← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

92

"ရပါတယ်၊ သွားကြစို့"

လင်းချန်ချန်မှပြန်ပြောရင်း ကျိုးဟောက်ယွီနှင့် ဘေးချင်းယှဉ်ကာ လျှောက်လာခဲ့သည်။ သူတို့ လက်ချင်းမတွဲထားသော်လည်း အတော်လေး နီးကပ်စွာရှိနေကြ၏။ လမ်းလျှောက်ရင်း စကားတပြောပြောနှင့် သွားကြရာ မသိမသာပင် မှောင်ရီပျိုးစ ပြုလာတော့သည်။

"နင့်ကားက ဘယ်လောက်ဝေးသေးလဲ"

လင်းချန်ချန်မှာ မှောင်လာသော ကောင်းကင်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

"တည့်တည့်သွားရင် ခုနစ်မိနစ်၊ ရှစ်မိနစ်လောက်ပဲ လိုတော့တယ်"

ကျိုးဟောက်ယွီ အတတ်နိုင်ဆုံး တိတိကျကျပြန်ဖြေသည်။ လင်းချန်ချန်မှ အကြံပြု၏။

"ဒါဆိုရင် ငါတို့တွေပြေးကြမလား၊ အဲဒါဆို ပိုမြန်တာပေါ့၊ အချိန်လည်း နည်းနည်းနှောင်းနေပြီဆိုတော့ ငါအိမ်ပြန်နောက်ကျရင် အမေစိတ်ပူနေလိမ့်မယ်"

ကျိုးဟောက်ယွီ ရယ်မောရင်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ ပြေးကြတာပေါ့၊ မင်းကို အရင် မီတာငါးဆယ်အသာပေးလိုက်မယ်၊ ငါ့ရဲ့ ၁.၉ မီတာ ရှည်တဲ့ ခြေထောက်ကြီးတွေနဲ့ မင်းကို အလွယ်လေး အမီလိုက်နိုင်တယ်"

"၁.၉ မီတာ ရှည်တဲ့ ခြေထောက်၊ နင်က အရပ်ဘယ်လောက်တောင် ရှိလို့လဲ"

လင်းချန်ချန်မှည နှာခေါင်းရှုံ့ကာပြောလိုက်ပြီးနောက် ချက်ချင်းပင် လှည့်ပြီး ပြေးထွက်သွားတော့သည်။ သူမ၏ လှပသော ကျောပြင်လေးကိုကြည့်ရင်း ကျိုးဟောက်ယွီ မပြုံးဘဲ မနေနိုင်ပေ။ သူမ မီတာအနည်းငယ်လောက် ရောက်သွားမှ သူအေးအေးဆေးဆေးပင် အနောက်မှ လိုက်လာခဲ့သည်။ အနီးကပ် လိုက်ပြေးလျှင် လင်းချန်ချန် စိတ်လှုပ်ရှားပြီး ခလုတ်တိုက်လဲမှာ စိုးသောကြောင့်ဖြစ်၏။

"နင် ငါ့ကို အမီမလိုက်နိုင်တော့ဘူးလား၊ ကြည့်ရတာတော့ မလွယ်ဘူးနော်"

လင်းချန်ချန်မှ အတန်ငယ် ပြေးပြီးနောက် အနောက်မှာ ကျန်နေသေးသည့် ကျိုးဟောက်ယွီကို လှမ်းအော်ကာ စနောက်လိုက်သည်။ ကျိုးဟောက်ယွီမှာ သူမအပြောကို ဂရုမစိုက်ဘဲ စိုးရိမ်တကြီးနှင့် သတိပေးလိုက်၏။

"ရှေ့ကိုပဲ ကြည့်ပြေးပါ၊ အနောက်ကို လှည့်မကြည့်နဲ့ဦး"

သို့သော် သူ စကားပြောလို့ မဆုံးသေးခင်မှာပင် လင်းချန်ချန် အော်လိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"အား"

"ဘာဖြစ်တာလဲ"

