အခန်း ၉၀
Vol. 9 Ch. 90
90
"မင်း အရင်မှာလိုက်လေ"
ကျိုးဟောက်ယွီမှာ ဂရုတစိုက်ရှိလှစွာဖြင့် မီနူးကို လင်းချန်ချန်ထံ ကမ်းပေးလိုက်သည်။ လင်းချန်ချန်မှာ ပြုံးလိုက်ပြီး ပြောလိုက်၏။
"နင်က လူကြီးလူကောင်းဆန်ပြနေပေမဲ့ ငါတစ်ခုတော့ သတိပေးပါရစေ၊ စောစောက ငါတို့ စားပွဲနှစ်လုံးခွဲထိုင်မယ်လို့ ပြောခဲ့တယ်မလား၊ မှတ်မိသေးရဲ့လား"
"ငါ ပြောခဲ့လို့လား၊ တကယ် မမှတ်မိတော့ဘူး"
ကျိုးဟောက်ယွီမှာ ရယ်ရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် WeChat ကနေ ငါ့ကို လာခဲ့ဖို့ပြောတာ မင်းပဲလေ၊ အတူတူစားနေရင်းမှ တစ်ယောက်တစ်ခုံစီ ခွဲထိုင်နေရင် မသင့်တော်ဘူး မဟုတ်လား"
"ဘာက မသင့်တော်တာလဲ၊ ငါက ငါ့ကိုလာကြိုပြီး အိမ်ပြန်ပို့ခိုင်းတာလေ၊ ထမင်းကျွေးခိုင်းတာမှ မဟုတ်တာ"
လင်းချန်ချန်မှ စနောက်လိုက်သည်။ ဘာကြောင့်မှန်းမသိ ကျိုးဟောက်ယွီကို စရတာ သူမကို ပျော်ရွှင်စေသည်။
"အိမ်ကျရင်လည်း စားရမှာပဲကို၊ အခု ဒီမှာပဲ အတူတူစားရင်း ဘဝအကြောင်းတွေ ပြောကြတာပေါ့"
ကျိုးဟောက်ယွီ ပြုံးဖြဲဖြဲဖြင့် ဆိုသည်။
"ငါ ဘဝအကြောင်းတွေ မပြောဘူးလို့ ပြောခဲ့တယ်ထင်တယ်"
လင်းချန်ချန်မှာ ပြောရင်း မီနူးစာရင်းကို ယူကာ စတင်မှာယူတော့သည်။
"WeChat ထဲမှာပဲ မပြောဘူးလို့ ပြောတာလေ၊ အပြင်မှာတွေ့ရင် မပြောဘူးလို့ မပြောထားဘူးမဟုတ်လား"
ကျိုးဟောက်ယွီမှ အပိုင်မှတ်ထားသည်။
"ဘယ်မှာပဲဖြစ်ဖြစ် အတူတူပါပဲ၊ နင်နဲ့တော့ ဘဝအကြောင်း မဆွေးနွေးချင်ဘူး"
လင်းချန်ချန်မှ ဟင်းနှစ်ပွဲကို အေးအေးဆေးဆေး မှာလိုက်သည်။ ထို့နောက် သူမလက်ကိုစားပွဲပေါ်တင်၊ မေးစေ့ကို လက်နှင့်ထောက်ကာ ကျိုးဟောက်ယွီကို ပြုံးကြည့်နေ၏။
"ဘဝအကြောင်း မပြောရင်လည်း တခြားဟာ ပြောတာပေါ့"
ကျိုးဟောက်ယွီ အေးအေးဆေးဆေးပင် ပြန်ပြောသည်။
"နက္ခတ်ဗေဒင်ပဲဖြစ်ဖြစ်၊ ပထဝီဝင်ပဲဖြစ်ဖြစ်၊ နှစ်ပေါင်းငါးထောင် သမိုင်းကြောင်းပဲဖြစ်ဖြစ် ငါ အကုန်နည်းနည်းစီ သိတယ်၊ မင်းနဲ့ စကားပြောရမယ်ဆိုရင် ဘာအကြောင်းပဲဖြစ်ဖြစ် ငါပြောနိုင်တယ်"
