← Chapters

မီးလျှံအဆီအနှစ်သွေးကြော

Vol. 30 Ch. 411

မီးလျှံအဆီအနှစ်သွေးကြော

Vol. 30 Ch. 411

မဟူရာမီးတောက်တောင်တန်း၏ အတွင်းပိုင်း၌ ခမ်းနာထည်ဝါသော တောင်ကြီးတစ်လုံးရှိသည်။ တောင်ကြီး၏ ထိပ်ပိုင်းမှာ ပွင့်ဟနေကာ မီးတောင်တစ်လုံး၏ အသွင်သဏ္ဌာန် ဖြစ်ပေါ်နေပြီး ပြင်းထန်လှသော အပူရှိန်များကို ထုတ်လွှတ်နေ၏။

တောင်နှင့်အနီးတဝိုက် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမံများအားလုံးမှာ အပူရှိန်ကြောင့် သေဆုံးခဲ့ရပြီး ကျတီးခေါင်လွင်တစ်ခု ဖြစ်နေခဲ့ပေသည်။

ဤတောင်ထိပ်ရှိ ပွင့်ဟနေသောနေရာမှာ မီးလျှံအဆီအနှစ်သွေးကြောနယ်မြေသို့ သွားရောက်ရမည့် ဝင်ပေါက်ပင် ဖြစ်၏။

ဝှစ် ... ဝှစ် ... .

ကောင်းကင်ထက်မှ များပြားလှသော ပုံရိပ်များမှာ မီးတောင်ဝ၏ အနီးတဝိုက်သို့ ဆင်းသက်နေခဲ့ကြသည်။

မီးတောင်ဝအနီး၌ ရှိနေကြသူများမှာ တစ်ဦးနှင့်တစ်ဦး   သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် ကြည့်နေကြ၏။  မီးလျှံအဆီအနှစ် သွေးကြောနယ်မြေထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် မည်မျှရင်းနှီးသောမိတ်ဆွေများပင် ဖြစ်ပါစေ တိုက်ခိုက်ရတော့မည်သာ ဖြစ်သည်။

ကြီးမားလှသော ချီတိမ်တိုက်ကြီးတစ်ခုမှာ မီးတောက်ဝနှင့် အနီးဆုံးနေရာသို့ ဆင်းသက်လာခဲ့၏။ ထိုအုပ်စုအား အကြီးအကဲဝူမှ ဦးဆောင်ထားလျက် ရှိပေသည်။

ကန်ရွှမ်းကလန်၏ အုပ်စုရောက်ရှိလာပြီးသည့်နောက် မကြာမီမှာပင် ကျန်ရှိသည့် အင်အားကြီးကလန်များဖြစ်သော မြင့်မြတ်သောနန်းတော်၊ မြောက်ပိုင်းနဂါးပင်လယ်ခန်းမနှင့် အလှပန်းတစ်ရာနန်းတော်တို့မှလည်း အသီးသီး ရောက်ရှိလာခဲ့ကြ၏။

ဇူယွမ်မှာ အလှပန်းတစ်ရာနန်းတော် အုပ်စုအတွင်း၌ ကျိုးချူးချင်ယုအား တွေ့ရှိလိုက်ရသည်။ ကျိုးချူးချင်ယုမှာလည်း ဇူယွမ်၏အကြည့်အား သတိထားမိသွားပြီး လျင်မြန်စွာပင် မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။

ကြည့်ရသည်မှာ ကျိုးချူးချင်ယုသည်လည်း မီးလျှံအဆီအနှစ်သွေးကြောဆီသို့ သွားရောက်မည့်ဟန် ရှိသည်။

ဇူယွမ်မှာ ကျိုးချူးချင်ယုအား ပြုံးပြလိုက်ပြီးနောက် မြင့်မြတ်သော နန်းတော်အုပ်စုဆီသို့ ကြည့်လိုက်၏။ မြင့်မြတ်သော နန်းတော်အုပ်စုအားလည်း အကြီးအကဲတစ်ဦးမှ ဦးဆောင်ထားခဲ့ပြီး ဝမ့်ချီနှင့် ကောင်းကျင့်ဇူတို့အဖွဲ့မှာ အနောက်မှဝန်းရံထားခဲ့သည်။

ဝမ့်ချီတို့၏ဘေးတွင်မူ ယန်ရွှမ်းရှိနေခဲ့ပြီး အဖြူရောင်အဝတ်အစားအား  ဆင်မြန်းထား၏။

ယန်ရွှမ်းမှာလည်း ဇူယွမ်တို့အဖွဲ့အား လှမ်း၍ကြည့်နေခဲ့ပြီး ဇူယွမ်နှင့် အကြည့်ချင်း ဆုံသွားခဲ့ကြသည်။ ယန်ရွှမ်းမှာ ဇူယွမ်အား ညင်သာစွာ ပြုံးပြလိုက်၏။ သို့သော် ယန်ရွှမ်း၏မျက်ဝန်းများမှာ အစာရှာနေသော သားရဲတစ်ကောင်အလား ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

