အခန်း ၈၉
Vol. 9 Ch. 89
89
၎င်းကို မြင်တော့ ကျိုးဟောက်ယွီမှာ အပြေးအလွှား သွားပြီး နှင်းဆီတစ်ပွင့် ဝယ်ကာ ချန်အယ်ကို လှမ်းပေးလိုက်သည်။
"ဒါကိုတော့ ငါမယူချင်ပါဘူး"
ချန်အယ်မှပြုံးလျက် ခေါင်းခါပြပြီးမှ ဟိုမိန်းကလေးငယ်လေးကိုကြည့်ကာ စိတ်မကောင်းစွာ ပြောသည်။
"အဲဒီကလေးမလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိလို့ပါ၊ ငယ်ငယ်လေးရှိသေးတာကို ဒီလောက်ပင်ပင်ပန်းပန်း လုပ်နေရတာလေ"
"တကယ် သနားစရာကောင်းပါတယ်၊ သူ့မိသားစုကလည်း ငွေရေးကြေးရေး ကျပ်တည်းနေလို့ ဖြစ်မှာပေါ့"
ကျိုးဟောက်ယွီ သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် ခြေလှမ်းကျယ်ကြီးများဖြင့် ထိုကလေးမလေးဆီသို့ ပြန်ပြေးသွားတော့၏။
"အစ်ကိုကြီး ဘာဖြစ်လို့လဲဟင်၊ သမီးရောင်းတဲ့ပန်းက တစ်ခုခုဖြစ်လို့လား"
ဆွန်းလဲ့လဲ့လေးသည် ကျိုးဟောက်ယွီ ပြန်လာသည်ကို မြင်သောအခါ ပြဿနာလာရှာသည်မှတ်ပြီး အနည်းငယ် ကြောက်လန့်သွားရှာသည်။
"မဟုတ်ပါဘူး ဘာမှမဖြစ်ပါဘူး၊ အကုန်ရောင်းနေရအောင် မင်းဆီက ပန်းတွေအားလုံးကို အစ်ကိုကြီးဝယ်လိုက်မယ်"
ကျိုးဟောက်ယွီမှ သူမ မကြောက်စေရန် ချိုချိုသာသာလေးပြုံးပြလိုက်သည်။
"ဟမ် အကုန်လုံးဝယ်မယ်ဟုတ်လား၊ အဲဒါဆို ပိုက်ဆံအများကြီးကုန်မှာပေါ့"
ဆွန်းလဲ့လဲ့လေးမှာ မယုံနိုင်အောင်ဖြစ်သွားသည်။ ကျိုးဟောက်ယွီကို အထင်သေး၍မဟုတ်ဘဲ သူသည် သာမန်လူတစ်ယောက်ဖြစ်ပုံရသဖြင့် ပန်းတစ်ပွင့်ဝယ်လျှင်ပင် ကျေးဇူးတင်ရမည့်အခြေအနေမှာ အကုန်ဝယ်ပေးခြင်းသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမည်ကို စိုးရိမ်ခြင်းဖြစ်၏။
"စိတ်မပူပါနဲ့၊ အစ်ကို့မှာ ပိုက်ဆံရှိပါတယ်"
ကျိုးဟောက်ယွီမှာ ပြောပြောဆိုဆိုနှင့် ပိုက်ဆံအိတ်ထဲမှ ယွမ်ရာဂဏန်းအချို့ကိုထုတ်ကာ ဆွန်းလဲ့လဲ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
"အာ ဒီလောက်အများကြီးမလိုပါဘူး၊ သမီးမှာ ပန်းအပွင့်နှစ်ဆယ်လောက်ပဲ ရှိတာပါ"
ဆွန်းလဲ့လဲ့မှာ အားနာစွာဖြင့်ငြင်းဆန်ရှာသည်။
"ရပါတယ် လုံလောက်ပါတယ်၊ ပိုတာလေးကိုတော့ မုန့်ဖိုးပေးတယ်လို့ပဲ သဘောထားလိုက်ပါ"
