အခန်း ၇၆
Vol. 8 Ch. 76
76
ဝေ့ရှီယုမှာ ကျိုးဟောက်ယွီထင်ထားသလို သဘောထားမသေးပေ။ သူမ အေးအေးဆေးဆေးပင် ဆိုသည်။
"ရပါတယ်၊ အဲဒီတုန်းက နင့်ဦးနှောက်က တကယ်ပဲ ထိခိုက်သွားတာဖြစ်မှာပါ၊ ငါ နားလည်ပါတယ်"
ကျိုးဟောက်ယွီမှာ သူမ ဤအချက်ကို အကြောင်းပြပြီး ဒေါသထွက်လိမ့်မည်ဟု ထင်ထားသော်လည်း ယခုလို ပြောသည်ကို ကြားလိုက်ရသဖြင့် တိတ်တဆိတ် သက်ပြင်းချနိုင်သွားသည်။
"အဲဒီပိုက်ဆံတွေကို အကြွေးလို့ပဲ သတ်မှတ်လိုက်ပါ၊ ငါ့မှာ ပိုက်ဆံရှိတာနဲ့ ချက်ချင်း ပြန်ဆပ်ပါ့မယ်"
ကျိုးဟောက်ယွီမှ အလေးအနက် ပြောလိုက်သည်။
"ပိုက်ဆံ၊ ဘာပိုက်ဆံလဲ"
ဝေ့ရှီယု မျက်မှောင်ကြုတ်ကာ ကျိုးဟောက်ယွီကို အံ့ဩတကြီး စိုက်ကြည့်နေသည်။ ဤပိုက်ဆံပမာဏမှာ ဝေ့ရှီယုအတွက် ဘာမှမဟုတ်သဖြင့် သူမ ဂရုမစိုက်ခြင်းမှာ သဘာဝကျသည်ဟု ကျိုးဟောက်ယွီ ယူဆလိုက်၏။ သူအမှန်အတိုင်း ဖြေလိုက်သည်။
"ငါ့အတွက် မင်းပေးခဲ့တဲ့ ဆေးရုံစရိတ်တွေကို ပြောတာပါ"
ဤစကားကို ကြားသောအခါ ဝေ့ရှီယုမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားပြီး ငိုင်တွေနေမိသည်။
‘သူ့ဦးနှောက်က အခုထိ လုံးဝမကောင်းသေးဘူးလား၊ ငါ ဘယ်တုန်းက သူ့ဆေးရုံစရိတ်တွေ ပေးခဲ့လို့လဲ’
သူမနှင့် ကျိုးဟောက်ယွီကြားတွင် နားလည်မှုလွဲခြင်း တစ်ခုခုရှိနေပြီဖြစ်ကြောင်း သူမရိပ်မိလိုက်သည်။ သို့သော် သူမသည် ထိုနားလည်မှုလွဲခြင်းကို ရှင်းမပြချင်ဘဲ ယင်းကို အသုံးချကာ တစ်ခုခုလုပ်ချင်နေ၏။
"ဪ အဲဒါလား၊ ရပါတယ် ဒါပေမဲ့ အခြေအနေတစ်ခုကိုတော့ နင်သဘောတူရမယ်"
ဝေ့ရှီယု မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။ သူမသည် ထိုနေ့က အမှန်တကယ် ဒေါသထွက်ခဲ့ခြင်းဖြစ်၏။ ကျိုးဟောက်ယွီအတွက် ဆေးရုံစရိတ်များ ဘယ်မှာသွားပေးပါမည်နည်း။ အမှန်စင်စစ် ထိုဆေးရုံစရိတ်များကို ဝေ့ကျန်းဟွာမှပေးခဲ့ခြင်းဖြစ်သည်။ ကျိုးဟောက်ယွီ မတောင်းဆိုသော်လည်း သူ့ငွေကြေးအခက်အခဲကို ဝေ့ကျန်းဟွာမှာကြိုတင်ခန့်မှန်းမိသဖြင့် လူလွှတ်ကာပေးချေခိုင်းခဲ့ခြင်းဖြစ်သည်။ ဝေ့ရှီယုအပေါ် အကြွေးတင်နေပြီဟု ယူဆထားသော ကျိုးဟောက်ယွီမှ အလေးအနက်ဆိုလာသည်။
"အရမ်းကြီး လွန်လွန်ကဲကဲမဖြစ်ရင် ငါအကုန်သဘောတူပါတယ်"
