← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

97

ကျိုးဟောက်ယွီမှာ ကားပေါ်မှ အေးအေးဆေးဆေး ဆင်းလာပြီး လမ်းဘေးတွင် တစ်ယောက်တည်း စဥ်းစားမရသလိုဖြင့် ဆေးလိပ်သောက်နေသော လီချန်ကိုကြည့်ကာ မေးလိုက်သည်။

"ဘာလဲ၊ အရှုံးပေးလိုက်ပြီလား"

"ငါ့မှာပါတဲ့ အပိုဘီးလည်းသုံးပြီးပြီလေ၊ အရှုံးမပေးလို့ ဘာလုပ်ရဦးမှာလဲ"

လီချန်မှ ဒေါသတကြီးဟောက်လိုက်တော့သည်။ သူသည် အလွန်ပင်နာကျည်းနေမိ၏။ အကယ်၍ သူ့မှာ နောက်ထပ် အပိုဘီးတစ်လုံးသာရှိသေးလျှင် အနိုင်ရဦးမည်ဟု သူခံစားနေရဆဲပင်။ ဗြိတိန်နိုင်ငံထုတ် လက်လုပ်ပြိုင်ကားသည် အဘယ်ကြောင့် ဤတောင်ပေါ်လမ်းတွင် နှစ်ကြိမ်တိုင်တိုင် ဘီးပေါက်ရသနည်းဆိုသည်ကိုမူ သူ အလေးအနက် မစဉ်းစားမိပေ။ ကျိုးဟောက်ယွီသည် သူ့ကားကို ထိပင်မထိခဲ့သဖြင့် ယုတ္တိဗေဒအရလည်း တစ်ခုခုလုပ်ထားရန်မဖြစ်နိုင်ဟု သူ ယူဆထားသောကြောင့်ဖြစ်သည်။

"အရှုံးပေးပြီးပြီဆိုရင်လည်း မြန်မြန်ဒူးထောက် တောင်းပန်လိုက်တော့၊ ငါက အိမ်ပြန်အိပ်ချင်နေပြီ၊ မင်းနဲ့ ဒီမှာ အချိန်ဖြုန်းနေဖို့ မအားဘူး"

ကျိုးဟောက်ယွီမှ ခနဲ့တဲ့တဲ့ဖြင့်ပြောလိုက်သည်။

"သုံးပွဲပြိုင် နှစ်ပွဲနိုင်စနစ်လေ၊ ဘာတွေ အလောတကြီးဖြစ်နေတာလဲ၊ ငါ တောင်အောက်ပြန်ဆင်းပြီး တခြားကားတစ်စီး သွားယူဦးမယ်၊ ပြီးမှ နောက်တစ်ပွဲ ထပ်ပြိုင်ကြတာပေါ့၊ ဒီနေ့ တစ်နေ့တည်းမှာ ငါ့ဘီးသုံးကြိမ်ထပ်ပေါက်မယ်လို့တော့ ငါ မယုံဘူး"

လီချန်မှ ဇွတ်အတင်းဆိုလာသည်။ အမှန်စင်စစ် သူရှုံးရခြင်းမှာ အရည်အချင်းကြောင့်မဟုတ်ဘဲ ကံဆိုး၍သာဖြစ်သည်ဟု သူထင်နေသဖြင့် အဘယ်မှာ လက်ခံနိုင်ပါမည်နည်း။

"ကောင်းပြီလေ၊ ဒါဆိုလည်း နောက်မှ မင်း အပြတ်အသတ် အရှုံးဝန်ခံသွားအောင် ငါလုပ်ပြတာပေါ့"

ကျိုးဟောက်ယွီ ရယ်မောရင်း ကားထဲဝင်ကာ အရင်ဆုံးမောင်းထွက်သွားလေတော့သည်။ သူ့ကားလေး ပန်းဝင်စည်းကို ဖြတ်ကျော်သွားသည့်အချိန်တွင်မူ အားရပါးရ လက်ခုပ်တီးသံ သို့မဟုတ် ဂုဏ်ပြုသံများထွက်မလာခဲ့ဘဲ လှောင်ပြောင်သံများသာ ထွက်ပေါ်လာခဲ့၏။ လမ်းတစ်ဝက်တွင် လီချန့်ကားပျက်သွားသည်ကို လူအုပ်ကြီးမှာသိရှိထားကြသဖြင့် ကျိုးဟောက်ယွီ၏မမျှတသော အောင်ပွဲကို သူတို့ အထင်သေးနေကြခြင်းဖြစ်သည်။

