← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

81

"ကောင်းပြီလေ ငါ့ကို သွားခိုင်းတာ မင်းနော်၊ ငါ့ဘာသာ စောစောပြန်တာ မဟုတ်ဘူး၊ အဲဒီတော့ ဒီနေ့အတွက် ပိုက်ဆံကိုတော့ နှိမ်ပေးရမယ်"

ကျိုးဟောက်ယွီမှ ကျေနပ်အားရစွာ ရယ်မောလိုက်သည်။ ဝေ့ရှီယုလို သူဌေးသမီးလေးကို ပြုစုရမည့်အချိန်တွေကို မကုန်ဆုံးစေဘဲ ပိုက်ဆံရမည့်အရေးကို သူက သဘောကျနေ၏။

"အိပ်မက်ပဲ မက်နေလိုက်"

ဝေ့ရှီယုမှာ ဒေါသတကြီး အော်ပြောလိုက်သည်

"ဒီလိုမျိုးအတွက်တောင် ငါက ပိုက်ဆံနှိမ်ပေးရမယ်ဆိုရင် ငါဘယ်လိုလုပ် အသက်ရှင်နိုင်တော့မလဲ၊ နင်ကတော့ ငါ့ကို ရူးအောင်လုပ်ဖို့ တမင်ကြံစည်နေတာပဲ"

"ဒါပေမဲ့ ငါက ဒီအဝေးကြီးကို အလကားလာခဲ့ရတာလား၊ မနက်စောစောစီးစီး အိပ်လို့ကောင်းတုန်း အတင်းဆွဲခေါ်ခံရတာလေ၊ မျက်လုံးတောင် သေချာမပွင့်သေးဘူး၊ ဒါကိုတောင် မင်းကပိုက်ဆံမနှိမ်ပေးဘူးလား"

ကျိုးဟောက်ယွီမှာ ဝေ့ရှီယု၏ကိုယ်ချင်းစာတရားကို မေးခွန်းထုတ်သည့် လေသံဖြင့် ခပ်လေးလေးပြောလိုက်သည်။ ကံမကောင်းစွာဖြင့် ဝေ့ရှီယုတွင် ကျိုးဟောက်ယွီနှင့် ပတ်သက်လာလျှင် ကိုယ်ချင်းစာတရားဟူသည် မရှိချေ။

"နင်က ဒါကိုတောင် ပြောရဲသေးတယ်ပေါ့၊ ငါ ဒီနေ့ စိတ်ကြည်နေတာကို နင်က အကုန်ဖျက်ဆီးပစ်တာ"

ဝေ့ရှီယုမှာ မကျေမနပ်ဖြစ်နေသည်။

"ဒါဆိုရင်လည်း ငါ့ကို နောက်ဆိုဖုန်းမဆက်နဲ့တော့လေ၊ ဒါဆို ငါတို့နှစ်ယောက်ဆုံရင်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်မရဖြစ်နေစရာ မလိုတော့ဘူးပေါ့"

ကျိုးဟောက်ယွီမှ အကြံပြုလိုက်သည်။

"နင် အိပ်မက်မက်နေတာပဲ၊ နင်က ငါ့ကို မရှာနဲ့လို့ ပြောလေလေ၊ ငါက နင့်ကိုနေ့တိုင်း ရှာလေလေဖြစ်မှာပဲ၊ နင် စိတ်ညစ်ပြီး သေသွားအောင် ငါလုပ်မှာ"

ဝေ့ရှီယုမှာ တမင်တကာပင် ဂျစ်ကန်ကန် ပြောလိုက်သည်။

"ပြီးတာပဲလေ၊ မင်းသာ ရူးမသွားဖို့ သတိထားပေါ့"

ကျိုးဟောက်ယွီ ဂရုမစိုက်သည့်ပုံစံဖြင့် ပုခုံးတွန့်ပြလိုက်သည်။ ဝေ့ရှီယုမှာ နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်၏။

"စိတ်မပူနဲ့ ငါ အဖြေရှာတွေ့သွားပြီ၊ ငါ့ကို စိတ်တိုအောင်လုပ်ဖို့ဆိုတာ မလွယ်တော့ဘူး၊ နင်လည်း ဒီနေ့ပြန်လို့မရဘူး၊ ဒီမှာပဲ ရပ်နေ၊ နင် ပင်ပန်းသွားအောင် ငါလုပ်မှာ"

"ဟေ့၊ အဲဒါက နည်းနည်းတော့ မရက်စက်လွန်းဘူးလား"