ကျိုးဟောက်ယွီ ခပ်ဖွဖွရယ်မောရင်း ပြောလိုက်သည်။ သူသည် ပိုက်ဆံအားလုံးကို ဆွန်းလဲ့လဲ့လက်ထဲ အတင်းထည့်ပေးပြီး ပန်းစည်းကိုယူကာ အပြေးပြန်ထွက်လာခဲ့၏။ ဆွန်းလဲ့လဲ့မှာတော့ ကျိုးဟောက်ယွီထွက်ခွာသွားသည်ကိုကြည့်ရင်း တိုးတိုးလေး ရေရွတ်ရင်း ကျန်ရစ်ခဲ့တော့သည်။
"ဒီအစ်ကိုကြီးက တကယ့်ကိုလူကောင်းတစ်ယောက်ပဲ"
ချန်အယ်ဘက်သို့ ပြန်ရောက်သောအခါ ကျိုးဟောက်ယွီမှာ ပန်းစည်းလိုက်ကြီးကိုလှမ်းပေးရင်း ရယ်မောကာပြောလိုက်သည်။
"ဒီပန်းတွေက အစ်မအတွက်ပါ၊ အစ်မရဲ့အလှကို ပိုတောက်စေရုံတင်မကဘဲ ဟိုကလေးမလေးကိုလည်း အိမ်စောစောပြန်နိုင်အောင် ကူညီပေးရာ ရောက်တာမို့ အစ်မငြင်းလို့မရဘူးနော်"
ချန်အယ်သည် ကျိုးဟောက်ယွီကို ကြည့်ကာ မသိစိတ်မှ အပြုံးလေးတစ်ခု ပေါ်လာပြီး ဆိုသည်။
"ကောင်းပြီလေ၊ ဒါဆိုရင်တော့ ငါ လက်ခံလိုက်ပါ့မယ်"
သူတို့နှစ်ဦးသည် စည်ကားလှသော မြို့ပြထဲတွင် ဘေးချင်းယှဉ်ကာ လမ်းလျှောက်ခဲ့ကြသည်။ အချိန်မှာ သတိမထားမိဘဲ ကုန်ဆုံးသွားခဲ့ရာ နာရီပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီဖြစ်၏။
"ငါ သွားရတော့မယ်"
ချန်အယ်မှာ ရုတ်တရက်တိုးတိုးလေး ပြောလိုက်သည်။
"ဒါဆို အစ်မ ကျွန်တော့်ဆီ နောက်တစ်ခါ ဘယ်တော့ပြန်လာဦးမှာလဲ"
ကျိုးဟောက်ယွီ မခွဲနိုင်မခွာနိုင်ဟန်ဖြင့်မေးလိုက်သည်။
"မသိဘူးလေ၊ ဒါကတော့ ကံတရားအပေါ်မှာပဲ မူတည်ပါတယ်"
ချန်အယ်မှာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ကျိုးဟောက်ယွီ ခေါင်းညိတ်လိုက်၏။ ဤကဲ့သို့သော အခြေအနေမျိုးကို အတင်းအကျပ်လုပ်၍မရမှန်း သူသိသဖြင့် ချန်အယ်မထွက်ခွာမီ နောက်ဆုံးအကြည့်တွင် သူ့ကိုပျော်ပျော်ရွှင်ရွှင်မြင်သွားစေရန် အတတ်နိုင်ဆုံး ပြုံးပြလိုက်သည်။
"ဒါဆို သွားတော့မယ်နော်"
ကျိုးဟောက်ယွီမှာ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ လက်ပြလိုက်သည်။ ချန်အယ်သည် ကျိုးဟောက်ယွီကို နောက်ဆုံးတစ်ကြိမ်ပြုံးပြလိုက်ပြီးနောက် သူမကိုယ်ခန္ဓာမှာ တဖြည်းဖြည်း မှေးမှိန်သွားကာ လေတစ်ချက်အဝေ့တွင် လုံးဝပျောက်ကွယ်သွားတော့၏။
"ဟူး"