“မီးလျှံအဆီအနှစ်သွေးကြောအတွက် တိုက်ပွဲကို စကြတော့မလား” မြင့်မြတ်သောနန်းတော်မှ အကြီးအကဲက ပြုံး၍မေးလိုက်၏။

အကြီးအကဲဝူနှင့် အခြားအုပ်စုနှစ်ခုမှ အကြီးအကဲများမှာ တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

ထို့နောက် မြင့်မြတ်သောနန်းတော်၏ အကြီးအကဲမှာ မရေမတွက်နိုင်သော လူအုပ်ကြီးအားကြည့်ရင်း လက်ကိုမြှောက်၍ စကားဆိုလိုက်၏။

“မီးလျှံအဆီအနှစ်သွေးကြောကို ရရှိဖို့အတွက်က မင်းတို့အားလုံးရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်နေပါတယ်”

“စလိုက်ကြရအောင်”

ဝုန်း ... ..

အကြီးအကဲမှ စကားဆိုပြီးသည်နှင့်တစ်ပြိုင်နက် ချီစွမ်းအင်များစွာ ပေါက်ကွဲထွက်ပေါ်လာကြပြီး များစွာသောပုံရိပ်များမှ မီးတောက်ဝဆီသို့ ​ပျံသန်း တိုးဝင်သွားကြသည်။

“ငါတို့လည်း သွားရအောင်” လီချင်းချန်မှာ ဇူယွမ်အား ခေတ္တမျှကြည့်နေခဲ့ပြီးနောက် ဆက်၍ပြောလိုက်၏။ “အထဲကိုရောက်ရင် ငါတို့ကိုတာဝန်ပေးထားတဲ့ နေရာတွေဆီကို ဦးတည်သွားကြရမယ်”

လူတိုင်းမှ ခေါင်းညိတ်ပြလိုက်ကြသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

လီချင်းချန်တို့အုပ်စုမှာ မီးတောင်ဝဆီသို့ ရောက်ရှိ​နေကြပြီ ဖြစ်သည်။ မီးတောင်ဝဆီမှ ပူပြင်းလှသော အပူရှိန်များကို ထုတ်လွှတ်နေခဲ့သော်လည်း လီချင်းချန်တို့မှ ချီစွမ်းအင်များဖြင့် ကာကွယ်ထားခဲ့၏။

“သွားရအောင်”

ပုံရိပ်ဆယ်ခုမှာ မီးတောင်ဝအတွင်းသို့ တိုးဝင်သွားကြလေတော့သည်။

မီးတောင်ဝရှိဝင်ပေါက်မှာ သွေးနီရောင်ရဲရဲဖြင့် ချော်ရည်ပူများရှိရာသို့ ဦးတည်နေခဲ့၏။ လီချင်းချန်တို့အုပ်စုမှာ မြေပြင်ဆီသို့ မရောက်ရှိမီ အသက်ရှူစာ အနည်းငယ်မျှ ပျံသန်းနေခဲ့ရသည်။

လီချင်းချန်တို့ မြင်တွေ့လိုက်ရသည်မှာ အဆုံးမဲ့ သွေးနီရောင် မြေပြင်ကြီးတစ်ခုဖြစ်ပြီး ချော်ရည်ပူများမှာလည်း မြေကြီးထဲမှ ထိုးထွက်နေလျက် ရှိ၏။

ဤနေရာမှာ မီးတောင်အတွင်းရှိ ကိုယ်ပိုင်မြေအောက်ကမ္ဘာငယ် တစ်ခုအလား ဖြစ်နေပေသည်။

မီးတောင်ဝမှ များပြားလှသော ပုံရိပ်များ အဆက်မပြတ် ဆင်းသက်လာခဲ့ပြီးနောက် အရပ်မျက်နှာအမျိုးမျိုးသို့ ဦးတည်သွားကြ၏။ ချီစွမ်းအင်ပေါက်ကွဲထွက်ပေါ်သံများမှာလည်း မီးတောင်တလျှောက် ကျယ်လောင်စွာ ကြားနေခဲ့ရသည်။

မီးလျှံအဆီအနှစ် သွေးကြောသိမ်းပိုက်ခြင်းတိုက်ပွဲမှာ စတင်ခဲ့ပြီပင် ဖြစ်၏။

လီချင်းချန်မှာလည်း အဖွဲ့အားဦးဆောင်ကာ ဗဟိုချက်ရှိရာ အရှေ့အရပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

