အခန်း ၇၇
Vol. 8 Ch. 77
77
ဝေ့ရှီယုသည် အနေရခက်သော ခေါင်းစဉ်ကို ဆက်မပြောတော့ဘဲ သူမ၏ အသားတုတ်ထိုးအကင်များကိုသာ တဖြည်းဖြည်းချင်း ဝါးစားနေတော့သည်။ ကျိုးဟောက်ယွီလည်း တိတ်တဆိတ် သက်ပြင်းချနိုင်သွား၏။ သူ အကင်စားနေရင်း အလွန်အရေးကြီးသော ကိစ္စတစ်ခုကို သတိရသွားသည်။ ယနေ့ သူ ဝေ့ရှီယုကို ဖိတ်ခေါ်ခဲ့သည်မှာ ကျေးဇူးတင်ရန်အတွက်သာမက လုဟန် အကြောင်း စုံစမ်းရန်လည်းဖြစ်သည်။ လုဟန်နှင့် ရှင်းစရာရှိသော စာရင်းဟောင်းများကို သူ အပြတ်ရှင်းရပေမည်။
"ဒါနဲ့ ငါမေးစရာရှိလို့၊ လုဟန် ဒီရက်ပိုင်း မင်းအိမ်ကို လာသေးလား"
လုဟန်ကို ဝေ့ရှီယု မုန်းတီးနေမှန်းကျိုးဟောက်ယွီ သိသဖြင့် တိုက်ရိုက်မမေးရဲပေ။ လုဟန်၏ နာမည်ကို ကြားလိုက်ရသည်နှင့် ဝေ့ရှီယုမှာ စိတ်ပျက်သောအမူအရာဖြင့် ပြန်ဖြေ၏။
"မလာပါဘူး၊ သူက ဘာကိစ္စရှိလို့ ငါ့အိမ်ကို အကြောင်းမရှိဘဲ လာရမှာလဲ"
"ဪ၊ သူဟိုတစ်ခေါက် မင်းအဖေကို ရှေးဟောင်းပစ္စည်းအတုနဲ့ လာလိမ်ပြီးကတည်းက ဘာတွေ ဆက်ဖြစ်သွားလဲလို့ သိချင်လို့ပါ"
လုဟန်၏ သတင်းကို ဝေ့ရှီယုထံမှ ရလိုလျှင် သူမ စိတ်ဝင်စားအောင် အရင်လုပ်ရမည်ဖြစ်ကြောင်း ကျိုးဟောက်ယွီ နားလည်ထားသည်။ သူ ထင်သည့်အတိုင်းပင် ဝေ့ရှီယုသည် ထိုအကြောင်းကို တစ်ခါမှ မကြားဖူးသဖြင့် ချက်ချင်းပင် စိတ်ဝင်စားသွားတော့၏။ ထို့ပြင် လုဟန်မှာ ဝေ့ကျန်းဟွာကို ပစ္စည်းအတုဖြင့် လာလိမ်သည်ဟူသော အချက်ကြောင့် သူမ အလွန်ဒေါသထွက်သွားသည်။
"အဲဒါ ဘယ်တုန်းက ဖြစ်တာလဲ၊ ငါ ဘာလို့ ဘာမှမသိရတာလဲ၊ ပြီးတော့ သူက ငါ့အဖေကို ဘယ်လိုတောင် လိမ်ရဲရတာလဲ"
ဝေ့ရှီယု၏ ကြည်လင်လှပသော မျက်ဝန်းများတွင် သံသယများ ပြည့်နှက်သွားသည်။ ကျိုးဟောက်ယွီလည်း အခွင့်အရေးရခိုက် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်၏။ သူ၏ ပုံကြီးချဲ့ပြီး ပြောပြချက်များကြောင့် ဝေ့ရှီယုမှာ တခစ်ခစ် ရယ်မောနေတော့သည်။
"ဟားဟား၊ သူက တကယ်ကို ဦးနှောက်မရှိတာပဲ၊ ပြန်ရောက်ရင်တော့ သေချာပေါက် အဆူခံရတော့မှာ"
ဝေ့ရှီယုမှ အားရပါးရ ရယ်မောနေပြီး သူမ၏ မင်းသမီးလေးဆန်သော ဟန်ပန်များပင် ပျောက်ကွယ်နေတော့သည်။
