အခန်း ၉၅
Vol. 10 Ch. 95
95
"နင် တကယ်ပဲ ဒီကားအစုတ်လေးနဲ့ ဟိုလူ့ကိုယှဉ်မလို့လား၊ အနိုင်ရဖို့ အခွင့်အလမ်းက အရမ်းနည်းလွန်းတယ်နော်၊ တကယ်လို့ နင်ရှုံးသွားရင် ဒူးထောက်ပြီး တောင်းပန်ရမှာလေ"
ဝေ့ရှီယုမှ စိုးရိမ်တကြီးဖြင့်ဆိုသည်။ ကျိုးဟောက်ယွီ သူမကို တစ်ချက်ကြည့်ကာ ရယ်မောရင်းပြောလိုက်၏။
"မင်းက ငါ့အပေါ်ဒီလောက်တောင် ယုံကြည်မှုမရှိတာကို ဘာလို့ ညသန်းခေါင်ကြီး လှမ်းခေါ်ပြီး ဒီအထိ လာခိုင်းရတာလဲ"
"ငါက နင့်ကိုယုံကြည်မှုမရှိတာ မဟုတ်ပါဘူး၊ နင့်ရဲ့ကားကို ယုံကြည်မှုမရှိတာပါ"
ဝေ့ရှီယုမှ ပွင့်ပွင့်လင်းလင်းပင်ပြန်ဖြေသည်။ ကျိုးဟောက်ယွီ၏ကားမောင်းစွမ်းရည် မည်မျှရှိသည်ကို သူမ သေသေချာချာမသိသော်လည်း သူသည် ဝါရင့်ဒရိုင်ဘာတစ်ဦးဖြစ်သည့်အတွက် အထိုက်အလျောက်တော့ တော်လိမ့်မည်ဟု သူမတွေးမိသည်။ သူမဖာရာရီနှင့်သာ ပေါင်းစပ်လိုက်လျှင် အောင်ပွဲရရန် အခွင့်အလမ်းရှိကောင်းရှိနိုင်မည်။ ထို့အပြင် ကျိုးဟောက်ယွီသည် လျှို့ဝှက်ချက်များပြားပြီး အမြဲတမ်း မျှော်လင့်မထားသော အံ့ဩစရာများကို ပေးတတ်သူဖြစ်ရာ အခက်အခဲကြုံသည့်အခါတိုင်း သူမ ပထမဆုံး သတိရမိသူမှာ သူပင်ဖြစ်လေသည်။
"စိတ်မပူပါနဲ့၊ အရာအားလုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်"
ကျိုးဟောက်ယွီမှာ ဝေ့ရှီယုစိတ်အေးသွားစေရန် အသာချော့မော့လိုက်သည်။ စကားပြောနေရင်းဖြင့် ထိုင်ခုံနှစ်ခုကြားရှိ ဝေ့ရှီယု၏ဘယ်ဘက်လက်ကလေးကိုမြင်သောအခါ သူမ၏ပျာယာခတ်နေသော စိတ်အာရုံကို ငြိမ်သက်သွားစေရန် မသိစိတ်ဖြင့် လှမ်း၍ အသာပုတ်လိုက်မိ၏။ သို့သော် ဝေ့ရှီယုမှာ ရုတ်တရက် အထိအတွေ့ကြောင့်လန့်ဖြပ်ကာ လက်ကိုအမြန်ပြန်ရုပ်လိုက်ပြီး အသံချိုချိုလေးဖြင့် ရန်တွေ့တော့သည်။
"စကားပဲပြောလေ၊ ဘာလို့ ငါ့ကိုလာထိတာလဲ"
"အဲ ဟုတ်သား ငါ မှားသွားတယ်"
ကျိုးဟောက်ယွီ ဘာပြန်ပြောရမှန်းမသိတော့ပေ။ သူသည်လည်း မိမိကိုယ်ကိုဘာဖြစ်သွားမှန်း မသိလိုက်ပေ။ ဝေ့ရှီယု၏လက်ကလေးမှာ ဖြူဖွေးနုနယ်ပြီး လှပနေသည်မှန်သော်လည်း ပုံမှန်ဆိုလျှင် သူသည် ထိုကဲ့သို့ရဲရဲတင်းတင်း ထိတွေ့မည့်သူ မဟုတ်ပေ။ ခုနက သူခေတ္တမျှ စိတ်လွတ်သွားခြင်းသာဖြစ်ပါလိမ့်မည်။
"ကားကိုပဲ သေသေချာချာမောင်းစမ်းပါ"
