အခန်း ၈၆
Vol. 9 Ch. 86
86
မျက်လုံးတစ်ဖက်ကန်းမှာ ခြေထောက်ခွေကျသွားပြီး ဒူးထောက်လျက်သား လဲကျသွားတော့သည်။ သူသည် သူ့ပေါင်ကြားကို ဆုပ်ကိုင်ထားရင်း မျက်နှာတစ်ခုလုံး ခရမ်းပုပ်ရောင်သန်းကာ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရင်နေ၏။ ပါးစပ်ကို ဟစိဟစိလုပ်ကာ တစ်ခုခု ပြောရန် ကြိုးစားသော်လည်း အလွန်အမင်း နာကျင်နေသဖြင့် နာကျင်စွာ အော်ဟစ်ရုံသာ တတ်နိုင်တော့သည်။
"ဆရာကြီး"
နောက်မှ တပည့်တစ်စုမှာ ကြောင်အသွားကြသည်။ သူတို့၏ အရှုံးမရှိသော ဆရာကြီးမှာ လူငယ်တစ်ယောက်၏ လက်ချက်ဖြင့် တစ်ချက်တည်းနှင့် ဒူးထောက်သွားရသည် မဟုတ်ပါလား။
"ဘာလဲ၊ ငါ့ပညာကို စမ်းကြည့်ချင်သေးလို့လား"
ကျိုးဟောက်ယွီမှာ ထိုလူအုပ်ကို ကြည့်ကာ ရယ်မောလိုက်သည်။ သူ့စကားပင် မဆုံးသေးတင်မှာပင် ထိုလူတစ်စုမှာ သူတို့ပေါင်ကြားသို့ အအေးဓာတ် စိမ့်ဝင်သွားသလို ခံစားလိုက်ရပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘယ်သူမှ ရှေ့မတိုးရဲကြတော့ပေ။
"ပြေးကြဟေ့"
လူအုပ်ထဲမှ တစ်ယောက် အော်လိုက်သည်နှင့် ထိုလူတစ်စုမှာ အရပ်ရပ်သို့ လွင့်စင်အောင် ထွက်ပြေးသွားကြတော့သည်။
"ဟဲဟဲ"
ကျိုးဟောက်ယွီသည် ထိုမြင်ကွင်းကို ကြည့်ကာ အတော်လေး ကျေနပ်သွားမိသည်။ သူတစ်ယောက်တည်း ရေရွတ်နေမိ၏။
"ဒီ ရွှေမျက်မှန် ပညာက အသုံးဝင်ပုံတွေ အများကြီးပဲ၊ နောက်ထပ် ဖြစ်နိုင်ခြေတွေကို ထပ်စမ်းကြည့်ရမယ်၊ ငါ တွမ်ယွီလိုမျိုး ပညာကောင်းတွေ ရှိပြီး ဘယ်လိုသုံးရမှန်း မသိတဲ့လူမျိုး အဖြစ်မခံနိုင်ဘူး"
မြေပေါ်တွင် ဒူးထောက်နေသည့် မျက်လုံးတစ်ဖက်ကန်းမှာတော့ အောက်ပိုင်းမှ နာကျင်မှု အနည်းငယ် သက်သာလာပြီဖြစ်သည်။ သူ၏ မျက်လုံးများမှာ အေးစက်စွာ တောက်ပလာပြီး ငေးငိုင်နေသည့် ကျိုးဟောက်ယွီကို စိုက်ကြည့်လိုက်စ။
'အခွင့်အရေးပဲ'
သူတွေးလိုက်ပြီး ရုတ်တရက် ဝုန်းခနဲ ပြန်ထကာ ယုတ်မာရက်စက်သော အကွက်ဖြင့် အလစ်အငိုက် လှမ်းတိုက်ခိုက်တော့သည်။
"သတိထား"
ကားပေါ်မှ ဆင်းလာပြီးသားဖြစ်သည့် ချန်အယ်မှာ အလျင်အမြန် သတိပေးလိုက်သည်။ ကျိုးဟောက်ယွီ သတိဝင်လာပြီး ချက်ချင်းပင် ကျိန်ဆဲလိုက်၏။
"ဒီကောင်စုတ်၊ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ရဲတယ်ပေါ့လေ"
ကျိန်ဆဲနေရင်းပင် သူ့ခြေထောက်ကို မြှောက်ကာ မျက်လုံးတစ်ဖက်ကန်း၏ နားထင်ကို အားကုန်ကန်ထည့်လိုက်သည်။
"ဘုန်း"
မျက်လုံးတစ်ဖက်ကန်း၏ခေါင်းမှာ အရှိန်ပြင်းပြင်း အကန်ခံလိုက်ရသဖြင့် ဘေးသို့ လွင့်စင်သွားကာ မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လိမ့်သွားပြီးမှ ငြိမ်သက်သွားတော့သည်။
"အား ငါ့ခေါင်း"
မျက်လုံးတစ်ဖက်ကန်းမှာ ခေါင်းကို ဆုပ်ကိုင်ထားရင်း ဦးခေါင်းခွံပေါက်ထွက်မတတ် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။
"ငါ့ကို အလစ်တိုက်ရဲတဲ့ရလဒ်ပဲ"
ကျိုးဟောက်ယွီ ကျေနပ်စွာပြုံးလိုက်ပြီးမှ ချန်အယ်ဘက်သို့ လှည့်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"အစ်မ ချန်အယ် သတိပေးလို့သာပေါ့၊ မဟုတ်ရင် ကျွန်တော်...."
