အခန်း ၁၀၀
Vol. 10 Ch. 100
100
"မိုက်မဲတာလဲဖြစ်နိုင်တာပဲ"
ကျိုးဟောက်ယွီမှာ ငြင်းခုံခြင်းမပြုဘဲ ခေါင်းညိတ်ဝန်ခံလိုက်သည်။ သူသည် ကားပေါ်မှဆင်းကာ နောက်ဘက်တွင် ရပ်တန့်ထားသော Porscheကားအနီးသို့လျှောက်သွားပြီး ကားထဲရှိ လီချန်အား တည်ငြိမ်စွာဖြင့်ပင် ဆိုလိုက်၏။
"မင်း ရှုံးသွားပြီ၊ အခုဆင်းလာပြီး ဒူးထောက်တောင်းပန်ရမယ့်အချိန်ပဲ"
"ခွေးကောင်၊ မင်းခုနက ငါ့ကိုသတ်မလို့ လုပ်နေတာ သိလား"
လီချန်မှ ဟိန်းဟောက်လိုက်၏။ အမှန်စင်စစ် သူသည် ဒူးထောက်တောင်းပန်ရန် အစီအစဉ်အလျဉ်းမရှိပေ။ ထို့ကြောင့်ပင် သူသည် ဒေါသကို အကြောင်းပြကာ အပြစ်ပေးခံရမည့်ဘေးမှလွတ်မြောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
"မင်းကိုယ်တိုင်ပဲ ပြောတာလေ၊ မင်းကို သတ်မလို့ပဲရှိသေးတာ မသေသေးဘူးမလား"
ကျိုးဟောက်ယွီမှ လှောင်ပြုံးပြုံးလိုက်ပြီးနောက် ငြင်းဆန်၍မရသော လေသံဖြင့် ပြောလိုက်သည်။
"ယောက်ျားကောင်းဆိုတာ ရှုံးရင်ဝန်ခံရဲရတယ်၊ မြန်မြန်လာပြီး ရှီယုကို ဒူးထောက်တောင်းပန်လိုက်စမ်း"
"မင်းကတော့ သေချင်နေပြီထင်တယ်"
လီချန်မှာ မျက်လုံးအစုံနီမြန်းလျက် ကျိုးဟောက်ယွီအား စိုက်ကြည့်ကာ ကားတံခါးကို ဝုန်းခနဲဖွင့်၍ ဆင်းလာခဲ့သည်။ ထို့နောက် ကျိုးဟောက်ယွီ၏ပါးဆီသို့ လက်သီးဖြင့်အားကုန်လွှဲထိုးလိုက်လေ၏။
"ဟက်"
ကျိုးဟောက်ယွီ ထိုအခြင်းအရာကိုမြင်သော် ရယ်မောပြီး ပြောလိုက်သည်။
"မိုက်မဲလိုက်တာ၊ မင်းက ကတိဖျက်ချင်တာပေါ့လေ၊ ဒါဆိုရင်တော့ ငါကပဲ မင်းကို ပညာပေးရတော့မှာပေါ့"
စကားဆုံးသည်နှင့် ကျိုးဟောက်ယွီသည် ကိုယ်ကို အသာတိမ်းရှောင်လိုက်ရာ လီချန့်လက်သီးသည် လေကိုသာ ထိမှန်သွားတော့သည်။ ထို့နောက် သူလီချန့်မေးစေ့ဆီသို့ ပင့်လက်သီးဖြင့် အားပါပါ ပြန်လည်ထိုးနှက်လိုက်၏။
"အား"
လီချန်မှာ နာကျင်စွာအော်ဟစ်ရင်း မေးစေ့ကိုကိုင်ကာ နောက်သို့ယိုင်ထွက်သွားသည်။
"ဒီကိုလာစမ်း"
ကျိုးဟောက်ယွီ အခွင့်အရေးကို လက်လွှတ်မခံဘဲ ရှေ့သို့တိုးဝင်ကာ လီချန်၏လက်မောင်းကို ဖမ်းချုပ်၍ လိမ်ချိုးလိုက်ရာ လီချန်မှာ လှုပ်မရတော့ပေ။ အမှန်စင်စစ် လီချန်မှာ သာမန်လူတစ်ယောက်မျှသာဖြစ်ရာ မသေဆေးကိုသုံးစွဲထားသည့် ကျိုးဟောက်ယွီကို မည်သို့မျှ ယှဉ်နိုင်စွမ်းမရှိချေ။ ကျိုးဟောက်ယွီအနေဖြင့် ရွှေမျက်မှန်ကိုပင် အသုံးမပြုရဘဲ လီချန့်ကိုအလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်။