ဝေ့ရှီယုမှာ ကောက်ကျစ်သောအပြုံးတစ်ခုကို လျှပ်ခနဲပြသလိုက်ပြီးနောက် ဘာမှမသိနားမလည်ဟန်ဆောင်ကာ ဆိုသည်။
"အဲဒီနေ့က ငါ နင့်အတွက် ဘယ်လောက်ပေးခဲ့ရပါလိမ့်၊ နေဦး စဉ်းစားကြည့်ရအောင်"
"ယွမ်ငါးသောင်းလေ"
ကျိုးဟောက်ယွီမှ ကူပြောပေးသည်။
"အင်း ဟုတ်တယ် ငါးသောင်း"
ဝေ့ရှီယု ချောင်းတစ်ချက်ဟန့်ကာ တည်တည်တံ့တံ့ဖြင့် ပြောလိုက်သည်။
"အခုကစပြီး ငါဈေးဝယ်ထွက်ချင်တဲ့အခါတိုင်း နင် လိုက်ရမယ်၊ ပြီးတော့ ငါခိုင်းတာ အကုန်လုပ်ရမယ်၊ တစ်ခါလိုက်ရင် ယွမ်တစ်ထောင်နှုန်းနဲ့ နှိမ်ပေးမယ်၊ အကြွေးတွေ ကျေသွားတဲ့အထိပေါ့"
တစ်ခါလိုက်လျှင် ယွမ်တစ်ထောင်ဆို အကြွေးကျေရန် အကြိမ်ပေါင်း ငါးဆယ် လိုက်ရပေမည်။ ဝေ့ရှီယုနောက် ဈေးဝယ်လိုက်ခဲ့ရသည့် နောက်ဆုံးအကြိမ်ကို ပြန်သတိရမိသဖြင့် ကျိုးဟောက်ယွီမှာ ချွေးစေးများပင် ထွက်လာတော့သည်။ အကြိမ်ငါးဆယ်ဆိုသည့် အတွေးမှာ သူ့အတွက်တော့ တကယ်ကို ကြောက်စရာကောင်းလှ၏။ သူသည် ခေါင်းကို အပြင်းအထန်ရမ်းလိုက်ရင်း ထိုကြောက်စရာကောင်းသော အတွေးကို အတင်းဖိနှိပ်လိုက်ရသည်။ ကျိုးဟောက်ယွီ ခပ်လွယ်လွယ်ပင်ဆုံးဖြတ်လိုက်သည်။
"ကောင်းပါပြီ ငါထပ်ပြောမယ်နော်၊ အရမ်းကြီး အဓိပ္ပာယ်မရှိတာမျိုး မဟုတ်ရင် ငါသဘောတူတယ်"
အမြဲတမ်း စိတ်ပူနေမည့်အစား အံကြိတ်ပြီး ရင်ဆိုင်လိုက်ခြင်းသာ ကျိုးဟောက်ယွီ၏စရိုက်ဖြစ်သည်။
"သေချာပေါက် အဓိပ္ပာယ်ရှိမှာပါ"
ဝေ့ရှီယုမှာ ကျိုးဟောက်ယွီကို မဲ့ပြုံးလေးဖြင့် ကြည့်နေသည်။ သူမ၏ မျက်နှာထားမှာ ထောင်ချောက်တစ်ခုလိုဖြစ်နေပြီး သူ့ကို အနိုင်ကျင့်ရန် ကြံစည်နေမှန်း သိသာလှ၏။ ကျိုးဟောက်ယွီ သက်ပြင်းမချဘဲ မနေနိုင်ပေ။ ကျေးဇူးတရားတွေရှိနေသဖြင့် သူငြင်းဆန်ရန် အကြောင်းမရှိချေ။
"အကင်တွေ ရပါပြီ၊ အားရပါးရ သုံးဆောင်ကြပါဦး"
ဆိုင်ရှင်၏အော်သံနှင့်အတူ ဟင်းပွဲများ ရောက်လာတော့သည်။ ဝေ့ရှီယုမှာ သူမရှေ့ရှိ ထူးထူးဆန်းဆန်းအကင်များကို ကြည့်ကာ မျက်မှောင်ကြုတ်နေပြီး စားရန် ဝန်လေးနေရှာ၏။
"မြည်းကြည့်ပါဦး၊ တကယ် အရသာရှိတာ"
