← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

84

"ဟားဟား"

ဝမ်ထျန်လုံ၏ စကားပင် မဆုံးသေး၊ အပေါ်စီးမှ မည်းညစ်နံစော်နေသော ခြေဆေးရေတစ်ဇလုံမှာ မိုးရွာသလို ဝမ်ထျန်လုံအပေါ်သို့ သွန်ချလိုက်သကဲ့သို့ ကျလာတော့သည်။ ၎င်းမှာ သူ့မျက်နှာတည့်တည့်သို့ ကျရောက်သွားပြီး တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားတော့၏။

"အီး၊ နံလိုက်တာ"

နောက်မှလိုက်လာသည့် ဝေ့ရှီယုမှာ နှာခေါင်းကို ချက်ချင်းပိတ်လိုက်ပြီး ရွံရှာလွန်းသဖြင့် လက်ဖြင့် ယမ်းခါနေတော့သည်။ ဘေးရှိ ကျန်းရှောင်ဟွာမှာ သူမလက်ကိုဆွဲကာ တိုးတိုးလေး ကပ်ပြော၏။

"တကယ်ကြီး နံတာပဲ၊ ဒါပေမဲ့ ဒီလောက်ကြီး သိသာအောင်မလုပ်ပါနဲ့ဦး၊ သူက နင့်အပေါ်ကိုဒီလောက်ကောင်းတာ၊ စိတ်မကောင်းဖြစ်သွားဦးမယ်"

"ဘာစိတ်မကောင်းဖြစ်ရမှာလဲ၊ လျှောက်မပြောနဲ့ ငါက သူ့ကိုကြိုက်တာမှမဟုတ်ဘဲ၊ ငါတို့က အသိအကျွမ်းတွေ သက်သက်ပဲ"

ဝေ့ရှီယုမှာ အလေးအနက် ခေါင်းခါပြသည်။ မိန်းကလေးနှစ်ဦးမှာ ဝမ်ထျန်လုံ၏ အရှက်ရဖွယ် အခြေအနေကို ကြည့်ပြီး တွန့်ဆုတ်နေသော်လည်း ကျိုးဟောက်ယွီမှာတော့ ဘာကိုမှ ဂရုမစိုက်ပေ။ သူသည် တစ်ချိန်က ချောမောခဲ့သော်လည်း ယခုအခါ ညစ်ပတ်သော ရေမည်းများကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် ဝမ်ထျန်လုံကို ကြည့်ကာ ရက်ရက်စက်စက် လှောင်ပြောင်လိုက်တော့သည်။

"ဒီပုံစံနဲ့တော့ ငါ့ရဲ့ဗီလာကြီးဆီ မင်းကို ခေါ်သွားလို့ မဖြစ်တော့ဘူး အရှက်ကွဲချင်စရာကြီး၊ တော်ကြာ ငါ့အိမ်နီးနားချင်းတွေမြင်သွားရင် ငါ့ကို သူတောင်းစားတွေနဲ့ ပတ်သက်နေတယ်လို့ ထင်ကုန်ဦးမယ်"

"အား"

ဝမ်ထျန်လုံမှာ ဒေါသထွက်လွန်းသော်လည်း ပေါက်ကွဲစရာနေရာမရှိသဖြင့် ကောင်းကင်ကိုကြည့်ကာ အော်ဟစ်ပြီး အသည်းအသန် ထွက်ပြေးသွားတော့သည်။ သူအခုချိန်တွင် လိုချင်သည်မှာ ဟိုတယ်တစ်ခုမှာ ရေချိုးပြီး ဒဏ်ရာအတွက် ဆေးရုံသွားရန်သာဖြစ်၏။ တခြားဘာကိုမှ သူ ဂရုမစိုက်နိုင်တော့ပေ။

"ဟားဟားဟား"

ဝမ်ထျန်လုံ အဝေးသို့ရောက်သွားသောအခါ ကျိုးဟောက်ယွီသည် သူ၏ဖရိုဖရဲပုံစံကြီးကိုကြည့်ကာ အားရပါးရ ရယ်မောတော့သည်။ လင်းချန်ချန်ဆီမှ စာမပြန်သည့်စိတ်အနှောင့်အယှက်ဖြစ်မှုများပင် ပျောက်ကွယ်သွားရ၏။ ကျိုးဟောက်ယွီ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"ဒီကံဆိုး‌စေတဲ့အ‌ဆောင်က တကယ် အစွမ်းထက်တာပဲ"

