← Chapters

သီးခြားကျင့်ကြံခြင်း

Vol. 30 Ch. 409

သီးခြားကျင့်ကြံခြင်း

Vol. 30 Ch. 409

တွေ့ဆုံပွဲမှ ထွက်လာခဲ့ပြီးနောက် ဇူယွမ်မှာ ကျိုးချူးချင်ယုအား လူရှင်းသည့်နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

“နင်သူ့ရဲ့ သစ်သားအဆောင်အယောင်ကို စမြင်ထဲက သဘောကျနေတာမလား” ကျိုးချူးချင်ယုမှ ပြုံးကာမေးလိုက်၏။ ထို့နောက် သူမ၏နီထွေးသော နှုတ်ခမသားလေးမှာ ရှုံ့မဲ့သွားကာ အလိုမကျဟန်ဖြင့် ဆက်၍ပြောလိုက်သည်။ “ဒါပေမဲ့ ခုနက နင်ငါ့ကို အသုံးချသွားတယ်လို့ ခံစားနေရတယ်”

“ဘာလို့ ပေါက်ကရတွေ လျှောက်တွေးနေတာလဲ” ဇူယွမ်မှ မှန်ကန်ဖြောင့်မတ်သော အမူအရာဖြင့် တုံ့ပြန်လိုက်၏။ “ငါတို့နှစ်ယောက်က မတရားမှုကို ဆန့်ကျင်ပြီး မဟူရာမီးတောက်စီရင်စုကသူတွေရဲ့ အနိုင်ကျင့်တာကို ခေါင်းငုံ့မခံပဲ ဖြေရှင်းခဲ့ကြတာပါဟ”

ဇူယွမ်မှာ စကားပြောပြီးသည်နှင့်တကွ အပူရှိန်အားကာကွယ်ရန် ချီစွမ်းအင်များဖြင့် ထုတ်ပိုးထားသော မီးလျှံအဆီအနှစ်များကို ထုတ်ယူလိုက်သည်။

ထို့နောက် ဇူယွမ်မှာ ခပ်ဖွဖွရီမောကာ ပြောလိုက်၏။ “ ဘယ်လိုပဲဖြစ်ဖြစ် ငါကမင်းကို ဒီကိစ္စထဲ ဆွဲသွင်းခဲ့တဲ့သူပဲ။ ဒါတွေကို ငါတစ်ယောက်တည်း အပိုင်သိမ်းထားရင် မတရားသလို ဖြစ်နေလိမ့်မယ်။ နည်းနည်းယူသွားဦး”

ကျိုးချူးချင်ယုမှာ ညင်သာစွာ ရီမောလိုက်ပြီးနောက် မီးလျှံအဆီအနှစ်များကို ကြည့်လိုက်သည်။ ထို့နောက် ဇူယွမ်၏ ရက်ရောမှုအား ငြင်းပယ်ခြင်းမပြုတော့ပဲ အင်္ကျီလက်အားဝှေ့ယမ်းကာ မီးလျှံအဆီအနှစ်နှစ်ခုကို သိမ်းဆည်းလိုက်၏။

တစ်ခုမှာ နှစ်တစ်ရာသက်တမ်းရှိသော မီးလျှံအဆီအနှစ်ဖြစ်ပြီး ကျန်တစ်ခုမှာ နှစ်ငါးရာသက်တမ်းရှိသော မီးလျှံအဆီအနှစ်ဖြစ်သည်။

ထိုမီးလျှံအဆီအနှစ်နှစ်ခုပေါင်းတန်ဖိုးမှာ မူလသလင်းကျောက် တစ်သန်းကျော်မျှ ရှိနိုင်၏။

ကျိုးချူးချင်ယုမှာ မီးလျှံအဆီအနှစ်များအား ဆော့ကစားနေရင်းမှ ကျေနပ်အားရစွာပြုံး၍ စကားဆိုလိုက်သည်။ “နင့်ကို သတိပေးစရာ ရှိသေးတယ်”

