အခန်း ၉၃
Vol. 10 Ch. 93
93
ယောကျ်ားလေးနှင့် မိန်းကလေးကြားမှ ဆက်ဆံရေးမှာ တစ်ခါတလေ ထိုသို့ပင်။ လင်းချန်ချန်သည် ကျိုးဟောက်ယွီ၏ လက်မောင်းကို ချိတ်ထားတုန်းမှာ ဘာမှမဖြစ်သော်လည်း ကျိုးဟောက်ယွီမှာ သူမလက်မောင်းကို ပြန်ကိုင်လိုက်တဲ့အခါမှာတော့ ကိုင်ထားသည့်နေရာမှ ယားကျိကျိဖြစ်လာပြီး တစ်ကိုယ်လုံး နေရခက်သလို ခံစားလိုက်ရခြင်းပင်။
"မင်း အခုလေးတင် ခြေကျင်းဝတ် လည်ထားတာလေ၊ ဒီကနေသွားရင် အတော်ဝေးသေးတယ်၊ ငါ ချီသွားပေးရမလား"
ကျိုးဟောက်ယွီမှ တိုးတိုးလေး မေးသည်။
"အင်း ရတယ်"
လင်းချန်ချန် ခေါင်းညိတ် သဘောတူလိုက်သည်။ ဘာလို့လဲဆိုတော့ ကျိုးဟောက်ယွီသည် သူမ၏ လက်မောင်းကို ထပ်ကိုင်မှာကို သူမ တကယ်မလိုလားတော့ပေ။ သို့သော် သူစေတနာနှင့် ပြောနေသောကြောင့် ငြင်းရခက်နေတာနှင့်ပင် အချီခံဖို့ ဆုံးဖြတ်လိုက်ခြင်ဖြစ်သည်။ ကျိုးဟောက်ယွီမှာ လင်းချန်ချန်၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ပေးလိုက်ရာ သူမကိုယ်ကို အနည်းငယ်ကိုင်းပြီး သူ့ကျောပေါ် မှီလိုက်သည်။ ကျိုးဟောက်ယွီ၏ ကျောနှင့် သူမရင်ဘတ် မထိမိစေဖို့အတွက် လင်းချန်ချန်မှာ သူမလက်နှစ်ဖက်နှင့် သူ့ပုခုံးပေါ်မှာ ထောက်ထားလိုက်၏။
"သတိထားဦးနော်၊ ပြုတ်မကျစေနဲ့"
ကျိုးဟောက်ယွီ ဂရုတစိုက် သတိပေးသည်။ လင်းချန်ချန်၏ ပုံစံမှာ အနေရခက်တာကို ရှောင်လွှဲနိုင်သော်လည်း ဟန်ချက်မညီတာကြောင့် သေသေချာချာ မကိုင်ထားလျှင် ကျိုးဟောက်ယွီ ကျောပေါ်မှ ပြုတ်ကျသွားနိုင်၏။
"စိတ်မပူပါနဲ့၊ ရပါတယ်"
လင်းချန်ချန် ပြောရင်း သူမလက်ကလေးနှစ်ဖက်ဖြင့် ကျိုးဟောက်ယွီ၏ ပုခုံးကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
"ဒါဆို မြဲမြဲကိုင်ထားတော့၊ ငါ ထတော့မယ်"
ကျိုးဟောက်ယွီ မှာကြားပြီးနောက် သူ့လက်ကောက်ဝတ်များကို အားပြု၍ လင်းချန်ချန်၏ ဒူးခေါက်ကွေးမှ ပင့်ကာ ဖြည်းဖြည်းချင်း ထလိုက်သည်။ ထိုပုံစံမှာ သူ့အတွက် တကယ်တော့ အတော်လေး သက်သောင့်သက်သာ မရှိလှပေ။ သို့သော် သူ့မှာ အခြားရွေးချယ်စရာလည်း မရှိပေ။ လင်းချန်ချန်၏ နုနယ်လှတဲ့ တင်ပါးကို လက်ဝါးနှင့် မပင့်ရဲသလို၊ ဖြူဖွေးသော ပေါင်တံတွေ သို့မဟုတ် ခြေထောက်အနောက်ဘက်တွေကိုလည်း မကိုင်ရဲပေ။ ထို့ကြောင့် လက်ကောက်ဝတ်နှင့်သာ အားပြုပြီး ချီထားရသည်။
