အခန်း ၈၃
Vol. 9 Ch. 83
83
"တော်တော့"
ဝေ့ရှီယု အော်လိုက်သည်။
"သူ့အကြောင်းကို အဲဒီလို လာမပြောနဲ့"
"ငါပြောတာ မှားလို့လား"
ဝမ်ထျန်လုံမှာ ကျိုးဟောက်ယွီကို မထေမဲ့မြင် လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"ဒီကောင်ကို ကြည့်ဦး၊ ကြည့်ရတာ ငမွဲတစ်ယောက်လိုပဲ၊ သူ့ကိုယ်ပေါ်မှာ ယွမ်သုံးရာထက်တောင် ပိုရှိမှာ မဟုတ်ဘူး၊ ဒီလောက် သနားစရာကောင်းတဲ့ကောင်ကို ငါက ဘာမှတောင် မပြောရတော့ဘူးလား"
"ဟင်"
ကျိုးဟောက်ယွီ မျက်မှောင်ကြုတ်ကာ ဝမ်ထျန်လုံကို ကြည့်လိုက်သည်။ သူ ဘာမှတောင် မလုပ်ရသေးခင်မှာတင် ငမွဲ ဟုအခေါ်ခံလိုက်ရသည် မဟုတ်ပါလား။
"ဘယ်အဘိုးကြီးက ဘောင်းဘီခါးပတ် မမြဲမိလို့ မင်းလိုကောင် ထွက်လာရတာလဲ ခွေးနဲ့တူတဲ့ကောင်၊ မင်းက ငါ့ကို ငမွဲလို့ ခေါ်ရဲတယ်ပေါ့၊ ငါ့မိသားစုမှာ ပိုင်ဆိုင်မှု ဘီလီယံပေါင်းရာနဲ့ချီရှိနေတာကို မင်းလိုသူဌေးရူးတွေလို လျှောက်ကြွားနေမယ် ထင်နေလား"
ကျိုးဟောက်ယွီမှာ အေးစက်စက် ရယ်မောရင်း ပြန်ပက်လိုက်သည်။ သူသည် တစ်ဖက်လူမှ လာစော်ကားလျှင် ငြိမ်ခံနေမည့်သူ မဟုတ်ပေ။
"ဘီလီယံပေါင်းရာနဲ့ချီတဲ့ ပိုင်ဆိုင်မှု ဟုတ်လား"
ဝမ်ထျန်လုံမှာ အားရပါးရရယ်မောလိုက်သည်။
"မင်းက ငါထင်ထားတာထက်တောင် ပိုပြီး ငပျော့ဖြစ်နေတာပဲ၊ ဘီလီယံရာချီတယ်လို့တောင် လေလုံးထွားရဲတယ်ပေါ့၊ ဘာပဲဖြစ်ဖြစ်ကြွားရတာ ပိုက်ဆံမကုန်ဘူးဆိုတော့ ထရီလီယံချီတယ်လို့ပဲ ပြောလိုက်ပါတော့လား"
"ကြွားတာ ဟုတ်မဟုတ်ဆိုတာတော့ ငါ့ရဲ့ဒေါ်လာ သန်းနှစ်ရာတန်ဗီလာကိုလိုက်ကြည့်ရင်သိမှာပေါ့၊ အဲဒါက မင်းမျက်လုံးတွေကို ကျိန်းစပ်သွားစေမှာ အသေအချာပဲ"
ကျိုးဟောက်ယွီ တည်ငြိမ်အေးဆေးစွာဖြင့် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် ပုံစံမျိုးဖမ်းထားသည်။ ဝမ်ထျန်လုံ၏နှုတ်ခမ်းများ တွန့်သွားပြီး မျက်ဝန်းထဲတွင် သံသယများ ဝင်လာ၏။ ကျိုးဟောက်ယွီ၏အရှိန်အဝါကြောင့် သူအနည်းငယ်ရှိန်သွားခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျိုးဟောက်ယွီ၏အမူအရာကို ကြည့်ရသည်မှာ ပေါက်ကရလျှောက်ပြောနေသည့်ပုံစံမျိုး လုံးဝမပေါက်သောကြောင့်ဖြစ်သည်။