သူတို့နှစ်ဦး အတူတူထိုင်ကာ ရယ်ရယ်မောမော စကားပြောနေကြသည်မှာ ပြောစရာတွေ မကုန်နိုင်သကဲ့သို့ပင်။ ရိုးရှင်းလှသော ထမင်းတစ်နပ်မှာ သူတို့၏ ရယ်မောသံများနှင့်အတူ တစ်နာရီခန့် ကြာသွားသည်။
"ပိုက်ဆံရှင်းမယ်"
ကျိုးဟောက်ယွီမှာ လက်မြှောက်ကာ စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။
"ယွမ်၇၀ ပါ၊ လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဝတ်စုံပြည့်ဝတ်ထားသော စားပွဲထိုးမှာ လာရောက်ကာ ယဉ်ကျေးသော အပြုံးဖြင့် ပြေစာကို လှမ်းပေးသည်။
"ဈေးချိုလှချည်လား"
ကျိုးဟောက်ယွီ အံ့ဩသွားသည်။ အရင်က ရည်းစားဟောင်းနှင့် အပြင်ထွက်စားလျှင် အနည်းဆုံး ယွမ်၂၀၀ ၃၀၀လောက် ကျလေ့ရှိ၏။ ယခု လင်းချန်ချန်နှင့် စားသည့်ဆိုင်မှာ အတော်လေး အဆင့်မြင့်ကျသဖြင့် ဤမျှ ဈေးမချိုသင့်ပေ။
"အစ်ကိုတို့မှာတာ နည်းလွန်းလို့ပါ"
စားပွဲထိုးမှာ သတိပေးလိုက်ရင်း ကျိုးဟောက်ယွီကို စိတ်ထဲမှအထင်သေးသွားသည်။
'သူတို့နှစ်ယောက် ဒီမှာထိုင်နေတာ ဒီလောက်ကြာပြီ၊ ဟင်းကလည်း နည်းနည်းပဲမှာတဲ့အပြင် သောက်စရာတောင်မမှာဘူး၊ တကယ့် ကပ်စေးနှဲပဲ၊ မိန်းမလှလေးက ဒီလိုလူမျိုးနဲ့ ဘယ်လိုများ အတူတူလာစားတာလဲဆိုတာ အံ့ဩစရာပဲ''
"ဪ ဟုတ်သားပဲ၊ ငါ တကယ်နည်းနည်းပဲ မှာမိတာပဲ"
ကျိုးဟောက်ယွီ စားပွဲပေါ်မှဟင်းများကိုကြည့်ရင်း သတိထားမိသွားသည်။ သူ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး လင်းချန်ချန်ကိုကြည့်ကာ ပြောလိုက်၏။
"မင်းက ငါ့အတွက်အရမ်းချွေတာပေးနေတာပဲ၊ ငါတောင် အားနာလာပြီ"
"ဘယ်သူက နင့်အတွက် ချွေတာပေးနေလို့လဲ၊ ကိုယ့်ကိုကိုယ် အထင်မကြီးနဲ့ဦး၊ ငါကဝိတ်ချနေတာမို့လို့ အများကြီးမစားနိုင်လို့ပါ"
လင်းချန်ချန်မှ ငြင်းလိုက်သည်။
"ဘာပဲဖြစ်ဖြစ် နောက်တစ်ခါကျရင်တော့ မင်းကိုမမှာခိုင်းတော့ဘူး"
ကျိုးဟောက်ယွီမှာ အတည်ပေါက်ပြောရင်း ပိုက်ဆံရှင်းရန် ပိုက်ဆံအိတ်ကိုဖွင့်လိုက်သည်။ သို့သော် သူကြောင်သွား၏။ ပိုက်ဆံအိတ်ထဲတွင် တစ်ပြားတစ်ချပ်မှမရှိတော့ချေ။ ဟိုပန်းရောင်းသည့် ကလေးမလေးကို အကုန်ပေးခဲ့မိသည်ကို သူရုတ်တရက် သတိရသွားသည်။