“ဘာအကြောင်းလဲ”ဇူယွမ်မှ မေးမြန်းလိုက်၏။

ကျိုးချူးချင်ယုမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ညင်သာစွာဖြင့် စကားဆက်လိုက်သည်။ “မီးလျှံအဆီအနှစ် သွေးကြောနယ်မြေထဲရောက်ရင် မြင့်မြတ်သောနန်းတော်ကလန်က ယန်ရွှမ်းဆိုတဲ့လူကို ဂရုစိုက်”

“ယန်ရွှမ်း ... ” ဇူယွမ်၏စိတ်ထဲ၌ ကျိုးချူးချင်ယုနား တဝဲလည်လည် ဖြစ်နေခဲ့သော နွေးထွေးသည့်အမူအရာနှင့် လူငယ်လေးအား ပြန်လည်အမှတ်ရမိ၏။

“မီးလျှံအဆီအနှစ်သွေးကြောကို ရယူဖို့အတွက် ငါတို့အလှပန်းတစ်ရာနန်းတော်နဲ့ မြောက်ပိုင်းနဂါးပင်လယ်ခန်းမတို့က ရွေးချယ်ခံတစ်ယောက်ဆီပဲ စေလွှတ်ခဲ့တယ်။ အဲဒါကြောင့် ငါတို့ကလန်နှစ်ခုက သွေးကြောကို သိမ်းပိုက်ချင်တာမဟုတ်ပဲ ဝေစုရယူချင်ရုံပဲဆိုတာ သိသာတယ်”

“ဒါပေမဲ့ နင်တို့ကန်ရွှမ်းကလန်နဲ့ မြင့်မြတ်သောနန်းတော်ကလန်ကတော့ အဲဒီလိုတွေးထားပုံမရဘူး။ ကလန်နှစ်ခုလုံးက ရွေးချယ်ခံနှစ်ယောက်စီ လွှတ်ခဲ့တယ်။ ပြီးတော့ ရွေးချယ်ခံတွေထဲကတောင်မှ အတော်ဆုံးတပည့်တွေချည်း လွှတ်ခဲ့တာ”

“နှစ်ဖက်လုံးက ရွေးချယ်ခံတွေက ကြောက်စရာကောင်းလောက်အောင် ထူးချွန်တဲ့သူတွေချည်းပဲ”

“နင်တို့ကလန်နဲ့ မြင့်မြတ်သောနန်းတော်နှစ်ခုလုံးက အင်အားမျှသလို ဖြစ်နေပေမဲ့ အဲ့နေ့က ယန်ရွှမ်းအပြုအမူတွေအရ ကန်ရွှမ်းကလန်ကို သိပ်အလေးထားပုံ မရဘူး”

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့ရသည်။ ယန်ရွှမ်းမှာ ရွေးချယ်ခံတစ်ဦး မဟုတ်ပေ။ ထို့ကြောင့် မြင့်မြတ်သောနန်းတော်ရှိ ယန်ရွှမ်း၏အဆင့်အတန်းမှာ ကန်ရွှမ်းကလန်၏ ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များဖြစ်သည့် ချင်းဟိုင်၊ ပိုင်လီတို့နှင့် တူညီနေပေလိမ့်မည်။

ထို့အပြင် ယန်ရွှမ်းအား တွေ့ဆုံခဲ့သည့်နေ့၌ ဇူယွမ်မှာ ယန်ရွှမ်း၏ ကျင့်ကြံရေးအဆင့်သည် ချင်းဟိုင်တို့ကဲ့သို့ပင် မူလစဦး သမ္မတအဆင့်သို့ ရောက်ရှိနေသူဖြစ်ကြောင်း ခံစားမိခဲ့၏။ ထိုသည်ကို အဘယ်ကြောင့် ယန်ရွှမ်းမှ အလွန်ယုံကြည်ချက် ရှိနေခဲ့ပါသနည်း။

ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေခဲ့ပြီးနောက် ကျိုးချူးချင်ယုအား ပြန်၍ပြောလိုက်သည်။ “ကောင်းပြီ။ ငါသတိထားပါ့မယ်”

ကျိုးကျူးချင်ယုမှ ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် ဇူယွမ်တို့နှစ်ဦးမှာ အချိန်အချို့ကြာအောင် ဆက်လက် စကားပြောနေခဲ့ကြပြီးနောက် တည်းခိုရာအခန်းများဆီသို့ ပြန်သွားခဲ့ကြသည်။