လီချင်းချန်တို့အုပ်စုမှာ လျင်မြန်စွာ ပျံသန်းနေခဲ့ပြီး မကြာမီ၌ပင် အောက်ခြေရှိမြေပြင်များ ပို၍ပူပြင်းနေသည့်နေရာသို့ ရောက်ရှိလာခဲ့၏။ ထိုနေရာနှင့် ခပ်လှမ်းလှမ်း၌ မီးလျှံအဆီအနှစ် သွေးကြောတစ်ခု ရှိနေခဲ့သည်။

ဇူယွမ်မှာ ပျံသန်းနေသည့်အရှိန်အား လျှော့ချလိုက်၏။

ဤနေရာမှ ဆက်လက်ပျံသန်းသွားလျှင် မကြာမီ၌ပင် ဗဟိုချက်ဒေသသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ဇူယွမ်အား တာဝန်ချထားပေးခဲ့သော ဤနေရာမှာ လီချင်းချန်နှင့် အခြားသူများ တာဝန်ချထားခြင်းခံရသော လမ်းကြောင်းပေါ်၌ ရှိနေ၏။

“သတိထားနော်ဇူယွမ်” လီချင်းချန်မှ စိတ်မချသည့်အလား ဇူယွမ်အား ကြည့်ရှုလိုက်သည်။

တစ်ဖက်တွင်တော့ ကျောင်းဇူနှင့် အခြားသူများမှာ ဇူယွမ်အား လှောင်ပြောင်လိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြ၏။ ဤကောင်းကင်အဆင့်တာဝန်အား လုပ်ဆောင်နိုင်ရန် အတင်းလိုက်ပါလာခဲ့သော ဇူယွမ်မှာ အဆုံး၌ အရှက်ကွဲရခြင်းနှင့်သာ အဆုံးသတ်ရနိုင်ခြေ ရှိပေသည်။

ဇူယွမ်မှာ လီချင်းချန်အား ပြုံးကာခေါင်းညိတ်ပြလိုက်ပြီးနောက် သွေးကြောရှိရာ အရပ်မျက်နှာဆီသို့ ဦးတည်ပျံသန်းသွားခဲ့၏။

လီချင်းချန်မှာ ဇူယွမ်၏ပုံရိပ်အား ကြည့်နေရင်း နှုတ်ခမ်းအစုံကို ဖိကိုက်လိုက်မိသည်။ သို့သော်လည်း ဤအချိန်သည် စိတ်အာရုံ ပျံ့လွင့်ရမည့်အချိန် မဟုတ်ကြောင်း လီချင်းချန်မှ ကောင်းစွာနားလည်ထား၏။ ဗဟိုချက်ဒေသထဲသို့ ဝင်ရောက်သွားပြီးသည်နှင့်တကွ အခြားသောအင်အားကြီးကလန်များနှင့် ပြင်းထန်သောတိုက်ပွဲများကို ဆင်နွှဲကြရတော့မည် ဖြစ်သည်။

ထို့ကြောင့် လီချင်းချန်မှာ ခေါင်းကိုခါယမ်းကာ အဖွဲ့ဝင်များကိုဦးဆောင်၍ ဗဟိုချက်ဒေသသို့ ဆက်လက်ပျံသန်းလိုက်၏။

...  ...  ...

ဇူယွမ်မှာ ပူပြင်းခြောက်သွေ့နေသော ဧရိယာထက်၌ ပျံသန်းရင်း တာဝန်ချထားခြင်းခံရသောနေရာအား မြေပုံကြည့်၍ ရှာဖွေနေခဲ့သည်။ လက်ရှိအချိန်၌ အခြားသော အဖွဲ့အုပ်စုများမှာလည်း သွေးကြောအနီးသို့ စတင်ရောက်ရှိလာကြပြီး သတိကြီးစွာဖြင့် လှည့်လည်သွားလာနေခဲ့၏။

ထိုအဖွဲ့များမှာ အပြင်ဘက်သွေးကြောအနီး၌ ဇူယွမ်အား မြင်တွေ့လိုက်ရသောအခါ အလွန်ပင် အံ့အားသင့်သွားခဲ့ကြသည်။ ဇူယွမ်မှာ လွန်ခဲ့သောရက်များအတွင်း မဟူရာမီးတောက်မြို့တော်၌ အလွန်နာမည်ကြီးနေခဲ့သော ကန်ရွှမ်းကလန်မှ တပည့်ဖြစ်ကြောင်း သူတို့အမှတ်ရနေခဲ့၏။ ကန်ရွှမ်းကလန်ကဲ့သို့ အင်အားကြီးကလန်ကြီးမှာ သွေးကြော၏ ဗဟိုချက်နေရာကိုသာ သိမ်းပိုက်သင့်သည် မဟုတ်ပါလော။ အဘယ်ကြောင့် ထိုကောင်လေးမှာ ဤနေရာ၌ ရှိနေရပါသနည်း။