"ဘာဖြစ်လို့လဲ ပိုက်ဆံမေ့ကျန်ခဲ့တာလား၊ ကျွန်တော်တို့ဆီမှာ ကတ်နဲ့လည်း ပေးလို့ရပါတယ်"
စားပွဲထိုးမှ သတိပေးသည်။
"အဲဒါက"
ကျိုးဟောက်ယွီ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ သူ့မှာကတ်ရှိသော်လည်း ထိုကတ်ထဲတွင် အတိုးရထားသည့် ပြားဂဏန်းအချို့သာရှိပြီး ထမင်းဖိုးပေးရန် မလုံလောက်ပေ။
"ဘာဖြစ်လို့လဲ အစ်ကို၊ ထမင်းဖိုးတောင် မရှိတာလား"
စားပွဲထိုးမှာ အထင်သေးသောလေသံဖြင့် မေးလိုက်သည်။
"မရှိစရာလား"
ကျိုးဟောက်ယွီမှာ အမြန်ငြင်းသည်။
'အသက်နှစ်ဆယ်အရွယ်မှာ ပိုက်ဆံထည့်ဖို့မေ့တာက ပြဿနာမဟုတ်ပေမယ့် ထမင်းဖိုးမရှိတာကတော့ ရှက်စရာကြီး'
"ဒါဆိုရင်လည်း ကတ်ထုတ်ပေးလေ၊ ကျွန်တော် ဆွဲပေးမယ်"
စားပွဲထိုးမှ စိတ်မရှည်စွာဖြင့်တိုက်တွန်းနေသည်။ သူ့အမြင်တွင် ကျိုးဟောက်ယွီမှာ တကယ့်ငမွဲပင်ဖြစ်သည်။ အလှလေးတစ်ယောက်ကို ယွမ်၇၀ တန် ထမင်းကျွေးတာတောင် ပိုက်ဆံမပေးနိုင်ဘူးဆိုတော့ ဒါထက်ဆိုးတာ ရှိဦးမလား။ ထိုစဉ်မှာပင် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော လင်းချန်ချန်မှထရပ်ကာ ကျိုးဟောက်ယွီဘေးသို့ လျှောက်လာပြီး သူ့လက်မောင်းကို ချွဲနွဲ့စွာဖက်ကာ ပြောလိုက်သည်။
"အချစ်လေး၊ နင့်ကတ်ကို ငါ့ဆီမပေးထားနဲ့တော့၊ မဟုတ်ရင် အပြင်မှာ ထမင်းထွက်စားရင် အကြည့်ခံနေရဦးမယ်"
ပြောပြောဆိုဆိုနှင့် လင်းချန်ချန်မှာ ကျိုးဟောက်ယွီလက်ထဲသို့ ကတ်တစ်ကတ် ထည့်ပေးလိုက်သည်။
"အဲ အင်း ယောကျ်ားလေးဆိုတာ သူ့ရည်းစားကို ကတ်ပေးထားရတာ အခြေခံပဲလေ၊ ငြင်းလို့မရဘူး"
သူမ ဆိုလိုသည်ကိုရိပ်မိသွားသောအခါ ကျိုးဟောက်ယွီ အလွန်အမင်းစိတ်လှုပ်ရှားသွားသည်။ လင်းချန်ချန်မှာ လှပရုံတင်မကဘဲ အလွန်သိတတ်နားလည်ကာ ကြင်နာတတ်သူဟု သူခံစားလိုက်ရသည်။
"နင်ပြောတာ အကုန်နားထောင်ပါ့မယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ ငါ့စကားနားထောင်ပေးနော် ဟုတ်ပြီလား"
