← Chapters

ထိုက်ရိစွမ်းအင်၏ကနဦးစွမ်းအား

Vol. 30 Ch. 410

ထိုက်ရိစွမ်းအင်၏ကနဦးစွမ်းအား

Vol. 30 Ch. 410

တတိယမြောက်နေ့သို့ ရောက်ရှိလာပြီး မဟူရာမီးတောက်မြို့တော်ကြီးမှာလည်း စည်ကားသိုက်ဝန်းနေလျက်ရှိသည်။ မဟူရာမီးတောက်စီရင်စုဆီမှ အဖွဲ့အုပ်စုတိုင်းသည် မီးလျှံအဆီအနှစ်သွေးကြောအတွက် ဤနေရာ၌ စုဝေးရောက်ရှိနေကြ၏။

ကန်ရွှမ်းကောင်းကင်ဒေသတွင် အသန်မာဆုံး အင်အားကြီးကလန်တစ်ခုဖြစ်သည့် ကန်ရွှမ်းကလန်သည်ပင် ထိုမီးလျှံအဆီအနှစ်သွေးကြောအား အဆင့်ခြောက်ရှိသည်ဟု သတ်မှတ်ထားခဲ့သည်။ ထို့ကြောင့် မီးလျှံအဆီအနှစ် သွေးကြောငယ်တစ်ခုသည် မဟူရာမီးတောက်စီရင်စုမှ အင်အားကြီးအဖွဲ့ဖြစ်သော ဖူကလန်အတွက်ပင် လုံလောက်သည်ထက် ပိုလျှံနေပြီ ဖြစ်၏။

ပုံမှန်အားဖြင့်ဆိုလျှင် အင်အားကြီးအဖွဲ့များမှ သိမ်းပိုက်လိုသော အရာမှန်သမျှအတွက် သာမန်အဖွဲ့ငယ်လေးများမှ ဝင်ရောက်စွက်ဖက်ရဲမည် မဟုတ်ချေ။ သို့သော်လည်း ဤတစ်ကြိမ်သည် ပုံမှန်နှင့်မတူပဲ ကွဲပြားခြားနားသော အခြေအနေ၌ ရှိနေခဲ့သည်။ ယခုတစ်ကြိမ်တွင် ပေါ်ပေါက်လာခဲ့သော မီးလျှံအဆီအနှစ်သွေးကြောမှာ မည်သည့်အင်အားကြီးကလန်၏ ပိုင်ဆိုင်မှုနယ်မြေထဲတွင်မှ မပါဝင်ခဲ့ပေ။ တစ်နည်းဆိုရလျှင်မူ ထိုမီးလျှံအဆီအနှစ်သွေးကြောမှာ ပိုင်ရှင်မဲ့မူလအရင်းအမြစ် တစ်ခုဖြစ်၏။ ထို့အပြင် အင်အားကြီးကလန်ကြီးလေးခုမှာ တစ်ခုနှင့်တစ်ခု စောင့်ကြည့်နေကြသည့်အတွက် ဒေသခံအဖွဲ့ငယ်လေးများအတွက် များစွာအကျိုးကျေးဇူး ရနိုင်ခဲ့သည်။

အင်အားကြီးကလန်ကြီးလေးခုလုံးမှာ မီးလျှံအဆီအနှစ်သွေးကြော၏ ဗဟိုချက်နေရာကိုသာ သိမ်းပိုက်ရန် ကြံရွယ်နေကြခြင်း ဖြစ်၏။

ထို့ကြောင့် ဒေသခံအဖွဲ့ငယ်များမှာ သွေးကြော၏ ဒုတိယအကောင်းဆုံးနေရာများကို ရယူနိုင်ရန်သာ ရည်ရွယ်ထားခဲ့ကြသည်။ မီးလျှံအဆီအနှစ်ဗဟိုချက် အပြင်ဘက်ရှိ သွေးကြောငယ်များသည်ပင် ဒေသခံအဖွဲ့ငယ်များအတွက် များစွာလုံလောက်နေပေပြီ ဖြစ်၏။

လွန်ခဲ့သောသုံးရက်အတွင်း မဟူရာမီးတောက်စီရင်စု၏ ကိုးဆယ်ရာခိုင်နှုန်းသော အဖွဲ့များမှ အထူးချွန်ဆုံး တပည့်များကို မဟူရာမီးတောက်မြို့တော်ဆီသို့ စေလွှတ်ခဲ့ကြလေသည်။

...  ...  ...