ဇူယွမ်မှာ အခန်းသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် စူးသွမ့်ဆီမှ ရယူလာခဲ့သော သစ်သားအဆောင်အယောင်အား ထုတ်၍ကြည့်ရှုလိုက်၏။

ရှေးဟောင်သစ်သားအဆောင်အယောင်မှာ ရိမူချီများ ကြွယ်ဝစွာ ပါဝင်နေပြီး နှစ်ထောင်ချီသက်တမ်းရှိသော ရှားပါးသစ်သားဒြပ်စင်နှင့် ပြုလုပ်ထားသည်မှာ ထင်ရှားလှသည်။ ထို့အပြင် သစ်သားအဆောင်အယောင်ပေါ်၌ မူလမှော်စာလုံးများ အသေးစိတ် ရေးထွင်းထားသောကြောင့် မူလအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ကြောင်း သိနိုင်၏။

ဤအသုံးအဆောင်အား ဆင်​မြန်းထားခြင်းဖြင့် မည်သည့်ထိခိုက်ဒဏ်ရာမဆို ပြန်လည်ကောင်းမွန်စေနိုင်သည့်အတွက် တိုက်ပွဲများတွင် လွန်စွာမှ အသုံးဝင်ပေသည်။

တစ်နည်းဆိုရလျှင်မူ ၎င်းကို မူလအကာအကွယ်ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်၏။

ထိုက်ရိအမှတ်အသားအား ဖန်တီးမှတ်သားနိုင်ရန် ယူဆောင်လာခဲ့သော ဇူယွမ်သည်ပင် ဤသစ်သားဒြပ်စင်ထဲရှိ ရိမူချီများအား စုပ်ယူရန် တွန့်ဆုတ်နေမိသည်။

ဇူယွမ်မှာ သက်ပြင်းချကာ ထိုင်ချလိုက်ပြီးနောက် လက်များကို တစ်ခုနှင့်တစ်ခု ထပ်လိုက်ကာ ရွှေရောင်ချီစွမ်းအင်များ ထွက်ပေါ်စေလိုက်၏။ ရှေးဟောင်းသစ်သား အဆောင်အယောင်မှာ ဇူယွမ်၏ လက်ဖဝါးထက်၌ ရစ်ဝဲနေခဲ့သည်။

ရွှေရောင်ချီစွမ်းအင်များမှာ ညင်သာစွာတုန်ခါနေကာ သစ်သားအဆောင်အယောင်အား ချေဖျက်နေခဲ့၏။ ထို့နောက် ရှေးဟောင်းသစ်သားဒြပ်စင်မှာ ပုတီးစေ့အရွယ် အလုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဇူယွမ်မှာ မျက်ဝန်းများကို တင်းကျပ်စွာ ပိတ်လိုက်၏။

ထို့နောက် လေထဲ၌ ရစ်ဝဲနေသော ပုတီးလုံးထဲများမှ နက်မှောင်သော အစိမ်းရောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ဇူယွမ်၏လက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေတော့သည်။

“ဘယ်လောက်တောင်များပြားပြီး ကောင်းမွန်တဲ့ ရိမူချီတွေလဲ”

စွမ်းအင်အမျှင်အတန်းများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဇူယွမ်မှာ ထူးခြားမှုကို ခံစားမိခဲ့၏။ ယနေ့ စုပ်ယူခဲ့သော ရိမူချီများမှာ အလွန်သန့်စင်၍ အသက်စွမ်းအင်အများအပြား ပါဝင်နေပေသည်။

ထို့ကြောင့် ဇူယွမ်မှာ အလွန်ပင် ပျော်ရွှင်သွားခဲ့ရ၏။ ယခင်က ဇူယွမ်စုပ်ယူခဲ့သော ရှေးဟောင်းသစ်သားဒြပ်စင်များမှာ ဤနှစ်ထောင်ချီသက်တမ်းရှိသော သစ်သားဒြပ်စင်နှင့် နှိုင်းယှဉ်၍ပင် မရပါချေ။ ရိမူချီစွမ်းအင် ကြွယ်ဝခြင်းရော၊ အသက်စွမ်းအင် သန့်စင်ခြင်းရောတွင် များစွာကွာခြားလှ၏။