"မင်းက ဖိတ်ခေါ်မှတော့လည်း မင်းရဲ့ သန်းနှစ်ရာတန်ဗီလာမှာ ဘယ်လို ရှုခင်းတွေ ရှိမလဲဆိုတာ ငါ လိုက်ကြည့်ရတာပေါ့"
ဝမ်ထျန်လုံမှ ခပ်တိုးတိုးပြောလိုက်သည်။ သူ ဆက်ပြီးမကြွားရဲတော့ပေ။ အပြင်ပန်းကြည့်ရင် အန္တရာယ်မရှိပုံရသော်လည်း အမှန်တကယ်တော့ လည်လွန်းသည့် သူဌေးသားတစ်ယောက်ကို မတော်တဆ သွားရောက်စော်ကားမိမှာကို စိုးရိမ်မိသောကြောင့်ဖြစ်သည်။
"ငါတို့ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ"
ဝေ့ရှီယု တစ်ယောက်တည်း ရေရွတ်မိသည်။ သူမ မျက်လုံးကိုလက်ဖြင့် အုပ်ထားမိပြီး ဆက်မကြည့်ရဲတော့ချေ။ ကျိုးဟောက်ယွီ၏အခြေအနေကို သူမ အသိဆုံးဖြစ်ရာ ဆေးဖိုးတောင်မပေးနိုင်သည့်သူမှာ မည်သို့ပိုင်ဆိုင်မှု သန်းပေါင်းထောင်ချီ ရှိနိုင်ပါ့မည်နည်း။ သို့သော် ကျိုးဟောက်ယွီမှာတော့ တည်ငြိမ်နေဆဲပင်။ သူ ဝမ်ထျန်လုံအနားသွားပြီး ပုခုံးကို ညင်သာစွာပုတ်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"ကြည့်ချင်ရင် လိုက်ခဲ့လေ၊ မင်းလို တောသားအတွက် အမြင်ကျယ်သွားတာပေါ့"
"ငါက တောသားဟုတ်လား"
ဝမ်ထျန်လုံ နှုတ်ခမ်းတွန့်သွားပြီး စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ သို့သော် ကျိုးဟောက်ယွီ၏ အရှိန်အဝါကို ကြောက်နေသဖြင့် သူပြန်မပြောရဲတော့ပေ။ ကျိုးဟောက်ယွီမှာ ရှေ့မှ ဦးဆောင်သွားပြီး ဝမ်ထျန်လုံမှ နောက်မှ တိတ်တဆိတ် လိုက်လာခဲ့သည်။ ဝေ့ရှီယုနှင့် ကျန်းရှောင်ဟွာတို့မှာတော့ စိုးရိမ်တကြီးဖြင့် ကျန်ရစ်ခဲ့သည်။
"နင့်သူငယ်ချင်းက နင့်ကို အကြွေးဆပ်ဖို့ လာကူတာဆို၊ ဘယ်လိုဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာ ဘီလီယံနာ ဖြစ်သွားရတာလဲ"
ကျန်းရှောင်ဟွာမှ နားမလည်နိုင်စွာ မေးသည်။
"ငါက ဘယ်လိုသိမှာလဲ၊ နင်က ငါ့ကို မေးနေတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ"
ဝေ့ရှီယု စိတ်ပျက်စွာ ပြန်ပြောပြီးမှ ထပ်ပြောလိုက်သည်။
"သူ လေလုံးထွားနေတာ သေချာတယ်၊ သူ့မှာ အဲဒီလောက် ပိုက်ဆံမရှိနိုင်ပါဘူး"