အခန်းငယ်တစ်ခု၌

ဇူယွမ်မှာ အိပ်ရာထက်၌ တည်ငြိမ်သောအနေအထားဖြင့် ထိုင်နေလျက်ရှိ၏။ ဇူယွမ်၏လက်ဝါးထက်တွင် ရစ်ဝဲနေလျက်ရှိသော အနက်ရောင် သစ်သားပုတီးစေ့များမှ သန့်စင်သောရိမူချီများမှာ ဇူယွမ်၏အသွေးအသားထဲသို့ အဆက်မပြတ် စီးဝင်နေပေသည်။

ဇူယွမ်၏ခန္ဓာကိုယ်၌ အစိမ်းရင့်ရောင် အလင်းတန်းများ ထွက်ပေါ်လာလျက်ရှိ၏။ အနီးကပ်ကြည့်မည်ဆိုပါလျှင် ထိုအလင်းတန်းများမှာ ဇူယွမ်၏အသွေးအသားများထဲမှ တောက်ပလာခြင်းဖြစ်ကြောင်း သိရှိနိုင်ပြီး အံ့သြထူးဆန်းဖွယ်မြင်ကွင်းကို ပေးစွမ်းနေသယောင် ရှိသည်။

ဇူယွမ်၏ခန္ဓာကိုယ်မှာ အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့၏။

ခရက် ... !

တိုးညင်းသောအက်ကွဲသံတစ်ခု ကြားလိုက်ရပြီးနောက် ဇူယွမ်၏လက်ဝါးထက်တွင် ရစ်ဝဲနေခဲ့သော ပုတီးစေ့အရွယ် သစ်သားလုံးငယ်များမှာ ပြာမှုန့်အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။

တင်းကြပ်စွာပိတ်ထားသော ဇူယွမ်၏မျက်ဝန်းအစုံတို့ ပြန်လည်ပွင့်ဟလာ၏။

ဇူယွမ်မှာ မြေပြင်ပေါ်သို့ ကျဆင်းနေလျက်ရှိသော ပြာမှုန်များကို ကြည့်နေရင်းဖြင့် စိတ်မကောင်းဖြစ်သော အရိပ်အယောင်များ ယှက်သန်းလာခဲ့ရသည်။ အဆောင်အယောင်တွင်ပါရှိသော ရိမူချီများအားလုံးကို စုပ်ယူခဲ့ပြီဖြစ်သောကြောင့် ယခုအခါ၌ မူလအသုံးအဆောင်ပစ္စည်းမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

ဇူယွမ်မှာ ခန္ဓာကိုယ်ထက်ဝက်ခန့်မျှ လင်းလက်နေသော အစိမ်းရင့်ရောင် အစက်အပြောက်များကို ကြည့်ရှုလိုက်သည်။ အလင်းရောင် အစက်အပြောက်များမှာ သေးငယ်သော အလင်းအမျှင်တန်းလေးများဖြင့် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားဟန်ရှိ၏။

အနီးကပ်သာ ကြည့်ရှုမည်ဆိုပါလျှင် ထိုအစက်အပြောက်များပေါ်၌ ရှေးကျ၍ရှုပ်ထွေးသော အမှတ်အသားများစွာကို တွေ့မြင်နိုင်ပေသည်။

သို့သော် ထိုအမှတ်အသားမှာ ပြီးပြည့်စုံသော အမှတ်အသားအဆင့်သို့ မရောက်ရှိသေးပေ။

“ထိုက်ရိအမှတ်အသား တစ်ဝက်တော့ပြီးပြီ”

