွီ ဒေါသကိုပြန်ထိန်းလိုက်သည်။ ထိုစဉ် ဝေ့ရှီယုဂိမ်းကစားပြီးသွားကာ ကျိုးဟောက်ယွီဘက် လှည့်လာပြီး မေးလိုက်သည်။

"နင် ဘာကျွေးမလို့ ပြောလိုက်တာလဲ"

ကျိုးဟောက်ယွီမှာ ဒေါသထွက်လွန်းသဖြင့် မေ့ပင်လဲချင်သွားသည်။

‘ငါ ပြောနေတာတွေကို သူမတစ်ခွန်းမှ နားမထောင်ခဲ့ဘူးပေါ့လေ’

"မင်းလည်း မဆုံးဖြတ်ရသေးဘူး မဟုတ်လား၊ အခုပဲ စဉ်းစားလိုက်တော့"

ကျိုးဟောက်ယွီမှာ အတင်းပြုံးကာ ပြောလိုက်ရသည်။ ဝေ့ရှီယု ခဏမျှ အလေးအနက် စဉ်းစားသော်လည်း သူမအမှန်တကယ် စားချင်သောအရာကို ရှာမတွေ့ချေ။

"နင်ရော အမြဲဘာစားလေ့ရှိလဲ"

ဝေ့ရှီယုမှာ သူ့ကို စပ်စုသလိုကြည့်ကာ မေးသည်။ ကျိုးဟောက်ယွီ စိတ်တိုတိုဖြင့် ခပ်တိုးတိုးညည်းတွားလိုက်၏။

"အကင်တွေပေါ့"

"အကင်တွေ"

ဝေ့ရှီယုမျက်လုံးကြီးများမှာ ဇဝေဇဝါ ဖြစ်သွားကာ မေးတော့သည်။

"အဲဒါ ဘာလဲ"

ဤစကားကိုကြားသောအခါ ကျိုးဟောက်ယွီမှာ ဝေ့ရှီယုထက်ပင် ပိုအံ့ဩသွားရသည်။ သို့သော် နောက်မှပြန်စဉ်းစားကြည့်ရာ သူမကဲ့သို့ အဆင့်အတန်းရှိသူမှာ လမ်းဘေးဆိုင်လေးတွေမှာ စားဖူးလိမ့်မည် မဟုတ်သဖြင့် မသိခြင်းမှာ သဘာဝကျသည်ဟု နားလည်လိုက်၏။

"အဲဒါ လမ်းဘေးက အကင်ဆိုင်လေးတွေမှာရတဲ့ အသားတုတ်ထိုးအကင်မျိုးပေါ့"

ဝေ့ရှီယုမှာ ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်ကာ နားမလည်နိုင်စွာ မေးသည်။

"ဒါပေမဲ့ လမ်းဘေးမှာ ဘာမှမရှိဘူးလေ"

ဤနေရာမှာ မြို့လယ်ခေါင်ဖြစ်သဖြင့် လမ်းဘေးဆိုင်များ မည်သို့ရှိပါမည်နည်း။ ဝေ့ရှီယု စိတ်ဝင်စားသွားသည်ကို မြင်သောအခါ ကျိုးဟောက်ယွီမှဆိုလိုက်၏။

"ဒါဆို ဒီနေ့ မင်းကို ငါ အဲဒီကိုခေါ်သွားပြမယ်"

"ကောင်းပြီလေ"

ဝေ့ရှီယု စိတ်လှုပ်ရှားစွာ သဘောတူလိုက်သည်။ ကျိုးဟောက်ယွီသည် လမ်းဆုံတွင် ကားကိုလှည့်လိုက်ပြီး သူတို့အမြဲသွားနေကျ အကင်ဆိုင်လေးဆီသို့ မောင်းနှင်ခဲ့၏။ သူသည် ဤဆိုင်ကို မကြာခဏရောက်ဖူးသဖြင့် ဆိုင်ရှင်နှင့် အတော်လေး ရင်းနှီးသည်။ ဆိုင်ရှင်မှာ အသက်သုံးဆယ်ကျော် လူငယ်တစ်ဦးဖြစ်ရာ ကျိုးဟောက်ယွီတို့နှင့် ခဏချင်းပင် သူငယ်ချင်းဖြစ်သွားခဲ့ခြင်းပင်။ ကျိုးဟောက်ယွီ ဤမျှလှပသော အမျိုးသမီးတစ်ဦးကို ခေါ်လာသည်ကို မြင်သောအခါ ဆိုင်ရှင်မှ တိုးတိုးလေးစနောက်လိုက်သည်။

"မင်းရဲ့ရည်းစားလား၊ အရမ်းလှတာပဲ"

"အစ်ကို မနောက်ပါနဲ့၊ သူက သူငယ်ချင်းပါ၊ အကင် တစ်ခါမှမစားဖူးလို့ ခေါ်လာတာ၊ ကျွန်တော်က အစ်ကို့လက်ရာကို ကမ္ဘာပေါ်မှာအကောင်းဆုံးလို့ ကြော်ငြာထားတာနော်၊ အရှက်မကွဲအောင် သေချာလေးလုပ်ပေးပါဦး"

ကျိုးဟောက်ယွီမှာ ဝေ့ရှီယုကို တစ်ချက်လှည့်ကြည့်ကာ တိုးတိုးလေး မှာကြားလိုက်သည်။

"ဟဲဟဲ စိတ်မပူပါနဲ့"