လင်းချန်ချန်မှာ သူမ၏နှုတ်ခမ်းနီနီလေးကိုစူကာ ကျိုးဟောက်ယွီ၏ လက်မောင်းကိုလှုပ်ခါပြီး ချွဲနေတော့သည်။
"အင်း အင်း နားထောင်ပါ့မယ်"
ကျိုးဟောက်ယွီ မခံစားနိုင်တော့ပေ။ လင်းချန်ချန်မှာ သူ့လက်မောင်းကိုလှုပ်ခါလိုက်သည့်အချိန်တွင် သူမရင်သား၏နူးညံ့မှုကို မသိမသာထိတွေ့မိသလို ခံစားလိုက်ရသဖြင့် ခေါင်းထဲတွင် မူးနောက်သွားကာ မေ့လဲတော့မတတ်ပင်။ ဘေးမှစားပွဲထိုးမှာတော့ မျက်နှာရှုံ့မဲ့ကာ ရင်ဘတ်ကိုဓားနှင့် အချက်ပေါင်းများစွာ အထိုးခံလိုက်ရသလို ခံစားနေရသည်။ သူ လက်ခါပြရင်း ပြောလိုက်သည်။
"ကဲ နှစ်ယောက်လုံး သွားကြတော့၊ ဒီပိုက်ဆံကို ကျွန်တော်ပဲစိုက်ရှင်းပေးလိုက်တော့မယ် ဟုတ်ပြီလား၊ ဒီမှာ ချစ်ကြည်နူးပြနေတာကို ကြည့်နေရတာ ကျွန်တော့်အတွက်တော့ ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"
"ဘယ်သူက မင်းရှေ့မှာလာချစ်ကြည်နူးနေလို့လဲ၊ မြန်မြန် ကတ်ကိုယူပြီး ပိုက်ဆံသွားရှင်းစမ်းပါ၊ ငါနဲ့ ငါ့ရည်းစားက ဟိုတယ်သွားပြီး ဘဝအကြောင်းပြောဖို့ စောင့်နေတာ"
ကျိုးဟောက်ယွီ ကတ်ကို စားပွဲထိုးလက်ထဲထည့်ပေးလိုက်သည်။ စားပွဲထိုးမှာ စိတ်ပျက်လက်ပျက်ဖြင့် စိတ်ထဲမှ ကျိန်ဆဲကာ ပိုက်ဆံသွားရှင်းပေးလိုက်တော့၏။
'ဂေါ်ဖီထုပ်ကောင်းကို ဝက်က ဆွဲသွားပြီ'
ကျိုးဟောက်ယွီနှင့် လင်းချန်ချန်တို့ ဆိုင်ထဲမှ အတူတူထွက်လာကြသောအခါ ကျိုးဟောက်ယွီမှာ ချက်ချင်းပင်ပြောလိုက်သည်။
"စောစောကအတွက် တကယ် ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ဘယ်လိုလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး"
"ဘာကို ကျေးဇူးတင်နေတာလဲ၊ ငါလည်း စားပြီးပြီပဲဟာ၊ ငါ ပေးတာ သဘာဝကျပါတယ်"
လင်းချန်ချန်မှ အေးဆေးပင် ပြောသည်။
"အဲဒါကို ပြောတာမဟုတ်ဘူး၊ ငါ ဆိုလိုတာက"
ကျိုးဟောက်ယွီ စကားကိုဆက်မပြောတတ်တော့ပေ။
"နင် ဘာကို ဆိုလိုတာလဲ၊ ငါတို့ဟိုတယ်သွားပြီး ဘဝအကြောင်းပြောကြမလို့လား"
လင်းချန်ချန်မှ ကျိုးဟောက်ယွီကို ပြုံးစိစိဖြင့်ကြည့်ကာ စနောက်လိုက်သည်။