အခန်း ၇၉
Vol. 8 Ch. 79
79
သူသည် ရက်စက်ကြမ်းကြုတ်သော လူမျိုးများနှင့် စိမ်းလည်းမဟုတ်သော်လည်း မိမိကို လေသံအေးအေးလေးဖြင့် ကောင်းကောင်းမွန်မွန် စကားပြောနေရင်း တစ်ပြိုင်နက်တည်းမှာပင် ရက်စက်နိုင်လွန်းသည့် ကျိုးဟောက်ယွီကဲ့သို့သော လူစားမျိုးကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ထိုအချိန်တွင် ဝူဇီဟန်၏ ရင်ထဲ၌ ပြင်းထန်သော ကြောက်ရွံ့မှုများ လွှမ်းမိုးသွားတော့၏။
"ခွင့်လွှတ်ရမှာလား"
ကျိုးဟောက်ယွီမှာ ခပ်အေးအေး ပြုံးလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"ဒါပေမဲ့ ငါက မင်းရှေ့မှာ ဒူးထောက်ပြီး 'အဖေ' လို့တောင် မခေါ်ရသေးဘူးလေ၊ ဘယ်လိုလုပ် ခွင့်လွှတ်ပေးလို့ ရမှာလဲ"
"အဖေ အဖေ၊ ကျွန်တော် အဖေလို့ ခေါ်ပါ့မယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ဝူဇီဟန်မှာ ယိုင်တိုင်တိုင်ဖြင့် ထရပ်ကာ ကျိုးဟောက်ယွီရှေ့တွင် ဒူးထောက်၍ အသည်းအသန် ငိုယိုတောင်းပန်တော့သည်။
"ဟူး"
ကျိုးဟောက်ယွီမှာ သက်ပြင်းတစ်ချက်ချကာ ဝူဇီဟန်၏ ပါးကို ခပ်ဖွဖွပုတ်ပြီး လှောင်ပြောင်လိုက်သည်။
"မင်းပုံစံကိုလည်း ကြည့်ဦး၊ သူရဲဘောကြောင်လိုက်တာ၊ ဒီလိုပုံစံနဲ့ ငါ့ကို ပညာပေးချင်သေးတယ်ပေါ့၊ နောက်ဘဝကျမှသာ ပြင်ခဲ့တော့"
ထိုစကားပြောပြီးသည်နှင့် ကျိုးဟောက်ယွီမှာ ဝူဇီဟန်ကို တစ်ချက်ကန်ကာ မြေပေါ်သို့ လှဲချလိုက်သည်။ စောစောက ဝူဇီဟန်ဘေးတွင် ရှိနေသည့် အမျိုးသမီးများမှာလည်း ကြောက်လန့်တကြား ဘေးသို့ ကပ်ရပ်နေကြ၏။ ကျိုးဟောက်ယွီမှာ သူတို့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ ထွက်လာခဲ့သည်။ သူသည် မိန်းကလေးများကို လက်ပါရန် စိတ်မဝင်စားပေ။ ကလပ်အပြင်ဘက်ရောက်သောအခါ ကျိုးဟောက်ယွီ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
"ဒီလောက်ကြီးတဲ့ ကလပ်ထဲမှာ လုဟန်ကို ရှာဖို့က မဖြစ်နိုင်ဘူးပဲ၊ နောက်တစ်ခါကျမှ ရှီယုကိုပဲ သူဘယ်မှာနေလဲဆိုတာ မေးကြည့်ရမယ်"
သူကားထဲသို့ ဝင်ထိုင်လိုက်ပြီးနောက် ဒီဒီစနစ်ကိုဖွင့်ကာ အလုပ်များသော ဘဝထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဘဝမှာတော့ ဆက်သွားရမည် မဟုတ်ပါလား။ ပိုက်ဆံမရှာလျှင် သူ ထမင်းငတ်ပေလိမ့်မည်။ ထို့ထက် ပိုအရေးကြီးသည်မှာ လှပသော ‘ချန်အယ်’ နှင့် ထပ်မံတွေ့ဆုံရန် သူ မျှော်လင့်နေဆဲပင် ဖြစ်သည်။
