အခန်း ၉၈
Vol. 10 Ch. 98
98
ဝေ့ရှီယုသည် ကျိုးဟောက်ယွီ၏ နားနားသို့ ဖြည်းညှင်းစွာ တိုးကပ်သွားပြီး တိုးတိုးလေး ကပ်မေးလိုက်သည်။
"အမှန်အတိုင်း ပြောစမ်းပါ၊ ခုနက ဘီးနှစ်ခါ ပေါက်သွားတာ တကယ်ပဲ နင့်လက်ချက် မဟုတ်ဘူးလား"
"မဟုတ်ဘူးလို့ ပြောပြီးပြီပဲ၊ ဘာလို့ ထပ်မေးနေတာလဲ၊ မင်း ငါ့ကို မယုံဘူးလား"
ကျိုးဟောက်ယွီမှ အတည်ပေါက် ပြန်ပက်လိုက်သည်။
"နင့်လက်ချက် မဟုတ်ဘူးဆိုရင်လည်း သူပြောတာကို သဘောတူလိုက်လေ၊ မဟုတ်ရင် ရှင်းပြရတာ တကယ် ခက်လိမ့်မယ်"
ဝေ့ရှီယုမှ ညင်သာစွာ အကြံပေးသည်။ ကျိုးဟောက်ယွီ အတင်းအကျပ် ငြင်းဆိုနေသောကြောင့် တခြားသူများသာမက သူမကိုယ်တိုင်ပင် သံသယမဝင်ဘဲ မနေနိုင်တော့သောကြောင့်ဖြစ်၏။
"ကောင်းပြီလေ၊ ဒါဆိုရင်လည်း သဘောတူလိုက်မယ်"
ကျိုးဟောက်ယွီ မတတ်သာတော့ဘဲ ကားအပြင်ဘက်သို့ အော်ပြောလိုက်သည်။
"တော်ကြတော့ နားငြီးနေပြီ၊ မင်းရဲ့ သူငယ်ချင်းကားငါးစီးလုံး လိုက်ခဲ့ချင်ရင်လည်း လိုက်ခဲ့ကြ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ အစက ငါတို့တွေ သဘောတူထားတဲ့ စည်းကမ်းတွေကိုတော့ လိုက်နာရမယ်နော်"
"စိတ်ချပါ၊ ငါ့ကားသာ မပျက်ဘူးဆိုရင် သူတို့ကားတွေက မင်းအနောက်မှာပဲ ဖုန်ရှူပြီး လိုက်လာလိမ့်မယ်၊ မင်းမောင်းတာကို ဘာမှနှောင့်ယှက်မှာ မဟုတ်ဘူး"
လီချန်မှ ကျယ်လောင်စွာပြောပြီးအာမခံလိုက်သည်။
"စကားတွေ အများကြီးပြောမနေဘဲ အခုပဲ စလိုက်ကြရအောင်၊ ငါ အိမ်ပြန် အိပ်ချင်နေပြီ၊ မင်းနဲ့ ဒီမှာ အချိန်ဖြုန်းနေဖို့ မအားဘူး"
ကျိုးဟောက်ယွီမှ စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။
"မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါကဖြည့်ဆည်းပေးရတာပေါ့"
လီချန် ခနဲ့ပြုံး ပြုံးလိုက်ပြီး သူငှားလာသော Porscheကားထဲသို့ ချက်ချင်း ဝင်လိုက်သည်။ ကားနှစ်စီးမှာ အစပြုသည့်စည်းဝိုင်း၌ ဘေးချင်းယှဉ်ရပ်လိုက်ကြ၏။ ရှေ့ရှိအမျိုးသမီးငယ်လေး၏ အချက်ပေးအလံကျသွားသည်နှင့် တစ်ပြိုင်နက် ကားနှစ်စီးမှာ လေးညှို့မှ လွတ်ထွက်သွားသည့် မြားတစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။ ယခုတစ်ကြိမ်တွင် ကျိုးဟောက်ယွီ၏ကားမှာ လီချန့်အနောက်တွင်ရှိနေဆဲဖြစ်သော်လည်း ပထမတစ်ကြိမ်ကဲ့သို့ အကွာအဝေးမှာ သိသိသာသာ ကြီးမားခြင်းမရှိတော့ပေ။