သူ စကားကိုဆုံးအောင် မပြောနိုင်တော့ပေ။ ချန်အယ်ကဲ့သို့ အမျိုးသမီးရှေ့တွင် ထိုနေရာကိုထည့်ပြောရန်မှာ အလွန်ရှက်စရာကောင်းလှသဖြင့် သူမကို စော်ကားမိမှာ စိုးရိမ်နေခြင်းဖြစ်သည်။
"ခစ်ခစ်"
ချန်အယ်မှာ ကျိုးဟောက်ယွီ၏ရှက်ကိုးရှက်ကန်း ပုံစံလေးကိုကြည့်ကာ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ သူမပါးစပ်လေးကို လက်ဖြင့် အုပ်ကာပြောလိုက်၏။
"ကျေးဇူးတင်စရာ မလိုပါဘူး၊ ငါတို့တွေက သူငယ်ချင်းတွေပဲဟာ၊ နင့်ကို အလစ်အငိုက် အလုပ်ခံရမှာကို ငါက ဒီအတိုင်း ကြည့်နေနိုင်ပါ့မလား"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့"
ကျိုးဟောက်ယွီမှာ အံ့ဩဝမ်းသာစွာဖြင့် ခေါင်းကို အသည်းအသန်ညိတ်လိုက်ပြီး ပြောလိုက်သည်။
"အစ်မ ချန်အယ်က ကျွန်တော့်ကို သူငယ်ချင်းလို့ သတ်မှတ်လိုက်ပြီပေါ့၊ ဟုတ်လား"
"အင်းလေ၊ သူငယ်ချင်းလို့ သတ်မှတ်တာပေါ့ ဘာလဲ၊ နင်က မဖြစ်ချင်ဘူးလား"
ချန်အယ်မှ ပြန်မေးလိုက်သည်။
"ဖြစ်ချင်တာပေါ့၊ သေချာပေါက် ဖြစ်ချင်တာပေါ့"
ကျိုးဟောက်ယွီမှာ ပျော်လွန်းသဖြင့် ခုန်ပေါက်မိတော့မတတ်ပင်။ သူသည် ချန်အယ်၏ချစ်သူ ဖြစ်ချင်နေသည်မှာ မှန်သော်လည်း အလောတကြီးလုပ်လျှင် အရာရာပျက်စီးနိုင်သည်ကို သိသဖြင့် တစ်ဆင့်ချင်းစီ သွားရမည်ဟု နားလည်ထားသည်။ သူငယ်ချင်းအဖြစ် စတင်ခြင်းမှာ အစကောင်းတစ်ခုပင်ဖြစ်၏။
"အား"
ဘေးမှ မျက်လုံးတစ်ဖက်ကန်းမှာတော့ ညည်းတွားနေဆဲပင်။ ဒါကိုမြင်တော့ ကျိုးဟောက်ယွီ သူ့အနားလျှောက်သွားပြီး ရင်ဘတ်ကို ခြေထောက်နှင့်နင်းကာ လှောင်လိုက်သည်။
"ငါ့ကို မျက်ရည်မကျဘဲ ငိုရအောင် လုပ်မယ်ဆို၊ အခု ဘယ်လိုနေလဲ"
"အစ်ကိုကြီး၊ ကျွန်တော် မှားသွားပါပြီ၊ ကျေးဇူးပြုပြီး လွှတ်ပေးပါဦး"
မျက်လုံးတစ်ဖက်ကန်းမှာ အသနားခံတော့သည်။
"လွှတ်ပေးရမယ်"
ကျိုးဟောက်ယွီ နှာခေါင်းရှုံ့လိုက်သည်
"မင်းက လူတွေအများကြီးခေါ်ပြီး ငါ့ကို လာဒုက္ခပေးတယ်၊ ငါက အနိုင်ယူပြီးမှ စကားတစ်ခွန်းတည်းနဲ့ လွှတ်ပေးရမယ်ဆိုတာ လောကမှာ ဘယ်လိုလုပ် အဲဒီလောက် အဆင်ပြေတဲ့ကိစ္စ ရှိမှာလဲ"
မျက်လုံးတစ်ဖက်ကန်းမှာ မျက်နှာငယ်လေးဖြင့် ချော့မော့ပြောဆိုသည်။