"သူက တကယ် စောက်ရူးပဲ"
ကျိုးဟောက်ယွီ ရွဲ့ကာ ပြောလိုက်ပြီးမှ အမှတ်မထင် မေးလိုက်သည်။
"ဒါနဲ့ လုဟန်က များသောအားဖြင့် ဘယ်နေရာတွေကို သွားတတ်လဲ မင်းသိလား"
"သူက ဘယ်သွားမှာလဲ"
ဝေ့ရှီယုမှာ အထင်သေးစွာဖြင့် ပြောလိုက်သည်။
"အဲဒီလို အလုပ်မရှိ အကိုင်မရှိ အပျော်အပါးမက်တဲ့ သူဌေးသားတွေ သွားနေကျနေရာက ထျန်းယာဟိုင်ကောပဲပေါ့"
"ထျန်းယာဟိုင်ကော ဟုတ်လား"
ကျိုးဟောက်ယွီ ခဏငြိမ်သွားပြီးမှ ပြန်မေးလိုက်သည်။
"မြို့လယ်က ဟိုအဆင့်မြင့်ဖျော်ဖြေရေးကလပ်ကို ပြောတာလား"
"အင်းလေ နင်က ဘာလို့မေးတာလဲ"
ဝေ့ရှီယုမှ ဇဝေဇဝါဖြင့်ပြန်မေးသည်။
"ဪ ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်း မေးကြည့်တာပါ"
ကျိုးဟောက်ယွီ ရယ်ကျဲကျဲဖြင့် ခေါင်းစဉ်လွှဲလိုက်သည်။ နှစ်ယောက်သား စကားတပြောပြောဖြင့် အကင်စားကြရာ အခြေအနေမှာ တော်တော်လေး အဆင်ပြေနေ၏။ သို့သော် ရံဖန်ရံခါ စကားများကြသဖြင့် နွေးထွေးမှုတော့ မရှိလှပေ။
"ဟွန့်၊ ငါနဲ့ ထမင်းအတူစားဖို့လူတွေအများကြီး တန်းစီနေတာတောင် ငါက လှည့်တောင်မကြည့်ဘူး၊ အခု နင့်ကို အခွင့်အရေးပေးတာတောင် နင်က စကားကောင်းကောင်းမပြောဘဲ ငါ့ကို စိတ်တိုအောင်ပဲ လုပ်နေတယ်၊ တကယ်ပါပဲ ငါ့ကို အိမ်ပြန်ပို့ပေးတော့"
ဝေ့ရှီယု ထရပ်လိုက်သည်။
"မစားတော့ဘူးလား၊ မင်း သိပ်မစားရသေးဘူးနော်"
ကျိုးဟောက်ယွီမှာ စိုးရိမ်တကြီး မေးသည်။
"ဒေါသတွေနဲ့ ဗိုက်ပြည့်နေပြီ၊ ဘာစားစရာလိုသေးလဲ ဟွန့်"
ဝေ့ရှီယု ပြောပြောဆိုဆိုနှင့် ရှေ့မှထွက်သွားတော့သည်။ ကျိုးဟောက်ယွီမှာ သူမနောက်မှ ရယ်မောကာ သူမ အစားပိုစားစေရန် တမင်စနောက်လိုက်၏။
"နည်းနည်းပဲစားတာ ကောင်းပါတယ်၊ ကြည့်ရတာ မင်းက နည်းနည်းဝနေသလိုပဲ၊ တကယ်ကို ဝိတ်ချသင့်နေပြီ"
ဝေ့ရှီယုမှာ လုံးဝမဝသော်လည်း ကျိုးဟောက်ယွီမှာ သူမကို စချင်သဖြင့် ပြောလိုက်ခြင်းပင်။
"နင် ဘာပြောလိုက်တာလဲ၊ ငါက ဝတယ်လို့ ပြောတာလား"