"ဘာလို့ လာလှောင်နေတာလဲ၊ ဘာပဲဖြစ်ဖြစ် ငါတို့တွေနိုင်တာပဲလေ ဟွန့်"

ဝေ့ရှီယုမှ ကားမှန်တံခါးကိုချကာ အပြင်ရှိလူအုပ်ကို လှမ်းအော်လိုက်သည်။

"သူတို့ကို ဂရုစိုက်မနေပါနဲ့၊ မင်း ခဏလောက် အိပ်ငိုက်နေတာကမှ ပိုကောင်းဦးမယ်"

ကျိုးဟောက်ယွီမှ ငဲ့ညှာစွာပြောလိုက်သည်။

"အိပ်မယ် ဟုတ်လား၊ လူတိုင်းက နင့်လို အိပ်ချင်နေတယ် ထင်လို့လား"

ဝေ့ရှီယု ခပ်ရွှဲ့ရွှဲ့ပြန်ပြောသည်။

"ဟေး အဘွားကြီး၊ ငါက မင်းကိုစိုးရိမ်လို့ပြောတာကို အသိအမှတ်မပြုတဲ့အပြင် တစ်ကယ်ကို....ကျစ်"

ကျိုးဟောက်ယွီမှာ မျက်ခုံးပင့်ကာ စိတ်တိုဟန်ဖြင့် ဆိုသည်

"ကောင်းပြီလေ၊ နောက်တစ်ခါကျမှ ငါ့ကို ဖုန်းထပ်ခေါ်ကြည့်ဦး၊ ငါ မင်းဖုန်းကို ကိုင်မကိုင်စောင့်ကြည့်လိုက်"

"ဘာလို့ ဒီလောက်တောင် စိတ်ပုတ်ရတာလဲ၊ ငါက စတာပါ"

ဝေ့ရှီယုမှ နှုတ်ခမ်းလေးစူကာ ပြောသော်လည်း ကျိုးဟောက်ယွီက သူမကို ဂရုမစိုက်တော့ပေ။ မိနစ်အနည်းငယ် ကြာသောအခါ ကားထဲ၌ လေထုမှာ အနည်းငယ် တိတ်ဆိတ်လွန်းနေသည်ဟု ခံစားရသဖြင့် ဝေ့ရှီယု စကားစလိုက်၏။

"အကယ်၍ နင် တတိယအပွဲမှာ ထပ်နိုင်ရင် သူ့ရဲ့ကားက နင့်အပိုင်ဖြစ်သွားမှာနော်"

"အဲဒီကားက အစကတည်းက ငါနိုင်လို့ ရမှာလေ၊ မင်း ပေးသလိုလို ဘာလိုလိုနဲ့ ဘာတွေပြောနေတာလဲ"

ကျိုးဟောက်ယွီမှ မကျေမနပ် ဆိုသည်။

"နင် နိုင်တာ ဟုတ်လား၊ ငါနဲ့ သူနဲ့ လောင်းတာက နင်နဲ့ ဘာဆိုင်လို့လဲ"

ဝေ့ရှီယုမှ မသိစိတ်ဖြင့်ပြန်ပက်လိုက်သည်။ သို့သော် ထိုစကားပြောထွက်သွားပြီးသည်နှင့် သူမနောင်တရသွားသည်။ ကျိုးဟောက်ယွီနှင့် အခြေအနေကို အရမ်းတင်းမာအောင် သူမ မလုပ်ချင်ပေ။

"ကောင်းပြီ၊ ကောင်းပြီ ငါနဲ့ဘာမှမဆိုင်ဘူး၊ အခု ကားပေါ်ကဆင်းတော့၊ ငါ အိမ်ပြန်အိပ်တော့မယ်၊ ညသန်းခေါင်ကြီးထွက်လာရတာ တကယ်ကိုအဓိပ္ပာယ်မရှိဘူး"

ကျိုးဟောက်ယွီမှ ကားအပြင်ဘက်သို့ လက်ညိုးထိုးပြကာ ဝေ့ရှီယုကိုဆင်းခိုင်းလေတော့သည်။

"မဆင်းဘူး"

ဝေ့ရှီယု ရင်ဘတ်ကိုလက်ပိုက်ကာ နှုတ်ခမ်းဆူရင်း ဂျစ်ကန်ကန်လုပ်နေသည်။ သူမအမှားပြောမိသည်ကို သိသော်လည်း တောင်းပန်ရန်မှာမူ သူမအတွက် အလွန်ခက်ခဲလှ၏။

"ငါ သုံးခါပဲရေတွက်မယ်၊ မဆင်းရင် ငါ မင်းကို ကန်ချမှာနော်"

