← Chapters

ပြောင်းလဲမည့် အရိပ်အ​မြွက်

Vol. 30 Ch. 412

ပြောင်းလဲမည့် အရိပ်အ​မြွက်

Vol. 30 Ch. 412

မီးလျှံကျောက်များနှင့် ပြည့်နှက်နေသော သွေးနီရောင် တောင်ကုန်းတစ်ခုပေါ်၌ရှိနေသော လူငယ်လေးတစ်ဦးအား တောင်ကြားထဲမှပုံရိပ်များက ချောင်းမြောင်းကြည့်ရှုနေလျက် ရှိသည်။

ထို့နောက် ထိုပုံရိပ်များမှာ လူငယ်လေးအနားသို့ တိတ်တဆိတ်ဖြင့် ချဉ်းကပ်လာခဲ့ပြီးနောက် လျှပ်စီးအလား လျင်မြန်လှသောအရှိန်ဖြင့် ကြောက်မက်ဖွယ် အစွယ်များထုတ်ကာ ရှေ့သို့​ခုန်အုပ်လိုက်၏။

ချပ် ... ..

သို့သော် သွေးနီရောင်အစွယ်များမှာ ထက်ရှလှသော စုတ်တံထိပ်ရှိ အမွေးများနှင့် တွေ့ဆုံသွားခဲ့ရပေသည်။ ဖြူဖွေးနေသော စုတ်တံမွှေးများမှာ လှံထိပ်တစ်ခုကဲ့သို့ ချွန်ထက်စွာ စုစည်းနေခဲ့ပြီး လေထုကိုပင် ဆုတ်ဖြဲနိုင်သော ချီစွမ်းအင်များ ပါဝင်စီးဆင်းနေခဲ့၏။

စွပ် ... .

စုတ်တံထိပ်မှ ရစ်ဝဲစီးဆင်းနေသော ချီစွမ်းအင်များမှာ  ကြီးမားသောသားရဲကြီး၏ ဦးခေါင်းနေရာအား ချက်ချင်းဆိုသလို ဖောက်ဝင်သွားခဲ့သည်။ လတ်ဆတ်လှသော သွေးများဦးခေါင်းထက်မှ ပန်းထွက်လာခဲ့ပြီး သားရဲကြီးမှာ အော်မြည်ခြင်းပင်မပြုနိုင်ပဲ သေဆုံးသွားရတော့၏။

ဇူယွမ်မှာ သူ၏အနောက်တွင် လဲကျသေဆုံးနေလျက်ရှိသော သားရဲကြီးအား လှည့်ကြည့်လိုက်သောအခါ သွေးနီရောင် ဆူးချွန်များနှင့် ပြည့်နှက်နေသော ကြီးမားလှသည့် ရှီးရီသတ္တဝါအား တွေ့ရှိလိုက်ရသည်။

ဤသည်မှာ ကောင်းကင်ဘုံမီးတောက် ရှီးရီသတ္တဝါကြီးပင် ဖြစ်၏။

မီးလျှံအဆီအနှစ်သွေးကြောမှ ဖြစ်ပေါ်လာခဲ့သော အဆင့်လေးသားရဲများဖြစ်ကြပြီး မူလစဦး ကျင့်ကြံသူတစ်ယောက်ထက် အားမနည်းသော သတ္တဝါများ ဖြစ်သည်။

သို့သော် ထိုရှီးရီသတ္တဝါအား ဇူယွမ်မှ အလေးပင်ထားပုံမရချေ။

ဇူယွမ်မှာ ရှီးရီသတ္တဝါ၏ ဦးခေါင်းအတွင်းမှ သွေးနီရောင် ပုံဆောင်ခဲအား ထုတ်ယူလိုက်၏။ ပုံဆောင်ခဲ၏အတွင်း၌ ရှီးရီသတ္တဝါ၏ အရိပ်သဏ္ဌာန်အား မြင်တွေ့နေရပေသည်။

