အခန်း ၇၈
Vol. 8 Ch. 78
78
"ငါ့ကို သေခိုင်းမလို့လား"
ကျိုးဟောက်ယွီမှ ခနဲ့တဲ့တဲ့ပြန်ပက်လိုက်သည်။
"ကြည့်ရတာ ဟိုတစ်ခေါက်က ငါ့လက်ချက်နဲ့ အသေအလဲ အရိုက်ခံရတာ အားမရသေးဘူး ထင်တယ်၊ အခု မင်းရဲ့အကြောတွေကို ထပ်ပြီးလျော့ပေးစေချင်လို့လား"
"အစွမ်းအစမရှိဘဲ လေကြီးမနေနဲ့ ကောင်လေး၊ အခုချက်ချင်း မင်းကို ငါ့ရှေ့မှာ ဒူးထောက်ပြီး အဖေလို့ ခေါ်ခိုင်းလိုက်မယ်"
ဝူဇီဟန်မှာ ဒေါသတကြီးပြန်ပြောပြီးနောက် သူ့ဘေးမှ အရပ်ရှည်ရှည် လူငယ်ဘက်လှည့်ကာ ဆိုသည်။
"ဝမ်းကွဲအစ်ကို၊ ဒီကောင်ကဟိုတစ်ခေါက်က ကျွန်တော့်ကို ဝိုင်းရိုက်တဲ့ကောင်ပဲ၊ မြန်မြန် လက်စားချေပေးပါဦး"
"စိတ်မပူနဲ့၊ ဒီနေ့တော့ သူအသေပဲ"
ဝမ်ဇီချန် ကျိုးဟောက်ယွီကို အေးစက်စက်ကြည့်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ကောင်လေး၊ မင်း ငါ့ညီလေးကို ဟိုတစ်ခေါက်က အတော်လေး နှိပ်စက်ခဲ့တယ်ဆိုတော့ အခု အဲဒီအတွက် တန်ဖိုးပြန်ပေးရမယ့် အချိန်ရောက်ပြီ"
ကျိုးဟောက်ယွီမှာ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်
"ငါ့ကို တန်ဖိုးပြန်ပေးခိုင်းရအောင် မင်းက ဘယ်ကလာတဲ့ ဘယ်သူမို့လို့လဲ၊ ပြောထားလိုက်မယ် မင်းရဲ့ညီကို ရိုက်သလိုမျိုး မင်းကိုလည်း အဲ့ဒီအတိုင်းငါလုပ်ပေးနိုင်တယ်"
"ဟားဟား"
ဤစကားကို ကြားသောအခါ ဝူဇီဟန်မှာ အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဘယ်လိုတောင် ကြွားဝါနေတာလဲ၊ ငါ့အစ်ကိုက တိုက်ကွမ်ဒိုနည်းပြဆိုတာ မင်း သိထားဦး၊ မင်းလို ခန္ဓာကိုယ်မျိုးနဲ့ဆို သူကတစ်ယောက်တည်းနဲ့ ဆယ်ယောက်လောက်ကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်တယ်"
"ဆယ်ယောက်ဟုတ်လား၊ ရာဂဏန်းလို့ပဲ ပြောလိုက်ပါတော့လား"
ကျိုးဟောက်ယွီမှာ လုံးဝမယုံကြည်ဘဲ အပေါ်ကို လက်ညှိုးထိုးပြကာ ပြုံးစစဖြင့် စနောက်လိုက်သည်။
"အခုက မျက်နှာကျက်ကာနေလို့ မမြင်ရတာ မဟုတ်လို့ အပြင်မှာသာဆိုရင် အခုအချိန် ကောင်းကင်ပေါ်မှာ နွားတွေ ပျံနေတာကို မင်းမြင်ရလိမ့်မယ်"
"ဟမ်၊ ဘာကို ဆိုလိုတာလဲ"
ဝူဇီဟန် တစ်ခဏမျှ ကြောင်သွားသည်။ ကျိုးဟောက်ယွီမှာ ချက်ချင်းပင် ခနဲ့လိုက်၏။
"ဘာလို့ ကောင်းကင်မှာ နွားတွေပျံနေရတာလဲဆိုတော့ မင်းက မြေပြင်မှာ လေလုံးတွေ ထွားနေလို့ပေါ့ကွ"
"တောက်၊ မင်းတော့ သေဖို့ပြင်ထားတော့၊ အစ်ကို သူ့ကို မြန်မြန် ပညာပြလိုက်ပါတော့"