ကျိုးဟောက်ယွီမှ သူမကိုစိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။

"နင် လုပ်ရဲလား"

ဝေ့ရှီယု လန့်သွားပြီး ခြေထောက်ကို အမြန်သိမ်းကာ ရင်ဘတ်အထိ ပိုက်ထားလိုက်သည်။ ထို့နောက် ဘေးထိုင်ခုံ၏ ထောင့်တွင်ကပ်ကာ ကျိုးဟောက်ယွီကို ကြောက်ရွံ့စွာ ကြည့်နေရှာ၏။

"ငါ လုပ်ရဲမရဲကြည့်လိုက်လေ"

ကျိုးဟောက်ယွီရယ်ရင်း စတင်ရေတွက်တော့သည်။

"တစ် နှစ်"

ဝေ့ရှီယု ပျာယာခတ်သွားပြီး ကျိုးဟောက်ယွီ၏ပုခုံးကို လက်သီးဖြင့်ခပ်ပြင်းပြင်းထိုးလိုက်ကာ ဒေါသတကြီးပြောလိုက်သည်။

"ငါ့ကို မကန်နဲ့၊ တကယ်လို့ နင် ငါ့ကို ကန်ရင် နင့်ကို တစ်သက်လုံးစကားမပြောတော့ဘူး"

"ဟဲဟဲ မင်း အဲဒီလိုပြောမှတော့ ငါက ပိုတောင် ကန်ချင်သွားပြီ"

ကျိုးဟောက်ယွီမှာ လက်သီးချက်ကို ခံယူလိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ဝေ့ရှီယု၏ ခြေသလုံးကို ကန်ရန် ခြေထောက်မြှောက်လိုက်သည်။ သို့သော် ဝေ့ရှီယု၏ခြေထောက်နှင့် နှစ်စင်တီမီတာခန့် အကွာတွင် သူရပ်လိုက်မိ၏။ အကြောင်းမှာ ဝေ့ရှီယုသည် ရှောင်တိမ်းခြင်းမပြုသည့်အပြင် ရဲတက်နေသော မျက်ဝန်းအစုံဖြင့် သူ့ကို တစိုက်မတ်မတ်ကြည့်နေသောကြောင့်ဖြစ်သည်။

"ကန်လေ ကန်လိုက်စမ်းပါ၊ ငါ နင့်ကို ဘယ်တော့မှ ဖုန်းမခေါ်တော့ဘူး၊ နင်လည်း လွတ်လပ်သွားမှာပေါ့၊ နင် ပျော်ရမှာ မဟုတ်လား"

ဝေ့ရှီယုအသံမှာ အနည်းငယ်တုန်ယင်နေသော်လည်း ခေါင်းကိုမော့ထားကာ မာန်တင်းနေဆဲပင်။

"အမ် ထားလိုက်ပါတော့ ငါက မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ်ကန်မှာလဲ၊ ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် စတာပါ"

ကျိုးဟောက်ယွီမှ နေရခက်စွာဖြင့် ခြေထောက်ကို ပြန်ရုတ်လိုက်ပြီး နှာခေါင်းကို ပွတ်လိုက်သည်။

"ဟွန့်"

ဝေ့ရှီယုမှ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး မျက်နှာလွှဲကာ ကျိုးဟောက်ယွီကို လုံးဝ ဂရုမစိုက်တော့ပေ။ မကြာမီမှာပင် လီချန်ကို ကားတစ်စီးဖြင့် လာကြိုကာ တောင်အောက်သို့ ခေါ်သွားကြသည်။ ခဏအကြာတွင် သူသည် ကျိုးဟောက်ယွီကားနားသို့ လျှောက်လာပြီး မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်၏။

"နောက်ဆုံးပွဲမှာ ငါ့သူငယ်ချင်း ငါးယောက်က ငါနဲ့အတူပြိုင်လိမ့်မယ်၊ အကယ်၍ ငါ့ကားထပ်ပျက်သွားရင် ငါတခြားကားတစ်စီးကို ပြောင်းစီးမယ်၊ အဲဒီအခါကျရင်တော့ မင်း သေချာပေါက် ရှုံးမှာပဲ"

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ကျိုးဟောက်ယွီမှ ချက်ချင်းငြင်းလိုက်သည်။

"ငါတို့ ပြိုင်ပွဲထဲကို တခြားကားတွေဝင်လာတာက ဘာထူးမှာလဲ၊ သူတို့က ငါ့လမ်းကို တမင်ပိတ်ထားရင် ငါဘယ်လိုလုပ်နိုင်မှာလဲ"