၎င်းမှာ သားရဲ၏စိတ်ဝိညာဉ် ပုံဆောင်ခဲပင် ဖြစ်၏။

ဇူယွမ်မှာ ပုံဆောင်ခဲအား ကောင်းကင်ဘုံယွမ်စုတ်တံနှင့် ထိတွေ့စေလိုက်သည်။ စုတ်တံဆီမှ အလင်းရောင်များ ထွက်ပေါ်လာကာ ပုံဆောင်ခဲအတွင်းမှ ရှီးရီသတ္တဝါ၏ စိတ်ဝိညာဉ်အား ဆက်တိုက်ဆိုသလို ဝါးမျိုပစ်လိုက်၏။

ပုံဆောင်ခဲမှာ တဖြည်းဖြည်းနှင့် မှေးမှိန်လာပြီးနောက် ကွဲအက်သွားလေတော့သည်။

သားရဲ၏စိတ်ဝိညာဉ် ပုံဆောင်ခဲအား စုပ်ယူလိုက်ပြီးနောက် စုတ်တံအတွင်းမှ သားရဲတစ်ကောင်၏ အော်ဟစ်သံသဲ့သဲ့မှ ထွက်ပေါ်လာခဲ့၏။ ထို့နောက် စုတ်တံ၏ ကိုယ်ထည်မှာ လင်းလက်လာခဲ့သဖြင့် ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားကာ မျက်ဝန်းများ၌ ပျော်ရွှင်မှု အရိပ်အယောင်များနှင့် ပြည့်နှက်လာခဲ့ရသည်။

ဇူယွမ်မှာ ပျော်ရွှင်နေဟန်ကို မထိန်းချုပ်နိုင်တော့သည့်အလား ပြုံးကာရေရွတ်လိုက်၏။ “ငါးလုံးမြောက် မှော်စာလုံး နိုးထလာတော့မှာပဲ”

လေးလုံးမြောက် မှော်စာလုံး နိုးထလာပြီးသည့် အချိန်မှစ၍ ဇူယွမ်မှာ ယွမ်စုတ်တံအား နေ့စဉ်မပြတ် သားရဲစိတ်ဝိညာဉ်ပုံဆောင်ခဲများ တိုက်ကျွေးခဲ့သည်။ သို့သော်လည်း ငါးလုံးမြောက် မှော်စာလုံး၏ အရိပ်အယောင်မှာ ယခုအချိန် မတိုင်မီအထိ ပေါ်ထွက်လာခြင်း မရှိခဲ့ပါချေ။

ပုံမှန်အားဖြင့်ဆိုလျှင် ယွမ်စုတ်တံမှာ သားရဲစိတ်ဝိညာဉ်ပုံဆောင်ခဲများကို အကန့်အသတ်ဖြင့်သာ စုပ်ယူလေ့ရှိ၏။ မှော်စာလုံးတစ်ခု နိုးထလာတော့မည့် အချိန်ကို ရောက်ရှိလာသော အခါမှသာလျှင် စုတ်တံမှာ ငတ်မွတ်နေသော သားရဲတစ်ကောင်ကဲ့သို့ ပုံဆောင်ခဲများကို အဆက်မပြတ် ဝါးမျိုတတ်ပေသည်။

“အခု ကောင်းကင်ဘုံယွမ်စုတ်တံက အဆင့်မြင့် အနက်ရောင် မူလလက်နက်တစ်ခုပဲ။ ငါးလုံးမြောက်စာလုံးသာ နိုးထလာခဲ့မယ်ဆိုရင်တော့ ကောင်းကင်အဆင့်ကို တက်သွားလိမ့်မယ်”

ဇူယွမ်မှာ တောက်ပနေသော မျက်ဝန်းများဖြင့် စုတ်တံအား ကြည့်ရှုလိုက်၏။ မူလလက်နက်နှင့် ကောင်းကင်အဆင့်မှာ ကွာခြားလွန်းလှသည်။ ကောင်းကင်အဆင့် မူလလက်နက်တိုင်းသည် အဆင့်မြင့် အနက်ရောင် မူလလက်နက်များနှင့် နှိုင်းယှဉ်၍ပင် မရနိုင်သော စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားကြ၏။