ကျိုးဟောက်ယွီ မျက်နှာပျက်သွားသည်

"ငါလည်း ထမင်းစားဖို့ ပိုက်ဆံရှာရဦးမှာလေ၊ မင်းက နေ့တိုင်း ဒီလို နှောင့်ယှက်နေရင် ငါထမင်းငတ်သေမှာပေါ့"

"ကြောက်သွားပြီလား၊ ဟွန့် နင့်ကို ငါမနိုင်ဘူးလို့ မထင်နဲ့"

ဝေ့ရှီယုနှုတ်ခမ်းလေးများ ကွေးညွတ်သွားသည်။ ကျိုးဟောက်ယွီ၏သနားစရာပုံစံကိုကြည့်ကာ သူမအလွန်ကျေနပ်သွားမိ၏။ စောစောကတည်းက နားထောင်နေသည့် ကျန်းရှောင်ဟွာမှာ မနေနိုင်ဘဲစပ်စုတော့သည်။

"ရှီယု၊ နင်တို့ နှစ်ယောက်က ဘယ်လိုပတ်သက်တာလဲ၊ ငါတော့ ပိုပိုပြီး ဇဝေဇဝါ ဖြစ်လာပြီ"

"ဘာမှမဟုတ်ပါဘူး၊ သူ့ကို ဂရုမစိုက်နဲ့"

ဝေ့ရှီယုမှာ အေးအေးဆေးဆေးပြန်ဖြေလိုက်ပြီးနောက် သူမအိတ်ကို ကျိုးဟောက်ယွီထံ ပြန်ပစ်ပေးလိုက်သည်။

"ဒါကို ကိုင်ထား၊ နင် လုပ်စရာတစ်ခုခု ငါရှာပေးမယ်"

ဝေ့ရှီယုထံမှ အဖြေမရသဖြင့် ကျန်းရှောင်ဟွာမှာ ကျိုးဟောက်ယွီအနားသို့ တိုးသွားပြီး ချိုချိုသာသာပြုံးပြကာ မေးသည်။

“အချောလေး ပြောပြပါဦး၊ ရှီယုနဲ့ ဘယ်လိုပတ်သက်တာလဲဟင်”

"မပြောပြချင်ဘူး"

ကျိုးဟောက်ယွီမှာ ခေါင်းခါပြလိုက်သည်။ သူ အတော်လေးစိတ်အနှောင့်အယှက် ဖြစ်နေရ၏။ ထို့ကြောင့် လှပသောမိန်းကလေးတစ်ဦးမှ မေးနေသော်လည်း သူ စကားမပြောချင်တော့ပေ။

"ဟွန့်၊ နင်တို့ နှစ်ယောက်လုံးလျှို့ဝှက်ချက်တွေ ထားနေကြတာပဲ၊ တစ်ခုခုတော့ရှိနေမှာ သေချာတယ်"

ကျန်းရှောင်ဟွာမှာ တိုးတိုးလေး ရေရွတ်ပြီးနောက် ဝေ့ရှီယု၏ဆွဲခေါ်ရာနောက်သို့ ရေခဲပြင်စကိတ်စီးရန် ပါသွားတော့သည်။ ကျိုးဟောက်ယွီမှာတော့ ကျန်ရစ်ခဲ့ရ၏။ သေချာတာတော့ သူသည် ထိုနေရာတွင် အရူးတစ်ယောက်လို မတ်တပ်ရပ်နေမည်မဟုတ်ပေ။ ကုလားထိုင်တစ်လုံးကိုရှာတွေ့ကာ ထိုင်လိုက်ပြီး ဖုန်းထုတ်၍ လင်းချန်ချန်ဆီမှ ပြန်စာရောက်၊ မရောက် WeChat ကို စစ်လိုက်သည်။ ချက်ချင်းပင် အကြောင်းကြားသံ ထွက်ပေါ်လာသည်။ ကျိုးဟောက်ယွီ ရယ်မောလိုက်မိ၏။ WeChat ဖွင့်လိုက်သည်နှင့် လင်းချန်ချန်၏ပရိုဖိုင်ပုံနှင့် စာတိုလေးကို တွေ့လိုက်ရသည်။ လင်းချန်ချန်မှပို့ထားသည်။

"မနေ့ညက စောစောအိပ်ပျော်သွားလို့ စာကို မတွေ့လိုက်ဘူး၊ အခု နိုးပြီ ခဏနေရင် အလုပ်သွားရတော့မယ်"

စာကိုမြင်သည်နှင့် ကျိုးဟောက်ယွီမှာ ချက်ချင်းပင် ရိုက်ပို့လိုက်သည်။

"ဘယ်အချိန် အလုပ်ဆင်းမှာလဲ၊ မင်းကို လာကြိုပြီး ကိုယ်ပိုင်ဒရိုင်ဘာလုပ်ပေးမယ်လေ"