"သူ့ကို လွှတ်လိုက်စမ်း"
လီချန့်သူငယ်ချင်းတစ်စုမှာ ကြည့်မနေနိုင်တော့ဘဲ ကျိုးဟောက်ယွီကို ဝိုင်းရံထားကာ လီချန်အား အမြန်ဆုံး လွှတ်ပေးရန် ဖိအားပေးကြတော့သည်။
"လွှတ်ပေးရမယ် ဟုတ်လား"
ကျိုးဟောက်ယွီမှ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
"ငါနဲ့ သူလောင်းကြေးထပ်တာကို မင်းတို့အားလုံး ကြားခဲ့ကြတာပဲ၊ အခု သူရှုံးတော့ ကတိဖျက်ဖို့ကြိုးစားနေတယ်၊ ငါက သူ့ကတိအတိုင်း လုပ်ခိုင်းတာပဲရှိတာ၊ မင်းတို့ကဘယ်လိုမျက်နှာမျိုးနဲ့ ငါ့ကို လွှတ်ပေးဖို့ပြောနေတာလဲ"
ဖန်းအန်းရှန့်မှာ မျက်မှောင်ကြုတ်ကာ လူအုပ်ထဲမှထွက်လာပြီး ကြားဝင်စေ့စပ်ရန် ကြိုးစားသည်။
"သူ လောင်းကြေးရှုံးတာမှန်ပေမယ့် သူ့ရဲ့အက်စ်ကာရီကားကို မင်းယူသွားလို့ရပြီလေ၊ ဒူးထောက်တောင်းပန်ခိုင်းတာကတော့ သိက္ခာကျလွန်းတယ်၊ ဒီလောက်နဲ့ပဲ တော်လိုက်ပါတော့"
"တော်လိုက်ပါတော့ ဟုတ်လား"
ကျိုးဟောက်ယွီမှာ ပြန်လှောင်လိုက်ရင်းပြောလိုက်သည်။
"တကယ်လို့ အခု ငါသာရှုံးခဲ့ရင် လီချန်က ငါ့ကို ဒူးထောက်တောင်းပန်ခိုင်းမှာပေါ့၊ အဲ့ကျရင်ရော မင်းတို့ အခုလို ပြောကြမှာ မဟုတ်ဘူးမလား"
ဖန်းအန်းရှန့်မှ ပြန်မဖြေဘဲခပ်ပြုံးပြုံးဖြင့် ဆိုသည်။
"ခွင့်လွှတ်နိုင်သလောက် ခွင့်လွှတ်တာက အကောင်းဆုံးပဲလေ၊ နောင်တစ်ချိန် ပြန်ဆုံဖို့ မျက်နှာသာချန်ထားသင့်တယ် မဟုတ်ဘူးလား"
"ငါကတော့ မရဘူးလို့ပြောတယ်"
ကျိုးဟောက်ယွီ၏နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုဖြတ်ပြေးသွားသည်။ ထို့နောက် သူလီချန်၏ဒူးခေါက်ကွေးကို ကန်ချလိုက်ရာ လီချန်မှာ နာကျင်စွာဖြင့် ဒူးထောက်ကျသွားပြီး သူ့ထံသို့ လျှောက်လာနေသော ဝေ့ရှီယုရှေ့တည့်တည့်သို့ ရောက်သွားတော့သည်။
"အား မင်း ခွေးကောင်၊ ငါ့ကို ဒူးထောက်ခိုင်းရဲတယ်ပေါ့၊ ငါ မင်းကိုသတ်ပစ်မယ်"
လီချန်မှာ ခေါင်းမာစွာအော်ဟစ်နေဆဲ ဖြစ်သည်။ ကျိုးဟောက်ယွီလက်ထဲတွင် အဖမ်းခံထားရသော်လည်း သူ့ဒေါသကားငြိမ်မသွားချေ။ အနီးတွင် ရပ်နေသော ဖန်းအန်းရှန့်မှာ မျက်လုံးကို မှေးလိုက်ပြီး အေးစက်စက်ဟန်ဖြင့်ပြောလိုက်သည်။
"မင်း လက်လွန်သွားပြီ၊ ဒီနေ့တော့ မင်း ဒီကနေ ကောင်းကောင်းမွန်မွန်ထွက်သွားနိုင်မှာ မဟုတ်ဘူး"
"အိုး မင်းတို့က အရှုံးကိုဝန်မခံနိုင်တော့ လက်နက်အားကိုးသုံးတော့မလို့လား"
ကျိုးဟောက်ယွီမှာ မျက်ခုံးတစ်ဖက် ပင့်ကာ တုံ့ပြန်လိုက်သည်။