ဇူယွမ်၏ခံစားချက်မှာ ပျော်ရွှင်ခြင်းရော၊ စိတ်မကောင်းဖြစ်ခြင်းရော ရောယှက်နေခဲ့၏။ စိတ်မကောင်းဖြစ်ရသည့် အကြောင်းအရင်းမှာ နှစ်ထောင်ချီသက်တမ်းရှိသော သစ်သားအဆောင်အယောင်မှ ရိမူချီများအားလုံးကို စုပ်ယူခဲ့ပါသော်လည်း ထိုက်ရိအမှတ်အသားမှာ ပြီးပြည့်စုံခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ သို့သော် ယခုအချိန်၌ ထိုက်ရိအမှတ်အသားအချို့မှာ စတင်အသက်ဝင်လာခဲ့ပြီဖြစ်သဖြင့် ပျော်ရွှင်နေခဲ့ရ၏။

ဇူယွမ်မှာ ခန္ဓာကိုယ်အတွင်းမှ ကြွယ်ဝသော အသက်စွမ်းအင်များကို ရှင်းလင်းစွာ ခံစားမိခဲ့သည်။ ထိုက်ရိအမှတ်အသား အလင်းစက်များ၏အောက်တွင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများအားလုံးမှာ ပေါ့ပါးဖျတ်လတ်နေသည့်အလား ရှိနေ၏။

ဇူယွမ်မှာ ထိုက်ရိအမှတ်အသားတဝက်ခန့် ဖုံးအုပ်လျက်ရှိနေသော ဘယ်ဘက်လက်အား ဆုပ်လိုက်သည်။ ထို့နောက် မျက်ဝန်းများကိုမှိတ်ကာ ဓားကိုထုတ်လိုက်သောအခါတွင် အေးစက်သောအလင်းတန်းများက ဓားတစ်လျှောက် စီးဆင်းသွား၏။

အေးစက်စက်အလင်းတန်းတစ်ခုနှင့်အတူ သွေးစက်များ ကျဆင်းလာခဲ့သည်။

ဇူယွမ်၏လက်မောင်းထက်၌ အရိုးထိတိုင်မြင်ရသော ပြင်းထန်သည့်ဒဏ်ရာတစ်ခု ဖြစ်ပေါ်သွားခဲ့၏။

သို့သော် ချက်ချင်းဆိုသလိုပင် ဇူယွမ်၏အသွေးအသားထဲမှ အစိမ်းရင့်ရောင် အလင်းစက်များ တောက်ပလာကာ အသက်စွမ်းအင်များကို ထုတ်လွှတ်သောကြောင့် သွေးများတိတ်သွားရသည်။

ထို့နောက် အသွေးအသားသစ်များ စတင်ပေါ်ထွက်လာကာ အသက်ရှူစာ အနည်းငယ်အတွင်း၌ပင် ဒဏ်ရာမှာ ပြန်လည်ကောင်းမွန်သွားခဲ့၏။

ဇူယွမ်မှာ ပျော်ရွှင်သောခံစားချက်များအား ထိန်းချုပ်၍မရနိုင်အောင်ပင် ဖြစ်နရေသည်။

ဇူယွမ်မှာ ထိုက်ရိအမှတ်အသားအား ပြီးပြည့်စုံစွာ မရေးဆွဲရသေးပါသော်လည်း အမှတ်အသား၏ စွမ်းအင်အချို့မှာ စတင်အသက်ဝင်နေပြီ ဖြစ်၏။ ထိုက်ရိအမှတ်အသားအား ပြီးပြည့်စုံသည်အထိ ရေးဆွဲနိုင်ခဲ့လျှင် ဇူယွမ်၏ ပြန်လည်ကောင်းမွန်ခြင်းစွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာနိုင်ပေသည်။