ဝေ့ရှီယုမှာ သူ့အနားသို့ လျှောက်လာပြီး စူးစမ်းချင်စိတ်ဖြင့် မေးသည်။

"နင် ဝမ်ထျန်လုံကို ဘာမှော်ပညာတွေ သုံးလိုက်တာလဲ၊ သူ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဒီလောက် ကံဆိုးသွားရတာလဲ"

"မှော်ပညာ၊ မင်း ကာတွန်းတွေ ဖတ်တာ များနေပြီထင်တယ်"

ကျိုးဟောက်ယွီမှာ လက်ခါပြရင်း ပြောလိုက်သည်။

"အဲဒီကောင်က မကောင်းတာတွေ အများကြီးလုပ်လို့ ဘုရားသခင်က အပြစ်ပေးတာလေ၊ ငါနဲ့ ဘာဆိုင်လို့လဲ"

"ခုထိ ဝန်မခံသေးဘူးပေါ့"

ဝေ့ရှီယုမှာ မကျေနပ်သလို နှုတ်ခမ်းဆူလိုက်ပြီး ပြောလိုက်သည်။

"သူ နင့်နောက်ကနေ ဟိုဗီလာကြီးဆိုတာကို သွားကြည့်မယ်ဆိုပြီး လိုက်လာမှပဲ ရုတ်တရက်ကြီး ကံဆိုးသွားတာလေ၊ နင်နဲ့ မဆိုင်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"မင်း ယုံချင်ယုံ မယုံချင်နေ၊ ငါနဲ့ လုံးဝမဆိုင်ဘူး"

ကျိုးဟောက်ယွီ အပြတ်ငြင်းလိုက်ပြီးမှ ရယ်မောကာ ပြောလိုက်သည်။

"တကယ်လို့ ငါသာ မှော်ပညာတတ်တယ်ဆိုရင် ပထမဆုံးလုပ်မှာက မင်းကို အကြွေးဆပ်ဖို့ ယွမ်ငါးသောင်း ဖန်တီးမှာပဲ၊ ဒါမှ မင်းရဲ့အဆုံးမရှိတဲ့ ဗိုလ်ကျမှုတွေအောက်ကနေ လွတ်မှာလေ"

"ဟွန့်"

ဝေ့ရှီယုမှာ စိတ်ပျက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"နင်ကတော့ တကယ့် သူရဲဘောကြောင်တဲ့‌ကောင်ပဲ၊ မှော်ပညာရှိရင် ပထမဆုံး ပိုက်ဆံပဲ ဖန်တီးချင်တယ်ပေါ့၊ အဲဒါတင်မကသေးဘူး ယွမ်ငါးသောင်းတည်းလား၊ နင်ကတော့ တစ်သက်လုံး ဆင်းရဲမယ့် ကံပဲ"

"ဆင်းရဲရင်လည်း မင်းဆီမှာ အလှူခံမှာ မဟုတ်ဘူး၊ မင်းက ဘာလို့ ဒီလောက် စပ်စုနေရတာလဲ"

ကျိုးဟောက်ယွီမှ ခပ်ဖွဖွရယ်မောရင်း ပြန်ပက်လိုက်ပြီး မေးလိုက်သည်။

"မင်း အနှိပ်ခန်းသွားဖို့ ငါ့ကို လိုက်ခဲ့ခိုင်းတယ်မလား၊ သွားမှာလား မသွားဘူးလား"

"သွားမှာပေါ့၊ ယီရန်အလှပြင်ဆိုင်ကို မောင်းတော့"

ဝေ့ရှီယုမှာ ပြောပြောဆိုဆိုနှင့် ကျန်းရှောင်ဟွာကိုဆွဲကာ ကျိုးဟောက်ယွီ၏ ကားပေါ်သို့ တက်လိုက်သည်။ ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့် ကြာသောအခါ သူတို့ သုံးဦးအလှပြင်ဆိုင်ထဲသို့ ဝင်ခဲ့ကြ၏။ ဆိုင်မန်နေဂျာမှ အပြေးအလွှားလာကြိုပြီး ရိုသေစွာ နှုတ်ဆက်သည်။