"ငါက အခုလို အနေအထိုင် အရမ်းဆင်ခြင်နေတာကို နင်က ပိုနေတယ်လို့ မထင်ဘူးလား"
အတန်ကြာ ချီလာပြီးနောက် ကျိုးဟောက်ယွီကို လင်းချန်ချန်မှ တိုးတိုးလေး မေးလိုက်သည်။
"ဟင့်အင်း၊ မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သင့်တာပဲလေ"
ကျိုးဟောက်ယွီမှ အလေးအနက် ပြန်ဖြေသည်။ လင်းချန်ချန်မှ အတိတ်ကို ပြန်တွေးရင်း ပြောရှာ၏။
"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်နော်၊ အခုခေတ် ယောကျ်ားတွေ အတော်များများက နှာဘူးတွေလေ၊ လှတဲ့မိန်းကလေးတွေ့ရင် အမြတ်ထုတ်ဖို့ပဲ ကြည့်နေကြတာ၊ ငါဆို အဲဒါကို အရမ်းကြောက်လို့ ယောကျ်ားလေးတွေနဲ့တောင် သိပ်မပတ်သက်ရဲတော့ဘူး"
"ငါလည်း ယောကျ်ားလေးပဲလေ၊ အခု ငါနဲ့ကျတော့ ပတ်သက်နေတာပဲ မဟုတ်လား"
ကျိုးဟောက်ယွီမှ လင်းချန်ချန် စိတ်မကောင်းမဖြစ်အောင် လေထုကို ပေါ့ပါးအောင် လုပ်ရင်း ရယ်မောပြောလိုက်သည်။
"နင်က အဲဒီနှာဘူးတွေနဲ့မှ မတူတာ၊ နင့်ကားကို စစီးကတည်းက ငါသိပါတယ်၊ အဲဒါကြောင့်လည်း ငါ့ WeChat ကို ပေးခဲ့တာပေါ့"
လင်းချန်ချန်မှ အတည်ပေါက် ပြောသည်။ ကျိုးဟောက်ယွီ ဒါကိုကြားတော့ ဝမ်းသာသွား၏။
"ငါ့ရဲ့ နှစ်ပေါင်းများစွာ လူပျိုကြီးဘဝကို ထိန်းသိမ်းလာတာ အရာထင်ပြီပေါ့၊ ဘာပဲဖြစ်ဖြစ် မင်းရဲ့ ချီးကျူးမှုကို ရတာနဲ့တင် ငါကျေနပ်ပါပြီ"
သူတို့နှစ်ယောက် စကားတပြောပြောနှင့်ပင် ကားဆီကို ရောက်လာခဲ့ကြသည်။ ကျိုးဟောက်ယွီမှာ အရင်တစ်ခါ သူမကို လာကြိုခဲ့သော ရွာလေးဆီကိုပဲ မောင်းပို့ဖို့ ပြင်လိုက်သည်။ သို့သော် လင်းချန်ချန်မှ တိုးတိုးလေးဆို၏။
"ငါ့အိမ်က အရမ်းဝေးတယ်လေ၊ အခု မြို့ထဲက ဝူထုံဥယျာဉ်မှာ အခန်းငှားနေတာ၊ အဲဒီကိုပဲ ပို့ပေးပါ"
"ဪ အိုကေ"