"ဒီတစ်ခါတော့ ငါ့ရဲ့အရည်အချင်းကိုပဲ အားကိုးရတော့မယ်"
ကျိုးဟောက်ယွီ တိုးတိုးလေးရေရွတ်ရင်း ကားမောင်းခြင်းအပေါ် အစွမ်းကုန် အာရုံစိုက်လိုက်သည်။ သူ့အနောက်တွင် အလှည့်ကျအစားထိုးရန် အသင့်စောင့်နေသည့် ကားငါးစီးရှိနေသဖြင့် မသမာသောနည်းလမ်းများကိုသုံး၍ မရတော့ပေ။ ကျိုးဟောက်ယွီ လုပ်နိုင်သည်မှာ စွမ်းအင်အားလုံးကို စုစည်းပြီး လီဗာကို အစွမ်းကုန်နင်းလိုက်ရုံသာရှိသည်။
"ဟေး ဒီကားက နည်းနည်းမငြိမ်သလိုပဲ၊ နင် ခံစားရလား"
ဘေးမှ ဝေ့ရှီယု အနည်းငယ် ကြောက်လန့်တကြီး ပြောလာသည်။
"အရှိန်ပြင်းပြင်းမောင်းရင် ကားက လှုပ်သလိုဖြစ်တာ သဘာဝပဲလေ၊ အဲဒါ ထူးဆန်းလို့လား"
ကျိုးဟောက်ယွီမှ အေးအေးဆေးဆေး ပြန်ဖြေသည်။
"ထူးဆန်းတာပေါ့၊ ငါ မိုင်၁၈၀အရှိန်နဲ့ မောင်းတုန်းကတောင် မလှုပ်ဘူး၊ အခု နင်က ၁၂၀ ပဲရှိသေးတာကို ဘာလို့ ဒီလောက်တောင် လှုပ်နေရတာလဲ"
ဝေ့ရှီယု အံ့ဩတကြီးမေးသည်။
"မင်းရဲ့ဖာရာရီနဲ့ ငါ့ရဲ့ကားစုတ်ကို လာနှိုင်းနေတာလား"
ကျိုးဟောက်ယွီမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ငါ့ကားစုတ်က မင်းရဲ့ဖာရာရီလောက် ကောင်းနေမယ်ဆိုရင် သိန်းသောင်းချီတန်တဲ့ ဖာရာရီတွေကို ဘယ်သူဝယ်တော့မှာလဲ"
"အရှိန်လျှော့မောင်းတာ ပိုကောင်းမယ် ထင်တယ်၊ အခုပုံစံက အရမ်းအန္တရာယ်များတယ်"
ဝေ့ရှီယု အတော်လေးကြောက်လန့်နေရှာသည်။ မိုင်၁၂၀ အရှိန်ဆိုသည်မှာ အဝေးပြေးလမ်းမပေါ်တွင်မဟုတ်ဘဲ တောင်တက်လမ်းပေါ်တွင် ဖြစ်နေသောကြောင့်ပင်။ ကွေ့ကောက်လှသော တောင်ပတ်လမ်းများ၌ ထိုကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် လွင့်ထွက်မတတ် မောင်းနှင်နေခြင်းမှာ မတော်တဆမှု ဖြစ်ရန် အလွန်ပင် လွယ်ကူလှသည်။
"စောစောကတော့ ငါ့ကိုသေမှာကြောက်တဲ့လူလို့ လှောင်နေပြီးတော့ အခုကျတော့ ဘာဖြစ်လို့မလှောင်တော့တာလဲ"
ကျိုးဟောက်ယွီမှ ရွဲ့ကာပြန်ပြောလိုက်သည်။
"ကောင်းပြီလေ၊ ငါ သေမှာကြောက်တယ် ဟုတ်ပြီလား၊ အဲဒါကြောင့် ဖြည်းဖြည်းပဲ မောင်းပါ၊ နင် ဒီလောက် မြန်မြန်မောင်းနေလည်း သူများကားရဲ့ နောက်မီးကိုပဲ မြင်နေရတာလေ၊ သူ့ကို ကျော်တက်ဖို့က အဝေးကြီးလိုသေးတယ်"
ဝေ့ရှီယု စိတ်ပျက်လက်ပျက် ဆိုသည်။
"ငြိမ်ငြိမ်လေးထိုင်ပြီး စကားမပြောနဲ့တော့၊ တောင်အောက်ရောက်တဲ့အခါ မင်းကို အံ့ဩစရာတစ်ခုပေးမယ်"
