အခန်း ၉၉
Vol. 10 Ch. 99
99
"ဝိုး၊ နင် တကယ် အံ့ဩစရာပဲ၊ ဒီလို ကားအစုတ်လေးကို မောင်းပြီး Porsche ကားကြီးကို တကယ် ကျော်တက်နိုင်ခဲ့တယ်ပေါ့၊ နင် တကယ်ကို တော်လွန်းတယ်"
ဝေ့ရှီယု၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး ကျိုးဟောက်ယွီကို အားရပါးရ ချီးကျူးလိုက်ရှာသည်။
"ချီးကျူးရုံနဲ့တင် ဘယ်အားရပါဦးမလဲ၊ ငါတို့တွေရဲ့ အနမ်းကိစ္စကို မမေ့နဲ့ဦးနော်"
ကျိုးဟောက်ယွီ ရယ်မောလိုက်သည်။ လီချန်ကို ကျော်တက်ပြီးနောက် သူသည် စိတ်အနည်းငယ် လျှော့လိုက်သဖြင့် ကားအရှိန်မှာလည်း အနည်းငယ် နှေးသွားခဲ့၏။
"နမ်းရမယ်"
ဝေ့ရှီယု၏ ပါးပြင်ပေါ်၌ ပါးချိုင့်လေးနှစ်ဖက် ထင်သွားကာ လှည့်စားလိုသော အပြုံးမျိုးဖြင့် ပြုံးလိုက်သည်
"ငါက ပြောပြီးရင် ဘယ်တော့မှ နောက်မဆုတ်တတ်တဲ့လူစားမျိုးပါ၊ ဒါပေမဲ့ နင်ပဲ စောစောက ပြောခဲ့တယ်လေ၊ နင့်မှာ မိန်းကလေး ရွေးချယ်တဲ့ စံနှုန်းရှိတယ်၊ ငါ့ကို မကြိုက်ဘူး အဲဒါကြောင့် အနမ်းမခံနိုင်ဘူး ဆိုတာလေ၊ အဲဒီတော့ ငါလည်း ဘာမှမတတ်နိုင်ဘူးပေါ့၊ ငါက ကတိတည်ချင်ပေမဲ့ နင်ကမှ အနမ်းမခံချင်တာပဲ၊ ငါက နင့်ကို အဓမ္မစော်ကားလို့မှမရတာ မဟုတ်လား"
"ဘာ အဓမ္မစော်ကားတယ် ဟုတ်လား၊ ငါက ယောကျ်ားကောင်းတစ်ယောက်၊ မင်းပြောပုံက ငါ့ကိုအနိုင်ကျင့်ခံနေရတဲ့ မိန်းကလေးတစ်ယောက်လို ဖြစ်နေပြီ"
ကျိုးဟောက်ယွီမှ မကျေမနပ်ဖြင့် ပြန်ပက်လိုက်သည်။
"အဲဒါက အဓိကမဟုတ်ဘူး၊ အဓိကက နင်အနမ်းမခံနိုင်ဘူး ဆိုတော့ ငါလည်း ဘာမှ လုပ်ပေးလို့မရတော့ဘူးလေ"
ဝေ့ရှီယုမှ မြေခွေးမလေးတစ်ကောင်ကဲ့သို့ အနိုင်ရဟန်ဖြင့် သဘောတကျရယ်မောနေတော့သည်။
"ငါက အကျင့်ပါနေလို့ ကြွားလိုက်မိတာပါကွာ၊ အတည်ပြောတာ မဟုတ်ပါဘူး၊ စိတ်ချ ငါ မင်းဆီကနေ သေချာပေါက်အနမ်းခံမှာပါ"
ကျိုးဟောက်ယွီ အရှက်မရှိပြန်ပြောလိုက်သည်။ သို့သော် ဝေ့ရှီယုမှာ ခေါင်းကိုအသာခါယမ်းပြီး ပြောလိုက်၏။
"ဟင့်အင်း၊ ငါက အတည်မှတ်သွားပြီ၊ နောက်ပြီး ငါ့မှာလည်းသိက္ခာရှိတယ်လေ၊ နင်က အနမ်းမခံဘူးလို့ ပြောထားပြီး အခုကျမှ ငါက နင့်ဆီ အပြေးအလွှားလာနမ်းရမှာလား"
ကျိုးဟောက်ယွီ တစ်ခုခုထပ်ပြောရန် ပြင်လိုက်သော်လည်း သူတို့အနောက်မှ ပိုမိုကျယ်လောင်သော အင်ဂျင်ဟိန်းသံကြီး ထွက်ပေါ်လာသည်။ လီချန့် Porscheကားကြီးမှာ တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်၏။