ကျိုးဟောက်ယွီ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သူသည် အပြင်ပန်းတွင် သန်မာပုံရသော်လည်း ချန်အယ် ထွက်သွားပြီးနောက် ရင်ထဲတွင် ဟာလာဟင်းလင်းဖြစ်ကျန်ခဲ့ရ၏။ သူထိုင်နားရန် ခုံတစ်ခု၌ ဝင်ထိုင်လိုက်သည်။ အခုချိန်တွင် သူကားမောင်းချင်စိတ် သို့မဟုတ် စီးပွားရေးလုပ်ချင်စိတ် မရှိတော့ပေ။ ထိုစဉ်မှာပင် ဖုန်းထဲမှ အကြောင်းကြားစာသံ ထွက်လာသည်။ ကျိုးဟောက်ယွီ ဖုန်းကိုကြည့်လိုက်သောအခါ လင်းချန်ချန် ဆီမှ စာပြန်လာသည်ကို တွေ့ရ၏။
"အလုပ်ဆင်းပြီ၊ ဝမ်စီကုန်တိုက်မှာ ရှိနေတာ၊ အားရင် လာခဲ့လေ"
ကျိုးဟောက်ယွီ စာပြန်မနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်မှာ ဝမ်စီကုန်တိုက်သို့ရောက်နှင့်နေသောကြောင့် ဖြစ်သည်။ သူ ထရပ်ကာ ဝေ့ကြည့်လိုက်ရာ မကြာမီမှာပင် ထိုမိန်းမလှလေးကို တွေ့လိုက်ရ၏။ သူအပြေးအလွှားသွားလိုက်သော်လည်း လင်းချန်ချန်နှင့် နီးကပ်လာသောအခါ အရှိန်လျှော့ကာ သူမနောက်ဘက်သို့ တိတ်တဆိတ် ကပ်သွားပြီး ပုခုံးကိုပုတ်လိုက်သည်။
"အား"
လင်းချန်ချန်လန့်သွားကာ လှည့်ကြည့်လိုက်ရာ ကျိုးဟောက်ယွီဖြစ်နေသည်ကို မြင်တော့ သူ့ကိုစနောက်ပြီး လက်သီးဖြင့် ခပ်ဖွဖွထိုးကာပြောလိုက်သည်။
"ဘာလုပ်တာလဲ၊ နင်က ငါ့ကိုလွမ်းပြီး သေတော့မလို့လား"
"Surprise လုပ်ပေးတာလေ"
ကျိုးဟောက်ယွီ ရယ်မောရင်း ပြောလိုက်သည်။
"မင်း စာပို့ပြီး တစ်မိနစ်တောင်မပြည့်သေးဘူး၊ ကိုယ် ရောက်လာတာကိုမပျော်ဘူးလား"
"ပျော်စရာလား"
လင်းချန်ချန်မှာ ကျိုးဟောက်ယွီကို မျက်စောင်းလေးထိုးကာ မေးလိုက်သည်။
"အမှန်အတိုင်း ပြောစမ်း၊ ပြီးခဲ့တဲ့အပတ်က ငါ့ကို ဒီမှာလာချပေးတုန်းက ငါဒီနားမှာ အလုပ်လုပ်တာကို ရိပ်မိသွားတယ်မလား၊ အဲဒါကြောင့် ငါ အလုပ်ဆင်းခါနီးမှာ ဒီကိုကြိုရောက်နေတာမလား"
"တကယ်လို့ အဲဒါအမှန်ဆိုရင် မင်း စိတ်မလှုပ်ရှားဘူးလား"
ကျိုးဟောက်ယွီမှာ ရယ်မောရင်းပြန်မေးသည်။
"မလှုပ်ရှားရဲပါဘူး"
လင်းချန်ချန် ပြတ်ပြတ်သားသား ခေါင်းခါပြပြီး စနောက်လိုက်သည်။
"တကယ်လို့ အဲဒါသာအမှန်ဆိုရင် နင်က မိန်းကလေးတွေကို တော်တော်ဆွဲဆောင်တတ်တာပဲ၊ ငါလည်း နင်နဲ့ ဆက်မပတ်သက်ရဲတော့ဘူး"
"ဘာတွေ ဆွဲဆောင်တတ်တာလဲ၊ ငါ့မှာ ခုထိ ရည်းစားတောင်မရှိသေးပါဘူး"
ကျိုးဟောက်ယွီမှာ မျက်နှာငယ်လေးဖြင့် ရှင်းပြသည်။
"တကယ်တော့ အမှန်တရားက ငါဒီကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်နေတာပါ၊ မင်းထင်သလို ဘာမှ မရှုပ်ထွေးပါဘူး"
