← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

96

သူတို့နှစ်ဦးကြား ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ သို့သော် ငါးမိနစ်ခန့် ကားကို ငြိမ်ငြိမ်သက်သက် မောင်းနှင်ပြီးနောက် ဝေ့ရှီယုမှ မနေနိုင်တော့ဘဲ ထပ်မံပြောဆိုလာပြန်၏။

"နင့်မှာ တကယ်သာ အရည်အချင်းရှိရင် အစွမ်းကုန် ထုတ်သုံးစမ်းပါ၊ ဘာလို့ ထိန်းထားနေတာလဲ၊ အခုလို အရှိန်နဲ့ဆိုရင် နောက်ဆုံးမှာ နင် လေယာဉ်ပျံ မောင်းနေရင်တောင် သူ့ကို အမီလိုက်နိုင်မှာ မဟုတ်ဘူး"

"မင်းက ငါ့ကို ဒီလောက်တောင် နိုင်စေချင်နေတာလား"

ကျိုးဟောက်ယွီမှ ဝေ့ရှီယုကို လူယုတ်မာ အပြုံးမျိုးဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"အမှန်အတိုင်း ပြောစမ်းပါ၊ မင်း ငါ့ကို စိတ်ဝင်စားနေလို့ ဒီအခွင့်အရေးကို သုံးပြီး တမင်အနမ်းခံချင်နေတာ မဟုတ်လား ဟဲဟဲ"

"အိပ်မက်မက်မနေနဲ့၊ ငါက နင့်ကို စိတ်ဝင်စားရမယ် ဟုတ်လား၊ မှန်ထဲမှာ နင့်ရုပ်နင် အရင်ပြန်ကြည့်လိုက်ဦး၊ နင့်ရဲ့ ဒီလိုရုပ်ဆိုးဆိုးပုံစံကို ငါက ဘယ်လိုလုပ် စိတ်ဝင်စားမှာလဲ"

ဝေ့ရှီယုမှာ အမြန်ပြန်ပက်လိုက်ပြီးနောက် အကြောင်းပြချက်ပေးလေသည်။

"ငါက နင်ငါ့ရဲ့ဖာရာရီကို တခြားလူလက်ထဲထိုးအပ်လိုက်မှာ စိုးလို့ပါ"

"ငါက အပျော်ပြောတာပါ၊ ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ၊ ငါက တကယ်ပဲ မင်းကိုနမ်းမယ်လို့ ထင်နေတာလား၊ စိတ်ချပါ ငါ့မှာလည်း မိန်းကလေးရွေးချယ်တဲ့ စံနှုန်းဆိုတာရှိပါတယ်"

ကျိုးဟောက်ယွီမှ မျက်ခုံးပင့်ကာပြောလိုက်သည်။

"ငါက ပျာယာခတ်နေတာမဟုတ်ဘူး၊ နင့်ရဲ့အရှက်မရှိတဲ့ စကားတွေကို နားမခံနိုင်လို့"

ဝေ့ရှီယု နှာခေါင်းရှုံ့ကာ မျက်နှာလွှဲလိုက်ပြီး ကျိုးဟောက်ယွီကို လုံးဝ လှည့်မကြည့်တော့ပေ။ ကားလေးမှာတော့ ပုံမှန်အတိုင်းသာ ဆက်ခရီးနှင်နေရာ ဝေ့ရှီယုတစ်ယောက် ကျိုးဟောက်ယွီအနိုင်ရဖို့ မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။ ဤအရှိန်နှင့်ဆိုလျှင် လုံးဝအနိုင်ရရန် မဖြစ်နိုင်တော့ပေ။ သို့သော် မကြာမီမှာပင် မျှော်လင့်မထားသော အဖြစ်အပျက်တစ်ခုကို ဝေ့ရှီယုမြင်လိုက်ရသည်။ လီချန့်အက်စ်ကာရီကားမှာ လမ်းဘေး၌ ကန့်လန့်ဖြတ်ရပ်ထားပြီး ရှေ့ပိုင်းမှာ လမ်းဘေးအကာအရံအတားအဆီးနှင့် ပြင်းထန်စွာ ထိမိထားသဖြင့် ချိုင့်ဝင်နေသည်ကို သူမတွေ့လိုက်ရ၏။

"ဘာဖြစ်တာလဲ၊ ကားအက်စီးဒင့်ဖြစ်တာလား"

ဝေ့ရှီယု အံ့ဩတကြီးမေးလိုက်သည်။

"ဖြစ်နိုင်တာပေါ့"