ထို့အပြင် ယခုထိုက်ရိအမှတ်အသား၏ စွမ်းအင်များမှာ ကနဦးအဆင့်သာ ရှိနေသေး၏။ ထိုက်ရိအမှတ်အသားတစ်ခုလုံးအား ဖန်တီးရေးဆွဲပြီးသည့် အချိန်ရောက်လျှင် ဇူယွမ်မှာ ရိမူချီများကို ထိုက်ရိသစ်စိမ်းပင်အမှတ်အသားဆီသို့ ကူပြောင်းနိုင်မည် ဖြစ်သည်။

ထိုက်ရိသစ်စိမ်းပင်အမှတ်အသား၏ အထွတ်အထိပ်အဆင့်သို့ ရောက်သွားခဲ့ပါက ဇူယွမ်မှာ ထာဝရခန္ဓာကိုယ်ကို ရရှိနိုင်ပေလိမ့်မည်။

ထိုသို့ဖြစ်လာခဲ့လျှင် ဇူယွမ်မှာ ပြာမှုန်အဖြစ်သို့ အလုံးစုံ မကူးပြောင်းမချင်း မည်သည့်ဒဏ်ရာမှမဆို ပြန်လည်ကောင်းမွန်နိုင်မည် ဖြစ်၏။

ဤမျှကောင်းသော ပြန်လည်ကောင်းမွန်နိုင်သည့် စွမ်းရည်က အနာဂတ်တွင် ဇူယွမ်အတွက် တိုက်ပွဲများအတွင်း များစွာအကျိုးဖြစ်ထွန်းစေနိုင်သည်။

သုံးရက်တာ သီးခြားကျင့်ကြံခြင်း၌ များစွာ​သောကောင်းကျိုးများကို ရရှိခဲ့သောကြောင့် ဇူယွမ်မှာ ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်နေမိ၏။

ဒေါက် ... ဒေါက် ... ...

တံခါးခေါက်သံအား ကြားလိုက်ရသဖြင့် ဇူယွမ်မှာ အိပ်ရာထက်မှထကာ တံခါးဆီသို့ အလျင်အမြန် လျှောက်လှမ်းသွားခဲ့သည်။

တံခါးဝ၌ရှိနေသူမှာ လီချင်းချန်ဖြစ်ပြီး သူမ၏တင့်တယ်လှပသော မျက်နှာလေးမှာ ပုံမှန်အတိုင်းပင် အေးစက်စက်သာ ရှိနေ၏။ လီချင်းချန်မှာ ဇူယွမ်အားကြည့်၍ စကားဆိုလိုက်သည်။ “နင်မထွက်လာသေးဘူးဆိုရင် ငါတို့က နင်မပါဘဲ သွားလိုက်တော့မလို့”

လီချင်းချန်၏အသံမှာ တည်ငြိမ်နေသော်လည်း စိတ်အလိုမကျသော အရိပ်အယောင်များ အထင်းသား ပါဝင်နေခဲ့၏။

မီးလျှံကျောက် အလောင်းအစား ပြုလုပ်ပြီးသည့် အချိန်မှစ၍ ဇူယွမ်မှာ အခန်းထဲ၌သာ သီးခြားကျင့်ကြံနေခဲ့သည်။ ထိုသို့ဇူယွမ်၏အပြုအမူများအား လီချင်းချန်မှ အနည်းငယ်မျှပင် စိတ်တိုင်းမကျခဲ့ပေ။

ကောင်းကင်အဆင့် တာဝန်လုပ်ဆောင်ခြင်းအဖွဲ့၌ ဇူယွမ်၏နေရာအား လီချင်းချန်မှ တစ်ချိန်လုံး ကာကွယ်ပေးနေခဲ့ရပြီး အကြီးအကဲဝူနှင့်ပင် အတိုက်အခံဖြစ်မလို ဖြစ်ခဲ့ရ၏။ လီချင်းချန်မှာ ရွေးချယ်ခံတပည့်တစ်ဦး ဖြစ်နေ၍သာ အကြီးအကဲဝူမှာ သူမ၏ဆုံးဖြတ်အား လေးစားပေးခဲ့ခြင်း ဖြစ်သည်။