"ဟမ့် လွယ်မယ်ထင်နေလား"
ကျိုးဟောက်ယွီမှာ နှာခေါင်းရှုံ့လိုက်ပြီး အာရုံစိုက်ကာ ရှေ့ရှိအကွေ့၌ အလွန်လျင်မြန်သော အကွေ့တစ်ခုကိုပြုလုပ်လိုက်သည်။
"တောက်၊ ဒီကောင့်ရဲ့ကားမောင်းတဲ့ အရည်အချင်းက တကယ်မသေးဘူးပဲ"
လီချန် ဒေါသတကြီးဆဲဆိုရင်း အစွမ်းကုန် လိုက်လာသည်။ သူသည်လည်း အကွေ့၌ကွေ့ချလိုက်သော်လည်း ကျိုးဟောက်ယွီနှင့် နှိုင်းယှဉ်လျှင် သူ့နည်းစနစ်မှာအတော်လေး ကြမ်းတမ်းနေသဖြင့် အကွေ့များ၌ အရှိန်အတော်လေးလျော့သွားရလေသည်။
"ငါ ကျော်တက်သွားပြီးမှတော့ မင်း လိုက်မီဖို့ မစဉ်းစားနဲ့တော့"
ကျိုးဟောက်ယွီမှ ရယ်မောလိုက်ပြီး ဝေ့ရှီယုကို ဂရုမစိုက်တော့ဘဲ ကားမောင်းခြင်းကိုသာ အာရုံစိုက်လိုက်တော့သည်။ သူအလေးအနက်ထားပြီဆိုလျှင် လီချန်အတွက် အခွင့်အရေးမရှိသလောက်ပင်။ သူသည် အကွေ့တစ်ခုပြီးတစ်ခုကို အရှိန်ပြင်းပြင်းဖြင့် ကျော်ဖြတ်နေပြီး သူ့ကားလေးမှာ တိမ်တိုက်တစ်ခုကဲ့သို့ လျင်မြန်ပေါ့ပါးစွာဖြင့် မည်သည့် သဲလွန်စမျှ ချန်မထားဘဲပြေးလွှားနေတော့သည်။
"နင် တကယ်တော်တာပဲ"
ဝေ့ရှီယု မနေနိုင်ဘဲ ထပ်မံချီးကျူးပြန်သည်။ ကျိုးဟောက်ယွီမှာ အနည်းငယ်ပြုံးပြရုံသာပြုံးလိုက်ပြီး ဘာမှပြန်မပြောပေ။ လွယ်ကူလှသော သူ့မောင်းနှင်မှုမှာ နှစ်ရှည်လများ လေ့ကျင့်ထားသော အတွေ့အကြုံများအပြင် သိန်းငှက်ကဲ့သို့ အဝေးကို ကြည်လင်စွာမြင်နိုင်သော ထူးခြားသည့် မျက်လုံးအစုံကြောင့်ဖြစ်သည်ကို သူကိုယ်တိုင်သာ သိပေလိမ့်မည်။ နောက်ဆုံးအကွေ့ကို ကျော်ဖြတ်ပြီး တောင်အောက်ခြေသို့ ချဉ်းကပ်လာသည့်အခါတွင် လီချန်မှာ အတော်လေး အနောက်မှာ ကျန်နေခဲ့ပြီဖြစ်သည်။
"အောင်ပွဲကတော့ ငါတို့လက်ထဲရောက်ပြီ"
ဝေ့ရှီယုမှ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။ သို့သော် သူမသည် ကျိုးဟောက်ယွီ၏ ကားရှိအားနည်းချက်ကို မေ့နေခဲ့သည်။ သူ့အကြီးမားဆုံးသော အားနည်းချက်မှာ လမ်းဖြောင့်များ ဖြစ်သည်။ အကြောင်းမှာ လမ်းဖြောင့်များသည် နည်းစနစ်ထက် ကား၏စွမ်းဆောင်ရည်အပေါ်၌သာ လုံးဝမူတည်သောကြောင့်ဖြစ်သည်။
"အခုချိန်က ပျော်ရမယ့်အချိန်မဟုတ်သေးဘူး"
ကျိုးဟောက်ယွီမှ တိုးတိုးလေး ဆိုသည်။
"ဘာ"