"တီ"
မကြာမီ မှာယူမှုတစ်ခုတက်လာသည်။ မှာယူသူ၏နာမည်ကို မြင်လိုက်ရသောအခါ ကျိုးဟောက်ယွီ မှင်တက်သွားသည်
"သေစမ်း ချန်အယ်ရောက်မလာရင်တောင်မှ ဒီလိုနတ်ဆိုးမိစ္ဆာမျိုးတော့ မလာသင့်ဘူးလေ"
ကျိုးဟောက်ယွီ စိတ်ပျက်သွားသည်။ ဤကဲ့သို့ ကံဆိုးစေမည့်သူမျိုးကို သူတကယ်မတင်ချင်ပေ။ သို့သော် တစ်ဖက်လူမှာ ကပ်ဆိုးနတ်ဘုရားတစ်ပါးဖြစ်နေသဖြင့် မသွားလျှင် သူ ဒေါသထွက်မည်ကို စိုးရိမ်ရပြန်သည်။
'ထားလိုက်ပါတော့၊ သူ့ကို ကားပေါ်တင်လိုက်ရုံပါပဲ၊ ငါက သူ့ကို မထိတွေ့ရင်တော့ ကံဆိုးတာတွေ ကူးမလာနိုင်ပါဘူး၊ ဒါ့အပြင် သူက နတ်ဘုရားဆိုတော့ သူ့ဆီမှာ ပစ္စည်းကောင်းတွေ ပါမှာပဲ၊ တစ်ခုလောက် ရခဲ့ရင် လူတွေကို နောက်ပြောင်ဖို့ သုံးလို့ရတာပေါ့'
ကျိုးဟောက်ယွီ ခဏစဉ်းစားပြီးနောက် ဘာမှမဖြစ်နိုင်ဟု ဆုံးဖြတ်ကာ ကြိုရန် မောင်းထွက်ခဲ့သည်။ ရောက်သွားသောအခါ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့ရ၏။ သူ၏ မျက်နှာမှာ နီမြန်းပြီး ကြင်နာတတ်သော အပြုံးရှိနေသဖြင့် ကပ်ဆိုးနတ်ဘုရားနှင့် လုံးဝမတူပေ။
"ခွန်းလုံတောင်ကို သွားမယ်"
ကပ်ဆိုးနတ်ဘုရားမှာ ကားပေါ်တက်ပြီးနောက် တိုတိုတုတ်တုတ်ပြောကာ ငြိမ်သွားသည်။ ကျိုးဟောက်ယွီလည်း ထိုသို့ဖြစ်သည်ကို ဝမ်းသာမိ၏။ နတ်ဘုရားမှာ စကားမပြောသည်မှာ အကောင်းဆုံးပင်။ တစ်ဖက်လူမှ ကံဆိုးခြင်းကို ဆောင်ကြဉ်းသူဖြစ်ရာ စကားပြောမိလျှင် ကံဆိုးမည်လားဟု သူ စိုးရိမ်နေခြင်းဖြစ်သည်။ ကားလေးမှာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့ရာ မကြာမီ ခွန်းလုံတောင်သို့ရောက်ရှိလာသည်။
"ဒါ မင်းအတွက်"
ကပ်ဆိုးနတ်ဘုရားမှာ ကားပေါ်မှဆင်းရင်း ကျိုးဟောက်ယွီထံသို့ တစ်ခုခု လှမ်းပစ်ပေးသည်။
"ဟင်"
ကျိုးဟောက်ယွီ ခဏမှင်တက်သွားပြီးမှ လှမ်းဖမ်းလိုက်သည်။ ကြည့်လိုက်သောအခါ ၎င်းမှာ သူနားမလည်နိုင်သည့် သင်္ကေတများ ပြည့်နေသော အဆောင်စာရွက်တစ်ခု ဖြစ်နေ၏။
"ဟေ့ အစ်ကိုကြီး၊ ဒါကို ဘယ်လိုသုံးရမှာလဲ"
ကျိုးဟောက်ယွီ ကားပြတင်းပေါက်မှ ခေါင်းပြူကာ အော်မေးလိုက်သည်။
"တစ်ယောက်ယောက်ကို ကံဆိုးစေချင်ရင် အဲဒီအဆောင်ကို သူတို့အပေါ် ကပ်လိုက်ရုံပဲ"