ယခင်အချိန်များ၌ ကြီးမြတ်သောဇူအင်ပါယာအား ချီဘုရင်မှ လာရောက်တိုက်ခိုက်ခဲ့စဉ်အတွင်း စုယုဝေမှာ ကောင်းကင်အဆင့် မူလလက်နက်ထံမှ စွမ်းအင်များကို ငှားရမ်းကာ မူလစဦး ဒုတိယအဆင့်တစ်ဦးအား သတ်ဖြတ်နိုင်ခဲ့သည်။

ထိုစဉ်အချိန်၌ စုယုဝေမှာ ချီစုဆောင်းခြင်းအဆင့်၌သာ ရှိသေး၏။

ကောင်းကင်အဆင့် မူလလက်နက်များမှာ အစွမ်းထက်လှသကဲ့သို့ လွန်စွာလည်း တန်ဖိုးကြီးကာ ရှားပါးပေသည်။ ကန်ရွှမ်းကလန်ကဲ့သို့ နေရာမျိုး၌ပင် တပည့်အနည်းငယ်ကသာ ကိုင်ဆောင်နိုင်ကြခြင်း ဖြစ်၏။

ကောင်းကင်ဘုံယွမ်စုတ်တံသာ ကောင်းကင်အဆင့် မူလလက်နက်အဖြစ်သို့ ပြောင်းလဲသွားမည်ဆိုပါက ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာလည်း များစွာတိုးတက်လာမည် ဖြစ်သည်။

ထို့ကြောင့် ဇူယွမ်မှာ အလွန်အမင်း ပျော်ရွှင်နေရခြင်းပင် ဖြစ်၏။

“ဒါပေမဲ့ ငါ့မှာရှိတဲ့ သားရဲစိတ်ဝိညာဉ်ပုံဆောင်ခဲတွေက ကုန်ပြီလေ”

ဇူယွမ်မှာ မတ်တတ်ရပ်လိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ထားရင်းဖြင့် မိုင်တစ်ရာပတ်လည်အား တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် မီးလျှံအဆီအနှစ်သွေးကြော၏ အနီးတဝိုက်၌ ကောင်းကင်ဘုံမီးတောက် ရှီးရီသတ္တဝါအများအပြား ရှိနေခဲ့၏။ ဇူယွမ်မှာ ထိုသတ္တဝါများထံမှ ပုံဆောင်ခဲများ ထုတ်ယူကာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဖြည့်တင်းပေးရန် ကြံရွယ်လိုက်သည်။

“ငါလည်း ဘာမှမတတ်နိုင်တော့ဘူး။ ဒီသားရဲတွေဆီက ပုံဆောင်ခဲတွေ ယူဖို့ပဲရှိတော့တယ်”

မီးလျှံအဆီအနှစ်သွေးကြောတလျှောက် တိုက်ပွဲအျားစွာ ဖြစ်ပေါ်နေခဲ့ပါသော်လည်း ဇူယွမ်၏နေရာမှာ ငြိမ်းချမ်းလျက်ပင် ရှိနေသေး၏။ ထို့ကြောင့် ဇူယွမ်မှာ မိုင်တစ်ရာဝန်းကျင်မှ ရှီးရီသတ္တဝါများကို စိတ်အေးလက်အေး အမဲလိုက်နိုင်ပေသည်။

ဇူယွမ်မှာ စိတ်ဝိညာဉ်ဖြင့် လျင်မြန်စွာ အာရုံခံလိုက်၏။

အသက်ရှူစာ အနည်းငယ်မျှသော အချိန်အတွင်း၌ပင်  ခပ်လှမ်းလှမ်းရှိ မြေအောက်ထဲမှ စွမ်းအင်များကို ခံစားခဲ့မိသည်။

“အဲ့နေရာက စကြတာပေါ့”

ဇူယွမ်မှာ လေထဲသို့ ပျံသန်းလိုက်ပြီးနောက် အမြောက်ဆန်တစ်ခုအလား ထိုနေရာသို့ ဆင်းသက်လိုက်၏။ ထို့နောက် မြေပြင်အား ဆောင့်နင်းချလိုက်သည်နှင့်တစ်ပြိုင်နက် များစွာသော ရှီးရီသတ္တဝါများမှာ အော်ဟစ်ကာ ထွက်ပေါ်လာကြတော့သည်။

ဝုန်း ... .