"အရှုံးကို မဝန်ခံနိုင်တာ မဟုတ်ဘူး၊ အက်စ်ကာရီကို မင်းယူသွားလို့ရတယ်လို့ ငါပြောပြီးသား၊ ဒါပေမဲ့ မင်းက အတောမသတ်ဘဲ အကန့်အသတ်ကို ကျော်လာတာဆိုတော့ ငါတို့ကိုအပြစ်မတင်နဲ့"
ဖန်းအန်းရှန့်မှ အေးစက်စွာဆိုလိုက်သည်။ ထိုစကားကိုကြားသော် ဝေ့ရှီယုမှာ ဒေါသတကြီး ကြားဝင်ပြောဆို၏။
"ဖန်းအန်းရှန့် နင် ဘာလုပ်ချင်နေတာလဲ၊ ငါတို့ကို ဒီကနေမထွက်သွားနိုင်အောင် တားရဲတာလား"
"ဝေ့ မင်းထွက်သွားချင်ရင် သွားနိုင်တယ် ငါ မတားပါဘူး၊ ဒါပေမဲ့ ဒီအောက်ခြေလွတ်နေတဲ့ကောင်ကတော့ သူလုပ်ခဲ့တဲ့ကိစ္စအတွက် ဒီနေ့ပြန်ပေးဆပ်သွားရလိမ့်မယ်"
ဖန်းအန်းရှန့် ပြတ်သားစွာဆိုလိုက်သည်။ ဘေးပတ်ဝန်းကျင်မှ လူများမှာလည်း ဝိုင်းဝန်းထောက်ခံကြ၏။
"ဒီကောင်က တော်တော်ရိုင်းတာပဲ၊ ငါတို့နယ်မြေထဲမှာ ငါတို့လူကိုဒူးထောက်ခိုင်းရဲတယ်၊ ဒါ ငါတို့ကိုလုံးဝ အထင်သေးတာပဲ"
"အေးလေ၊ အနည်းဆုံးတော့ ဒီနေ့သူ့ခြေထောက်တစ်ဖက်လောက်ကို ရိုက်ချိုးပစ်လိုက်သင့်တယ်၊ နောက်တစ်ခါ ဒီလောက် ရိုင်းရဲသေးလားကြည့်ရတာပေါ့"
လူအုပ်ကြီး၏ပြောဆိုသံများကြောင့် ဝေ့ရှီယုမှာ ထိတ်လန့်သွားမိသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သူသိကျွမ်းသူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ထိုသူများနှင့် သူမ၏ဆက်ဆံရေးမှာ အပေါ်ယံမျှသာ ဖြစ်သည်။ အားကိုးရာမဲ့နေသည့်ကြားမှ ဝေ့ရှီယုမှာ တုန်ရီနေသောလေသံကို တင်းမာအောင်ထိန်းကာ ပြောလိုက်သည်။
"ငါ သတိပေးလိုက်မယ်၊ မိုက်မဲတာတွေ မလုပ်နဲ့၊ လူကို ရိုက်နှက်တာက တရားမဝင်ဘူး၊ အထူးသဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်ရင် ထောင်ကျနိုင်တယ်"
"အဲဒါအတွက် မင်း စိတ်ပူစရာမလိုပါဘူး၊ ငါတို့မှာ အစားထိုးအပြစ်ခံမယ့်လူတွေ အများကြီးရှိတယ်၊ ဒါကြောင့် မင်း အမြန်ဆုံးထွက်သွားတာ ပိုကောင်းမယ်၊ ဒီမှာ ဆက်နေရင် မြင်ရတဲ့မြင်ကွင်းတွေကြောင့် မင်းလန့်သွားလိမ့်မယ်"
ဖန်းအန်းရှန့်မှာ အေးအေးလူလူ ရယ်မောရင်း ပြောလိုက်သည်။
"ငါ မသွားဘူး၊ ငါဒီမှာရှိနေသရွေ့ သူ့ကို ထိခိုက်အောင် နင်တို့မလုပ်နိုင်စေရဘူး"
ဝေ့ရှီယုမှာ ရှေ့သို့ခြေတစ်လှမ်းတိုးကာ ကျိုးဟောက်ယွီရှေ့တွင် ကာကွယ်ပေးသကဲ့သို့ရပ်လိုက်သည်။ သူမမျက်နှာမှာ ပြတ်သားသောဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေ၏။