ကျိုးဟောက်ယွီ ခေါင်းညိတ်လိုက်ပြီး ကားကို ဝူထုံဥယျာဉ်ဘက်သို့ ကွေ့မောင်းလိုက်တော့သည်။ အိမ်ရာဝန်းအပေါက်ဝမှာ လင်းချန်ချန်ကို ချပေးပြီးနောက် ကျိုးဟောက်ယွီမှာ လက်ပြနှုတ်ဆက်လိုက်၏။ သူမ မျက်စိရှေ့မှ ပျောက်သွားမှ သူလည်း ကားမောင်းထွက်လာခဲ့သည်။ အိမ်ပြန်ရောက်လို့ ကုတင်ပေါ်လှဲလိုက်သောအခါ ကျိုးဟောက်ယွီ၏စိတ်မှာ လွင့်နေမိသည်။ ချန်အယ်နှင့် လင်းချန်ချန် နှစ်ယောက်ကြားတွင် စိတ်ကူးများယောင်ချာနေရင်း အိပ်ပျော်သွားကာ အိပ်မက်တွေတောင် မက်တော့သည်။ အိပ်မက်ထဲတွက် ထိုမိန်းကလေးနှစ်ယောက်သည် သူ့ဘေးတစ်ဖက်တစ်ချက်မှာ ရပ်ပြီး တစ်ယောက်ကို ရွေးခိုင်းနေကြ၏။
"ငါ ဘယ်သူ့ကို ရွေးရမလဲ"
ကျိုးဟောက်ယွီ အလေးအနက် စဉ်းစားနေတုန်းမှာပဲ ရုတ်တရက် ဝေ့ရှီယု ပေါ်လာပြီး ဒေါသတကြီးဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"နင့်လို ရုပ်ဆိုးက ဘယ်သူ့ကို ရွေးရမလဲ ဟုတ်လား၊ ဘယ်သူကမှ နင့်ကို အလိုမရှိဘူး"
"အား"
ဝေ့ရှီယု ရုတ်တရက်ပေါ်လာသောကြောင့် ကျိုးဟောက်ယွီလန့်နိုးသွားသည်။ နဖူးမှ ချွေးများကိုသုတ်နေတုန်း ဘေးနားရှိဖုန်းမြည်သံကို ကြားလိုက်ရ၏။ ကြည့်လိုက်ရာ ဖုန်းခေါ်နေသူမှာ တခြားသူမဟုတ် ဝေ့ရှီယုပင်။
"သူကတော့ တကယ့်ကို ဇွဲကောင်းတာပဲ"
ကျိုးဟောက်ယွီ ရေရွတ်ရင်း ဖုန်းကို ဘေးကိုပစ်ကာ စောင်ခြုံပြီး ပြန်အိပ်ရန် ကြိုးစားသည်။ သို့သော် ဖုန်းမှာ တဂွမ်ဂွမ်မြည်နေသောကြောင့် သူအတော်လေး စိတ်တိုလာ၏။ နောက်ဆုံးတော့ သူ ဖုန်းကိုကောက်ကိုင်ပြီး ဒေါသတကြီး အော်လိုက်သည်။
"ညသန်းခေါင်ကြီး လူကိုအိပ်ခွင့်မပေးတော့ဘူးလား"
ဝေ့ရှီယုမှ အမိန့်ပေးသလိုပြောသည်။
"အခုချက်ချင်း ထွက်လာခဲ့၊ ငါ ရှောင်မင်တောင်အောက်မှာ စောင့်နေတယ်"
"မအားဘူး"
ကျိုးဟောက်ယွီ ပြတ်ပြတ်သားသား ပြန်ပြောပြီး ဖုန်းချကာပြန်အိပ်သည်။ သို့သော် မျက်စိမမှိတ်ရသေးခင်မှာပဲ ဖုန်းမှာ ထပ်မြည်လာပြန်၏။
"ဘာဖြစ်ချင်နေတာလဲ"
ဝေ့ရှီယုကြောင့် အိပ်မက်ကောင်းလေး ပျက်သွားရ၍ သူ တကယ်စိတ်တိုနေပြီပင်။
"ထွက်လာခဲ့ မြန်မြန်လုပ်ပါ၊ ငါ တကယ် အကူအညီလိုလို့ပါ"
ဝေ့ရှီယု၏လေသံမှာ အနည်းငယ်ပျော့ပြောင်းသွားသည်။ ဝေ့ရှီယုလိုလူမျိုးသည် ကျိုးဟောက်ယွီကို အောက်ကျို့တောင်းပန်ရန်ဆိုသည်မှာ မဖြစ်နိုင်သော်လည်း 'ငါ အကူအညီလိုတယ်' ဟု ပြောတာကတင် အတော်လေးအံ့ဩစရာ ဖြစ်နေ၏။
"ဘာဖြစ်လို့လဲ၊ အနည်းဆုံးတော့ပြောပြဦးလေ"