ကျိုးဟောက်ယွီမှ တည်ငြိမ်လှသော လေသံဖြင့် ပြောလိုက်သည်။ ထူးထူးခြားခြား တည်ကြည်သွားသော သူ့လေသံကြောင့် ဝေ့ရှီယု ခေတ္တမျှ ကြောင်သွားရ၏။ တည်ကြည်လေးနက်နေသော သူ့မျက်နှာချောချောလေးကို ကြည့်ရင်း ဝေ့ရှီယု၏ငြိမ်သက်နေသော ရင်အစုံမှာ ရေပြင်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ လှုပ်ခတ်သွားရလေသည်။ ထိုအခိုက်အတန့်တွင် ဝေ့ရှီယုသည် သူ့အပေါ် စွဲလန်းစိတ်ဖြစ်ပေါ်သွားသည်။
"ဝုန်း"
ကျိုးဟောက်ယွီမှ လီဗာကို အဆုံးထိ နင်းချလိုက်ရာ အင်ဂျင်သံကြီးဟိန်းထွက်လာပြီး ဝေ့ရှီယု၏စိတ်ကူးယဉ်မှုများကို ချက်ချင်းပင် ရိုက်ချိုးလိုက်တော့သည်။
'ငါ ဘာဖြစ်သွားတာလဲ'
သူမသည် ရဲတက်နေသော ပါးပြင်လေးများကို ထိတွေ့ရင်း မိမိကိုယ်မိမိ ဇဝေဇဝါဖြင့် ရေရွတ်မိသည်။ ထိုအချိန်တွင် ကျိုးဟောက်ယွီသည် စိတ်အာရုံကို တစ်ချက်စုစည်းလိုက်ရာ သူ့မြင်ကွင်းတစ်ခုလုံးမှာ ချက်ချင်းပင် ကြည်လင်တောက်ပသွားတော့၏။ သိန်းငှက်မျက်လုံးစွမ်းရည်ကို အသက်သွင်းလိုက်သဖြင့် ကျိုးဟောက်ယွီသည် အဝေးကို ပိုမိုကြည်လင်စွာ မြင်ရုံသာမက ညဘက် ကားမောင်းရာတွင်လည်း အလွန်ပင် အထောက်အကူဖြစ်စေတော့သည်။ သို့သော် သူသည် အောင်ပွဲအတွက် အပြည့်အဝတော့ ယုံကြည်မှုမရှိသေးပေ။
"အစွမ်းကုန် ကြိုးစားကြည့်ရမှာပေါ့"
ကျိုးဟောက်ယွီသည် လက်သီးကို တင်းတင်းဆုပ်ကာ အရှိန်ကို လုံးဝမလျှော့ဘဲ အန္တရာယ်ရှိသော အကွေ့ကို လှပသောအကွေ့ တစ်ခုဖြင့် ကျော်ဖြတ်လိုက်သည်။
"အား"
ဝေ့ရှီယုမှာ ထိုင်ခုံခါးပတ် ပတ်ထားသော်လည်း ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ယိမ်းထိုးသွားသဖြင့် အလန့်တကြား အော်ဟစ်မိသည်။
"မြဲမြဲကိုင်ထား"
ကျိုးဟောက်ယွီမှ စိုးရိမ်တကြီးပြောလိုက်ပြီး သူ့စွန့်စားခန်းကို ဆက်လက် ဆင်နွှဲနေလေတော့သည်။ ဤပြိုင်ပွဲတွင် သူ့ကားမှာ အစကတည်းက အားနည်းချက်ရှိနေသဖြင့် လမ်းဖြောင့်၌ လီချန်ကို မည်သို့မျှအမီမလိုက်နိုင်ပေ။ သူ အနိုင်ရရန် တစ်ခုတည်းသော မျှော်လင့်ချက်မှာ အကွေ့များ၌ အချိန်ကို အနည်းဆုံးဖြစ်အောင် အသုံးချရန်သာရှိသည်။
"နင်ကွေ့တာက တကယ်အံ့ဩစရာပဲ၊ အရင်က လေ့ကျင့်ထားဖူးတာလား"