ဇူယွမ်မှာ ပျော်ရွှင်နေသော စိတ်အစုံကို ပြန်လည်တည်ငြိမ်စေလိုက်ပြီးနောက် ရိမူချီများကို အသွေးအသားများနှင့် စတင်ပေါင်းစည်းစေလိုက်သည်။ တစ်ချိန်တည်းမှာပင် ဇူယွမ်၏စိတ်ဝိညာဉ်မှာလည်း ထိုက်ရိအမှတ်အသားများအား မှတ်သားရေးဆွဲနေခဲ့၏။

ဇူယွမ်မှာ လွန်ခဲ့သောလတစ်ဝက်လုံး ဤအခြင်းအရာကို ပြုလုပ်နေခဲ့ရသဖြင့် ချောမွေ့စွာ လုပ်ဆောင်နိုင်နေပေပြီ ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ယခင်အချိန်များ၌ ရိမူချီလုံလောက်စွာ မရှိခဲ့သောကြောင့် ထိုက်ရိအမှတ်အသားအား ပြုလုပ်နေစဉ်အတွင်း မကြာခဏ ရပ်တန့်ခဲ့ရခြင်းပင် ဖြစ်၏။ ထို့ကြောင့် ဇူယွမ်၏ ထိုက်ရိအမှတ်အသား ရေးဆွဲမှတ်သားခြင်းဖြစ်စဉ်မှာ လွန်စွာနှေးကွေးနေခဲ့ရသည်။

လွန်ခဲ့သော လတစ်ဝက်မျှ အချိန်အတောအတွင်း ဇူယွမ်မှာ ခန္ဓာကိုယ်၌ ထိုက်ရိအမှတ်အသား မှတ်သားခြင်းမှာ ဆယ်ပုံတစ်ပုံခန့်မျှပင် မပြီးစီးနိုင်ခဲ့ပေ။

သို့သော် ဤတစ်ကြိမ်တွင် ဇူယွမ်၏ခန္ဓာကိုယ်ထဲသို့ ရိမူချီများ ဝင်ရောက်လာသည့်အချိန်မှစ၍ ကြာမြင့်စွာ ရပ်တန့်နေခဲ့သော ထိုက်ရိအမှတ်အသားမှာ တစ်ခါမှမကြုံတွေ့ခဲ့ဖူးသော အမြန်နှုန်းဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့သည်ကို ခံစားမိခဲ့၏။

ဤနှုန်းအတိုင်းဖြင့်ဆိုလျှင် ရက်အနည်းငယ်အကြာ၌ ထိုက်ရိအမှတ်အသား မှတ်သားရေးဆွဲခြင်းအဆင့်ကို ပြီးမြောက်နိုင်စေလိမ့်မည်။

ယခုသည်ပင် ထိုက်ရိအမှတ်အသားမှာ တဝက်ကျော်မျှ မှတ်သားပြီးစီးခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ထိုက်ရိသစ်စိမ်းပင်အမှတ်အသားအချို့မှာ စတင်၍ အသက်ဝင်လာတော့မည်ပင် ဖြစ်သည်။

ဇူယွမ်မှာ နှလုံးသားထဲ၌ အလွန်ပင် စိတ်လှုပ်ရှားနေရလေသည်။

“ကြည့်ရတာ နောက်သုံးရက်လုံး လေ့ကျင့်ရမယ့်ပုံပဲ”

...  ... .

နောက်တစ်နေ့တွင် တွေ့ဆုံပွဲအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများမှာ မဟူရာမီးတောက်စီရင်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဇူယွမ်၏အမည်အား မသိသူမရှိသလောက်ပင် ဖြစ်သွားခဲ့၏။ စီရင်စုရှိ အမျိုးမျိုးသောအုပ်စုများမှ ထိပ်တန်းပါရမီရှင်များသည်ပင် ကန်ရွှမ်းကလန်မှ ဇူယွမ်ဟူသော တပည့်လေးမှာ မီးလျှံကျောက် လောင်းကစားနယ်ပယ်၌ အလွန်အရည်အချင်းရှိကြောင်း လက်သင့်ခံခဲ့ရပေသည်။