ကျန်းရှောင်ဟွာ သေချာတွေးတောကာ သုံးသပ်ပြသည်။
"ဒါဆို သူ ဝမ်ထျန်လုံကို ဘယ်ခေါ်သွားတာလဲ၊ တကယ်လို့ သန်းနှစ်ရာတန်ဗီလာကို မပြနိုင်ရင်တော့ သူ အခြေအနေမဟန်ဘူးနော်၊ ဝမ်ထျန်လုံက လွယ်တဲ့လူ မဟုတ်ဘူး"
ဝေ့ရှီယု အလွန်စိုးရိမ်နေသော်လည်း အဖြေရှာမရပေ။ သူမ သက်ပြင်းချရင်း ပြောလိုက်သည်။
"ထားလိုက်ပါတော့၊ ငါတို့တွေ နောက်က လိုက်ကြည့်ရအောင်၊ တကယ်လို့ အခြေအနေ မကောင်းရင် ချက်ချင်း ရဲခေါ်ရမယ်"
သူမ စကားဆုံးသည်နှင့် ရှေ့တွင် လမ်းလျှောက်နေသော ဝမ်ထျန်လုံထံမှ အော်သံကြီးထွက်လာပြီး မြေပေါ်သို့ ပက်လက်လန်လဲကျသွားသည်ကို မြင်လိုက်ရသည်။
"ဟင် သူ တိုက်ခိုက်လိုက်တာလား"
ဝေ့ရှီယု အံ့ဩတကြီးလှည့်ကြည့်လိုက်သော်လည်း ကျိုးဟောက်ယွီမှာ ဝမ်ထျန်လုံနှင့် အတော်ဝေးဝေးတွင်ရှိနေသဖြင့် သူလုပ်ခြင်းမဟုတ်သည်မှာ ထင်ရှားသည်။
"ဘာဖြစ်တာလဲ"
ကျန်းရှောင်ဟွာလည်း ဇဝေဇဝါဖြစ်နေသည်။ သူတို့နှစ်ယောက် အမြန်ပြေးသွားသောအခါ ဝမ်ထျန်လုံမှာ တတွတ်တွတ်ကျိန်ဆဲနေသည်ကို ကြားလိုက်ရသည်။
"ဘယ်ကောင်က ငှက်ပျောခွံပစ်ထားတာလဲ၊ ငါမိလို့ကတော့ အသေပဲ"
"ဪ ငှက်ပျောခွံနင်းမိပြီး ချော်လဲတာကိုး"
ဝေ့ရှီယု သဘောပေါက်သွားသည်။ ဝမ်ထျန်လုံ၏ သနားစရာပုံစံကို ကြည့်ကာ သူမ အတော်လေး ကျေနပ်သွားမိ၏။ သူမနှင့် ဝမ်ထျန်လုံမှာ ငယ်သူငယ်ချင်းဆိုသော်လည်း ဆက်ဆံရေးမှာ ထိုမျှမကောင်းလှဘဲ သိရုံသက်သက်သာ ဖြစ်သည်။
"ဟေ့ ထနိုင်သေးရဲ့လား၊ ထနိုင်ရင် မြန်မြန်လာလေ၊ သန်းနှစ်ရာတန် ဗီလာဆိုတာ မင်း ကြည့်ချင်တိုင်းကြည့်လို့ရတာ မဟုတ်ဘူးနော်"
ကျိုးဟောက်ယွီမှ လှမ်းအော်လိုက်သည်။ ဝမ်ထျန်လုံ လဲကျသွားသည်ကို ကျိုးဟောက်ယွီ မအံ့ဩပေ။ အကြောင်းမှာ ကပ်ဆိုးနတ်ဘုရားပေးထားသည့် အဆောင်စာရွက်ကို သူ ဝမ်ထျန်လုံ၏ပုခုံးကို ပုတ်စဉ်ကတည်းက တိတ်တဆိတ် ကပ်ထားခဲ့သောကြောင့်ဖြစ်သည်။ ကျိုးဟောက်ယွီသည် ထိုအဆောင်စာရွက်၏အစွမ်းကို ယုံကြည်သဖြင့် ယခုကဲ့သို့ ဗီလာပြရန် အေးဆေးစွာ ခေါ်လာနိုင်ခြင်းဖြစ်သည်။
"နေဦး၊ အခုထမယ်"