ကပ်ဆိုးနတ်ဘုရားမှာ နောက်လှည့်မကြည့်ဘဲ အေးအေးဆေးဆေး ပြန်ဖြေသည်။
"တကယ်ပဲ အဲဒီလောက် အစွမ်းထက်လို့လား၊ အခု ငါကိုင်ထားရင်ရော ငါကံဆိုးသွားမှာလား"
ကျိုးဟောက်ယွီ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ကံမကောင်းစွာဖြင့် နတ်ဘုရားမှာ အဝေးသို့ရောက်သွားပြီဖြစ်ရာ မည်သူမှ ပြန်မဖြေတော့ပေ။ သူတွေးလိုက်သည်။
'ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် နတ်ဘုရားပေးတဲ့ ပစ္စည်းပဲ၊ ငါတော့ လွှင့်မပစ်နိုင်ပါဘူး၊ သိမ်းထားပြီး လုဟန်နဲ့ တွေ့ရင် သူ့ကိုကပ်ပေးလိုက်မယ်၊ အစွမ်းကို မြည်းစမ်းကြည့်တာပေါ့'
သူထွက်ခွာရန်ပြင်လိုက်စဉ်မှာပင် ဘေးပတ်ဝန်းကျင်ရှိ တောနက်ထဲမှ နွားအော်သံကဲ့သို့ သို့မဟုတ် အခြားတိရစ္ဆာန်တစ်မျိုးမျိုး၏အော်သံကဲ့သို့ ကျယ်လောင်သောအသံကြီးကို ကြားလိုက်ရသည်။ ၎င်းမှာ ဟိုတစ်ခေါက် သူလာစဉ်ကြားခဲ့ရသည့် အမည်မသိ အသံမျိုးနှင့် ဆင်တူနေသည်။
"ငါ သွားမှဖြစ်တော့မယ်၊ ဒီနေရာက အရမ်းအန္တရာယ်များတယ်၊ အကြာကြီး မနေသင့်တော်ဘူး"
ကျိုးဟောက်ယွီ ကားကိုစက်နှိုးကာ အမြန်မောင်းထွက်ခဲ့သည်။ သို့သော် သူ့စိတ်ထဲတွင် သံသယတစ်ခုဝင်လာ၏။
"ဟိုနတ်ဘုရားရောက်လာပြီးမှ ဒီအသံကြီး ထွက်လာတာ၊ အဲဒီအသံက သူနဲ့ ပတ်သက်နေမလားပဲ"
"တီ"
ဖုန်းထဲမှ မှာယူမှုတစ်ခုထပ်ဝင်လာသည်။ ကျိုးဟောက်ယွီလည်း မစဉ်းစားတော့ဘဲ အနီးအနားမှ ရွာတစ်ရွာသို့ လူသွားကြိုခဲ့၏။ ရောက်သွားသောအခါ ကြိုရမည့်သူမှာ အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်နေသည်ကိုတွေ့ရသဖြင့် သူ အံ့အားသင့်သွားသည်။
"မင်္ဂလာပါ၊ ကျွန်မကိုမြို့ထဲက ဝမ်စီကုန်တိုက်ဆီ လိုက်ပို့ပေးပါ"
လင်းချန်ချန်မှာ ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ကျိုးဟောက်ယွီကို နှုတ်ဆက်သည်။
"စိတ်ချပါ၊ အမြန်ဆုံးရောက်အောင် ပို့ပေးပါ့မယ်"
ကျိုးဟောက်ယွီပြုံးပြရင်း စကားစလိုက်သည်။
"ဒီလိုဝေးလံတဲ့ရွာလေးထဲမှာ မင်းလို မိန်းမလှလေးရှိနေလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး၊ တကယ့်ကို အံ့ဩစရာပဲ"
လင်းချန်ချန်မှာ ကျိုးဟောက်ယွီကိုမကျေမနပ်သလိုကြည့်ကာ ပြောလိုက်သည်။
"ဘာလဲ၊ ရှင်က နယ်ကလူတွေကို အထင်သေးတာလား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး၊ သေချာပေါက် မဟုတ်ရပါဘူး"