ဝေ့ရှီယုမှ ကျိုးဟောက်ယွီကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ ထို့နောက် ရှေ့ရှိပြိုင်ပွဲစတင်မည့် စည်းဝိုင်းကို လက်ညိုးထိုးပြကာ အမြန်မောင်းသွားရန် တိုက်တွန်းလိုက်၏။ ထိုနေရာတွင် လီချန်မှ အသင့်စောင့်ဆိုင်းနေပြီဖြစ်သည်။ ကားနှစ်စီး ဘေးချင်းယှဉ် ရပ်လိုက်သည်နှင့် အဝတ်အစား ခပ်ဟော့ဟော့ ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးငယ်တစ်ဦးမှာ ကားရှေ့သို့ အလံတစ်ခုကိုင်ဆောင်ကာ ထွက်လာသည်။ သူမ အချက်ပေးသည့်အနေဖြင့် အလံကိုဝှေ့ယမ်းလိုက်သည်နှင့် ကားနှစ်စီးမှာ သူမဘေးတစ်ဖက်တစ်ချက်မှ လေဟုန်စီးကာ ပြေးထွက်သွားတော့သည်။
"မြန်မြန်မောင်းလေ၊ ခုမှစတာကို ဘာလို့ ဒီလောက်တောင် အနောက်မှာကျန်နေရတာလဲ"
ဝေ့ရှီယုမှ ဘေးမှနေ၍အသည်းအသန် အော်ဟစ်နေသည်။ ကျိုးဟောက်ယွီ ခပ်ဖွဖွပြုံးပြီး ပြောလိုက်၏။
"အစပြုတဲ့နေရာမှာ စွမ်းရည်ထက် ကားရဲ့အရှိန်နှုန်းက ပိုအရေးကြီးတာလေ၊ ငါ့ရဲ့သာမန်ကားက ပြိုင်ကားကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
"ဟာ အစကတည်းက ဒီလောက်တောင် ကွာနေတာ၊ အနောက်ကနေ ပြန်မီပါဦးမလား"
ဝေ့ရှီယုမှ စိုးရိမ်တကြီးမေးလာသည်။ သူမဖာရာရီကားရှုံးသွားမှာထက် ကျိုးဟောက်ယွီ ဟိုလူ့ရှေ့ဒူးထောက်တောင်းပန်ရမည့်အဖြစ်ကို ပိုစိုးရိမ်နေခြင်းဖြစ်၏။ အကယ်၍ ထိုသို့သာ ဖြစ်လာလျှင် ကျိုးဟောက်ယွီအတွက် သိက္ခာကျစရာအလွန်ကောင်းလှမည် မဟုတ်ပါလား။
"စိတ်မပူပါနဲ့ ငါယုံကြည်မှုရှိပါတယ်၊ ဒီပြိုင်ပွဲကို ငါ သေချာပေါက်နိုင်ရမယ်"
ကျိုးဟောက်ယွီမှ ခိုင်မာသောလေသံဖြင့် ပြောလိုက်သည်။ သူ့ကိုယ်မှ ထူးခြားသော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ဝေ့ရှီယုသည် သူ့ကို ခဏငေးကြည့်နေမိပြီးရင်ခုန်သွားရသည်။ သို့သော် သူမချက်ချင်းပင် သတိပြန်ဝင်လာကာ နှုတ်ခမ်းလေးစူပြီး ခနဲ့လိုက်သည်။
"သူ့ကားရဲ့နောက်မီးကိုတောင် မမြင်ရတော့ဘူးလေ၊ ဘာတွေ အာမခံချက် ပေးနေတာလဲ"
"မင်း ငါ့ကို မယုံဘူးဆိုရင် ငါတို့တွေ လောင်းကြေးထပ်ကြမလား"
ကျိုးဟောက်ယွီမှ အသာပြုံးကာ စိန်ခေါ်လိုက်သည်။
"ကောင်းပြီလေ၊ ဘာလောင်းမှာလဲ"
ဝေ့ရှီယုမှာ မလျှော့သောမာန်ဖြင့် ပြန်ပက်သည်။
"ငါ မင်းကိုပေးစရာရှိတဲ့ အကြွေးတွေနဲ့ လောင်းကြေးထပ်ရအောင်"
ကျိုးဟောက်ယွီမှာ အတည်ပေါက် ပြောလိုက်သည်။ အကယ်၍ ဒီအခွင့်အရေးကိုသုံးပြီး ဝေ့ရှီယု၏ဖိနှိပ်မှုအောက်မှ လွတ်မြောက်နိုင်လျှင် သူ့အတွက် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သို့သော် ဝေ့ရှီယု ခေါင်းခါကာ ငြင်းလိုက်သည်။