ကျိုးဟောက်ယွီမှ အဓိပ္ပာယ်ပါပါပြုံးလိုက်ပြီး ကားအရှိန်ကိုလျှော့ကာ လီချန့်ကားဘေး၌ ရပ်လိုက်သည်။ ကျိုးဟောက်ယွီသည် ကားပေါ်မှဆင်းပြီး ဘီးလဲရန် အပူတပြင်းကြိုးစားနေသော လီချန့်ကိုကြည့်ကာ လှောင်ပြောင်လိုက်၏။

"ဘီးပေါက်သွားတာလား၊ ကြည့်ရတာ မင်းရဲ့ကံတရားက သိပ်မကောင်းဘူးပဲ၊ မင်း ငါ့ရှေ့မှာ ဒူးထောက်တောင်းပန်ဖို့ ကောင်းကင်ကြီးက ဖန်တီးပေးလိုက်ပြီ ထင်တယ် ဟားဟားဟား"

"မင်းက နိုင်ပြီလို့ထင်နေတာလား"

လီချန်မှ အထင်သေးစွာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"ငါ ပြောလိုက်မယ်၊ ငါ လမ်းတစ်ဝက်မှာ ဘီးရပ်လဲနေရင်တောင် မင်းကို အလွယ်လေး ကျော်ဖြတ်နိုင်သေးတယ်"

လီချန်သည် အလကားပြောနေခြင်း မဟုတ်ဘဲ မိမိကိုယ်မိမိ အပြည့်အဝ ယုံကြည်နေခြင်းဖြစ်သည်။ အကြောင်းမှာ ကျိုးဟောက်ယွီ သူ့ကို အမီလိုက်လာသည့် အချိန်မှာပင် သူသည် ဘီးလဲ၍ ပြီးလုနီးပါးဖြစ်နေပြီဖြစ်ရာ မကြာမီ ခရီးဆက်နိုင်တော့မည် ဖြစ်သောကြောင့်ပင်။ ကားရှေ့ပိုင်း အနည်းငယ် ပျက်စီးသွားသည်မှာ ပြဿနာ မဟုတ်ပေ။ အနိုင်ရပြီးမှသာ ပြန်ပြင်လိုက်လျှင်ရပါသည်။

"ဒါဆိုရင်လည်း ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်"

ကျိုးဟောက်ယွီမှ ပုခုံးတွန့်ပြလိုက်ပြီး ညမှောင်ကို အခွင့်ကောင်းယူကာ ငွေအပ်တစ်ချောင်းကို လီချန့်အက်စ်ကာရီ ရှေ့ဘီးဆီသို့ လျှပ်ခနဲထပ်မံပစ်လွှတ်လိုက်ပြန်သည်။ ကားအတွင်းသို့ ပြန်ရောက်သည့်အခါ ဝေ့ရှီယုမှ အသည်းအသန် တိုက်တွန်းလေတော့၏။

"မြန်မြန်မောင်းတော့လေ၊ သူ့ကို စကားပြောပြီး ဘာလို့အချိန်ဖြုန်းနေတာလဲ၊ ဒီအခွင့်အရေးကိုသုံးပြီး ငါတို့တွေ အဝေးကြီးရောက်အောင် မောင်းရမှာပေါ့"

"မလန့်ပါနဲ့ ငါ ပြောသားပဲ၊ သူကတော့ သေတွင်းထဲရောက်နေပြီလို့၊ သူ ဘယ်လိုမှ မနိုင်နိုင်တော့ဘူး"

ကျိုးဟောက်ယွီ ရယ်မောလိုက်သည်။ သူ့စကားထဲတွင် ဝေ့ရှီယုနားမလည်နိုင်သော အဓိပ္ပာယ်လေးများ ကိန်းအောင်းနေ၏။ ဝေ့ရှီယု ခေတ္တစဉ်းစားပြီးနောက် စူးစမ်းသလို မေးလိုက်သည်။

"ဟိုလူ့ဘီးပေါက်သွားတာ နင့်လက်ချက် မဟုတ်လား"

"ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါက အဲဒီလို ယုတ်မာတဲ့လူမျိုးနဲ့ တူလို့လား၊ ငါက မင်းဘေးမှာ တစ်ချိန်လုံးထိုင်နေတာလေ၊ သူ့ကားရဲ့နောက်မီးတောင် ငါမမြင်ရဘူး၊ ဘီးပေါက်တာက ငါနဲ့ဘာဆိုင်လို့လဲ"