တုန်ခါမှုတစ်ခုနှင့်အတူ ချီစွမ်းအင်များ စီးဆင်းနေသော စုတ်တံထိပ်ရှိ အမွေးများမှာ အညှာအတာကင်းမဲ့စွာဖြင့် ရှီးရီသတ္တဝါများထံသို့ တိုးဝင်သွားခဲ့၏။

ဇူယွမ်မှာ အချိန်အချို့ကြာသည့်တိုင်အောင် တာဝန်ချထားခြင်းခံရသော မိုင်တစ်ရာပတ်လည်မှ ရှီးရီသတ္တဝါများအား သတ်ဖြတ်နေခဲ့သည်။ မြေအောက်အတွင်းပိုင်း နက်နက်ထဲ၌ ပုန်းအောင်းနေခဲ့သော သားရဲများကိုပင် ရှာဖွေသတ်ဖြတ်ခဲ့၏။

အဆုံး၌ ဇူယွမ်မှာ အဆင့်လေး သားရဲစိတ်ဝိညာဉ်ပုံဆောင်ခဲများ ဒါဇင်ချီမျှ စုဆောင်းနိုင်ခဲ့ပေသည်။

သို့သော်လည်း သားရဲစိတ်ဝိညာဉ်ပုံဆောင်ခဲ အများအပြား စုပ်ယူပြီးသည့်တိုင်အောင် စုတ်တံမှာအဆင့်တက်ရန် လိုအပ်နေဆဲ ဖြစ်နေ၏။

ကောင်းကင်အဆင့် မူလလက်နက်အဖြစ်သို့ ရောက်ရှိနိုင်ရန် လိုအပ်သော စွမ်းအင်ပမာဏမှာ ဇူယွမ်ခန့်မှန်းထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။

“ပြဿနာပဲ”

ဇူယွမ်မှာ လက်ထဲ၌ ဆုပ်ကိုင်ထားသော ကောင်းကင်ဘုံယွမ်စုတ်တံအား ကြည့်ရှုလိုက်၏။ ငါးလုံးမြောက် မှော်စာလုံးမှာ မှိတ်ချည်လင်းချည်ဖြင့် တောက်ပနေခဲ့ပြီး ကောင်းကင်အဆင့် မူလလက်နက်အဖြစ်သို့ ပြောင်းလဲနိုင်ရန်အတွက် စွမ်းအင်ပမာဏ အနည်းငယ်မျှ ထပ်မံလိုအပ်​နေသည်မှာ ထင်ရှားပေသည်။

“ထည့်မလောက်တဲ့ အပေါက်ကြီးကျနေတာပဲ” ဇူယွမ်မှာ ခါးသက်စွာဖြင့် ရီမောပစ်လိုက်၏။ ဤမိုင်တစ်ရာပတ်လည်တွင်ရှိသော ရှီးရီသတ္တဝါအားလုံးမှာ ဇူယွမ်၏လက်ချက်ဖြင့် ဇီဝိန်ချုပ်သွားခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် ပုံဆောင်ခဲများ ထပ်မံရှာဖွေခြင်း ပြုလိုပါက ဤနေရာမှ ထွက်ခွာရန်သာ ရှိ၏။

သို့သော် ဤဧရိယာမှာ ဇူယွမ်ကာကွယ်ထားရန် တာဝန်ချထားခြင်းခံရသည့် နေရာဖြစ်ကာ ဇူယွမ်ထွက်ခွာလာမည်ဆိုပါက အခြားအုပ်စုများမှ သိမ်းပိုက်သွားကြပေလိမ့်မည်။