ဇူယွမ်မှာ လီချင်းချန်၏စကားအား ကြားလိုက်ရသောအခါ၌ နားလည် သဘောပေါက်ဟန်ဖြင့် လျင်မြန်စွာ တောင်းပန်စကား ဆိုလိုက်၏။

ဇူယွမ်သည် လီချင်းချန်တို့အား သီးခြားကျင့်ကြံခြင်းပြုမည်ဟု ကြိုတင် ပြောဆိုထားခဲ့ပါသော်လည်း အခြားသူများ၏ အမြင်တွင်မူ ဇူယွမ်မှာ အချောင်ခိုရန် အကြောင်းပြချက် ရှာဖွေနေခြင်းဖြစ်သည်ဟုသာ ယူဆထားကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သုံးရက်မျှ သီးခြားကျင့်ကြံရုံဖြင့် သိသာသောတိုးတက်မှု မရှိနိုင်ခြင်းကြောင့် ဖြစ်၏။ ထိုကြောင့် ဇူယွမ်၏လုပ်ရပ်မှာ နောက်ဆုံးအချိန်မှ အပတ်တကုတ် ကြိုးစားပြနေသကဲ့သို့ ဖြစ်နေခဲ့သည်။

ဇူယွမ်မှာ ထိုက်ရိသစ်စိမ်းပင်အမှတ်အသားအကြောင်းအား အနည်းငယ်မျှပင် ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ရိုးရှင်းစွာသာ တောင်းပန်စကားဆိုခဲ့၏။

လီချင်းချန်မှာ ဇူယွမ်၏တောင်းပန်စကားအား အလေးမထားဟန်ဖြင့် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “သွားရအောင်။ မီးလျှံအဆီအနှစ်သွေးကြောတိုက်ပွဲက စတော့မယ်။ ငါတို့ အသင့်ပြင်ထားမှ ဖြစ်မယ်”

“ပြီးတော့ ဗဟိုချက်ရဲ့ အပြင်ဘက်ကိုပဲ နေရာချပေးတာကိုလည်း မကျေမနပ် ဖြစ်မနေနဲ့ဦး။ နင့်ကို တာဝန်ပေးထားတာကိုက တော်လှပြီ” လီချင်းချန်မှ သတိပေးလိုက်၏။

အင်အားကြီးကလန်ကြီးလေးခုမှာ မီးလျှံအဆီအနှစ် အကြွယ်ဝဆုံးဖြစ်သော ဗဟိုချက်နေရာကို သိမ်းပိုက်ရယူနိုင်ရန်သာ ရည်ရွယ်ထားကြသည်။

သို့သော် အကြီးအကဲဝူမှာ ဇူယွမ်အား ဗဟိုချက်၏အပြင်ဘက်ရှိ ဒေသခံအဖွဲ့များသိမ်းပိုက်ကြမည့် နေရာကိုသာ တာဝန်ချထားပေးခဲ့၏။

လီချင်းချန်၏ သတိစကားအား ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။

လီချင်းချန်မှာ မည်သည့်စကားမှ ဆက်၍မပြောတော့ပဲ တစ်ဖက်သို့ လှည့်ထွက်သွား၏။

ဇူယွမ်မှာ သူမ၏နောက်မှ လျင်မြန်စွာ လိုက်ပါသွားခဲ့သည်။

ဇူယွမ်နှင့်လီချင်းချန်တို့နှစ်ဦး ထိပ်ဆုံးထပ်သို့ ရောက်ရှိသွားသည့်အခါတွင် အကြီးအကဲဝူ၊ ကျောင်းဇူနှင့် အခြားသူများ စောင့်ဆိုင်းနေကြသည်ကို တွေ့ရှိလိုက်ရ၏။

ချင်းဟိုင်မှာ ဇူယွမ်အားကြည့်၍ စနောက်လိုဟန်ဖြင့် စကားဆိုလိုက်သည်။ “ဟဲဟဲ... ဂျူနီယာညီတော်ဇူယွမ်သုံးရက်လောက် သီးခြားကျင့်ကြံလိုက်တာ တော်တော်မှ တိုးတက်လာရဲ့လား”