ဝမ်ထျန်လုံ နာကျင်လွန်းသဖြင့် မျက်နှာရှုံ့မဲ့နေသော်လည်း အားယူကာ ပြန်ထလိုက်သည်။ သူ လမ်းသိပ်မလျှောက်ရသေးမီမှာပင် လှေကားကနေ ဆင်းရင်း ခြေချော်ကာ အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ မှောက်ခုံလဲကျသွားပြန်၏။ ကံကောင်း၍ လှေကားက သိပ်မမြင့်သဖြင့်သာဖြစ်သည်။ မဟုတ်လျှင် ဝမ်ထျန်လုံတစ်ယောက် ဆေးရုံရောက်ရုံတင်မက အသက်ပါ အန္တရာယ်ရှိသွားနိုင်သည်။
"ဘာလုပ်နေတာလဲ၊ ငါ့ဗီလာကို ကြည့်ချင်သေးရဲ့လား၊ ရှက်လို့ မကြည့်ချင်ဘူးဆိုရင်လည်း အမှန်အတိုင်းပြောပါ၊ ဒီလိုမျိုး လဲကျချင်ယောင်ဆောင်ပြီး လှည့်ပတ်မနေနဲ့"
ကျိုးဟောက်ယွီမှာ ရှေ့မှရပ်ကာ လှောင်ပြောင်လိုက်သည်။
"သွားမှာပေါ့၊ သေချာပေါက် သွားမှာ"
ဝမ်ထျန်လုံ၏နဖူးတွင် ပွန်းပဲ့သွားသော်လည်း သူ မကြည့်ရဘဲ မနေနိုင်ပေ။ ထို့ကြောင့် သူ ပြန်ထကာ ဒဏ်ရာကို ဂရုမစိုက်ဘဲ ကျိုးဟောက်ယွီနောက်မှ ဆက်လိုက်ခဲ့သည်။ ရေခဲပြင်ကွင်းအပြင်ဘက်သို့ ခြေချလိုက်ရုံရှိသေးချိန်တွင် ရုတ်တရက် အပေါ်မှ ပန်းအိုးတစ်လုံးပြုတ်ကျလာပြီး ဝမ်ထျန်လုံခေါင်းပေါ်သို့ တည့်တည့် ဦးတည်လာ၏။
"အား၊ သတိထား"
လမ်းသွားလမ်းလာတစ်ဦးမှ လှမ်းအော်သည်။
"ဟင်"
ဝမ်ထျန်လုံ လန့်သွားပြီး ဘေးသို့ရှောင်လိုက်သဖြင့် ခေါင်းကို တည့်တည့်မမှန်ဘဲ လွတ်သွားသည်။ သို့သော် သူ့ဘယ်ဘက်ပုခုံးကိုမှန်သွားကာ အဆစ်လွဲသွားတော့၏။
"ဒါက ဘာသဘောလဲ"
ကျိုးဟောက်ယွီမှာ ဝမ်ထျန်လုံကိုပြုံးကြည့်ကာ ပြောလိုက်သည်။
"မင်းလို သူဌေးရူးက ငါ့ဗီလာကိုကြည့်ဖို့ တကယ်ပဲ ရှက်နေတာလား၊ ရှက်ရင်လည်း ထားလိုက်ပါတော့၊ ကိုယ့်ကိုကိုယ် အတင်းအကျပ် မလုပ်ပါနဲ့၊ ကြည့်စမ်း ရှက်တာကို ဖုံးကွယ်ဖို့အတွက် မင်းရဲ့သူငယ်ချင်းကို အပေါ်ကနေ ပန်းအိုးနဲ့ ပစ်ခိုင်းပြီး အသက်နဲ့တောင် ရင်းရဲတယ်ပေါ့၊ မင်းတော့ ရူးနေပြီ"
"ငါ့သူငယ်ချင်းကို ဘယ်မှာ ပစ်ခိုင်းရမှာလဲ"
ဝမ်ထျန်လုံ ဒေါသအလိပ်လိုက် ထွက်သွားသည်။ သူ အပေါ်ကို မော့ကြည့်ကာ ကျိန်ဆဲတော့၏။
"ဘယ်ကောင်က ပန်းအိုးနဲ့ ပစ်တာလဲ၊ လူကိုမှန်သွားတာ မသိဘူးလား၊ ဒီလောက် မြင့်တဲ့နေရာကနေ ပစ္စည်းတွေ ပစ်ချရအောင် အများပြည်သူဆိုင်ရာ ယဉ်ကျေးမှုမရှိကြဘူးလား"