ထို့ကြောင့် ဇူယွမ်မှာ ထွက်ခွာလာရန် ခက်ခဲနေခဲ့ပေသည်။

အချိန်အတန်ကြာအောင် တွေးတောနေခဲ့ပြီးနောက် ဇူယွမ်မှာ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချမှတ်လိုက်၏။

“ရှီးရီသတ္တဝါတွေကို လိုက်မရှာခင် ဒီနေရာကို တစ်ခါလောက်တော့ ကင်းလှည့်ခဲ့ဦးမယ်။ ငါသွားနေတုန်း တစ်ယောက်ယောက်က ဝင်လာရဲတယ်ဆိုရင်တော့ ကောင်းကင်ဘုံယွမ်စုတ်တံ အဆင့်တက်ပြီးတာနဲ့ ချက်ချင်းပြန်လာပြီး အကုန်လုံးကို သတ်ပစ်မယ်”

ထို့နောက် ဇူယွမ်မှာ တွေဝေမနေတော့ပဲ အရှေ့အရပ်ဆီသို့ စတင်ထွက်ခွာခဲ့တော့သည်။

နံ့သာတိုင်တဝက်ခန့်မျှ ကြာမြင့်သွားခဲ့သော်လည်း ဇူယွမ်မှာ ရှီးရီသတ္တဝါဆယ်ကောင်ခန့်သာ ရှာဖွေ၍ရနိုင်ခဲ့၏။

ဇူယွမ်မှာ စိတ်အလိုမကျဟန်ဖြင့် ခေါင်းအားခါယမ်းလိုက်သည်။

“ဒါပြီးရင်တော့ တခြားနေရာမှာ သွားရှာမှနဲ့ တူပါတယ်ကွာ” ဇူယွမ်မှ သက်ပြင်းချလိုက်၏။ ထိုနောက် လေထဲမှ ပျံသန်းလာသော ပုံရိပ်အချို့အား မြင်တွေ့လိုက်ရသဖြင့် ဇူယွမ်၏ မျက်ဝန်းအစုံမှာ ကျဉ်းမြောင်းသွားခဲ့ရသည်။

ထိုပုံရိပ်များမှာ ဇူယွမ်သိမ်းပိုက်ထားခဲ့သော မိုင်တစ်ရာပတ်လည်အတွင်းသို့ ဝင်ရောက်လာခဲ့၏။

ဇူယွမ်မှာ ထိုပုံရိပ်များထံသို့ ပျံသန်းသွားကာ တားဆီးလိုက်သည်။

“ဒီနေရာကို ငါသိမ်းပိုက်ထားပြီးပြီ။ မင်းတို့တွေ ပြန်ဆုတ်သွားကြပါတော့”

ထိုပုံရိပ်များမှာ အဖွဲ့တစ်ခုတည်းမှ လာရောက်ခဲ့ခြင်း ဖြစ်ဟန်ရှိကာ ဇူယွမ်၏ ခါးတွင်ချိတ်ဆွဲထားသော ကလန်အမှတ်အသားအားကြည့်၍ မျက်ဝန်းများ၌  ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်လာကြ၏။

“အာ..ဒါက ကန်ရွှမ်းကလန်က အစ်ကိုလေးဇူယွမ် မဟုတ်ဘူးလား”

ထို့နောက် ထိုပုံရိပ်များမှာ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်ကာ ဇူယွမ်အား အရိုအသေပြုလိုက်ကြသည်။ “ကျွန်တော်တို့ အမှားပါ။ အခုပဲ ထွက်သွားပါ့မယ်”

ထို့နောက် ပုံရိပ်များမှာ ထွက်ခွာသွားကြတော့၏။

ဇူယွမ်မှာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားခဲ့ရသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဇူယွမ်မှာ တွေဝေနေခဲ့ပြီးနောက် အလံတိုင်ဘေးသို့ ပျံသန်းသွားကာ ခေတ္တမျှစောင့်ကြည့်နရေန် ဆုံးဖြတ်လိုက်၏။

ဇူယွမ်၏နယ်မြေနှင့် အနည်းငယ်ကွာဝေးသော တောင်ကုန်းတစ်ခုပေါ်သို့ ပုံရိပ်များစွာ ပျံသန်းရောက်ရှိလာကြသည်။