ဇူယွမ်မှာ ချင်းဟိုင်အား တစ်ချက်မျှသာကြည့်လိုက်ပြီး မည်သည့်စကားမှ မတုံ့ပြန်ခဲ့ချေ။

အကြီးအကဲဝူမှာ ဇူယွမ်အားကြည့်၍ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။

ဇူယွမ်အား ဗဟိုချက်၏အပြင်ဘက်၌ နေရာချထားခဲ့သဖြင့် ဗဟိုချက်အတွင်းရှိ နေရာတစ်ခုအား လက်လွှတ်ခဲ့ရသည်။

သို့သော်လည်း ရွေးချယ်စရာမရှိပေ။ ဇူယွမ်၏ ကျင့်ကြံခြင်းအဆင့်မှာ အခြားသူများနှင့် နှိုင်းယှဉ်၍မရအောင်ပင် နိမ့်ပါးနေခဲ့၏။

အကြီးအကဲဝူမှ အင်္ကျီလက်မောင်းအိုးအား ဝှေ့ယမ်းလိုက်သည်နှင့်တကွ အစက်အပြောက်ဆယ်ခုမှာ ဇူယွမ်နှင့် အခြားသူများဆီသို့ ခွဲဝေရောက်ရှိလာခဲ့သည်။

ဇူယွမ်တို့မှ လက်ခံရယူကာ ကြည့်ရှုလိုက်သောအခါတွင် လက်မအရွယ်ခန့်ရှိသော ကျောက်စိမ်းပြားလေး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။ ကျောက်စိမ်းပြားပေါ်၌ မူလမှော်စာလုံးတစ်ခု ထွင်းထုထားကာ ခပ်မှိန်မှိန် တောက်ပနေပေသည်။

“ဒီကျောက်စိမ်းပြားက ပေတစ်ထောင်အတွင်း အချင်းချင်းဆက်သွယ်လို့ရမဲ့ ပစ္စည်းပဲ။ မီးလျှံအဆီအနှစ် သွေးကြောနယ်မြေထဲမှာ တစ်ယောက်နဲ့တစ်ယောက် သတင်းအချက်အလက်တွေ ဝေမျှနိုင်အောင်လို့ပေးထားတာ” အကြီးအကဲဝူမှ ရှင်းပြလိုက်၏။

လီချင်းချန်တို့အုပ်စုမှ အကြီးအကဲဝူအား ခေါင်းညိတ်ပြကာ ကျောက်စိမ်းပြားကို နားအတွင်းသို့ ထည့်ထားလိုက်ကြသည်။

ထို့နောက် အကြီးအကဲဝူမှ အင်္ကျီလက်မောင်းအိုးအား ဝှေ့ယမ်း၍ ချီတိမ်တိုက်တစ်ခု ဖန်တီးကာ လီချင်းချန်၊ ကျောင်းဇူနှင့် အဖွဲ့ဝင်များအားလုံးကို တင်ဆောင်လိုက်၏။

“သွားရအောင်”

အကြီးအကဲဝူ ဦးဆောင်ထားသော ချီ​တိမ်တိုက်ကြီးမှာ ကောင်းကင်ထက်သို့ ပျံသန်းသွားလေတော့သည်။

မဟူရာမြို့တော်၏ ကောင်းကင်ထက်၌ ချီတိမ်တိုက်များစွာ ဥဒဟိုသွားလာနေကြ၏။ များပြားလှသော ချီတိမ်တိုက်များမှာ ကျိုင်းကောင်အစုအဖွဲ့များ ပျံသန်းနေသည့်အလား မဟူရာမီးတောက် တောင်တန်းများဆီသို့ သွားရောက်နေကြပေသည်။

မဟူရာမီးတောက်စီရင်စုရှိ မီးလျှံအဆီအနှစ်သွေးကြောအား ခွဲဝေရယူမည့်တိုက်ပွဲမှာ စတင်တော့မည်ပင် ဖြစ်၏။

All Chapters