"တခြားဘာပဲဖြစ်ဖြစ် ရတယ်၊ အဲဒါတော့ မရဘူး"
"ဘာဖြစ်လို့လဲ"
ကျိုးဟောက်ယွီ မျက်နှာပျက်သွားကာ ပြောလိုက်သည်။
"မင်းက တခြားလူတွေနဲ့ဆိုရင် ဖာရာရီတစ်စီးလုံးတောင် မနှမြောဘဲ လောင်းရဲတယ်၊ ငါ့ဆီကရမယ့် ယွမ်လေးသောင်းကိုကျတော့ ဘာလို့ ဒီလောက်တောင် တွန့်တိုနေရတာလဲ"
"ငါ ဂရုမစိုက်ဘူး၊ နင်နဲ့တော့ အဲဒါကိုမလောင်းနိုင်ဘူး"
ဝေ့ရှီယု ဇွတ်အတင်း ပြောသည်။ တကယ်တော့ ကျိုးဟောက်ယွီ နိုင်လိမ့်မည်ဟု သူမအပြည့်အဝမယုံကြည်သော်လည်း အကယ်၍ သူသာတကယ် နိုင်သွားခဲ့လျှင် သူ့ကိုဖုန်းဆက်ကာ ခေါ်ထုတ်ဖို့ အကြောင်းပြချက်မရှိတော့မည်ကို သူမစိုးရိမ်နေခြင်းဖြစ်၏။
"အဲဒါမရဘူးဆိုရင်လည်း ငါနိုင်ရင် မင်း ငါ့ကိုနမ်းရမယ်လေ၊ ဘာပဲဖြစ်ဖြစ် တခြားဟာဆိုရင်ရတယ်လို့ မင်းပြောခဲ့တာပဲ"
ကျိုးဟောက်ယွီမှ ဝေ့ရှီယုအလျှော့ပေးလာစေရန် တမင်သက်သက်စနောက်လိုက်ခြင်းဖြစ်သည်။ သို့သော် ဝေ့ရှီယုမှာ ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်ကာ အလေးအနက်ပြော၏။
"အကယ်၍ နင်သာ တကယ်နိုင်ခဲ့မယ်ဆိုရင် ငါနင့်ကို နမ်းမယ်၊ ဒါပေမဲ့ နင်ရှုံးရင်ရော ဘာလုပ်မလဲ"
"ငါရှုံးရင်လည်း ငါကပဲ မင်းကိုပြန်နမ်းမှာပေါ့"
ကျိုးဟောက်ယွီမှ ရယ်ရင်းပြောသည်။
"အရှက်မရှိတဲ့ လူယုတ်မာ၊ ဘယ်သူက နင့်အနမ်းကို လိုချင်လို့လဲ"
ဝေ့ရှီယု ချစ်စဖွယ်ဟန်ဖြင့်အော်ငေါက်ကာ ပြောလိုက်သည်။
"နင်ရှုံးရင် ငါ့ခြေထောက်ဆေးပေးရမယ်"
"ခြေထောက် ဆေးပေးရမယ် ဟုတ်လား"
ကျိုးဟောက်ယွီ ခေတ္တကြောင်သွားပြီးမှ နှာဘူးရုပ် တမင်ဖမ်းကာပြောလိုက်သည်။
"ဒါက ငါ့ကိုအမြတ်ပေးတာပဲ၊ ဒါနဲ့ ငါက ခြေထောက်လှလှလေးတွေကို သဘောကျတတ်မှန်း မင်းဘယ်လိုသိတာလဲ"
"သွားစမ်းပါ"
ဝေ့ရှီယု ဒေါသထွက်သွားပြီး သူမခြေထောက်လေးများကို ကြောက်လန့်တကြား ဆွဲရုတ်လိုက်သည်။
"ဒါဆိုလည်း ခြေထောက်မဆေးခိုင်းတော့ဘူး၊ ငါ့ကို အကြွေးတစ်ခါတင်တယ်လို့ပဲ မှတ်ထားလိုက်၊ နောက်မှ ငါ တစ်ခုခုစဉ်းစားမိရင် ပြောမယ်"
"အဲဒါတော့ မရဘူးလေ၊ နောက်ကျမှ မင်းက မင်းရဲ့ခြေချောင်းလေးတွေကိုစုပ်ခိုင်းရင် ငါကလုပ်ပေးရတော့မှာလား"
ကျိုးဟောက်ယွီမှ အမြန်ငြင်းလိုက်သည်။
"နင်လို ခြေထောက်ရူးကောင်၊ အိပ်မက်မက်နေလိုက်၊ ဘယ်သူက အဲဒီလိုမျိုးခိုင်းမှာလဲ"
ဝေ့ရှီယု အတည်ပေါက်ဖြင့်ပြောသည်။
"စိတ်မပူပါနဲ့၊ နင့်ကို အရမ်းခက်ခဲတဲ့အရာတွေ မခိုင်းပါဘူး၊ တကယ်လို့ ခက်ခဲနေရင်လည်း နင် တိုက်ရိုက်ငြင်းလို့ရတာပဲ၊ ငါက နင့်ကိုစားပစ်မှာ မဟုတ်ဘူး"