လင်းချန်ချန်ပြုံးကာ မေးလိုက်သည်။
"ကဲ ဒါတွေ ထားလိုက်ပါတော့၊ ငါ့ကို အိမ်ပြန်ပို့ပေးမယ်ဆို ကားကဘယ်မှာလဲ"
"ကားလား"
ကျိုးဟောက်ယွီ ခဏမျှကြောင်သွားပြီးမှ အနေခက်စွာ ပြန်ဖြေသည်။
"ကားက ဒီနဲ့ နည်းနည်းဝေးတဲ့နေရာမှာ ရှိနေတာ၊ အရင်ဆုံး တစ်ခုခုသွားစားကြမလား၊ ပြီးမှ ကားရှိတဲ့နေရာကို တက္ကစီနဲ့ သွားကြတာပေါ့"
"ကားဆီကို တက္ကစီနဲ့ သွားမယ် ဟုတ်လား"
လင်းချန်ချန်မှာ အားရပါးရရယ်တော့သည်။
"ဘာလို့ အဲဒီလောက် ဒုက္ခခံရမှာလဲ၊ ငါ့ဘာသာ အိမ်ကိုတက္ကစီနဲ့ ပြန်လိုက်ရင်မပြီးဘူးလား"
"အာ ဒါတွေကို ဂရုမစိုက်စမ်းပါနဲ့၊ အရင် သွားစားကြရအောင်၊ ငါ တစ်နေကုန် ဘာမှမစားရသေးလို့ ဗိုက်အရမ်းဆာနေပြီ"
ကျိုးဟောက်ယွီမှာ ရယ်လိုက်သည်။ လင်းချန်ချန် မနောက်တော့ဘဲပြုံးလိုက်၏။
"ဒါပေမဲ့ ငါက နင်နဲ့အတူစားမယ်လို့ မပြောရသေးဘူးလေ"
"လူတိုင်း ထမင်းစားဖို့လိုတာပဲ၊ ဘယ်သူနဲ့ စားစား ဘာအရေးကြီးလဲ၊ တကယ်လို့ ငါနဲ့အတူမစားချင်ဘူးဆိုရင်လည်း စားပွဲနှစ်လုံးခွဲပြီးထိုင်တာပေါ့"
ကျိုးဟောက်ယွီမှာ ပြုံးစိစိဖြင့်ပြောလိုက်သည်။
"နင်က အဲဒီလောက်တောင်ပြောနေမှတော့ သွားကြတာပေါ့၊ နင်ပဲလမ်းပြတော့"
လင်းချန်ချန် နှုတ်ခမ်းလေးစူကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး တောက်ပစွာ ပြုံးလိုက်သည်။ ကျိုးဟောက်ယွီမှာ သူမကိုကြည့်ကာ ခေတ္တမျှ မှင်တက်သွားပြန်၏။
"ဘာကို ငေးကြည့်နေတာလဲ"
လင်းချန်ချန်မှာ မကျေနပ်သလိုဖြင့်ကြည့်လိုက်သည်။
"ဪ ဘာမှမဟုတ်ပါဘူး၊ သွားကြစို့"
ကျိုးဟောက်ယွီ ရှက်ပြုံးပြုံးလိုက်ပြီး လမ်းပြခေါ်သွားသည်။ လင်းချန်ချန်မှာတော့ သူ့နောက်မှနေ ကျိုးဟောက်ယွီ၏အနေရခက်နေသော ပုံစံကိုကြည့်ကာ ခိုးရယ်နေမိ၏။
"ဒီလူကတော့ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲ"
လင်းချန်ချန် တစ်ယောက်တည်း ရေရွတ်ရင်း အမှီလိုက်သွားတော့သည်။ သူတို့သည် ကျော့ရှင်းသောအလှဆင်မှုများရှိသည့် အနီးအနားမှ စားသောက်ဆိုင်တစ်ခုထဲသို့ ဝင်ခဲ့ကြ၏။ ကျိုးဟောက်ယွီမှာ လင်းချန်ချန်အတွက် ထိုင်ခုံကိုအရင်ဆွဲပေးပြီးမှ သူမမျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။