ဇူယွမ်မှာ ဝေခွဲမရစွာ ငေးမောကြည့်ရှုနေသူများကို အလုံးစုံ လျစ်လျူရှုထားခဲ့သည်။ ထို့နောက် အချိန်အနည်းငယ်မျှ ဆက်လက်ရှာဖွေပြီးချိန်တွင် တာဝန်ချထားခြင်းခံရသော ဧရိယာအား တွေ့ရှိခဲ့ရ၏။

သွေးနီရောင် အဆီအနှစ်သွေးကြောကြီးမှာ မြေပြင်ထက်မှ တောင်ကုန်းငယ်တစ်ခုအလား ထွက်ပေါ်နေခဲ့သည်။ ထိုတောင်ကုန်းငယ်လေးမှာ နီရဲနေသော မီးလျှံကျောက်တုံးများနှင့် ပြည့်နှက်နေ၏။

ဤဧရိယာမှာ သွေးကြော၏ဗဟိုချက်မနှင့် နှိုင်းယှဉ်၍ မရနိုင်ပါသော်လည်း ဗဟိုချက်အပြင်ဘက်ဒေသထဲ၌ အတော်ပင် အဆီအနှစ်ကြွယ်ဝသော နေရာဖြစ်ပေသည်။

ဇူယွမ်မှာ တောင်ကုန်းမြင့်တစ်ခုပေါ်သို့ ဆင်းသက်လိုက်၏။ ထို့နောက် အကြီးအကဲဝူ ပေးထားခဲ့သော အလံငယ်ကိုစိုက်ထူကာ ချီစွမ်းအင်များ သွန်းလောင်းလိုက်သည်နှင့်တကွ ပေဒါဇင်ချီသော အလံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဇူယွမ်မှာ အလံအား မြေပြင်နက်နက်ထဲသို့ ထိုးစိုက်လိုက်သည်နှင့်တစ်ပြိုင်နက် အလံတိုင်ထိပ်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး စက်ဝိုင်းသဏ္ဌာန်အဖြစ် ပျံ့နှံ့သွား၏။

ထိုစက်ဝိုင်းသဏ္ဌာန်အလင်းတန်းမှာ ပေတစ်ရာပတ်လည်သို့ လွှမ်းခြုံသွားခဲ့သည်။

ဤသည်မှာ ၎င်းပေတစ်ရာပတ်လည်အား တစ်စုံတစ်ဦးမှ သိမ်းပိုက်ထားသည်ဟူသော အမှတ်အသားပင် ဖြစ်၏။

ဤအမှတ်အသား ပြုလုပ်ပြီးသည့်အချိန်တွင် တစ်စုံတစ်ဦးမှ ကျူးကျော်ဝင်ရောက်ကာ ထိုဧရိယာအား သိမ်းပိုက်ရန် ရည်ရွယ်ချက်ရှိကြောင်း ပြသလာခဲ့ပါက တစ်ခုတည်းသော ရွေးချယ်စရာမှာ တိုက်ခိုက်ကြရန်ပင် ဖြစ်သည်။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် အလံတိုင်၏ဘေး၌ ရပ်နေခဲ့၏။

ဇူယွမ်မှာ အဖွဲ့ထဲ၌ ခွဲခြားဆက်ဆံခြင်း ခံရပါသော်လည်း မည်သူ့ကိုမှ ဒေါသမထွက်ခဲ့ချေ။ တာဝန်ချထားခြင်းခံရသော အလုပ်ကိုသာ ပထမဦးစွာ ကျေပွန်အောင် လုပ်ဆောင်ရန် တွေးထားခဲ့သည်။

သို့သော်လည်း ခွဲခြားဆက်ဆံခြင်း ခံရသည့်အတွက် ဇူယွမ်မှာ အနည်းငယ်မျှ စိတ်မကောင်းဖြစ်မိ၏။

ဇူယွမ်မှာ အလံတိုင်အား ဆုပ်ကိုင်ကာ လက်ချောင်းများဖြင့် တတောက်တောက် ခေါက်နေခဲ့သည်။

ထို့နောက် ဇူယွမ်မှာ အေးစက်သောအကြည့်များဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်၏။

ယခုအချိန်မှစ၍ ဤမိုင်တစ်ရာပတ်လည်မှာ ဇူယွမ်၏ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့ပြီဖြစ်သောကြောင့် ကျူးကျော်ဝင်ရောက်လာမည့် မည်သူမဆို ကောင်းစွာ ကြိုတင်ထားသင့်ပေသည်။

All Chapters