“အစ်ကိုတော်စူးသွမ့် အရှေ့နားက အဆီအနှစ်ကြွယ်ဝတဲ့ မီးလျှံသွေးကြောနေရာကို ကန်ရွှမ်းကလန်က ဇူယွမ်က သိမ်းပိုက်ထားပါတယ်” ပုံရိပ်များမှာ တောင်ကုန်းပေါ်၌ လက်နောက်ပစ်၍ ရပ်နေလျက်ရှိသော လူငယ်အား အရိုအသေပြုကာ စကားဆိုလိုက်၏။ ထိုလူငယ်မှာ လွန်ခဲ့သောရက်အနည်းငယ်က ဇူယွမ်နှင့် မီးလျှံကျောက် အလောင်းအစား ပြုလုပ်ခဲ့သော ဖူကလန်၏ ခေါင်းဆောင်ငယ်တစ်ဦးဖြစ်သည့် စူးသွမ့်ပင် ဖြစ်သည်။

စူးသွမ့်မှာ အေးစက်စွာပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ “ကန်ရွှမ်းကလန်က တခြားတပည့်တွေအကုန်လုံး သွေးကြောရဲ့ ဗဟိုချက်ဒေသထဲမှာပဲ ​တာဝန်ချခံရတာ။ ဇူယွမ်တစ်ယောက်တည်း အပြင်ဘက်ကို ရောက်နေတယ်ဆိုတော့ သူက အရည်အချင်းနည်းလို့ ဖြစ်မယ်”

လူတစ်ဦးမှ တွေဝေစွာဖြင့် ပြောလိုက်သည်။ “အစ်ကိုတော်က အဲ့အဆီအနှစ် ကြွယ်ဝတဲ့သွေးကြောနေရာကို ဇူယွမ့်ဆီကနေ ယူမလို့လား။ ဇူယွမ်က အသုံးမကျတဲ့သူဆိုပေမဲ့ ကန်ရွှမ်းကလန်ရဲ့ တပည့်တစ်ယောက် ဖြစ်နေတုန်းပဲ။ အဲဒါကြောင့် သူ့နေရာကို လုယူလိုက်မယ်ဆိုရင် ကန်ရွှမ်းကလန်ကို မျက်နှာပျက်အောင် လုပ်မိသလို ဖြစ်နေမှာပေါ့။ ကန်ရွှမ်းကလန်က တခြားရွေးချယ်ခံတပည့်တွေက ဒီကိစ္စကို လက်သင့်မခံမှာ စိုးရိမ်မိတယ်”

“အဟက် ... ကန်ရွှမ်းကလန်က ရွေးချယ်ခံတွေက အခုအချိန်မှာ မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံတွေနဲ့ ထိပ်တိုက်တွေ့နေရလို့ တခြားကိစ္စတွေ အာရုံစိုက်ဖို့ အချိန်ရှိလောက်မှာ မဟုတ်ဘူး။ ဒီအပြင်ဘက်ဧရိယာက နယ်မြေငယ်လေးတစ်ခုကိစ္စကို သူတို့ဘယ်လိုလို့ ဝင်ပါနိုင်ပါ့မလဲ” စူးသွမ့်မှာ အလေးမထားဟန်ဖြင့် ပြန်ပြောလိုက်၏။

မည်သို့ပင်ဆိုစေကာမူ စူးသွမ့်မှာ ဆင်ခြင်တုံတရား မရှိသူတစ်ဦး မဟုတ်ချေ။ စူးသွမ့်မှာ မျက်မှောင်ကြုတ်လျက် ခေတ္တမျှတွေးတောနေခဲ့ပြီးနောက် ပြုံး၍စကားဆိုလာခဲ့သည်။ “ပြီးတော့ အဲ့ကောင်ကို ငါတို့ကိုယ်တိုင် ရင်ဆိုင်ဖို့မလိုအပ်ဘူး”

“ဘာကိုဆိုလိုချင်တာလဲ”

