← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

85

"ဘာအလုပ်လဲ၊ နင်က ဒီနေ့ ငါနဲ့အတူ ရှိနေရမှာလေ"

ဝေ့ရှီယုမှ ကျိုးဟောက်ယွီကို အလွယ်တကူ အထွက်မခံပေ။

"မင်းနဲ့အတူ အပြင်မှာရပ်နေရမယ်ဟုတ်လား၊ ဆောရီးပဲ ငါက မင်းရဲ့ကျွန်မဟုတ်ဘူး၊ ငါ့မှာလည်း သိက္ခာရှိတယ်"

ပြောပြီး‌နောက် ကျိုးဟောက်ယွီလှည့်ထွက်လာခဲ့သည်။ ဝေ့ရှီယု ခြေဆောင့်ကာ ကျန်ရစ်ခဲ့ပြီး စိတ်ပျက်လက်ပျက် ရေရွတ်နေတော့၏။

"အပြင်မှာ ရပ်နေရမယ်လို့ ဘယ်သူပြောလဲ၊ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာလှဲနေလို့ရတာပဲကို၊ နင့်ကို ငါကစားပစ်မှာကျနေတာပဲ"

ကျိုးဟောက်ယွီ ကားမောင်းထွက်လာပြီး နေ့လယ်စာစားချိန်ရောက်တော့ သူ ခရီးသည် အတော်များများပို့ဆောင်ပြီးသွားပြီဖြစ်သည်။ မနက်စာလည်း မစားရသေးသဖြင့် ဗိုက်ထဲမှ တဂွီဂွီမြည်နေကာ တစ်ခုခုစားရန် ဆိုင်ရှာနေစဉ်မှာပင် ဒီဒီစနစ်ထဲမှ နောက်ထပ် အော်ဒါတစ်ခု တက်လာပြန်သည်။

"တီ"

"တောက် ပိုက်ဆံလည်း ရှာချင်တယ်၊ ဗိုက်ကလည်း ဆာလှပြီ"

ကျိုးဟောက်ယွီ ကျိန်ဆဲရင်း ဖုန်းကိုကိုင်ကာ အော်ဒါဖျက်ခိုင်းရန်ပြင်လိုက်သည်။ သို့သော် အော်ဒါတင်ထားသည့် အမည်ကို မြင်လိုက်ရသောအခါ သူကြောင်အသွား၏။ ၎င်းမှာ သူ နေ့ရောညပါ တောင့်တနေရသည့် ချန်အယ်ပင် ဖြစ်သည်။

"ချန်အယ် ရောက်နေတာပဲ၊ ထမင်းစားဖို့က ဘာအရေးကြီးလဲ၊ ငါ့ရှေ့မှာ အကောင်းဆုံး စားသောက်ဖွယ်တွေ လာချပေးရင်တောင် ငါ စားနိုင်မှာ မဟုတ်တော့ဘူး"

ကျိုးဟောက်ယွီ ရယ်မောလိုက်မိပြီး ဗိုက်ဆာတာတွေ အကုန်မေ့ကာ ချန်အယ်ကိုကြိုရန် အမြန်မောင်းထွက်ခဲ့သည်။ ရောက်သွားသောအခါ သူလွမ်းနေရသည့် ချစ်စဖွယ်အမျိုးသမီးကို မြင်လိုက်ရသဖြင့် ကျိုးဟောက်ယွီ၏စိတ်အခြေအနေမှာ ချက်ချင်းပင် ကောင်းမွန်သွားတော့၏။

"အစ်မချန်အယ်၊ ဒီမှာပါ"

ကျိုးဟောက်ယွီ ကားပေါ်ကဆင်းကာ ရှေ့ခန်းတံခါးကိုဖွင့်ပေးရင်း လှမ်းခေါ်လိုက်သည်။

"အင်း"