ဝူဇီဟန်မှာ ဒေါသအလိပ်လိုက်ထွက်သွားသည်။ ဝမ်ဇီချန် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ်စိတ်တိုလာ၏။ သူ ကျိုးဟောက်ယွီကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက ငါ့ရဲ့အစွမ်းကို မယုံဘူးဆိုမှတော့ တကယ့်ကြောက်ရွံ့ခြင်းက ဘာလဲဆိုတာ ငါပြပေးရတာပေါ့"
"စကားတွေ အများကြီး ပြောမနေနဲ့၊ တိုက်မယ်ဆိုလည်း တိုက်၊ ငါ လုပ်စရာ အရေးကြီးတာတွေ ရှိသေးတယ်"
ကျိုးဟောက်ယွီမှာ စိတ်မရှည်စွာပြောလိုက်သည်။ သူသည် ထိုနှစ်ယောက်ကို အဖက်လုပ်စရာ လူများဟုပင် မယူဆတော့ချေ။
"သေပေတော့"
ဝမ်ဇီချန် ဟောက်လိုက်ပြီး ကျိုးဟောက်ယွီဆီသို့ လျှပ်စီးလို မြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်လာသည်။ သူ့လက်သီးမှာ အလွန်ပြင်းထန်ပြီး ကျိုးဟောက်ယွီ၏ နားထင်ကို တိုက်ရိုက် ဦးတည်ထား၏။
"ကောင်းပြီလေ"
ကျိုးဟောက်ယွီမှာ တည်ငြိမ်နေဆဲပင်။ သူ လက်သီးကို ဘေးသို့ရှောင်လိုက်ပြီးနောက် ဝမ်ဇီချန်၏မေးစေ့ဆီသို့ လက်သီးတစ်ချက် ပင့်ထိုးလိုက်သည်။
"ဟွန့်"
ဝမ်ဇီချန်မှာ မောက်မာစွာ ရယ်လိုက်ပြီး ကျိုးဟောက်ယွီ၏လက်သီးကို ဖမ်းချုပ်ကာ ဝမ်းဗိုက်ကို ဒူးဖြင့်တိုက်လိုက်သည်။
"အား"
ဝမ်းဗိုက်ကို အားပြင်းပြင်းဖြင့် တိုက်ခံလိုက်ရသဖြင့် ကျိုးဟောက်ယွီ နောက်သို့ယိုင်သွားကာ အသက်ရှူပင် ကျပ်သွားရသည်။ ဤသည်ကိုမြင်သောအခါ ဝူဇီဟန်မှာ လှောင်ပြောင်၏။
"အရူးကောင်၊ အခုကျတော့ ဘာလို့မကြွားတော့တာလဲ၊ ဒါက အစပဲရှိသေးတယ်၊ ငါ့အစ်ကိုက မင်းကို မြေပြင်မှာ လဲကျအောင် ရိုက်ပြီးရင် ငါလည်း လာပြီး မင်းကို နှစ်ချက်လောက်ကန်ဦးမှာ"
"သူရဲဘောကြောင်တဲ့ကောင်၊ မင်း အဲဒီလောက် သတ္တိရှိရင် မင်းကိုယ်တိုင်လာတိုက်လေ၊ မင်းအစ်ကိုရဲ့အရှိန်အဝါကို အားကိုးနေတာ ဘာသူရဲကောင်းလဲ"
ကျိုးဟောက်ယွီမှ အထင်သေးစွာ ပြောလိုက်သည်။
"မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး 'အဖေ' လို့ ခေါ်တဲ့အခါကျရင် သူရဲကောင်းဆိုတာ ဘာလဲဆိုတာ မင်း သိသွားမှာပါ"
ဝူဇီဟန် နှာခေါင်းရှုံ့လိုက်သည်။ သူသည် ထိုဂုဏ်ပုဒ်များကို ဂရုမစိုက်ပေ။ အရေးကြီးဆုံးမှာ ကျိုးဟောက်ယွီ မြေပြင်ပေါ်မှာ လဲကျပြီး ညည်းညူနေသည်ကို မြင်တွေ့ရဖို့သာဖြစ်၏။
"မင်း အရမ်းအထင်ကြီးမနေနဲ့ဦး"