စာပို့ပြီးနောက် ကျိုးဟောက်ယွီသည် ဖုန်းစခရင်ကို စူးစိုက်ကြည့်ကာ စာဝင်လာမည့်အသံလေး ထွက်ပေါ်လာမည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေတော့သည်။ ကံမကောင်းစွာဖြင့် သူ မျက်လုံးတွေ ညောင်းလာသည်အထိ လင်းချန်ချန်ဆီမှ စာပြန်မလာသေးပေ။

"ဟေ့ ဘာလုပ်နေတာလဲ၊ ဖုန်းပဲထိုင်ဆော့နေမှာလား၊ ငါ့အတွက် ဒိန်ချဉ်နှစ်ဗူး သွားဝယ်ပေးဦး"

ဝေ့ရှီယုမှာ ရေခဲပြင်ကွင်းထဲမှနေ၍ ကျိုးဟောက်ယွီကို လှမ်းအော်ခိုင်းသည်။

"အင်း"

ကျိုးဟောက်ယွီ စိတ်ပျက်လက်ပျက် ပြန်ထူးလိုက်သည်။ အကြွေးတင်နေသော သူ့ဘဝမှာ တကယ်ကို သနားစရာကောင်းလှ၏။ အခုအချိန်တွင် သူ၏ အကြီးမားဆုံး ဆန္ဒမှာ လောင်ဇီနှင့် ထပ်တွေ့ပြီး ပိုက်ဆံရနိုင်မည့်နတ်ဆေးလုံးတစ်လုံး ရလိုခြင်းပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ ဤကဲ့သို့ ခံစားနေစရာမလိုတော့ပေ။ ကျိုးဟောက်ယွီက ကောင်တာသို့သွားကာ ဒိန်ချဉ်နှစ်ဗူးဝယ်ပြီး ဝေ့ရှီယုကို လှမ်းပေးလိုက်သောအခါ သူမ ရုတ်တရက်ပြောလာသည်။

"အတူတူ စကိတ်လာစီးမလား အထင်မလွဲနဲ့ဦးနော်၊ နင် တစ်ယောက်တည်း ပျင်းပျင်းနဲ့ထိုင်နေတာ သနားစရာကောင်းလို့ပါ၊ ငါက နင့်ကိုနှိပ်စက်နေတယ်လို့ အထင်ခံရပြီး ရဲတွေလာဖမ်းမှာစိုးလို့"

"မအားဘူး၊ ငါ အလှလေးတစ်ယောက်နဲ့ စကားပြောနေတာ၊ မင်းနဲ့ စကိတ်စီးဖို့ စိတ်မပါဘူး"

ကျိုးဟောက်ယွီမှ ချက်ချင်းပင်ငြင်းလိုက်သည်။

"ဟွန့် စကားပြောစရာအလှလေးရှိတယ်ဟုတ်လား၊ နင်ကတော့ သူ့ကို တဖက်သတ် စိတ်ကူးယဉ်နေတာဖြစ်မှာပါ"

ဝေ့ရှီယု ရွဲ့ကာပြောလိုက်သည်။

"ငါ နင့်ကို ကြည့်နေတာကြာပြီ၊ ဖုန်းစခရင်ကိုပဲ စိုက်ကြည့်နေပြီး လက်ကလည်း ဘာမှမလှုပ်ဘူး၊ ဘာတွေ စကားပြောနေတာလဲ"

"ငါ"

ကျိုးဟောက်ယွီ ခဏမျှစကားမထွက်နိုင် ဖြစ်သွားသည်။ ဝေ့ရှီယုစကားများမှာ သူ့စိတ်ကူးယဉ်အိမ်မက်ကို တိုက်ရိုက်ဖျက်ဆီးလိုက်သဖြင့် အရှက်ရလွန်းကာ မြေကြီးထဲသာ ငုပ်လျှိုးဝင်သွားချင်စိတ် ပေါက်သွားတော့၏။

"ဟားဟား"

ကျိုးဟောက်ယွီ၏မျက်နှာထားကို ကြည့်ရုံနှင့် သူမ ခန့်မှန်းချက်မှန်သွားပြီမှန်း သိလိုက်သဖြင့် ဝေ့ရှီယုမှာ ကျေနပ်စွာ ရယ်မောတော့သည်။

"နင်လိုလူမျိုးက မိန်းကလေးတွေကို လိုက်ဖို့ မကြိုးစားသင့်ဘူး၊ တစ်သက်လုံး Blind Date တွေနဲ့ပဲ ကံပါလာမယ့်သူ"