ချန်အယ်မှာတော့ ထုံးစံအတိုင်း အေးအေးလေးပင်ပြန်ထူးကာ ကျော့ရှင်းစွာ လမ်းလျှောက်လာသည်။ ကားထဲသို့ ဝင်ထိုင်လိုက်စဉ် သူမဂါဝန်အနားလေးကို သေသေသပ်သပ်ပြင်လိုက်သေး၏။ ကျိုးဟောက်ယွီမှာတော့ ဘေးတွင်ရပ်ကာ ချန်အယ်ထံမှ သင်းပျံ့သောရနံ့လေးကို ရှူရှိုက်ရင်း သူမ၏လှပသော ကိုယ်ဟန်ကို ငေးမောကာ မှင်တက်နေမိသည်။

"ဘာရပ်လုပ်နေတာလဲ၊ လာပြီး ကားမောင်းလေ"

ချန်အယ် ကားထဲရောက်သွားသော်လည်း ကျိုးဟောက်ယွီမှာ အရူးတစ်ယောက်လို ရပ်ငေးနေဆဲဖြစ်သဖြင့် သူမ လှမ်းပြောလိုက်သည်။

"ဪ၊ လာပြီ လာပြီ"

ကျိုးဟောက်ယွီ ပြုံးဖြဲဖြဲဖြင့် ကားကိုပတ်ကာ ဒရိုင်ဘာထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူ ကားစက်နှိုးလိုက်ပြီး အသာမေးလိုက်၏။

"ဒီတစ်ခါရော သွားချင်တဲ့နေရာရှိလား၊ ဒါမှမဟုတ် ပြီးခဲ့တဲ့အပတ်က သွားခဲ့တဲ့ ကစားကွင်းကိုပဲ ထပ်သွားမလား၊ အဆင်ပြေရဲ့လား"

"နင်သွားချင်တဲ့နေရာကိုသာ သွားပါ"

ချန်အယ် အေးဆေးပင်ပြန်ဖြေလာသည်။ ကျိုးဟောက်ယွီ တွေးရခက်သွား၏။

"အစ်မချန်အယ်၊ အစ်မက ခရီးသည်လေ၊ ဘယ်လိုဖြစ်ပြီး ကျွန်တော့်စိတ်ကြိုက်သွားခိုင်းရတာလဲ"

"ဟင်၊ ဪ ဟုတ်သားပဲ"

ချန်အယ် သတိဝင်လာပြီး အမြန်ရှင်းပြသည်။

"ငါဆိုလိုတာက ငါ့မှာသွားချင်တဲ့နေရာ သိပ်မရှိလို့ပါ၊ ဒါပေမဲ့ နင်က လူ့ပြည်အကြောင်း ကောင်းကောင်းသိတယ်မလား၊ အဲဒါကြောင့် စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကို နင်ပဲ ခေါ်သွားပေးပါလားလို့၊ အဆင်ပြေမလား"

"ပြေတာပေါ့၊ အစ်မနဲ့ဆိုရင် ကမ္ဘာအဆုံးအထိလိုက်ဖို့ အဆင်သင့်ပဲ"

သူ့အတွက်တော့ ပျော်ရွှင်မှုမှာ ရုတ်တရက်ကြီး ရောက်လာခဲ့သည်။ ချန်အယ်မှ သူ့ကိုအတူတူလျှောက်လည်ဖို့ ကမ်းလှမ်းခဲ့သည်မှာ ကောင်းကင်မှ မုန့်ကျလာသလိုမျိုး မဟုတ်သေးပါဘူး နတ်သမီးလေးတစ်ပါး ကောင်းကင်မှ သူ့ခေါင်းပေါ် ကျလာသလိုမျိုးပင် ခံစားလိုက်ရသည်။

"ခစ်ခစ်"

ကျိုးဟောက်ယွီ၏ရိုးအအ မျက်နှာပေးကိုကြည့်ကာ ချန်အယ်မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ သို့သော် မိန်းမကောင်းပီပီ သူမပါးစပ်လေးကိုလက်ဖြင့် အမြန်ဖုံးလိုက်၏။

"အစ်မချန်အယ်၊ အစ်မ ရယ်လိုက်ရင် အရမ်းလှတာပဲ"