ကျိုးဟောက်ယွီမှာ အေးစက်စက် တုံ့ပြန်လိုက်ပြီး ဝမ်ဇီချန်ကိုသာ အာရုံစိုက်လိုက်သည်။ ထိုအခါ ဝမ်ဇီချန်၏ပုခုံးပေါ်တွင် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခုကို သူသတိပြုမိလိုက်၏။
'အဲဒါက သူ့ရဲ့ အားနည်းချက်ပဲ'
"ဒါကို ခံစားကြည့်လိုက်စမ်း"
ကျိုးဟောက်ယွီသည် ခြေထောက်ကို အားပြုကာ ရှေ့သို့တိုးဝင်ပြီး ဝမ်ဇီချန်၏ပါးပြင်ကို လက်သီးဖြင့် အပြင်းထိုးလိုက်သည်။ ဝမ်ဇီချန် ရှောင်လိုက်သောအခါ ကျိုးဟောက်ယွီမှာ အဟုန်ဖြင့် လေထဲသို့ ခုန်တက်လိုက်ပြီး အကျအရှိန်ဖြင့် ဝမ်ဇီချန့်ပုခုံးကို တံတောင်ဖြင့် အားရပါးရထုချလိုက်၏။
"အား"
ဝမ်ဇီချန်သည် လျှပ်စစ်စီးသွားသလိုမျိုး နာကျင်စွာ အော်ဟစ်လိုက်ရပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။
"သေပေတော့"
ကျိုးဟောက်ယွီမှာ အခွင့်အရေးကို လက်လွှတ်မခံပေ။ ဝမ်ဇီချန်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည့် ခဏချင်းမှာပင် သူ့ပေါင်ကြားကို အားရပါးရ ကန်ထည့်လိုက်သည်။
"အီး အား"
ဝမ်ဇီချန်သည် အသတ်ခံရခါနီးဝက်တစ်ကောင်လို စူးစူးဝါးဝါး အော်ဟစ်လိုက်ရပြီး မျက်နှာတစ်ခုလုံး ချက်ချင်းပင် ခရမ်းပုပ်ရောင် ပြောင်းသွားသည်။ သူခြေထောက်များ ပျော့ခွေသွားပြီး ကျိုးဟောက်ယွီရှေ့တွင် အလိုအလျောက် ဒူးထောက်ကျသွားတော့၏။ သူ့ပေါင်ကြားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း ဝမ်ဇီချန်၏ တစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ယင်နေသည်။
"ယုတ်မာလိုက်တာ အဲဒီနေရာကို ကန်ရလား၊ မင်း ယောက်ျားကော ဟုတ်ရဲ့လား၊ အရှက်မရှိဘူးလား"
ဘေးမှာရပ်ကြည့်နေသော ဝူဇီဟန်မှာ ဒေါသထွက်လွန်းသဖြင့် အော်ဟစ်တော့သည်။ သူ့အစ်ကိုမှာ ကျိုးဟောက်ယွီကို အနိုင်ရတော့မည့်ဆဲဆဲမှာ အခြေအနေ ရုတ်တရက် ပြောင်းပြန် ဖြစ်သွားသည် မဟုတ်ပါလား။ ကျိုးဟောက်ယွီမှာ ဒူးမထောက်ဘဲ ဝမ်ဇီချန်သာ ဒူးထောက်သွားရသည်။
"ယုတ်မာတာဟုတ်လား၊ အသက်လုတိုက်ပွဲမှာ ယုတ်မာတာတွေ ဘာညာ ဘယ်သူက ဂရုစိုက်မှာလဲ၊ နိုင်တဲ့သူက ဘုရင်၊ ရှုံးတဲ့သူက သူပုန်ဆိုတဲ့ သဘောတရားကို မင်း မသိဘူးလား"
ကျိုးဟောက်ယွီမှာ လှောင်ပြုံးပြုံးကာ ဝူဇီဟန်ရှေ့သို့ လျှပ်တပြက် ရောက်သွားသည်။
"မင်း မင်း ဘာလုပ်မလို့လဲ"
ဝူဇီဟန် ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်သည်။ တစ်ခုခုနှင့် တိုက်မိကာ "ဘုန်း" ခနဲ မြေပြင်ပေါ်သို့ လဲကျသွား၏။
"ဟဲဟဲ"