ဝေ့ရှီယုမျက်လုံးများ ပြူးကျယ်သွားကာ မယုံနိုင်သလိုဖြစ်သွားသည်။ သူမသည် ကျိုးဟောက်ယွီအနားသို့ ဒေါသတကြီးလမ်းလျှောက်လာပြီး သူ့ရင်ဘတ်ကို အားရပါးရထိုးလိုက်ကာ ပြောလိုက်သည်။
"ကျိုးဟောက်ယွီ၊ နင် ငါ့ကို အနိုင်ကျင့်တာ လွန်လာပြီနော်၊ ငါက ဘယ်နားမှာ ဝလို့လဲ၊ နင် ငါ့ကို ဘယ်လိုတောင်ပြောရဲတာလဲ၊ နင် သေချင်နေတာလား"
"ဟမ်"
ဝေ့ရှီယု ဤမျှအထိတုံ့ပြန်လိမ့်မည်ဟု ကျိုးဟောက်ယွီ မမျှော်လင့်ထားသဖြင့် ခဏတာမှင်တက်သွားသည်။
"နင့်ကို စကားမပြောချင်တော့ဘူး၊ နင်လည်း ငါ့ကို ပြန်ပို့ပေးစရာမလိုဘူး၊ ငါ့ဘာသာငါ ကားခေါ်ပြန်မယ်"
ဝေ့ရှီယုမှ နှုတ်ခမ်းဆူကာ ဖုန်းထုတ်ပြီး အိမ်တော်ထိန်းကိုခေါ်လိုက်သည်။ ကျိုးဟောက်ယွီ မျက်မှောင်ကြုတ်သွားကာ အနည်းငယ် စိတ်မသက်မသာဖြစ်သွားရ၏။
"ငါက စတာပါ၊ မင်းကလည်း အဲဒီလောက်အထိ စိတ်ဆိုးစရာလိုလို့လား"
"ဘာစတာလဲ၊ ငါတို့က အဲဒီလောက်အထိ ရင်းနှီးလို့လား"
ဝေ့ရှီယု ပြန်ပက်လိုက်သည်။
"ပြီးတာပဲလေ၊ ငါလည်း လုပ်စရာရှိတာနဲ့ အတော်ပဲ၊ မင်း ငါ့ကားနဲ့ မပြန်ချင်လည်း ကောင်းတာပေါ့၊ ငါသွားပြီ"
ကျိုးဟောက်ယွီမှာ ပြောပြီးလှည့်ထွက်သွားသည်။ ဝေ့ရှီယုသည် ကျိုးဟောက်ယွီကားမောင်းထွက်သွားသည်ကို ရပ်ကြည့်နေပြီး ခြေဆောင့်ကာ ခပ်တိုးတိုး ကျိန်ဆဲနေတော့၏။
"ယုတ်မာလိုက်တာ၊ ငါ့ကို ဒီအတိုင်း ထားခဲ့တာလား"
သို့သော် ကျိုးဟောက်ယွီ၏ကားမှာ အဝေးကြီးမရောက်ဘဲ ရပ်ထားသည်ကို သူမ မသိပေ။ သူသည် ဝေ့ရှီယု တစ်ယောက်တည်း ကျန်ခဲ့မည်ကို စိုးရိမ်သဖြင့် အမှောင်ထဲတွင်ပုန်းကြည့်နေပြီး အိမ်တော်ထိန်းမှ သူမကိုလာကြိုသွားသည်အားမြင်ရမှသာ စိတ်အေးလက်အေးဖြင့် မောင်းထွက်သွားတော့သည်။ ဆယ်မိနစ်ခန့်အကြာတွင် ကျိုးဟောက်ယွီသည် ‘ထျန်းယာဟိုင်ကော’ ဖျော်ဖြေရေးကလပ်၏အဝင်ဝတွင် ပေါ်လာ၏။ ခန့်ညားထည်ဝါလှသော ဂိတ်တံခါးကြီးကိုကြည့်ကာ ကျိုးဟောက်ယွီမှာ ခိုင်မာသောခြေလှမ်းများဖြင့် အထဲသို့ ဝင်သွားသည်။
"ဒါက အဖွားလီရဲ့ ကလပ်လား၊ ဒီနေရာက တကယ်ပဲ ဒီလောက်ကြီးတာလား"
အထဲသို့ ရောက်သည်နှင့် ကျယ်ပြောလှသော ခန်းမကြီးမှာ သူ့ကိုကြိုဆိုနေသည်။ အလွန်ကျယ်ရုံသာမက အဖိုးတန်အဆင်တန်ဆာများဖြင့်လည်း ခမ်းနားစွာ ပြင်ဆင်ထားသည်။ အထူးသဖြင့် အလယ်တွင်ရှိသော ရေပန်းကြီးမှာ နတ်ဘုံနတ်နန်းသို့ ရောက်သွားသလို ခံစားရစေ၏။