ကျိုးဟောက်ယွီမှာ ချန်အယ်၏ဆွဲဆောင်မှုရှိသော အပြုံးအောက်တွင် အချစ်ရူးတစ်ယောက်လို လုံးဝနစ်မြောသွားတော့သည်။ ရှေးလူကြီးများပြောဖူးသည့် 'အပြုံးတစ်ခုမှာ မြို့တစ်မြို့ကို ပျက်စီးစေနိုင်သည်၊ ဒုတိယအပြုံးမှာ နိုင်ငံတစ်ခုကို မှောက်လှန်နိုင်သည်' ဆိုသည်ကို သူ အရင်ကမယုံခဲ့သော်လည်း ချန်အယ်ကို မြင်မှပင် သူလက်ခံလိုက်တော့သည်။ ထိုအပြုံးလေးတစ်ခုအတွက်ဆိုလျှင် ကျိုးဟောက်ယွီသည် သူမအတွက် ဘာမဆို လုပ်ပေးရန် အသင့်ရှိပြီး အသက်ပင်သေရဲ၏။

"ကဲ၊ ကားကိုပဲ အာရုံစိုက်မောင်းပါ၊ မတော်တဆမှုတွေ ဖြစ်ဦးမယ်"

ချန်အယ်မှာ ကျိုးဟောက်ယွီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်တော့်ကားမောင်းတာ လုံးဝငြိမ်ပါတယ်"

ကျိုးဟောက်ယွီမှာ အရှိန်လျှော့ကာ ပြောလိုက်သည်။ ချန်အယ်သာ ကားပေါ်ပါလာလျှင် သူ ဘာမတော်တဆမှုမှ အဖြစ်မခံနိုင်ပေ။ မဟုတ်ပါက မိမိကိုယ်ကို ခွင့်လွှတ်နိုင်မည်မဟုတ်ချေ။ သို့သော်လည်း တစ်ခါတရံတွင် လူများ အကြောက်ဆုံးအရာသာဖြစ်လာတတ်စမြဲဖြစ်သည်။ ယာဉ်ကြောရှင်းနေသည့် လမ်းမပေါ်တွင် ကျိုးဟောက်ယွီ အာရုံစိုက်မောင်းနေစဉ် ရုတ်တရက် အသံကြီးနှင့်အတူ နောက်မှ အပြင်းအထန် တိုက်မိခြင်းကိုခံလိုက်ရ၏။

"တောက်"

ကျိုးဟောက်ယွီ ကျိန်ဆဲလိုက်ပြီး ကားကိုရပ်ကာ နောက်ကားထဲမှလူကို ဆင်းပြီး ရန်တွေ့ရန် ပြင်လိုက်စဉ်မှာပင် လူတစ်စုမှာ သူ့ကားကို ရုတ်တရက် ဝိုင်းလိုက်ကြသည်။ အဖွဲ့ခေါင်းဆောင်ဖြစ်ပုံရသော မျက်စိတစ်ဖက်ကန်းနေသည့် လူတစ်ယောက်မှာ ဒရိုင်ဘာဘက်ခြမ်း တံခါးမှန်ကို လက်သီးဖြင့် တစ်ချက်တည်း ရိုက်ခွဲလိုက်သည်။ သူကျိုးဟောက်ယွီ၏ကော်လာကို ဆွဲကိုင်ကာ ရက်စက်ဟန်ဖြင့်ပြောလာ၏။

"မင်းက တော်တော်မာတာပဲ၊ ကုန်တင်ကားကြီးနဲ့တိုက်တာတောင် မသေဘူးပေါ့၊ ဒါဆိုရင်တော့ ငါ မင်းကို ရေလှောင်ကန်ထဲပစ်ချပြီး ငါးစာကျွေးလိုက်မယ်၊ မင်း ပြန်ရှင်လာဦးမလား ကြည့်ရတာပေါ့"

"ဘာပြောလိုက်တယ်၊ မနေ့က ငါ့ကို တိုက်တာ မင်းတို့ပဲပေါ့လေ"