ကျိုးဟောက်ယွီ အလွန်တရာပျာယာခတ်သွားပြီး သူမဆီသို့ အပြေးအလွှား သွားတော့သည်။ စောစောက သူတို့ကြားကွာဝေးနေသော အကွာအဝေးကို ဆယ်စက္ကန့်တောင်မပြည့်ခင်မှာပင် သူ ကမန်းကတန်းပြေးသွားကာ ရောက်ရှိသွား၏။

"နင်က ဒီလောက်တောင် မြန်မြန်ပြေးနိုင်တာလား"

လင်းချန်ချန်မှာ ကျိုးဟောက်ယွီ၏ပြေးလာပုံကိုကြည့်ပြီး ချက်ချင်းရိပ်မိသွားသည်။ စောစောက သူ အဝေးမှလိုက်လာခြင်းသည် သူမကို တမင်အလျှော့ပေးထားခြင်းသာဖြစ်၏။

"ဘယ်နားက နာသွားတာလဲ၊ ငါ့ကို ပြပါဦး"

ကျိုးဟောက်ယွီ၏မျက်နှာမှာ စိုးရိမ်မှုများ ပြည့်နှက်နေသည်။ အခုချိန်မှာတော့ သူဘယ်လောက်မြန်မြန်ပြေးနိုင်သလဲဆိုသည့် မေးခွန်းကိုပြန်ဖြေဖို့ စိတ်မဝင်စားနိုင်တော့ဘဲ လင်းချန်ချန်၏ ဒဏ်ရာကိုသာ အာရုံစိုက်နေမိ၏။

"ခြေကျင်းဝတ်လည်သွားတာ ထင်တယ်၊ တော်တော်လေး နာနေတယ်"

လင်းချန်ချန်မှ မျက်ရည်လေးဝဲကာ နှုတ်ခမ်းလေးစူပြီး ပြောရှာသည်။

"အရင်ကြည့်ပါရစေဦး"

ကျိုးဟောက်ယွီ ပြောပြောဆိုဆိုနှင့် လင်းချန်ချန်၏ ဂါဝန်အနားကို အသာ မလိုက်သည်။ သူသည် အလွန်သတိထားကာ ခြေသလုံးနားအထိပဲ မလိုက်ပြီးနောက် အနည်းငယ်ရောင်နေသော ခြေကျင်းဝတ်ကို အာရုံစိုက်ကာ စစ်ဆေးနေတော့၏။

"ဘယ်လိုလဲ၊ တစ်ခုခုသိသာလား"

လင်းချန်ချန်မှာ နာကျင်မှုကိုအောင့်ထားရသော်လည်း ကျိုးဟောက်ယွီ၏အတည်ပေါက် စစ်ဆေးနေသော ပုံစံကြောင့် မနေနိုင်ဘဲ စလိုက်မိသည်။

"ကြည့်ရတာတော့ ဆရာဝန်ကြီးကျနေတာပဲ၊ တကယ်ရော သိလို့လား"

"သိတာပေါ့ ဘာမှစိုးရိမ်စရာမရှိပါဘူး၊ ခဏလေးပဲ အောင့်ထားနော်၊ ချက်ချင်း သက်သာသွားလိမ့်မယ်"

ကျိုးဟောက်ယွီမှ တိုးတိုးလေးပြောလိုက်သည်။ ထို့နောက် လင်းချန်ချန် ဘာမှပြန်မပြောနိုင်ခင်မှာပင် သူမခြေကျင်းဝတ်ကို နှစ်ချက်ခန့် အမြန် နှိပ်နယ်လိုက်၏။

"အား အမေ့ ဟင့်"

စူးခနဲနာကျင်မှုကို ခံစားလိုက်ရသဖြင့် လင်းချန်ချန် အော်လိုက်မိသည်။ သို့သော် သူမ စိတ်ဆိုးရန်ပြင်လိုက်သည့်အချိန်မှာပင် ခြေထောက်မှာမနာတော့သည်ကို ရုတ်တရက် သတိထားမိသွား၏။ တစ်ချက်ကလေးမှ မနာတော့ဘဲ အစတည်းက ခြေခေါက်မသွားခဲ့သလိုမျိုးပင်။