"လူကြီးမင်း၊ ဘယ်အခန်းကို ဘွတ်ကင်လုပ်ထားပါသလဲ၊ ကျွန်မ လိုက်ပို့ပေးပါရစေ"
ဝန်ထမ်းအမျိုးသမီးတစ်ဦးမှာ ကျိုးဟောက်ယွီ၏ဇဝေဇဝါဖြစ်နေသော ပုံစံကို မြင်သဖြင့် လာမေးသည်။
"ဪ၊ ကျွန်တော့်မှာ ချိန်းထားတာရှိလို့ပါ၊ ကျွန်တော့်ဘာသာ သွားလိုက်ပါ့မယ်"
ကျိုးဟောက်ယွီမှာ ရယ်ကျဲကျဲဖြင့် ပြောကာ အမြန်လစ်ထွက်လာခဲ့သည်။ ကလပ်အနှံ့ လျှောက်သွားနေရင်း ကျိုးဟောက်ယွီ မျက်စိပင်လည်လာတော့၏။ ဘယ်ကိုသွားရမှန်းပင်မသိတော့ပေ။
‘တောက်၊ ကလပ်ဆိုတာ စားသောက်ဆိုင်တွေလိုပဲ အထဲဝင်လိုက်တာနဲ့ လူရှာရလွယ်မယ်ထင်နေတာ’
ဘာလုပ်ရမှန်းမသိဖြစ်နေစဉ်မှာပင် သူ ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ထိုသူမှာလည်း ကျိုးဟောက်ယွီကို တစ်ပြိုင်တည်းတွေ့သွားပြီး မျက်ဝန်းထဲတွင် ဒေါသမီးများ တောက်လောင်သွားတော့၏။
"ဟေ့ကောင်လေး၊ မင်း ဒီကို တကယ်ပဲ ရောက်လာတာလား"
ဝူဇီဟန်မှာအံ့ဩတကြီး ဟစ်အော်လိုက်ပြီးနောက် ထပ်မံအော်ပြောတော့သည်။
"ငါကလည်း မင်းကို ဘယ်မှာရှာရမလဲလို့ တွေးနေတာ၊ အခုတော့ မင်းကိုယ်တိုင် ငါ့ခြေရင်းလာဝပ်တာပဲ"
ကျိုးဟောက်ယွီ သေချာကြည့်လိုက်သောအခါ ဝူဇီဟန်ဘေးတွင် လူငယ်တစ်ဦးအပြင် လှပသောအဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသမီး လေးငါးယောက်ကိုလည်း တွေ့လိုက်ရသည်။ သူတို့အပြုအမူများမှာ အလွန်ပင် ရင်းနှီးလွန်းလှ၏။ အထူးသဖြင့် ဝူဇီဟန်၏ လက်မှာ ဘေးမှ အမျိုးသမီးတစ်ဦးကို ပွတ်သပ်နေသည်မှာ အလွန်ပင် အရှက်မရှိ ရိုင်းစိုင်းလှသည်။
"မင်း ဟိုတစ်ခေါက်က လီယုဝမ်နဲ့ တွဲနေတယ်ဆို၊ အခုကျတော့ ဘာလို့ တခြားမိန်းမတွေနဲ့ ပွေနေတာလဲ"
ကျိုးဟောက်ယွီမှာ အကျယ်ကြီးပြန်မေးလိုက်သည်။
"ငါ့မှာ မိန်းမတွေ အများကြီးပဲ၊ မင်းကို ရှင်းပြနေစရာ မလိုဘူး"
ဝူဇီဟန်မှာ အေးစက်စက်ရယ်မောရင်း ရက်စက်ဟန်ဖြင့် ပြောလိုက်လေသည်။
"ဒီနေ့ မင်းနဲ့ ဒီမှာတွေ့ရတာ ငါ အရမ်းဝမ်းသာတယ်၊ ခဏနေရင် မင်းသေရတော့မယ်"