ကျိုးဟောက်ယွီ ကားမောင်းနေရင်းပင် လက်တစ်ဖက်ကို အမြန်ဝှေ့ယမ်းကာ ငြင်းလိုက်သည်။
"ကျွန်တော့်မိသားစုကလည်း နယ်ကပဲဟာ၊ ဘာလို့ အထင်သေးရမှာလဲ၊ မင်းက နတ်သမီးလေးတစ်ပါးလို အရမ်းလှနေလို့ ပြောတာပါ၊ မြို့မှာရော နယ်မှာရော ဒီလိုအလှမျိုးတွေ့ရခဲတယ်လေ"
ကျိုးဟောက်ယွီ၏ ပျာပျာသလဲဖြစ်နေသောပုံစံကြောင့် လင်းချန်ချန် တခစ်ခစ်ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ရှင့်ရဲ့ ချီးကျူးပုံက တကယ့်ကို ခေတ်နောက်ကျတာပဲ၊ ရှင် နယ်ကဆိုတာ ခုတော့ ကျွန်မ ယုံသွားပြီ၊ ဘာလို့လဲဆိုတော့ ဒီဘက်ခေတ်မှာ မိန်းကလေးတွေကို နတ်သမီးလို့တင်စားပြီး ချီးကျူးတဲ့ အမျိုးသားက ရှားသွားပြီလေ"
"ခေတ်နောက်ကျတယ်"
ကျိုးဟောက်ယွီမှာ ဘာမှထပ်မရှင်းပြတော့ဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် နတ်သမီးအစစ်တွေကို မျက်မြင်တွေ့ဖူးသူဖြစ်ရာ အလကား လေလုံးထွားနေခြင်း မဟုတ်ပေ။ ကျိုးဟောက်ယွီက အလေးအနက်ပြောလိုက်သည်။
"မင်း ယုံချင်ယုံ မယုံချင်နေပါ၊ ကျွန်တော့်ရင်ထဲမှာတော့ မင်းက နတ်သမီးလေးလို လှပါတယ်၊ တကယ်လို့ အဲဒီလောက်မလှဘူးဆိုရင်တောင် နည်းနည်းလေးပဲ ကွာခြားမှာပါ"
"ကဲပါ၊ ရှင် ဒီလောက်တောင် ချီးကျူးနေတော့ ကျွန်မတောင် ရှက်လာပြီ"
လင်းချန်ချန်၏ပါးပြင်လေးများ မသိမသာ နီမြန်းသွားသည်။ လမ်းတစ်လျှောက်တွင် ကျိုးဟောက်ယွီမှာ သူမနှင့် စကားစမြည် အတတ်နိုင်ဆုံး ပြောဆိုလာခဲ့ရာ သူမ ကားပေါ်မှဆင်းချိန်တွင် သူတို့နှစ်ဦးမှာအတော်လေး ရင်းနှီးသွားကြ၏။ ထို့ကြောင့် ကျိုးဟောက်ယွီမှာ ရဲရဲဝံ့ဝံ့ပင်ပြောလိုက်သည်။
"ချန်ချန်၊ WeChat အကောင့်လေးပေးပါလား၊ ငါတို့နှစ်ယောက်ဆုံရတာ ကံတရားပဲလေ၊ တစ်နေ့ကျရင် အတူတူ ထမင်းစားရင်း ဘဝအကြောင်းတွေ ပြောကြရင်မကောင်းဘူးလား"
လင်းချန်ချန်မှ ရယ်မောရင်း ပြောသည်။
"WeChat တော့ ပေးလို့ရပါတယ်၊ ဒါပေမဲ့ ဘဝအကြောင်းတွေပြောဖို့တော့ မလိုပါဘူး"
လမ်းတစ်လျှောက် စကားပြောလာပြီးနောက် သူမသည် ဤလူငယ်လေးမှာ အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ယူဆလိုက်မိသည်။ WeChat အကောင့်ချင်း ဖလှယ်ပြီးနောက် လင်းချန်ချန်မှာ လက်ပြနှုတ်ဆက်ကာထွက်ခွာသွားတော့၏။