"ကောင်းပြီလေ"
ကျိုးဟောက်ယွီ သဘောတူလိုက်ပြီး ကားမောင်းခြင်းကိုသာ အာရုံစိုက်လိုက်တော့သည်။ လီချန့်ကားနောက်မီးမှာ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်၏။ သူသည် တောင်ပေါ်လမ်းအတိုင်း အေးအေးလူလူပင် မောင်းနှင်နေပြီး ကားပြိုင်နေသူတစ်ဦး၏တင်းမာသောပုံစံမျိုး လုံးဝမတွေ့ရပေ။ မိနစ်အနည်းငယ်ကြာသောအခါ ဝေ့ရှီယု မနေနိုင်တော့ဘဲပြောလာသည်။
"ဟေး၊ ငါတို့တွေ ပြန်လှည့်ကြရအောင်၊ ဆက်သွားနေလည်း အပိုပဲ"
"ပြန်လှည့်မယ် ဟုတ်လား၊ မင်း နောက်နေတာလား"
ကျိုးဟောက်ယွီမှ ရယ်မောရင်း ခေါင်းခါလိုက်ကာ ပြောလိုက်သည်။
"ဟိုလူယုတ်မာ မင်းရှေ့မှာ ဒူးထောက် တောင်းပန်နေတာကို မမြင်ချင်ဘူးလား"
"ငါ့ရှေ့မှာ ဒူးထောက်တောင်းပန်မယ် ဟုတ်လား"
ဝေ့ရှီယုမှ စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။
"ငါဆိုလိုတာက နင် ဟိုလူ့ရှေ့မှာ ဒူးထောက်တောင်းပန်မယ့်အဖြစ်ကို မရောက်အောင် ငါတို့တွေ အခုပဲ ထွက်ပြေးကြရအောင်လို့ ပြောတာ"
"စိတ်မပူပါနဲ့၊ ငါ့ကို ဒူးထောက်ခိုင်းနိုင်တာ ငါ့မိဘတွေပဲ ရှိတယ်၊ ဘုရားသခင်တောင် ငါ့ကို ဒူးထောက်ခိုင်းလို့ မရဘူး၊ ဟိုလူဆိုတာကတော့ ပြောနေစရာတောင် မလိုဘူး"
ကျိုးဟောက်ယွီမှ တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုစကားကြောင့် ဝေ့ရှီယုမှာ သူ့ကိုစူးစမ်းသလိုကြည့်ကာ ပြောလိုက်၏။
"သူ့ကားရဲ့ နောက်မီးတောင်မမြင်ရတော့ဘဲနဲ့ နင် ဘယ်ကယုံကြည်မှုတွေ ဒီလောက်တောင် ရှိနေရတာလဲ"
"စောင့်သာကြည့်နေပါ၊ ဟိုလူ ဒူးထောက် တောင်းပန်နေတဲ့ သနားစရာကောင်းတဲ့ မျက်နှာကို မမြင်ချင်ရင်တောင်မှ၊ ငါ့ကိုနမ်းတဲ့အခါ မင်းရဲ့ ရှက်သွေးဖြာနေမယ့် ပုံစံလေးကိုတော့ ငါစောင့်ကြည့်နေမှာပါ"
ကျိုးဟောက်ယွီ စနောက်ရင်း ပြောလိုက်သည်။
"သွားစမ်းပါ"
ဝေ့ရှီယုမှ လေသံချိုချိုလေးဖြင့် ဟောက်လိုက်သည်။
"နင်က ငါ့အနမ်းကိုလိုချင်တယ်ပေါ့၊ အရင် နိုင်အောင်မောင်းဦး"
တကယ်တော့ ဝေ့ရှီယုသည် အနိုင်ရရန် အခွင့်အလမ်း အလွန်နည်းပါးနေသောကြောင့်သာ ကျိုးဟောက်ယွီအား နမ်းမည်ဟု သဘောတူလိုက်ခြင်းဖြစ်သည်။ အကြွေးယွမ်လေးသောင်းကို မလောင်းခဲ့ခြင်းမှာမူ မတော်တဆ အနိုင်ရသွားခဲ့လျှင် ကျိုးဟောက်ယွီတစ်ယောက် သူမလက်ခုပ်ထဲမှ လွတ်မြောက်သွားမည်ကို သူမလုံးဝ အဖြစ်မခံနိုင်သောကြောင့်ဖြစ်၏။