လီချန်မှ တည်တည်ငြိမ်ငြိမ်ဖြင့်ဆိုသည်။

"စိတ်မပူပါနဲ့၊ သူတို့က မင်းကိုတစ်မိနစ်လောက် အရင်မောင်းခိုင်းထားမယ်၊ အကယ်၍ ငါ့ကားမပျက်ဘူးဆိုရင် သူတို့က မင်းအနောက်မှာပဲရှိနေမှာ၊ ဒါပေမဲ့ ငါ့ကားက ကံဆိုးပြီး ထပ်ပျက်သွားခဲ့မယ်ဆိုရင်တော့ သူတို့ထဲက ကားတစ်စီးက အရှိန်မြှင့်ပြီး ငါ့နေရာကို အစားထိုးလိမ့်မယ်"

"မရဘူး ငါသဘောမတူဘူး၊ ငါ တစ်ယောက်တည်းနဲ့ မင်းတို့ခြောက်ယောက်ကို ပြိုင်ရမှာက ငါ့အတွက် အရမ်းမတရားဘူး"

ကျိုးဟောက်ယွီမှ ပြတ်ပြတ်သားသား ထပ်မံငြင်းဆိုလိုက်သည်။ သူသည် ဤတောင်းဆိုချက်ကို မည်သို့မျှသဘောမတူနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့သာဖြစ်လာလျှင် သူမည်သို့ အနိုင်ရနိုင်ပါမည်နည်း။ ကားခြောက်စီးလုံးကို ဘီးပေါက်အောင် သူမလုပ်နိုင်ပေ။

"ဟမ့်"

လီချန်မှ ကဲ့ရဲ့ဟန်ဖြင့်ရယ်မောပြီး ပြောလိုက်သည်။

"ငါ့ကားက ဆက်တိုက်ဘီးနှစ်ခါ ပေါက်သွားတာ ငါ အရမ်းထူးဆန်းနေတယ်၊ အကယ်၍ မင်းသာ ငါ့ရဲ့အဆိုပြုချက်ကို အတင်းငြင်းနေမယ်ဆိုရင်တော့ ဒါ မင်းလက်ချက်လို့ပဲ ငါ သတ်မှတ်ရတော့မယ်"

"သက်သေ ဘယ်မှာလဲ"

ကျိုးဟောက်ယွီမှ တုံ့ဆိုင်းမှုမရှိပြန်ပက်လိုက်သည်။

"ဒါက ဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းနော် သတိထားဦး၊ မဟုတ်ရင် မင်းကို အသရေဖျက်မှုနဲ့ တရားစွဲလိုက်မယ်"

"စွဲလိုက်လေ"

လီချန်မှ အထင်သေးစွာဖြင့် ဆိုသည်။

"မင်း ဘာပဲပြောပြော ငါ့ကား ဆက်တိုက် ဘီးပေါက်တာက ပုံမှန်မဟုတ်ဘူး၊ အခု မင်းက ငါ့ရဲ့ကျိုးကြောင်းဆီလျော်တဲ့ အဆိုပြုချက်ကို ငြင်းနေတာဆိုတော့ မင်းလက်ချက်လို့ ငါ သံသယဝင်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်ရှိနေပြီ"

ထိုစဉ် လူအုပ်ကြီးမှာ သူတို့နှစ်ဦး ငြင်းခုံနေသည်ကို ဝိုင်းကြည့်နေကြသည်။ ဆံပင်ရှည်ရှည်နှင့် လူတစ်ယောက်မှာ ချက်ချင်းပင်ဝင်ပြောလိုက်၏။

"သံသယဝင်နေစရာ ဘာရှိလဲ၊ သူ့လက်ချက်ဆိုတာ သိသာနေတာပဲ"

"ဟုတ်တယ်၊ နောက်တစ်ပွဲပြိုင်နေလည်းအပိုပဲ၊ ဒီကောင်ရဲ့ကားမောင်းတဲ့ စွမ်းရည်ကို မြင်ပြီးသား၊ ပုံမှန်အတိုင်းဆိုရင် သူက လီချန်ရဲ့ပြိုင်ဘက်တောင် မဟုတ်ဘူး"

လူအုပ်ထဲမှ ထိုသို့သောအသံများစွာ ထွက်ပေါ်လာသဖြင့် ဘေးထိုင်ခုံ၌ထိုင်နေသော ဝေ့ရှီယုမှာ အတော်လေး ဖိအားများလာလေတော့သည်။

All Chapters