ဝေ့ရှီယု သူ့စကားကို နားမလည်ခင်မှာပင် နောက်ကြည့်မှန်မှတစ်ဆင့် လီချန့်ကားမှာ တဟုန်ထိုးနီးကပ်လာသည်ကို မြင်လိုက်ရသဖြင့် ပျာယာခတ်သွားတော့သည်။
"လီဗာကို အဆုံးထိနင်းလိုက်လေ၊ အဲဒါ လွယ်လွယ်လေး မဟုတ်ဘူးလား"
ဝေ့ရှီယုမှ တိုက်တွန်းသည်။ ကျိုးဟောက်ယွီ ခါးသီးစွာပြုံးရင်း ခေါင်းခါလိုက်၏။
"အကယ်၍ ငါသာ မင်းရဲ့ဖာရာရီကို မောင်းနေတာဆိုရင်တော့ လွယ်တာပေါ့၊ ဒါပေမဲ့ စိတ်မကောင်းစရာပဲ၊ အခုက အဲဒီလိုမဟုတ်ဘူးလေ"
သူသည် လီဗာကို အဆုံးထိနင်းထားသော်လည်း အမြင့်ဆုံးအရှိန်မှာ မိုင်၁၈၀သာရှိပြီး ကားမှာလည်း အလွန်ပင် မတည်မငြိမ်ဖြစ်နေကာ အတွင်းရှိ လူပင်လွင့်ထွက်တော့မည့်အတိုင်း ခံစားနေရသည်။ ထိုစဉ် အနောက်ရှိ Porsche ကားပေါ်တွင်မူ လီချန့်မျက်လုံးများမှာ နီရဲနေပြီး မျက်နှာမှာလည်း ကြောက်မက်ဖွယ်ကောင်းနေတော့၏။
"ဒီလို အမှိုက်ကားစုတ်ကို ငါက အရှုံးပေးလိုက်ရမယ်ဆိုရင် ငါဘယ်လိုလုပ် လူတောတိုးတော့မှာလဲ"
လီချန်မှ တီးတိုးဆဲဆိုရင်း သူ့ခြေထောက်ကို လီဗာပေါ်၌ အဆုံးထိဖိနင်းထားလိုက်သည်။ သူ့ရှေ့ရှိ ဒိုင်ခွက်ပေါ်တွင် အရှိန်နှုန်းမှာ ထိတ်လန့်ဖွယ်ကောင်းသော တစ်နာရီ ၃၅၀မိုင်သို့ ရောက်ရှိနေပြီဖြစ်၏။ သူ့ကားမှာ အရှိန်အဟုန်ဖြင့် ရှေ့သို့ပြေးဝင်လာသည်။ အကယ်၍ ထိုအချိန်တွင် လမ်းဘေး၌ လူတစ်ယောက်ရပ်ကြည့်နေမည်ဆိုလျှင် ထို Porsche ကားကို လုံးဝမြင်ရလိမ့်မည် မဟုတ်ပေ။ မျက်စိလျင်သူဆိုလျှင် အရိပ်တစ်ခုဖြတ်သွားသည်ဟု မြင်နိုင်သော်လည်း မျက်စိမကောင်းသူဆိုလျှင်မူ လေပြင်းတစ်ခုတိုက်ခတ်သွားသည်ဟုသာ ခံစားရပေလိမ့်မည်။
"မြန်မြန် ပိုမြန်မြန်"
အနောက်မှ Porsche ကားကြီး တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ရင်း ဝေ့ရှီယုမှာ အလွန်ပင်စိုးရိမ်နေတော့သည်။ သို့သော် ကျိုးဟောက်ယွီမှာမူ ယခုအခါ၌ ထူးထူးခြားခြား တည်ငြိမ်နေ၏။ သူသည် အရေးကြီးသော အချိန်ရောက်လေလေ ပိုမို တည်ငြိမ်လေလေဖြစ်သော လူစားမျိုး ဖြစ်သည်။
"စိုးရိမ်မနေနဲ့"
ကျိုးဟောက်ယွီမှာ စတီယာရင်ကို တင်းတင်းဆုပ်ကိုင်ရင်း တိုးတိုးလေး ပြန်ဖြေလိုက်သည်။ သူ့မျက်လုံးများမှာ ရှေ့ရှိနီးကပ်လာသော ပန်းဝင်စည်းကို စိုက်ကြည့်နေပြီး နောက်ကြည့်မှန်မှတစ်ဆင့် အနောက်မှကပ်လိုက်လာသော Porsche ကားကိုလည်း တစ်ချက်ချင်း အကဲခတ်နေသည်။ အကယ်၍ ဒီအတိုင်းသာဆက်သွားမည်ဆိုလျှင် ဘယ်သူနိုင်မည်နည်းဆိုသည်ကို သူ စိတ်ထဲတွင် တွက်ချက်နေမိ၏။ နောက်ဆုံးတွင်ရလဒ်မှာ နှစ်ဦးစလုံးမှာ တူညီသောအနေအထားတွင်ရှိနေခြင်းပင်။