ကျိုးဟောက်ယွီမှာ ကိုယ်တိုင်လည်း အားရပါးရစားရင်း ဝေ့ရှီယုကို တစ်ခု ကမ်းပေးလိုက်သည်။ ဝေ့ရှီယု ၎င်းကို ကိုင်ထားသည်မှာကြာလှပြီဖြစ်ပြီး စိတ်ထဲတွင် ဝေခွဲမရဖြစ်ကာ စားရန်ပင် ကြောက်နေသလို ဖြစ်နေ၏။ ကျိုးဟောက်ယွီ အားရပါးရစားနေသည်ကို မြင်ရမှသာ ဝေ့ရှီယု သတ္တိမွေးကာ တစ်ကိုက် ကိုက်ကြည့်လိုက်သည်။ အမြင်အားဖြင့် သိပ်မလှသော်လည်း အရသာမှာ တကယ်ကို မဆိုးလှပေ။ ကျိုးဟောက်ယွီ ကြွားသလောက်ကြီးမဟုတ်သော်လည်း မဆိုးဟုတော့ဆိုနိုင်သည်။ သူမ စားနေသည်ကိုမြင်ရမှ ကျိုးဟောက်ယွီပြုံးကာ ပြောလိုက်သည်။
"ဒါနဲ့ မင်းကို မေးစရာတစ်ခုရှိလို့"
"ဘာလဲ"
ဝေ့ရှီယုမှာ တည်ငြိမ်စွာ မေးသည်။ ကျိုးဟောက်ယွီတစ်ရှူးဖြင့် ပါးစပ်ကိုသုတ်ကာ သံသယဖြင့် မေးလိုက်၏။
"ငါ ဖုန်းဆိုင်မှာ ဖုန်းရောင်းလိုက်တာကို မင်း ဘယ်လိုလုပ်သိတာလဲ"
ဤမေးခွန်းမှာ သူ ဖုန်းပျောက်စဉ်ကတည်းက ရင်ထဲတွင်ရှိနေသော်လည်း ဝေ့ရှီယုနှင့် စကားများပြီး သူမ ထွက်သွားခဲ့သဖြင့် မမေးဖြစ်ခဲ့ချေ။ တိုက်ဆိုင်မှုသက်သက်ဟုတော့ သူ မယုံကြည်ပေ။
"နင်က ကိုယ့်ကိုကိုယ် ၂၁ရာစုလူသားလို့ ခေါ်နေတာလား၊ GPS ဆိုတာ ဘာလဲ မသိဘူးလား"
ဝေ့ရှီယုမှာ သူ့ကိုအရူးတစ်ယောက်လို သနားသော မျက်လုံးများဖြင့် ကြည့်သည်။ ကျိုးဟောက်ယွီ GPS အကြောင်းသိသော်လည်း ဝေ့ရှီယုမှာ ထိုဖုန်းတွင် ထည့်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဇဝေဇဝါဖြစ်နေသော သူ့ပုံစံကိုမြင်သောအခါ ဝေ့ရှီယုမှ အတည်ပေါက် ရှင်းပြလိုက်သည်။
"စိတ်ကူးတွေ အရမ်းယဉ်မနေနဲ့ဦး၊ ငါ နင့်အပေါ် ခံစားချက်ရှိလို့ မဟုတ်ဘူး၊ ငါ ဖုန်းတွေအများကြီးဝယ်ခဲ့တုန်း အဲဒီဆိုင်က အထူး GPS ထောက်လှမ်းရေးတွေ ထည့်ထားပေးတာ၊ ငါ သူတို့ကို ဖုန်းဆက်လိုက်ရင် ငါ့ဖုန်း ဘယ်မှာလဲဆိုတာ သူတို့ရှာပေးနိုင်တယ်"
"ဪ အဲဒါကြောင့်ကိုး၊ မင်းသာ ရှင်းမပြရင် ငါ့ကို စိတ်ဝင်စားနေတယ်လို့ တကယ်ထင်သွားမှာ"
ကျိုးဟောက်ယွီမှ သက်ပြင်းချဟန်ဆောင်ကာ ပြောလိုက်သည်။
"အရှက်မရှိလိုက်တာ"
ဝေ့ရှီယုမှာ ဒေါသတကြီးဖြင့် ဝါးတုတ်တံအား သူ့ထံလှမ်းပေါက်လိုက်သော်လည်း သူမမျက်နှာတွင် မသိမသာ နီမြန်းသွားသည်။ နီမြန်းသွားသော သူမပါးပြင်လေးကိုမြင်လိုက်ရသောအခါ ကျိုးဟောက်ယွီစိတ်ထဲတွင် ခဏမျှ ထူးဆန်းသောခံစားချက်တစ်ခု ဝင်လာ၏။ သူမသည် သူတစ်သက်လုံး ကာကွယ်ပေးချင်သော သူဖြစ်သည်ဟု ခံစားလိုက်ရခြင်းပင်။ သို့သော် ဤအတွေးကို သူချက်ချင်းပင် ဖျောက်ဖျက်လိုက်သည်။ သူ ခေါင်းကို ခါယမ်းကာ ဒေါသထွက်ဟန်ဆောင်ရင်း ဆိုလိုက်၏။