"အစ်ကိုကြီးရဲ့ စွမ်းရည်ကို မြင်ပြီးပါပြီ၊ အစ်ကိုကြီးရဲ့ မျက်လုံးထဲမှာ ကျွန်တော်က အရေးမပါတဲ့ ငတုံးတစ်ယောက်ပါပဲ၊ ဒါကြောင့် ဘာမှမဟုတ်သလိုပဲ သဘောထားပြီး လွှတ်ပေးလိုက်ပါ"
"မြှောက်ပင့်တာလည်း မထူးပါဘူး"
ကျိုးဟောက်ယွီ ခေါင်းခါလိုက်သည်
"မင်းက အရင်က ငါ့ကို သတ်မလို့လုပ်ခဲ့တာလေ၊ အခု ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ရင် ငါကအရူးဖြစ်မှာပေါ့"
"မဟုတ်ဘူး၊ ကျွန်တော်တိုက်တာမဟုတ်ပါဘူး၊ ရှောင်ရွှမ်ဖုန်းက သူ့ကားနဲ့ တိုက်တာပါ"
မျက်လုံးတစ်ဖက်ကန်းမှ အမြန်ရှင်းပြသည်။ အခြေအနေက အခု ပြောင်းလဲသွားပြီဖြစ်သည်။ အစပိုင်းတွင် သူ ကျိုးဟောက်ယွီကို လူသေတစ်ယောက်လို သဘောထားခဲ့သောကြောင့် ရှင်းပြဖို့ စိတ်မကူးခဲ့ပေ။ သို့သော် အခုတော့ မတူတော့ပါ။ အကယ်၍ သူသာ မြန်မြန်မရှင်းပြရင် ဒီနေ့ သူဒုက္ခအကြီးအကျယ် ရောက်တော့မည်မှာ အသေအချာပင်။
"ရှောင်ရွှမ်ဖုန်း"
ကျိုးဟောက်ယွီ မယုံကြည်သလိုဖြင့်ပြောလိုက်သည်။
"မင်းက လူတစ်ယောက်ကို အလကား ဖန်တီးပြီး ငါ့ကို လှည့်စားလို့ရမယ်ထင်နေတာလား"
မျက်လုံးတစ်ဖက်ကန်းမှ အလေးအနက် ရှင်းပြသည်။
"အစ်ကိုကြီး၊ တကယ် ရှောင်ရွှမ်ဖုန်းပါ၊ ကျွန်တော် တစ်ယောက်တည်းသိတာမဟုတ်ဘူး၊ ဒီလောကထဲက လူတွေအများကြီးကြားဖူးကြပါတယ်"
"ဪ ဟုတ်လား"
ကျိုးဟောက်ယွီ ခဏစဉ်းစားပြီးနောက် သူ့အိတ်ကပ်ထဲမှ ငွေအပ်တစ်ချောင်းကိုထုတ်ကာ မျက်လုံးတစ်ဖက်ကန်းကို နှစ်ချက်မျှ စိုက်လိုက်သည်။
"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"
မျက်လုံးတစ်ဖက်ကန်းမှာ ထိတ်လန့်တကြား မေးသည်။ ကျိုးဟောက်ယွီ သူ့အပေါ် ကောင်းတာတော့ လုပ်မှာမဟုတ်မှန်း သူအလိုလို ခံစားမိနေသည်။
"ဘာလုပ်တာလဲဆိုတာ နောက်မှသိရမှာပေါ့"
ကျိုးဟောက်ယွီ အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။ ဤမျက်လုံးတစ်ဖက်ကန်းမှာ ကားနှင့်တိုက်သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ့ကိုတော့ အလွယ်တကူ လွှတ်မပေးနိုင်ပေ။ သတ်ပစ်ဖို့မှာ မဖြစ်နိုင်သော်လည်း အပြစ်ပေးဖို့တော့ လိုအပ်သည်။ ထိုရှောင်ရွှမ်ဖုန်းနှင့် နောက်ကွယ်မှ ကြိုးကိုင်သူလုဟန်တို့ကိုတော့ ကျိုးဟောက်ယွီ မှတ်ထားလိုက်ပြီဖြစ်၏။ အခွင့်အရေးရသည်နှင့် သူ သေချာပေါက် လက်စားချေမည်ပင်။
...