စူးသွမ့်မှာ အင်္ကျီလက်မောင်းအိုးအား ဝှေ့ယမ်းလိုက်သည်နှင့်တကွ ကြွေပုလင်းငယ်တစ်လုံး ပေါ်ထွက်လာ၏။ စူသွမ့်မှာ ပုလင်းငယ်ပေါ်ရှိ ဖုန်မှုန့်များကို ပွတ်ထုတ်ကာ ညင်သာစွာဖြင့် ပြောလိုက်၏။ “ဒါက မီးလျှံအဆီအနှစ် သွေးကြောဒေသက ကောင်းကင်ဘုံမီးတောက် ရှီးရီသတ္တဝါတွေကို ဆွဲဆောင်နိုင်တဲ့ ရှီးရီသားရဲရဲ့ သွားရည်တွေပဲ။ ဒါနဲ့ ရှီးရီသတ္တဝါတွေကို ​မြှူခေါ်ပြီးတော့ ဇူယွမ်ရဲ့ပိုင်နက်ထဲကို ထည့်ပေးလိုက်ရုံပဲ”

“အဲဒီလိုဆို ငါတို့ဘာမှကို လုပ်စရာမလိုတော့ဘူးလေ။ မူလစဦး စတုတ္ထအဆင့်ပဲရှိသေးတဲ့ကောင်က ရှီးရီသတ္တဝါအုပ်လိုက်ကြီးကို ကိုင်တွယ်ဖို့ ဖြစ်နိုင်မှာတဲ့လား”

“အဲ့အခါကျရင် ဇူယွမ်က လွတ်မြောက်ဖို့ ထွက်ပြေးသွားရမှာပဲ။ သူထွက်ပြေးသွားတဲ့ အချိန်ကြမှ ငါတို့က သားရဲတွေကိုဖယ်ထုတ်ပြီး အဲ့နေရာကို သိမ်းပိုက်လိုက်ရုံပဲ။ အဲဒီလိုဆို ငါတို့က ဇူယွမ့်ဆီက သိမ်းပိုက်တာမဟုတ်ပဲနဲ့ ရှီးရီသတ္တဝါတွေလက်ထဲက သိမ်းပိုက်တာ ဖြစ်သွားပြီပေါ့”

“ဒါက ဇူယွမ်အသုံးမကျလို့ ဖြစ်ရတာဖြစ်တဲ့အတွက် ကန်ရွှမ်းကလန်ကလည်း ငါတို့ကို အပြစ်တင်လို့ရမှာ မဟုတ်ဘူး။ အပြစ်ပြောချင်ရင် သူတို့ရဲ့အသုံးမကျတဲ့ တပည့်ကိုပဲ အပြစ်တင်ရလိမ့်မယ်”

စူးသွမ့်၏စကားအား ကြားလိုက်ရသောအခါတွင် အခြားသားများ၏မျက်ဝန်းမှာ တောက်ပလာခဲ့ပြီး လက်မထောင်ပြကာ တုံ့ပြန်လိုက်သည်။ “အစ်ကိုတော်စူးသွမ့်က ထက်မြက်လွန်းလှပါတယ်။ ဇူယွမ်ကတော့ သေချာပေါက် ဒုက္ခရောက်ရတော့မှာပဲ”

မြှောက်ပင့်နေသည့်စကားများအား ကြားလိုက်ရသောအခါ စူးသွမ့်မှာ ကျေနပ်အားရဟန်ဖြင့် ခပ်ဖွဖွရီမောလိုက်၏။ ထို့နောက် အဝေးတစ်နာရာသို့ လှမ်းကြည့်ကာ မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။

“ဇူယွမ် တွေ့ဆုံပွဲတုန်းက မင်းငါ့ကို အရှက်ခွဲထားတာတွေအတွက် ဒီနေ့မှာ ပြန်လည်ပေးဆပ်စေရမယ်”

“မင်းက ကန်ရွှမ်းကလန်က တပည့်ဖြစ်နေတော့ရော ဘာဖြစ်လဲ။ ငါ့မှာ မင်းကိုကိုင်တွယ်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်”

All Chapters