"ဟမ့် Blind Dateသွားတော့ ဘာဖြစ်လဲ၊ တစ်နိုင်ငံလုံးမှာ Blind Date သွားနေတဲ့သူတွေ အများကြီးပဲ၊ ငါ အဲဒီလိုသွားရင်တောင် ရှက်စရာလို့ မထင်ဘူး"

ကျိုးဟောက်ယွီ မကျေမနပ်ဖြင့်ပြန်ပက်လိုက်သည်။

"Blind Dateက ရှက်စရာလို့ ငါမပြောပါဘူး၊ နင့်ဘာသာနင် ရှက်စရာလို့ထင်နေတာပါ၊ မဟုတ်ရင် ငါ့ကို ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ"

ဝေ့ရှီယုမှာ တခစ်ခစ်ရယ်နေသည်။ ယခုအခါ သူမသည် ကျိုးဟောက်ယွီ၏အားနည်းချက်ကို ရှာတွေ့သွားပြီဖြစ်ရာ အလွန်ပင်ပျော်ရွှင်နေတော့၏။

"မင်းနဲ့ စကားမပြောချင်တော့ဘူး၊ ငါ စာသွားပို့တော့မယ်"

ကျိုးဟောက်ယွီမှာ ဝေ့ရှီယုကို ဆက်မရင်ဆိုင်ရဲတော့ဘဲ အမြန်ပင်ထွက်ပြေးလာခဲ့သည်။

"ဟားဟားဟား"

ဝေ့ရှီယုသည် ယိုင်တိုင်တိုင်ထွက်သွားသည့် သူ့ကျောပြင်ကိုကြည့်ကာ ဗိုက်ကိုနှိပ်၍ အားရပါးရ ရယ်မောနေတော့သည်။ ထိုစဉ်မှာပင် ရေခဲပြင်ကွင်း၏အဝင်ဝမှ လူငယ်တစ်ဦး လမ်းလျှောက်ဝင်လာ၏။ ဝေ့ရှီယု၏ရယ်မောသံကို ကြားလိုက်ရသဖြင့် သူ ဝမ်းသာအားရပြေးလာကာ ပြောလိုက်သည်။

"ရှီယု မင်းလည်း ဒီမှာရှိနေတာလား၊ တိုက်ဆိုင်လိုက်တာ၊ ငါလည်း မင်းအကြောင်း တွေးနေတာ၊ အခုတော့ ဒီမှာ လာဆုံတာပဲ၊ ဒါက ကံတရားလို့မထင်ဘူးလား"

"အစ်ကိုထျန်လုံ"

ဝေ့ရှီယု အနည်းငယ်အံ့ဩသွားသည်။

"အစ်ကိုက နိုင်ငံခြားမှာ ကျောင်းတက်နေတာ မဟုတ်လား၊ ဘယ်တုန်းက ပြန်ရောက်တာလဲ"

"ဟေး၊ ငါ ခုလေးတင် ပြန်ရောက်တာပါ၊ သူငယ်ချင်းတွေက ဒီကို ခေါ်လာတာ၊ ဒါပေမဲ့ ဝင်လာချင်းမှာပဲ မင်းရဲ့ ရယ်သံကို ကြားလိုက်ရလိမ့်မယ်လို့ မထင်ထားဘူး"

ဝမ်ထျန်လုံမှ နွေးထွေးသော အပြုံးဖြင့် ပြောလိုက်သည်။

"အခု သူငယ်ချင်းတွေကို သွားရှာမှာလား၊ ဒါမှမဟုတ် ကျွန်မနဲ့ စကိတ်အတူစီးမလား"

ဝေ့ရှီယုမှ ခပ်တိုးတိုးမေးလိုက်သည်။

"သေချာတာပေါ့၊ မင်းနဲ့ စကိတ်စီးမှာပေါ့"

ဝမ်ထျန်လုံ ညင်သာစွာပြုံးလိုက်သည်။

"သူငယ်ချင်းတွေကတော့ အဟောင်းတွေပဲလေ၊ သူတို့ကို WeChat ကနေပဲ စာပို့လိုက်လို့ ရပါတယ်"

"ဒါဆိုရင် စကိတ်ဖိနပ်မြန်မြန်လဲပြီး လာခဲ့လေ၊ ကျွန်မတို့မိန်းကလေးနှစ်ယောက်တည်း စီးနေရတာ နည်းနည်းတော့ ပျင်းဖို့ကောင်းနေတာနဲ့ အတော်ပဲ"

ဝေ့ရှီယုမှ ရယ်မောရင်းပြောလိုက်သည်။

All Chapters