'ငါ အစွမ်းကုန်ကြိုးစားမှ ရတော့မယ်၊ ဒူးထောက်တောင်းပန်ရမယ့် အရှက်ရစရာကိစ္စကိုတော့ ကံတရားအပေါ်မှာပဲ ပုံမချနိုင်ဘူး'
ထိုသို့တွေးပြီးနောက် ကျိုးဟောက်ယွီသည် ပန်းဝင်စည်းကိုမကြည့်တော့ပေ။ သူ့အာရုံအားလုံးကို နောက်ကြည့်မှန်ပေါ်သို့ ပုံအောလိုက်ပြီး Porsche ကားမှာ သူ့ကို ဘယ်ဘက်မှကျော်တက်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည့်အခါ ကျိုးဟောက်ယွီသည် စတီယာရင်ကို ချက်ချင်းလှည့်လိုက်ပြီး ဘရိတ်ကို ဆောင့်နင်းလိုက်လေတော့သည်။
"တောက် ခွေးမသား"
လီချန်ဆဲဆိုလိုက်သည်။ သူသည် လန့်သွားပြီး ဘရိတ်ကို အမြန်ဆောင့်နင်းလိုက်ရ၏။ သို့မဟုတ်လျှင် ထိုကဲ့သို့သော အနေအထားမျိုးတွင် ကားနှစ်စီး တိုက်မိသွားပါက လီချန်အတွက် သေချာပေါက် အန္တရာယ်ကြီးလှပြီး အသက်ဆုံးရှုံးသည်အထိဖြစ်သွားနိုင်သောကြောင့်ပင်။ လီချန် အရှိန်လျော့သွားသဖြင့် ကျိုးဟောက်ယွီသည် သဘာဝအတိုင်းပင် ပန်းဝင်စည်းကို အရင်ဆုံးဖြတ်ကျော်ကာ အနိုင်ရသူဖြစ်သွားတော့သည်။ သူသည် ပြိုင်ပွဲ၌ အနိုင်ရခဲ့သော်လည်း မိန်းကလေးများ၏ချီးကျူးမှုကိုမခံရသည့်အပြင် ဘေး၌ထိုင်နေသော ဝေ့ရှီယု၏ ငေါက်ငမ်းခြင်းကိုပင် ခံလိုက်ရသေးသည်။
"နင် ရူးနေတာလား၊ ခုနက ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာ နင်သိရဲ့လား"
သူမ ဒေါသတကြီးမေးမြန်းတော့သည်။
"သိတာပေါ့"
ကျိုးဟောက်ယွီ ခေါင်းညိတ်လိုက်ပြီး ဝေ့ရှီယု၏မျက်လုံးများကို စိုက်ကြည့်ကာ အလေးအနက်ပြန်ဖြေလိုက်သည်။
"အန္တရာယ်များမှန်း ငါသိတယ်၊ အဲဒါကြောင့် ငါက ကားကိုညာဘက်လွှဲပေးလိုက်ပြီး သူ့ကိုဘယ်ဘက်ကနေ ကျော်ခိုင်းလိုက်တာလေ၊ အဲဒီလိုဆိုရင် ငါတို့တွေတိုက်မိခဲ့ရင်တောင် ငါ့ဘက်အခြမ်းပဲတိုက်မိမှာ မင်းဘက်ကတော့ ဘေးကင်းသွားလိမ့်မယ်"
"ဘေးကင်းတာတွေ ဘာတွေလာပြောမနေနဲ့"
ဝေ့ရှီယုမှ ဆဲဆိုခဲသူဖြစ်သော်လည်း ယခုမူ မအောင့်နိုင်တော့ပေ။
"နင်က နင့်ကိုယ်နင်ယောကျ်ားပီသတယ်လို့ ထင်နေတာလား၊ ငါ ပြောလိုက်မယ် နင့်ရဲ့လုပ်ရပ်က တကယ်ကိုမိုက်မဲလွန်းတာပဲ"
သူမ ဒေါသတကြီးအော်ဟစ်နေသော်လည်း သူမမျက်ဝန်းအစုံ၌မူ မသိစိတ်ဖြင့် မျက်ရည်များဝဲနေတော့သည်။