ဆိုင်ရှင်မှာပြောပြီးမှ တစ်ခုခုထူးဆန်းနေသလို ခံစားလိုက်ရပြီးမေး၏။

"ဒီကမ္ဘာပေါ်မှာ အကင်မစားဖူးတဲ့လူရှိသေးတာလား၊ သူဌေးသမီးလေးများလား"

ကျိုးဟောက်ယွီ ဘာမှပြန်မပြောဘဲ ခေါင်းပဲညိတ်ပြလိုက်သည်။ ဆိုင်ရှင်မှာ အားကျသွားသော မျက်လုံးများဖြင့် ဆို၏။

"မဆိုးဘူးကွာ၊ မင်းကတော့ ဒီလို အလှလေးကိုတောင် ဖမ်းစားနိုင်တာပဲ"

"ဖမ်းစားနိုင်တာ ဘာညာနဲ့ နားထောင်လို့ မကောင်းလိုက်တာ"

ကျိုးဟောက်ယွီ မျက်နှာပျက်သွားကာ လက်ကာပြရင်း ဆိုလိုက်သည်။

"မြန်မြန်သာ လုပ်ပါ၊ ကျွန်တော် သူမကို ထိုင်ခိုင်းလိုက်ဦးမယ်"

အချိန်မှာ အတော်စောသေးသဖြင့် ဆိုင်မှာ အကုန်မပြင်ရသေးပေ။ ဝေ့ရှီယု ဘေးပတ်ဝန်းကျင်ကို ထူးဆန်းသောအကြည့်ဖြင့်ကြည့်ကာ မယုံနိုင်သလို မေးသည်။

"ဒီလိုနေရာမျိုးမှာ နင်ပြောသလို အရသာရှိတဲ့ အစားအစာတွေ တကယ်ရမှာလား"

"ဟဲဟဲ စိတ်မပူပါနဲ့၊ ခဏလေး ထိုင်စောင့်ဦး၊ မကြာခင် စားရတော့မှာ"

ကျိုးဟောက်ယွီ ပြုံးစစဖြင့်ပြောလိုက်သည်။ အပြင်တွင် နေပူနေသဖြင့် ဆိုင်ရှင်မှာ ဝေ့ရှီယုနေပူမည်စိုး၍ ထီးမိုးပေးထားသော နေရာလေးတစ်ခုကို အထူးပြင်ဆင်ပေး၏။ ကျိုးဟောက်ယွီ ဝေ့ရှီယုကို အအေးတစ်ပုလင်းကမ်းပေးလိုက်ကာ ဆိုသည်။

"အာခြောက်နေမှာပေါ့၊ ဒါလေးအရင်သောက်ထားလိုက်ဦး၊ မကြာခင် ရတော့မယ်"

ဝေ့ရှီယုလည်း အမှန်တကယ် ရေငတ်နေသဖြင့် အားနာမနေဘဲ ပုလင်းကိုဖွင့်ကာ သောက်လိုက်သည်။

"ဒါနဲ့ စောစောက ငါဖုန်းဆက်တာ ဘာလို့ မကိုင်တာလဲ၊ ဘယ်တွေ သွားနေတာလဲ"

ဝေ့ရှီယုမှာ စိုးရိမ်စိတ်အနည်းငယ်ဖြင့် မေးသည်။ လီယုဝမ်တို့ကိုတော့ သူအမှန်အတိုင်း ပြောပြနိုင်သော်လည်း ဝေ့ရှီယုကိုတော့ မပြောပြနိုင်ပေ။ သူမကို တမင်ဖုံးကွယ်ချင်၍ မဟုတ်ဘဲ၊ ပြောပြလျှင်တောင် ဝေ့ရှီယုမှ ယုံကြည်မည်မဟုတ်ဟု သူခံစားရသောကြောင့်ပင်။

"နယ်က ဆွေမျိုးတွေဆီ သွားနေလို့ပါ၊ အဲဒီမှာဖုန်းလိုင်းက မကောင်းတော့ ဖုန်းဆက်လို့ မရဘူးဖြစ်နေတာ"

ကျိုးဟောက်ယွီ ဆင်ခြေတစ်ခု ပေးလိုက်သည်။ ယခုအခါ ကျိုးဟောက်ယွီသည် သူမရှေ့တွင် အေးအေးဆေးဆေးရှိနေပြီဖြစ်ရာ ဝေ့ရှီယုလည်း ထွေထွေထူးထူး ထပ်မမေးတော့ပေ။

"တစ်ခုခု ဖြစ်နေတာလားလို့ ငါ စိတ်ပူနေတာ၊ အခု အဆင်ပြေတယ်ဆိုရင်တော့ ကောင်းတာပေါ့"

ဝေ့ရှီယုမျက်နှာတွင် ထူးထူးခြားခြား စိုးရိမ်ပူပန်မှုမျိုးမပြသော်လည်း စကားထဲတွင်တော့ စေတနာ ပါနေသည်။ ကျိုးဟောက်ယွီမှာမူ အလေးအနက်ထားကာ ရိုးသားစွာပင် ဆိုလိုက်လေတော့၏။

"ဟိုတစ်ခေါက် ဆေးရုံမှာဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်၊ ငါ မင်းကို အဲဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်းမပြောခဲ့သင့်ဘူး"

All Chapters