ကျိုးဟောက်ယွီမှ မျက်နှာသေနှင့်ငြင်းလိုက်ပြီးနောက် ဝေ့ရှီယုကို ပြုံးပြလိုက်သည်။ သူ့လှည့်ကွက်များကို ဝေ့ရှီယု သိသွား၍မဖြစ်ပေ။ သို့မဟုတ်လျှင် သူမအသေးစိတ် လိုက်မေးနေပါက ရှင်းပြရသည်မှာ အလွန်ခေါင်းစားစရာ ဖြစ်လာနိုင်၏။

"ကြည့်ရတာတော့ နင့်လက်ချက် မဟုတ်နိုင်ပါဘူး၊ ဒါပေမဲ့ နင်က ဘာလို့ ဒီလောက်တောင် အနိုင်ရမယ်လို့ ယုံကြည်ချက် ရှိနေတာလဲ"

ဝေ့ရှီယု လုံးဝ ဇဝေဇဝါဖြစ်နေရှာသည်။

"ဘာလို့လဲဆိုတော့ ယောကျ်ားတစ်ယောက်က အရာအားလုံးကို ဆုံးရှုံးနိုင်ပေမဲ့၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုတော့ ဘယ်တော့မှ အဆုံးရှုံးမခံသင့်လို့ပဲ"

ကျိုးဟောက်ယွီမှ တရားမျှတဟန်ဖြင့် ကြွေးကြော်လိုက်သည်။

"အဓိပ္ပာယ်မရှိတာ"

ဝေ့ရှီယု ကျိုးဟောက်ယွီ၏ လိမ်ညာမှုများကို လုံးဝမယုံကြည်ပေ။ ကျိုးဟောက်ယွီသည် သူမကို တစ်ခုခုဖုံးကွယ်ထားသည်ဟု သူမ မသိစိတ်မှ ခံစားနေရသည်။ တောင်အလယ်ရှိရင်ပြင်ငယ်လေးသို့ ကားချဉ်းကပ်လာသောအခါ ကျိုးဟောက်ယွီသည် အဝေးမှနေ၍ မီးရောင်အောက်တွင် ကင်မရာများကိုင်ဆောင်ကာဖြတ်သွားသော ကားများကို မှတ်တမ်းတင်နေသည့် လူအချို့ကိုမြင်လိုက်ရ၏။

"ဝုန်း"

ပြင်းထန်သော အင်ဂျင်သံကြီးတစ်ခုက ဘေးမှဖြတ်ကျော်သွားသည်။ ကျိုးဟောက်ယွီ ခေါင်းကိုအသာစောင်းကြည့်လိုက်ရာ လီချန့်ကားမှာ သူ့ကို အမီလိုက်သွားပြီး ရှေ့သို့ရောက်သွားသည်ကို တွေ့လိုက်ရ၏။ ရှေ့ရှိ ရင်ပြင်၌ လီချန်မှာ လှပသောကွေ့ဝိုက်မှုတစ်ခုကို ပြုလုပ်လိုက်ပြီး သူ့အက်စ်ကာရီကားဖြင့် ထောင့်ချိုးကို ကျော်ဖြတ်သွားသည်။ ကားဘီးများမှာ မြေပြင်နှင့် ပွတ်တိုက်သံများ ဆူညံသွားပြီး ကားရှေ့ပိုင်းမှာ ၃၆၀ဒီဂရီလည်သွားကာ ကျိုးဟောက်ယွီကားဆီသို့ မျက်နှာမူလျက် ဟိန်းဟောက်မောင်းနှင်လာတော့သည်။ ကားနှစ်စီးမှာ ဘေးချင်းယှဉ်၍ ဖြတ်ကျော်သွားကြရာ ကျိုးဟောက်ယွီမှာ တောင်ပေါ်သို့ တက်နေဆဲဖြစ်သော်လည်း လီချန်မှာမူ တောင်အောက်သို့ ဆင်းနေပြီဖြစ်၏။ လမ်းတစ်ဝက်တွင် ဘီးလဲခဲ့ရသော်လည်း သူသည် ကျိုးဟောက်ယွီကို အမြန်ပင်ပြန်မီသွားခဲ့သည်။ ဝေ့ရှီယုမှ စိုးရိမ်တကြီးပြောလာသည်။

"နင်က အရမ်းသတိထားပြီး မောင်းလွန်းနေတာပဲ၊ နည်းနည်းလောက် ပိုမြန်အောင် မောင်းလို့ရမှာပါ"

ကျိုးဟောက်ယွီ ကားကိုဖြည်းညှင်းစွာ မောင်းကာ ရှေ့ရှိရင်ပြင်၌ ကားပြန်လှည့်လိုက်ပြီးမှ ပြန်ဖြေသည်။