'ဒီလို အရေးကြီးတဲ့အချိန်မှာ သူ ငါ့ကို ပစ်မထားဘူးလို့ မထင်ထားမိဘူး'
ကျိုးဟောက်ယွီမှာ တစ်ကိုယ်တည်း ရေရွတ်ရင်း အံ့သြသွားမိသည်။ အမှန်စင်စစ် သူနှင့် ဝေ့ရှီယုမှာ အမြဲလိုလို တစ်ဦးနှင့်တစ်ဦးကြည့်မရဖြစ်နေကြသူများမဟုတ်ပါလား။
"မင်းမှာ သတ္တိရှိရင် ရှေ့ကိုထွက်ခဲ့စမ်း၊ မိန်းမတစ်ယောက်ရဲ့နောက်မှာ သူရဲဘောကြောင်သလို ပုန်းမနေနဲ့"
ဖန်းအန်းရှန့်မှာ ကျိုးဟောက်ယွီကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
"အပြင်ကို မထွက်နဲ့ဦး"
ဝေ့ရှီယုမှာ ကျိုးဟောက်ယွီအနေဖြင့် ရန်စမှုကိုမခံနိုင်ဘဲ ထွက်သွားမည်ကို စိုးရိမ်သဖြင့် အမြန်လှည့်ကြည့်ကာ တိုးတိုးလေး သတိပေးလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ့ဆီမှာ ဓားစာခံရှိပါသေးတယ် စိုးရိမ်စရာမလိုဘူး"
ကျိုးဟောက်ယွီမှာ ရယ်မောလိုက်ပြီး လီချန်ကို အားရပါးရထပ်ကန်လိုက်ပြန်သည်။
"အား မင်း ခွေးကောင် ငါ့ကိုအခုချက်ချင်း လွှတ်စမ်း၊ မင်းကို ဒီနေ့ အသေဆိုးနဲ့သေအောင် ငါလုပ်မယ်"
လီချန် နာကျင်စွာအော်ဟစ်ရင်း ဆဲဆိုနေပြန်သည်။
"အသေဆိုးနဲ့ သေစေချင်တယ် ဟုတ်လား၊ ဒါဆိုလည်း ငါကပိုကန်ပေးရမှာပေါ့"
ကျိုးဟောက်ယွီ၏နှုတ်ခမ်းများမှာ ကောက်ကွေးသွားပြီး လီချန့်ကိုယ်ပေါ်သို့ အချက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ထပ်မံကန်ကျောက်လိုက်တော့သည်။
"ရှန့်ကော ကျွန်တော့်ကိုလာကယ်ပါဦး"
လီချန်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်အကူအညီတောင်းသည်။ သူသည် တစ်သက်လုံး စည်းစိမ်ချမ်းသာထဲတွင် နေလာခဲ့သူဖြစ်ရာ ယခုကဲ့သို့ ပြင်းထန်စွာ အရိုက်ခံရသည့်ဒဏ်ကို မည်သို့ ခံနိုင်ပါမည်နည်း။
"ဒီကောင်လေးကတော့ တကယ်ကို အသေခံချင်နေတာပဲ"
ဖန်းအန်းရှန့် ဒေါသအလိပ်လိပ် ထွက်သွားတော့သည်။ ကျိုးဟောက်ယွီသည် သူ့မျက်စိရှေ့တွင်ပင် သူ့ကို မထီမဲ့မြင်ပြုကာ လီချန်ကို ရိုက်နှက်နေခြင်းမှာ သူ့အာဏာကို စိန်ခေါ်နေခြင်းပင် ဖြစ်၏။
"အားလုံး တက်ကြစမ်း"
ဖန်းအန်းရှန့် လက်ဝှေ့ယမ်းကာ အချက်ပေးလိုက်သည်နှင့် လူအုပ်ကြီးမှာ ကျိုးဟောက်ယွီထံသို့ အလုံးအရင်းဖြင့် ပြေးဝင်သွားကြတော့သည်။ ကျိုးဟောက်ယွီ၏ရှေ့တွင် ရပ်နေသော ဝေ့ရှီယုကိုမူ မည်သူမျှ ဂရုမစိုက်ကြချေ။ အကြောင်းမှာ သူမသည် မြို့တော်မှအကြီးဆုံးလုပ်ငန်းစုကြီး၏သမီးဖြစ်ရာ သူမလက်ဖျားလေးကိုပင် ထိရဲသူမရှိကြသောကြောင့်ဖြစ်သည်။