"ဘယ်လိုဖြစ်သွားတာလဲ"

လင်းချန်ချန်မှာ ကျိုးဟောက်ယွီကို အံ့ဩတကြီး စိုက်ကြည့်နေမိသည်။

"ဘာဖြစ်ရမှာလဲ ပျောက်သွားပြီလေ"

ကျိုးဟောက်ယွီ ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။ လင်းချန်ချန်၏မယုံနိုင်သော မျက်နှာပေးကိုကြည့်ကာ သူ့ခေါင်းကို ၄၅ဒီဂရီလောက် မော့ပြီး သက်ပြင်းချရင်း ပြော၏။

"တကယ်တော့ ငါက တစ်ချိန်ကဆေးလောကရဲ့ဘုရင်တစ်ပါးဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူးပေါ့"

"ဟွန့် ဘုရင်ဟုတ်လား၊ နင့်ရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကို ငါက ယုံမယ်မှတ်လို့လား"

လင်းချန်ချန် နှာခေါင်းရှုံ့သည်။ ကျိုးဟောက်ယွီ၏ ဟန်ဆောင်နေသောပုံစံကို ကြည့်ရုံနှင့် စောစောက စကားမှာ အလိမ်အညာမှန်း သူမသိ၏။

"ယုံချင်ယုံ မယုံချင်နေ၊ မင်းခြေထောက် ပျောက်သွားတာကတော့ အမှန်ပဲ မဟုတ်လား"

ကျိုးဟောက်ယွီမှ မျက်ခုံးပင့်ကာပြောလိုက်သည်။ ဂုဏ်ယူနေသော သူ့ပုံစံကိုကြည့်ပြီး လင်းချန်ချန် စနောက်လိုက်၏။

"အဲဒါဆိုရင် နင်က ဘာလိုချင်လို့လဲ၊ ခြေထောက် နည်းနည်းလည်သွားတာလေးကို နင်က ငါ့ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်ရမယ်လို့တော့ မျှော်လင့်မနေဘူးမလား"

"မဟုတ်ပါဘူး မဟုတ်ပါဘူး"

ကျိုးဟောက်ယွီ ရှက်ကိုးရှက်ကန်း ရယ်မောရင်း ပြောလိုက်သည်။

"ငါ့ကို နည်းနည်းလောက် ချီးကျူးပေးစေချင်တာပါ"

"မချီးကျူးပါဘူး"

လင်းချန်ချန်မှ ပြတ်ပြတ်သားသား ခေါင်းခါရင်း ပြောလိုက်သည်။

"ခုတောင် နင်က ဒီလောက်ဘဝင်မြင့်နေတာ၊ ငါကသာ နည်းနည်းထပ်ချီးကျူးလိုက်ရင် နင် ကောင်းကင်ပေါ် ပျံတက်သွားတော့မှာပေါ့"

"ချီးကျူးပါဦး၊ မင်းဆီက အဲဒီစကားလေး ကြားချင်လို့ပါ"

ကျိုးဟောက်ယွီ ပြုံးတုံ့တုံ့နှင့် တောင်းဆိုနေသည်။

"ကောင်းပြီလေ"

လင်းချန်ချန်မှ ကျိုးဟောက်ယွီ၏ အတင်းအကျပ် တောင်းဆိုမှုကို မလွန်ဆန်နိုင်တော့ဘဲ မျက်နှာကို အတည်ပေါက်ထားကာ ပြောလိုက်သည်။

"နင်က ရုပ်ဆိုးပေမဲ့ ဆေးကုတာတော့ တော်သားပဲ၊ ငါ နင့်ကို အထင်ကြီးသွားပြီ"

"ဒါက ချီးကျူးတာလား၊ ဆဲတာလား"