ကျိုးဟောက်ယွီ သက်ပြင်းချလိုက်သည်။ ဝေ့ရှီယုနှင့် စကားမပြောချင်သော်လည်း နောက်ဆုံးတော့ သူမမှာ သူ့ဆေးဖိုးဝါးခများကိုပေးထားသောကြောင့် လုံးဝ ပစ်ထား၍လည်းမရပြန်ပေ။
"ဒီမှာ လူတွေအများကြီး ကားပြိုင်မောင်းနေကြတာ၊ သူတို့တွေ အော်ဟစ်နေကြတာ အရမ်းကြမ်းတယ်၊ ငါ နည်းနည်းကြောက်လို့၊ နင့်ကို ငါ့ဘေးမှာရှိနေစေချင်တယ်"
ဝေ့ရှီယုလေသံမှာ အရင်ကထက် အားနည်းနေသည်။
"ကြောက်ရင်လည်း ပြန်လိုက်လေ၊ သူတို့က နင့်ကို အတင်းအကျပ်ဆွဲထားလို့မှ မရတာ"
ကျိုးဟောက်ယွီ ပြန်ပြောလိုက်သည်။
"သူတို့က ဆွဲမထားပေမဲ့ ငါ အခုပြန်လို့မရသေးဘူး မြန်မြန်လာခဲ့၊ ဖုန်းထဲမှာ ရှင်းပြရခက်လို့"
ဝေ့ရှီယုမှ အလောတကြီးတိုက်တွန်းနေသည်။ ထိုစဉ်မှာပင် ဖုန်းထဲမှ ကားအင်ဂျင်သံများ ဟိန်းထွက်နေသည်ကို ကျိုးဟောက်ယွီ ကြားလိုက်ရ၏။
"ကောင်းပြီ စိတ်မပူနဲ့၊ ငါ အခုလာခဲ့မယ်"
ကျိုးဟောက်ယွီ ကုတင်ပေါ်မှထကာ အဝတ်အစားအမြန်လဲပြီး အိမ်ပြင်ကို ပြေးထွက်လာခဲ့တော့သည်။ ရှောင်မင်တောင်ဆီသို့ သူကားမောင်းထွက်လာခဲ့၏။ ညသန်းခေါင်ယံဖြစ်၍ လမ်းပေါ်မှာ ကားရှင်းနေသဖြင့် သူအမြန်မောင်းလာခဲ့ရာ မိနစ်နှစ်ဆယ်ခန့်အကြာမှာ တောင်ခြေကို ရောက်သွားသည်။ အဝေးမှနေ၍ နေ့ခင်းဘက်လို လင်းထိန်နေသည့်နေရာတစ်ခုကို သူမြင်လိုက်ရ၏။ လူငယ်တစ်စုသည် ဟိုဟိုဒီဒီရပ်ပြီး ဆူညံပွက်လောရိုက်နေကြသည်။
"ရှီယု အဲဒီမှာ ရှိမှာပဲ"
ကျိုးဟောက်ယွီရေရွတ်ရင်း ကားကို မောင်းဝင်သွားသည်။ ကားတစ်စီး မောင်းဝင်လာတာကိုမြင်သော် လူအုပ်ကြီးမှာ စူးစမ်းသလိုကြည့်ကြသော်လည်း ကျိုးဟောက်ယွီမှ ကားမီးပိတ်လိုက်သည့်အခါမှသာ အားလုံးက အကြည့်လွှဲသွားကြ၏။ ကားမီးပိတ်သွားတော့မှ ကျိုးဟောက်ယွီမောင်းလာသည်မှာ သာမန်အိမ်စီးကားအစုတ်လေးမှန်း သူတို့မြင်သွားကြခြင်းပင်။ ကားပြိုင်ခြင်း ဝါသနာပါသောသူများအတွက် သာမန်ကားဆိုသည်မှာ စက်ဘီးတစ်စီးနှင့် မခြားသောကြောင့် မည်သူမျှ ဂရုမစိုက်ကြတော့ပေ။
"နောက်ဆုံးတော့ ရောက်လာပြီပဲ"
ဝေ့ရှီယုမှ လူအုပ်ထဲမှရေရွတ်လိုက်သည်။ ကျိုးဟောက်ယွီ၏ကားကို မြင်လိုက်ရသော သူမမျက်နှာပေးမှာ အခြားသူများနှင့် လုံးဝကွဲပြားနေ၏။ သူမအရမ်းဝမ်းသာသွားပြီး သူ့ဆီကို တန်းပြေးသွားလေတော့သည်။