"ဟုတ်ပါတယ်၊ မဟုတ်ရင် မင်းဘာလို့ မျက်နှာနီနေတာလဲ"
ဝေ့ရှီယုသည် သူမမျက်နှာကိုမမြင်ရသော်လည်း ပူထူနေသည်ကိုတော့ ခံစားမိသည်။ ဝေ့ရှီယုမှာ အလေးအနက် ကြေညာလိုက်၏။
"အစပ်တွေစားလို့ မျက်နှာနီတာပါ၊ နင်ကတော့ ကိုယ့်ကိုကိုယ်အထင်ကြီးနေတာပဲ၊ ဒီဘဝမှာတော့ ငါတို့ကြားဘာမှမဖြစ်နိုင်ဘူးနော်"
ဤစကားကို ကြားသောအခါ ကျိုးဟောက်ယွီက ကောင်းကင်နှင့် မြေကြီးကို လက်အုပ်ချီကာဆိုလိုက်တော့သည်။
"တော်သေးတာပေါ့၊ မင်း ငါ့ရုပ်ကို ကြည့်ပြီး ငါ့နောက်ကို တစ်သက်လုံးတကောက်ကောက် လိုက်နေမှာစိုးနေတာ၊ အခုလို ပြောလိုက်တော့မှပဲ ငါစိတ်အေးရတော့တယ်"
ဤမျှအရှက်မရှိသော စကားများကြောင့် ဝေ့ရှီယုမှာ ဘာမှပြန်မပြောနိုင်တော့ဘဲ ဒေါသကြောင့် ပါးပြင်များ ပိုနီမြန်းလာရှာသည်။
"နင် နင်"
ဝေ့ရှီယုမှာ ဝါးတုတ်လေးဖြင့် ကျိုးဟောက်ယွီကိုညွှန်ကာ ဒေါသကြောင့် အသံများပင် တုန်နေတော့သည်။ သူမ ဒေါသထွက်လေ ကျိုးဟောက်ယွီမှာ ပျော်လေ ဖြစ်နေ၏။ ကျိုးဟောက်ယွီ မရိုးမရွပုံစံဖြင့် စနောက်လိုက်သည်။
"ကဲ သတ္တိရှိရင် ငါ့ကို ထပ်ပေါက်လိုက်လေ၊ ငါ့ကို ထိရင် မင်းကို နမ်းပစ်မှာ"
"ဒါဆိုရင် မလှုပ်နဲ့နော်၊ နင် ငါ့ကိုထိရင် ငါနင့်ကို ပြန်နမ်းလိုက်မယ်"
ဝေ့ရှီယုလည်း ဒေါသကြောင့် ကျိုးဟောက်ယွီစကားနောက်ကို ပါသွားတော့သည်။
"အဲ"
စိတ်အေးသွားသောအခါ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း မှင်တက်သွားကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီး အနေရခက်သောအခြေအနေသို့ ရောက်ရှိသွား၏။ သူတို့နှစ်ယောက်စလုံး၏မျက်နှာများမှာ ပို၍နီမြန်းလာကြသည်။ ကျိုးဟောက်ယွီမှာ ခေါင်းကို ကုပ်လိုက်ပြီး အကင်တစ်တုတ်ကို ယူကာ ဆိုလိုက်သည်။
"မင်း သိလား၊ ဒီအကင်က တကယ် အရသာရှိတာပဲ"
ကျိုးဟောက်ယွီ၏အနေရခက်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ ဝေ့ရှီယုမှာ မနေနိုင်ဘဲ တခစ်ခစ်ရယ်မိတော့သည်။ ကျိုးဟောက်ယွီ ခေါင်းစဉ်ပြောင်းလိုက်သဖြင့် ဝေ့ရှီယုလည်း သူမဆံပင်များကို သပ်လိုက်ပြီး ထိုအကြောင်းကို ထပ်မပြောတော့ပေ။ သို့သော် သူမရင်ထဲတွင် တဒိန်းဒိန်းခုန်နေဆဲဖြစ်ပြီး ဤကဲ့သို့သော စကားမျိုးကို သူမ ဘာကြောင့်ပြောမိခဲ့မှန်း သူမကိုယ်တိုင်ပင် နားမလည်နိုင်အောင်ဖြစ်နေတော့လေ၏။