"တောင်ပေါ်တက်တုန်းက ဒီလမ်းကို ငါလုံးဝ မကျွမ်းကျင်သေးဘူးလေ၊ ဘယ်လိုလုပ် မြန်မြန်မောင်းလို့ရမှာလဲ၊ အဲဒါက အရမ်းအန္တရာယ်များလွန်းတယ်"

"အခု တောင်အောက်ဆင်းတော့ နင်တစ်ခေါက် မောင်းပြီးပြီဆိုတော့ ရင်းနှီးသွားပြီလေ၊ အရှိန်မြှင့်လို့ရပြီ မဟုတ်လား"

ဝေ့ရှီယု မေးသည်။

"မရဘူး"

ကျိုးဟောက်ယွီ ခေါင်းခါကာပြောလိုက်သည်။

"တောင်အောက်ဆင်းတာက တောင်ပေါ်တက်တာထက် ပိုပြီးအန္တရာယ်များတယ်၊ အဲဒါကြောင့် သတိပိုထားပြီး မောင်းရမယ်"

"ကြည့်ရတာတော့ နင်က သေမှာကြောက်လို့ အကြောင်းပြချက်ပေးနေတာပဲ"

ဝေ့ရှီယု အနည်းငယ်အထင်သေးသော လေသံဖြင့် ဆိုသည်။

"သေမှာကြောက်တယ် ဟုတ်လား"

ကျိုးဟောက်ယွီ ထိုစကားကိုကြားသောအခါ ချက်ချင်းမျက်နှာပျက်သွားသည်။

"ငါက မင်း ကားပေါ်မှာပါနေလို့ သတိထားပြီး မောင်းပေးနေတာ၊ ငါ တစ်ယောက်တည်းဆိုရင် ဒုံးကျည်ကြီး လွှတ်လိုက်သလိုမျိုး မောင်းမှာပေါ့၊ ငါက မင်းကိုငဲ့ညှာလို့ ဒီလိုမောင်းပေးနေတာကို မင်းက အသိအမှတ်မပြုတဲ့အပြင် တကယ်ပါပဲ"

"ဟုတ်လို့လား"

ဝေ့ရှီယု ထိုစကားကြောင့် ခေတ္တမျှ ကြောင်သွားပြီး ရင်ထဲ၌အနည်းငယ် လှုပ်ခတ်သွားသော်လည်း နှုတ်ခမ်းလေးစူကာ ပြန်အော်လိုက်သည်။

"နင် ပြောနေတဲ့ စကားတွေကို နင်ကိုယ်တိုင်ရော ယုံရဲ့လား"

"ယုံချင်ယုံ မယုံချင်နေ၊ ငါ ကျိုးဟောက်ယွီက မိန်းမလှလေးတွေကို ငဲ့ညှာတတ်တဲ့ အကျင့်ရှိပြီးသား"

ကျိုးဟောက်ယွီမှပြောပြီးနောက် ကားကို ဆက်မောင်းနေတော့သည်။ ဝေ့ရှီယုသည် သူမပေါင်ပေါ်၌ လက်ကလေးနှစ်ဖက်ကို ပွတ်သပ်နေမိပြီး စောစောက စကားများမှာ အနည်းငယ်ပြင်းထန်သွားသည်ဟု ခံစားမိ၏။ သူမ တောင်းပန်ချင်သော်လည်း အကြိမ်ကြိမ် တွန့်ဆုတ်နေမိရာမှ နောက်ဆုံးတွင် စကားလုံးများမှာထွက်မလာခဲ့ပေ။ ကားထဲ၌ လေထုမှာ ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ လမ်းတစ်ဝက်သို့ ရောက်သောအခါ ဝေ့ရှီယုသည် လီချန့်ကားကြီး လမ်းဘေး၌ ထပ်မံရပ်ထားသည်ကို မြင်လိုက်ရပြန်၏။ သူမ မအောင့်နိုင်ဘဲ အော်လိုက်မိသည်။

"သူ့ဘီးက ထပ်ပေါက်သွားတာလား၊ ဒီလောက်တောင် တိုက်ဆိုင်စရာရှိလို့လား"

"သွားကြည့်ကြတာပေါ့"

ကျိုးဟောက်ယွီ ရယ်မောရင်း လီချန့်ကားဘေး၌ ထပ်ရပ်လိုက်ပြန်လေတော့သည်။

"အိုး တကယ်ဘီးထပ်ပေါက်သွားတာပဲ"

လီချန်၏အက်စ်ကာရီရှေ့ဘီး ပြားချပ်နေသည်အား မြင်လိုက်ရသည့်အခါ ဝေ့ရှီယု မယုံနိုင်အောင်ဖြစ်သွားလေတော့သည်။

All Chapters