"မင်္ဂလာပါ မမ‌လေးဝေ့၊ အခန်းနံပါတ် (၁) ကို ကြိုတင်ပြင်ဆင်ထားပါတယ်၊ ကျွန်တော် လိုက်ပို့ပေးပါရစေ"

"လိုက်ပို့စရာ မလိုဘူး လမ်းသိတယ်၊ ရှောင်ဖန်းနဲ့ ရှောင်ယွဲ့ကိုပဲခေါ်ပေး"

ဝေ့ရှီယုမှာ လက်ဝှေ့ယမ်းပြပြီး ကျွမ်းကျင်စွာပင် ရှေ့မှလမ်းလျှောက်သွားသည်။ ထိုစကားကို ကြားသောအခါ ဆိုင်မန်နေဂျာမှာ ဇဝေဇဝါဖြင့်မေး၏။

"မမလေးဝေ့ လူကသုံးယောက်လေ၊ ဘာလို့ ဝန်ထမ်းနှစ်ယောက်တည်းခေါ်တာလဲ"

"အဲဒီလူက ဒရိုင်ဘာလေ၊ သူက ခဏနေရင် တံခါးဝမှာစောင့်နေမှာ"

ဝေ့ရှီယု ခပ်အေးအေးပြန်ဖြေသည်။ ဆိုင်မန်နေဂျာမှာ နားလည်သွားသလို ခေါင်းညိတ်ပြီး လူသွားခေါ်ပေး၏။ ကျိုးဟောက်ယွီမှာတော့ ထိုစကားကို ကြားသည်နှင့် ဒေါသထွက်သွားသည်။

"မင်းက မင်းနဲ့အတူ အနှိပ်ခန်းကိုလိုက်ခဲ့ခိုင်းတာ မဟုတ်ဘူးလား၊ အခုတော့ တံခါးဝမှာ စောင့်ခိုင်းမယ်ပေါ့"

"ဒါပေါ့၊ မဟုတ်လို့ နင်က ငါနဲ့အတူ အခန်းထဲလိုက်ဝင်ရမယ်လို့ ထင်နေတာလား"

ဝေ့ရှီယုမှာ သဘာဝကျကျပင် ပြန်ပြောသည်။

"ဘာလို့ အခန်းထဲ အတူမဝင်ရမှာလဲ၊ ငါက မင်းရဲ့ကျွန်မှမဟုတ်တာ၊ အနည်းဆုံးတော့ ငါ့ကိုလေးစားမှု ပေးသင့်တာပေါ့ မဟုတ်ဘူးလား၊ ငါက အပြင်မှာ ရပ်နေရမှာသင့်တော်လို့လား"

ကျိုးဟောက်ယွီ မခံချင်စိတ်ဖြင့်ပြောလိုက်သည်။ ကျန်းရှောင်ဟွာမှာ မနေနိုင်ဘဲ ဝင်ပြောတော့၏။

“အ‌ချောလေးရေ၊ ကျွန်မတို့တွေက မနှိပ်ခင် ရေချိုးရတယ်၊ အဲဒီတော့ အဝတ်အစားတွေက အရမ်းပါးနေမှာလေ၊ ရှင်ပါလိုက်ဝင်လာရင် ယောက်ျားလေးနဲ့ မိန်းကလေး အတူရှိနေတာ သိပ်မသင့်တော်ဘူး မဟုတ်လား"

"အာ အဲဒီလိုလား"

ကျိုးဟောက်ယွီ အံ့ဩသွားသည်။ သူ တစ်ခါမှ အနှိပ်မခံဖူးသဖြင့် အနှိပ်ခန်းနည်းစနစ်များကို သေချာမသိပေ။

"ဟုတ်တယ်လေ"

ကျန်းရှောင်ဟွာမှ ခေါင်းညိတ်ပြပြီး နောက်ပြောင်လိုက်ကာ လှည့်ထွက်ရန် ပြင်သည်။

"နင်တို့နှစ်ယောက်ပဲအတူဝင်ပြီး အနှိပ်ခံလိုက်ကြပါလား၊ ငါက လုပ်စရာလေး ရှိသေးလို့ သွားတော့မယ်"

ဝေ့ရှီယု သူမလက်ကိုအမြန်ဆွဲထားပြီး ပြောလိုက်သည်။

"ဘယ်သွားမလို့လဲ၊ ငါက သူနဲ့အတူ အနှိပ်ခန်းဝင်ရမှာ သင့်တော်လို့လား"