ကျိုးဟောက်ယွီ၏မျက်နှာ ချက်ချင်း ညှိုးသွားသည်။ သူသည် မိမိရုပ်ရည်နှင့် ပတ်သက်ပြီး သိပ်ယုံကြည်မှုမရှိလှပေ။ တခြားသူပြောလျှင် ဘာမှမဖြစ်သော်လည်း လင်းချန်ချန်မှ သူ့မျက်နှာရှေ့တည့်တည့်ပြောလိုက်သဖြင့် တကယ်ပင် ဝမ်းနည်းသွားမိ၏။

"ကဲပါ စတာပါ၊ နင်က တကယ်တော့ ကြည့်ကောင်းပါတယ်၊ စိတ်မဆိုးနဲ့နော်"

ကျိုးဟောက်ယွီ တကယ်ဝမ်းနည်းသွားသည်ကိုမြင်တော့ လင်းချန်ချန်မှာ သူ့ပုခုံးကိုပုတ်ကာ ညင်သာစွာနှစ်သိမ့်ပေးရှာသည်။

"ဟင့်အင်း စိတ်ဆိုးတယ်၊ အစ်မကြီးတစ်ယောက်ယောက်က ဖက်ပေးမှပဲ စိတ်ပြေမှာ"

ကျိုးဟောက်ယွီ မျက်နှာလွှဲကာ စိတ်ကောက်ချင်ယောင်ဆောင်လိုက်သည်။

"အင်းပါ မောင်လေးရယ်၊ စိတ်မဆိုးပါနဲ့တော့၊ အစ်မကြီး ဖက်ပေးမယ်နော်"

လင်းချန်ချန်မှာပြုံးကာ သူမလက်မောင်းများကို ဆန့်ထုတ်ပြီး ကျိုးဟောက်ယွီကို အသာဖက်လိုက်သည်။ သူမ၏ပွေ့ဖက်မှုမှာ အလွန်ပင်ပေါ့ပါးလှပြီး သူမလက်မောင်းများမှာ သူ့ပုခုံးပေါ် ခဏတာရောက်သွားပြီးမှ ပြန်ခွာလိုက်ခြင်းဖြစ်၏။ ဒါတောင်မှ ကျိုးဟောက်ယွီရင်ထဲမှာတော့ ပန်းများပွင့်သွားသလိုပင်။ လင်းချန်ချန် ဖက်လိုက်သည့် ခဏမှာ သူ့ဝိညာဉ်ပင် လွင့်ထွက်သွားမတတ် ခံစားလိုက်ရသည်။

"ဖက်လည်း ဖက်ပြီးပြီဆိုတော့ ကျေနပ်ပြီ မဟုတ်လား"

လင်းချန်ချန် တိုးတိုးလေးမေးသည်။

"ကျေနပ်တာပေါ့၊ အရမ်းကျေနပ်တာ"

ကျိုးဟောက်ယွီမှာ ပါးစပ်နားရွက်ချိတ်မတတ် ပြုံးနေသည်။ လင်းချန်ချန် ထရပ်သည်ကိုမြင်တော့ သူအမြန်ကူတွဲပေးလိုက်ရင်း ဂရုတစိုက်ပြောရှာ၏။

"မင်းခြေထောက်က လုံးဝအရှင်းပျောက်သေးတာ မဟုတ်ဘူး၊ ဒီရက်ပိုင်း လမ်းလျှောက်ရင် သတိထားဦး၊ ပြီးတော့ ဒေါက်ဖိနပ် လုံးဝမစီးနဲ့ဦးနော်"

"အင်း သိပါပြီ"

လင်းချန်ချန်မှာ အနည်းငယ်အနေရခက်စွာ ပြန်ဖြေသည်။ အဘယ်ကြောင့်ဆိုသော် ကျိုးဟောက်ယွီ၏လက်များမှာ သူမလက်မောင်းကိုကိုင်ကာ တွဲပေးထားသောကြောင့်ပင်။

All Chapters