"နင် ခုနကထိုးလိုက်တဲ့ အပ်စိုက်နည်းက ကြည့်ရတာ တစ်ခုခုနဲ့ တူသလိုပဲ"
ကားထဲတွင် ထိုင်နေသော ချန်အယ်မှာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါက ရှန်းနုန်ပေးထားတဲ့ ဆေးကျမ်းထဲက အပ်စိုက်နည်းပါ"
ကျိုးဟောက်ယွီမှာ ကားမောင်းရင်း တိုးတိုးလေး ရှင်းပြလိုက်သည်။ ဒါကို ကြားတော့ ချန်အယ် ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ဪ ရှန်းနုန်ရဲ့အပ်စိုက်နည်းကိုး၊ ဒါကြောင့် ရင်းနှီးနေတာ"
"အစ်မချန်အယ်က ရှန်းနုန်နဲ့အရမ်းခင်တာလား"
ကျိုးဟောက်ယွီ ကားမောင်းရင်းမေးလိုက်သည်။
"သိပ်တော့ မခင်ပါဘူး၊ ဒါပေမဲ့ တစ်ခါတလေ နေလို့မကောင်းရင် သူ့ဆီ သွားပြလေ့ရှိတယ်"
ချန်အယ် သက်ပြင်းခပ်ဖွဖွချရင်းပြောလိုက်သည်။
"ဒါပေမယ့် သူက အရမ်းအလုပ်များတယ်၊ နဂါးတစ်ကောင်လိုပဲ လူကိုယ်တိုင်တွေ့ရခဲတယ်၊ အချိန်အများစုမှာ ရှာလို့ကိုမတွေ့ဘူး"
ဒါကိုကြားတော့ ကျိုးဟောက်ယွီ ချက်ချင်းပင် ပြောလိုက်သည်။
"ကျွန်တော်လည်း အခု ဆေးပညာနည်းနည်းပါးပါး တတ်နေပြီလေ၊ အစ်မ ချန်အယ် နေလို့မကောင်းရင် ကျွန်တော့်ဆီ အရင်လာပြပါလား၊ ကျွန်တော် ကူညီနိုင်မလားလို့လေ"
"ဪ"
ချန်အယ် မျက်ခုံးလေးပင့်ကာ ကျိုးဟောက်ယွီကို အလေးအနက်ကြည့်လိုက်ပြီးမှ ရယ်မောကာပြောလိုက်သည်။
"ဒီရက်ပိုင်း ငါ့ဗိုက်က နည်းနည်းအဆင်မပြေဖြစ်ပြီး နာနေတာ၊ နင် အားရင် တစ်ချက်လောက် ကြည့်ပေးပါဦးမလား"
ကျိုးဟောက်ယွီမှ စိတ်အားထက်သန်စွာ ပြောလိုက်လေတော့သည်။
"နောက်မှ မဟုတ်ဘူး၊ အခုပဲ အားပါတယ်၊ ကျွန်တော့်အိမ်ကို လိုက်ခဲ့လေ၊ ကျွန်တော် သေသေချာချာစစ်ဆေးပေးပါ့မယ်"