"နင်တို့နှစ်ယောက်ရဲ့ မရေရာတဲ့ ပတ်သက်မှုအရဆိုရင်တော့ အတူတူ အနှိပ်ခံတာ ဘာမှမဖြစ်ပါဘူး"

ကျန်းရှောင်ဟွာ ရယ်မောရင်း စနောက်လိုက်သည်။

"အမယ်လေး နင်က ပြောရဲသေးတယ်ပေါ့၊ အရိုက်ခံချင်နေတာလား"

ဝေ့ရှီယုမှာ ရှက်လည်းရှက်၊ စိတ်လည်းတိုသွားကာ ကျန်းရှောင်ဟွာဂျိုင်းကို ချက်ချင်းကလိထိုးပြီး ယားအောင်လုပ်တော့သည်။ မိန်းကလေးနှစ်ဦးမှာ ကလေးကလား ဆော့ကစားနေကြပြီး ဘေးတွင်ရပ်နေသည့် ကျိုးဟောက်ယွီမှာတော့ ပြုံးပြုံးကြီးကြည့်နေ၏။ ဝေ့ရှီယု၏ဆွဲဆောင်မှုရှိသောပုံစံနှင့် တောက်ပသော အပြုံးများကြောင့် ကျိုးဟောက်ယွီ ခဏမျှမှင်တက်သွားမိသည်။

"ဟေ့ တော်တော့၊ ဟိုမှာ နင့်ကိုငေးကြည့်နေပြီ"

ကျန်းရှောင်ဟွာမှာ ကျိုးဟောက်ယွီ၏မျက်နှာပေးကို သတိထားမိသွားကာ ဝေ့ရှီယုကို လှမ်းစလိုက်သည်။ ကျိုးဟောက်ယွီလည်း ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင်မျက်နှာကို တည်လိုက်သဖြင့် ဝေ့ရှီယုလှည့်ကြည့်သောအခါ ဘာမှ ထူးထူးခြားခြားမတွေ့လိုက်ရပေ။

"ဘာကို ငေးကြည့်တာလဲ၊ နင်က လျှောက်ပြောရဲသေးတယ်ပေါ့၊ ခဏနေရင် နင့်ပါးစပ်ကို ဖြဲပစ်မယ်"

ဝေ့ရှီယုမှ ဒေါသတကြီးပြောလိုက်သည်။

"အိုကေ အိုကေ၊ ဒီည နင်နဲ့အတူ အိပ်ပေးမယ်လေ ဟုတ်ပြီလား၊ တော်တော့ ငါပင်ပန်းနေပြီ၊ အနှိပ်ခံချင်လှပြီ"

ကျန်းရှောင်ဟွာမှာ ပြောရင်း VIP အခန်းနံပါတ် (၁) ဆီသို့ ဦးဆောင်သွားသည်။ ဝေ့ရှီယုလည်း နောက်မှ လိုက်ရန် ပြင်စဉ် ကျိုးဟောက်ယွီမှာ နောက်မှ တိုးတိုးလေး မေးလိုက်၏။

"မင်း လုဟန် ဘယ်မှာနေလဲ သိတယ်မလား"

"ဘာလို့ မေးတာလဲ"

ဝေ့ရှီယု နားမလည်နိုင်စွာ မေးသည်။

"မေးကြည့်တာပါ"

ကျိုးဟောက်ယွီမှ အဖြေကို ရှောင်လွှဲကာ ခပ်လွယ်လွယ်ပြန်ဖြေသည်။ သို့သော် သူ၏ဝတ်ကျေတန်းကျေ မျက်နှာပေးကို မြင်သောအခါ ဝေ့ရှီယုမှာ စိတ်တိုတိုနှင့် ပြန်ပက်လိုက်၏။

"ဒါဆိုရင်လည်း ငါက ဘာလို့ နင့်ကို ပြောပြရမှာလဲ"

"ကောင်းပြီလေ၊ မပြောလည်း နေပေါ့၊ ငါက အသနားခံနေမှာမဟုတ်ဘူး"

ကျိုးဟောက်ယွီမှာ လက်ဝှေ့ယမ်းပြကာ ထွက်သွားရန် ပြင်လိုက်သည်။

"သွား အနှိပ်ခံတော့၊ ငါလည်း အလုပ်သွားတော့မယ်"

All Chapters