စူးသွမ့်ကဲ့သို့သော ဖူကလန်၏ ခေါင်းဆောင်ငယ်တစ်ဦးသည်ပင် ဇူယွမ့်ထံ၌ ရှုံးနိမ့်သွားခဲ့ရ၏။

ထိုအကြောင်းမှာ လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားနေခဲ့ပြီး ယခုဆိုလျှင် တပည့်အုပ်စုတိုင်းမှ ဇူယွမ်၏အမည်အား သိရှိနေကြပြီ ဖြစ်သည်။

အကြီးအကဲဝူမှာ လာမည့်တိုက်ပွဲအတွက်ဆွေးနွေးရန် လီချင်းချန်တို့အုပ်စုအား ခေါ်ယူခဲ့သောအခါတွင် ဇူယွမ်မှာ ပါမလာခဲ့ချေ။

“အခုသုံးရက်အတွင်း ဇူယွမ်က သီးခြားကျင့်ကြံမယ်လို့ ပြောထားပါတယ်” လီချင်းချန်မှ စကားဆိုလိုက်၏။

ကျောင်းဇူမှာ တည်ငြိမ်နေသော အမူအရာဖြင့် တုံ့ပြန်လိုက်သည်။ “ဇူယွမ်က မနေ့ညကတော့ အရမ်းတွေ တက်ကြွနေခဲ့တာနော်။ အခုကြ လူစိတ်ဝင်စားခံရမှာစိုးလို့ ပုန်းနေတာလား။ ဒါမှမဟုတ် နောက်ဆုံးအချိန်မှ   နည်းနည်းဖြစ်ဖြစ် ပိုပြီးသန်မာလာအောင် လုပ်နေတာလား”

ကျောင်းဇူ၏စကားအား ကြားလိုက်ရသောအခါတွင် ချင်းဟိုင်နှင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များက စတင်၍ရီမောကြလေတော့၏။

အကြီးအကဲဝူ၏အမူအရာမှာလည်း ပျက်ယွင်းနေရပေသည်။ လွန်ခဲ့သောညမှ အဖြစ်အပျက်များအား အကြီးအကဲဝူလည်း ကြားသိခဲ့ရ၏။ အကြီးအကဲ၏အမြင်တွင်မူ မီးလျှံကျောက် အလောင်းအစား ပြုလုပ်ခြင်းမှာ အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်သည်။ ထို့အပြင် ဇူယွမ်မှာ ကျင့်ကြံခြင်းတွင် မူလစဦး စတုတ္ထအဆင့်သာရှိသော်လည်း အသုံးမဝင်သော အလောင်းအစားများတွင်တော့ အတော်ထူးချွန်ပုံရ၏။ ထို့ကြောင့် ဇူယွမ်မှာ အားကိုး၍ရမည့်သူမဟုတ်ကြောင်း ထင်ရှားနေပေသည်။

အကြီးအကဲဝူမှာ ဇူယွမ်အား မြင့်မားစွာ မျှော်လင့်ထားခြင်း မရှိပါသော်လည်း ဇူယွမ်၏အပြုအမူများက သူ့အားပို၍ ဒေါသဖြစ်စေ၏။

အကြီးအကဲမှာ ဇူယွမ်အား စိတ်ထဲထားမနေတော့ပဲ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ထားလိုက်တော့။ သူ့ဟာသူ တာဝန်မကျေရင်လည်း အဲဒါသူ့အပြစ်ပဲ”

အကြီးအကဲဝူမှာ ဇူယွမ်အား အလွန်ပင် အထင်အမြင်သေးနေခဲ့ပြီ ဖြစ်၏။ မီးလျှံအဆီအနှစ်သွေးကြောအား ရယူခြင်းတိုက်ပွဲပြီးလျှင် ဇူယွမ်အား ဆိုးရွားစွာမှတ်ချက်ပြုရန်ပင် တွေးတောထားခဲ့သည်။

“ငါတို့ဆွေးနွေးရအောင်”

...  ... .

ဤသို့နှင့် သုံးရက်ဆိုသော အချိန်ကာလမှာ လျင်မြန်စွာပင် ကုန်ဆုံးလာခဲ့လေသည်။

All Chapters