ကျိုးဟောက်ယွီ ထိုပုံစံကိုမြင်တော့ အားရပါးရ ရယ်မောလိုက်ပြီး သူ့အနားတွင် ဆောင့်ကြောင့်ထိုင်ကာ ပါးကို ပုတ်ရင်း ပြောလိုက်၏။
"ငါ့ကို ပညာပေးမယ်ဆို၊ ဘာလဲ အခုကျတော့ ဘာလို့ ကြွက်စုတ်လိုဖြစ်နေတာလဲ"
ဝူဇီဟန်သည် ဟိုတစ်ခေါက် ဟိုတယ်တွင် အသေအလဲ အရိုက်ခံခဲ့ရသည်ကို ပြန်သတိရသွားပြီး ချက်ချင်းပင် အသနားခံတော့သည်
"အစ်ကိုကြီး၊ ကျွန်တော် မှားသွားပါတယ်၊ ကျွန်တော်က ဘယ်လိုလုပ် အစ်ကိုကြီးကို ပညာပေးရဲမှာလဲ၊ နှုတ်ဆက်ချင်ရုံ သက်သက်ပါဗျာ၊ ကျွန်တော်တို့က သိနေတာလည်းကြာပြီဆိုတော့ ဒီကလပ်မှာဆုံရတာ ကံတရားပဲလေ၊ လာပြီးနှုတ်မဆက်ရင် ရိုင်းရာကျမှာ စိုးလို့ပါ"
"ဪ၊ မင်းက ငါ့ကိုနှုတ်ဆက်ရုံပဲလား၊ စောစောက ပြောရမှာပေါ့"
ကျိုးဟောက်ယွီမှာ ကြင်နာတတ်သော ပုံစံဖြင့် ပြုံးပြလိုက်သည်။
"ကြည့်စမ်း၊ နှုတ်ဆက်ရင်းနဲ့ မြေပေါ်လဲကျသွားတယ်၊ မြန်မြန် ထလိုက်ဦး"
ပြောပြောဆိုဆိုနှင့် ကျိုးဟောက်ယွီမှာ ဝူဇီဟန်ကို ထူပေးရန် လက်ကမ်းပေးလိုက်သည်။
"အဲ ကျေးဇူးတင်ပါတယ်"
ဝူဇီဟန် မှင်တက်သွားပြီး ကျိုးဟောက်ယွီ ဘာလုပ်နေမှန်း မသိတော့ပေ။ သူ စိတ်ထဲမှကျိတ်ပြီး ရေရွတ်မိသည်
‘ဒီအရူးက တကယ်ပဲ ငါ့လိမ်တာကို ယုံသွားတာလား’
သို့သော် သူ ဝမ်းမသာရသေးခင်မှာပင် ဦးရေပြားမှ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ ကျိုးဟောက်ယွီက သူ၏ ဆံပင်ကိုဆွဲပြီး မြေပြင်နှင့် အားရပါးရ ဆောင့်ချလိုက်၏။
"အား"
ဝူဇီဟန် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရပြီး မျက်ရည်များ ချက်ချင်း ကျလာသည်။ မြေပြင်ပေါ်မှ သွေးစများကို မြင်လိုက်ရသောအခါ သူ ခေါင်းပင် မူးနောက်သွားပြီး ယောင်ယမ်းကာ ပြောနေတော့၏။
"အား၊ သွေးတွေထွက်နေပြီ၊ ငါ့ခေါင်းက သွေးတွေထွက်နေပြီ"
"အင်း သွေးထွက်နေတယ် ငါမြင်ပါတယ်၊ အဲဒီလောက်အထိ အော်မနေနဲ့"
ကျိုးဟောက်ယွီမှာ အေးအေးဆေးဆေး ပြောလိုက်သည်။ ထို့နောက် ဝူဇီဟန်၏ ဆံပင်ကို ဆွဲကာ နောက်တစ်ကြိမ် မြေပြင်နှင့် အားရပါးရ ထပ်ဆောင့်ချလိုက်ပြန်၏။
"အစ်ကိုကြီး ကျွန်တော် မှားပါပြီ၊ တကယ် မှားပါပြီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ကျွန်တော့်ကို ထပ်ပြီး မကစားပါနဲ့တော့၊ ကျွန်တော့်ရဲ့ အားနည်းတဲ့ ခေါင်းလေးက တကယ် မခံနိုင်တော့လို့ပါ"
ဝူဇီဟန်သည် နှပ်ချေးများ၊ မျက်ရည်များဖြင့် ငိုယိုကာ တောင်းပန်နေတော့သည်။