ကျိုးဟောက်ယွီ မျက်လုံးပြူးသွားပြီး ဒေါသတွေ ပေါက်ကွဲလာတော့သည်။

"ဟွန့်"

မျက်လုံးတစ်ဖက်ကန်းမှာ လှောင်ရယ်လိုက်ပြီး တံခါးကိုဖွင့်၍ ကျိုးဟောက်ယွီကို အပြင်သို့ဆွဲထုတ်ကာ ပြောလိုက်သည်။

"သိချင်ရင် သေပြီးမှ ငရဲမင်းကို သွားမေးလိုက်"

"ငါ့လမ်းကနေ ဖယ်စမ်း"

ကျိုးဟောက်ယွီ ဟိန်းဟောက်လိုက်သည်။ သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရုတ်တရက် အားကုန်သုံးကာ မျက်လုံးတစ်ဖက်ကန်းကို လွှင့်ထွက်သွားအောင် တွန်းထုတ်လိုက်၏။

“အိုးဟို မင်းမှာ ပညာလေး နည်းနည်းပါးပါးရှိလိမ့်မယ်လို့ မထင်ထားမိဘူး"

မျက်လုံးတစ်ဖက်ကန်းမှာ သရော်ပြုံး ပြုံးလိုက်သည်။

"ပညာ"

ကျိုးဟောက်ယွီမှ ပြန်ပက်လိုက်သည်။

"ငါ့ကို အထင်သေးနေတာလား၊ ဒီလိုပညာမျိုးနဲ့ မင်းကို အေးဆေးအနိုင်ယူပြမယ်"

"အခုတော့ လေလုံးထွားနေလိုက်ဦး၊ ခဏနေရင်တော့ ငိုရစေမယ်"

မျက်စိတစ်ဖက်ကန်းမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း သူ့တပည့်များကို ဝင်မကူရန်တားမြစ်လိုက်သည်။ ကျိုးဟောက်ယွီမှာ သူ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီဖြစ်ရာ သူကိုယ်တိုင်ပင် ပညာပေးတော့မည်။

"ဘယ်သူငိုမလဲဆိုတာ ခဏနေရင် သိရမှာပေါ့"

ကျိုးဟောက်ယွီ ဆိုးသွမ်းသော အပြုံးဖြင့် ပြုံးလိုက်ပြီးနောက် လျှပ်တပြက် လှုပ်ရှားမှုဖြင့် မျက်လုံးတစ်ဖက်ကန်း၏ရှေ့တည့်တည့်သို့ ရောက်သွားသည်။

"ကောင်းပြီ"

မျက်လုံးတစ်ဖက်ကန်းမှာ ကျိုးဟောက်ယွီ၏မျက်နှာကို အားပါးတရ ထိုးလိုက်သည်။

"ဟမ့် မင်းရဲ့လက်သီးက အရမ်းနှေးလွန်းတယ်"

ကျိုးဟောက်ယွီ သူ့ရွှေမျက်မှန် စွမ်းအားကို သုံးလိုက်သည်။ ချက်ချင်းပင် မျက်လုံးတစ်ဖက်ကန်း၏ လှုပ်ရှားမှုအားလုံးမှာ သူ့ရှေ့တွင် နှေးကွေးသွားတော့သည်။ ကျိုးဟောက်ယွီသည် ထိုလက်သီးကို အလွယ်တကူ ရှောင်လိုက်ပြီးနောက် မျက်လုံးတစ်ဖက်ကန်း၏ ပေါင်ကြားသို့ အားကုန်သုံး၍ ကန်ထည့်လိုက်တော့၏။

"အား"

စူးရှသော အော်ဟစ်သံကြီး လေထဲတွင် ပျံ့လွင့်သွားတော့သည်။ မျက်လုံးတစ်ဖက်ကန်းမှာ လက်သီးမထိလိုက်ရဘဲ သူ၏အရေးကြီးသော နေရာတွင် ပြင်းထန်သောနာကျင်မှုကိုသာ ခံစားလိုက်ရတော့၏။

All Chapters