ဝေ့ရှီယု အံ့ဩတကြီးဖြင့်မေးလိုက်သည်။ ပထမတွင် ကြောက်လန့်နေသော်လည်း ကျိုးဟောက်ယွီ၏မောင်းနှင်ပုံကို သူမတဖြည်းဖြည်းရင်းနှီးလာ၏။ တကယ်တော့ သူမကိုယ်တိုင်လည်း ကားပြိုင်ရသည်ကို ဝါသနာပါသူ ဖြစ်သဖြင့် သူမ၏စိတ်ဓာတ်ကြံ့ခိုင်မှုမှာ သာမန်မိန်းကလေးများထက် များစွာ သာလွန်ပေသည်။ သူမ၏ပထမပိုင်း ကြောက်ရွံ့မှုမှာ ကျိုးဟောက်ယွီ၏ကားစုတ်လေးကို မြန်မြန်မောင်းလျှင် လွင့်ထွက်တော့မည့်ပုံစံ ဖြစ်နေသောကြောင့်သာ ဖြစ်သည်။
"ပါးစပ်ပိတ်ထား၊ စကားမပြောနဲ့"
ကျိုးဟောက်ယွီမှ တိုးတိုးလေး ဆိုသည်။ သူသည် ပြိုင်ပွဲအပေါ် အပြည့်အဝ အာရုံစိုက်နေသဖြင့် စကားပြောရန် အချိန်မရှိပေ။ ကားပေါ်ရှိလူနှစ်ဦး၏အသက်မှာ သူ့လက်ထဲတွင်သာရှိနေသည် မဟုတ်ပါလား။
"ဟမ့် ဘာများအရေးကြီးနေလို့လဲ"
ဝေ့ရှီယုမှ ခပ်ရွဲ့ရွဲ့ဆိုလိုက်သော်လည်း ကျိုးဟောက်ယွီကို ထပ်မံ၍ နှောင့်ယှက်ခြင်းမပြုတော့ပေ။ သူမသည် ဘေးမှနေ၍ တည်ကြည်လေးနက်နေသော သူ့မျက်နှာထားကိုသာ ငြိမ်သက်စွာ စိုက်ကြည့်နေမိ၏။ မကြာမီ ကားလေးမှာ တောင်လယ်ရှိ ရင်ပြင်ငယ်သို့ ချဉ်းကပ်လာရာ ကျိုးဟောက်ယွီသည် လီချန်၏ Porscheကားနှင့် အတော်လေး နီးကပ်လာခဲ့သည်။
"တောက်၊ ဒီကားစုတ်နဲ့ ငါ့ကိုဘယ်လိုလုပ် အမီလိုက်နိုင်တာလဲ"
လီချန်မှာ နောက်ကြည့်မှန်မှတစ်ဆင့် ကျိုးဟောက်ယွီ၏ကား တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ ဒေါသများ တဟုန်ထိုးထွက်လာတော့သည်။ သူသည် ကျိုးဟောက်ယွီကို ဖြတ်ထုတ်ရန် ကြိုးစားသော်လည်း မတတ်နိုင်ခဲ့ပေ။ သူသည် အရှိန်ကို အစွမ်းကုန်မြှင့်ထားပြီးဖြစ်ရာ အကယ်၍ ဒီထက်အရှိန်ပိုမြှင့်လျှင် ကားမှောက်၍ သေနိုင်သည်ဟု သူခံစားနေရသည်။
"ဝုန်း"
ရင်ပြင်ငယ်၌ ကားကိုပြန်လှည့်လိုက်သည့်အချိန်တွင် ကျိုးဟောက်ယွီ၏ ကားသည် လီချန့်ကားကို ကျော်တက်သွားပြီး ရှေ့သို့ရောက်ရှိသွားလေတော့သည်။
"ဟားဟားဟား ဖုန်ပဲရှူနေလိုက်တော့"
ကျိုးဟောက်ယွီ အားရပါးရရယ်မောလိုက်သည်။
"တောက်"
လီချန်မှာ ဒေါသတကြီးဖြင့် ကားစတီယာရင်ကို လက်သီးဖြင့် ထိုးလိုက်သည်။ အရှိန်ပြင်းပြင်းမောင်းနှင်နေချိန်ဖြစ်ပြီး ကားမှန်များ ပိတ်ထားသဖြင့် တစ်ဦးနှင့်တစ်ဦး စကားပြောသံကို မကြားရသော်လည်း ကျိုးဟောက်ယွီ၏ မောက်မာသောမျက်နှာထားကို ကြည့်ရုံဖြင့် သူဘာတွေးနေသည်ကို လီချန်သိနိုင်ပါသည်။ သေချာသည်မှာ ထိုစကားများသည် ကဲ့ရဲ့လှောင်ပြောင်သော စကားများသာ ဖြစ်ပေလိမ့်မည်။