ချင်ယု၏သတိပေးမှု
Vol. 30 Ch. 413
သွေးနီရောင် နယ်မြေထက်တွင် အလံတိုင်ကြီးတစ်ခု စိုက်ထူထားလျက် ရှိသည်။ အလံတိုင်၏ထိပ်မှ စက်ဝန်းသဏ္ဌာန် အလင်းတန်းတစ်ခု ပေါ်ထွက်နေကာ မိုင်တစ်ရာပတ်လည်အား လွှမ်းခြုံထား၏။
အလံတိုင်၏ဘေးတွင်ရှိနေသော ကျိုးချူးချင်ယုမှာ ပျင်းရိစွာဖြင့် အကြောများကိုဆန့်ထုတ်နေသောကြောင့် သူမ၏လှပသော ကောက်ကြောင်းများမှာ အထင်းသား ပေါ်လွင်နေပေသည်။ ထို့နောက် သူမမှာ နုံးချိနေသော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်၏။ အင်အားကြီးကလန်ကြီးလေးခုမှာ မီးလျှံအဆီအနှစ်သွေးကြော၏ ဗဟိုချက်ဒေသတွင် တိုက်ခိုက်ယှဉ်ပြိုင်နေရပါသော်လည်း ကျိုးချူးချင်ယုမှာ ထိုထဲတွင် မပါဝင်ခဲ့ပေ။ သူမသည်လည်း ဇူယွမ်ကဲ့သို့ အတွေ့အကြုံနည်းပါးသော တပည့်အသစ်တစ်ဦးသာ ဖြစ်လေသည်။
ထို့ကြောင့် အလှပန်းတစ်ရာနန်းတော်မှာ ကျိုးချူးချင်ယုအား ဗဟိုချက်နယ်မြေထဲ၌ တာဝန်ချထားခြင်းမပြုပဲ ဇူယွမ်ကဲ့သို့ပင် အပြင်ဘက်ဧရိယာ၌သာ နေရာချထားပေးခဲ့၏။ သို့သော် ကျိုးချူးချင်ယုမှာ အနည်းငယ်မျှပင် စိတ်အလိုမကျ မဖြစ်မိချေ။ အဘယ်ကြောင့်ဆိုသော် အမှန်တကယ်လည်း သူမမှာ အခြားသူများကဲ့သို့ ဗဟိုချက်ဒေသထဲ၌ တိုက်ခိုက်ရန် မဖြစ်နိုင်သေးသောကြောင့် ဖြစ်သည်။
ကျိုးချူးချင်ယု တာဝန်ချထားခြင်းခံရသောနေရာမှာ မီးလျှံအဆီအနှစ်များ ကြွယ်ဝသောဧရိယာတစ်ခုဖြစ်ကာ ဇူယွမ်၏နေရာနှင့် အတန်ငယ်မျှ ကွာဝေး၏။ အကြီးအကဲဝူမှာ ဇူယွမ်အား ဗဟိုချက်နယ်မြေထဲ၌ တာဝန်ချထားခြင်း မပြုခဲ့ပါသော်လည်း အပြင်ဘက်ဒေသ၏ အဆီအနှစ် အကြွယ်ဝဆုံးဧရိယာတွင် နေရာချပေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကျိုးချူးချင်ယုမှာ အလှပန်းတစ်ရာနန်းတော်မှ အလှနတ်ဘုရားမလေး ဖြစ်သောကြောင့် သူမသိမ်းပိုက်ထားသောနယ်မြေမှာ တိတ်ဆိတ်ငြိမ်းချမ်းနေလျက် ရှိ၏။ ထို့ကြောင့် အခြားအုပ်စုအဖွဲ့များမှ သူမကို မြင်လိုက်ရသည်နှင့် ပြန်လည်ဆုတ်ခွာသွားကြသည်။ အဘယ်ကြောင့် ဆိုသော် ကြွယ်ဝသော မီးလျှံအဆီအနှစ် သွေးကြောတစ်ခုအတွက် လှပလွန်းသော မိန်းမငယ်လေးတစ်ဦးနှင့် တိုက်ခိုက်ရသည်မှာ မထိုက်တန်သည့်အပြင် အင်အားကြီး ကလန်တစ်ခုဖြစ်သော အလှပန်းတစ်ရာနန်းတော်အားလည်း ထိပါးရန်မဝံ့ရဲကြသောကြောင့်ပင် ဖြစ်၏။
ထိုသို့အကြောင်းအမျိုးမျိုးဖြင့် အခြားသောနေရာများမှာ တိုက်ခိုက်မှုများ ဖြစ်ပွားနေပါသော်လည်း ကျိုးချူးချင်ယု၏ပိုင်နက်မှာမူ တိတ်ဆိတ်ငြိမ်းချမ်းနေပေသည်။ တိတ်ဆိတ်လွန်းလှသဖြင့် သူမပင်ပျင်းရိကာ ငိုက်မျဉ်းချင်လာ၏။
ကျိုးချူးချင်ယုမှာ သမ်းဝေနေရင်းဖြင့် သူမ၏အမူအရာများ အနည်းငယ် ပြောင်းသွားခဲ့ရသည်။ ထို့နောက် ကျိုးချူးချင်ယုမှာ လက်ချောင်းများကို ကွေးလိုက်ပြီးနောက် မှန်ဘီလူးအသွင်လုပ်ကာ မျက်ဝန်းနားသို့ကပ်၍ ဆူညံလှုပ်ရှားနေသော နေရာသို့ ကြည့်ရှုလိုက်၏။
ကျိုးချူးချင်ယုမှာ ခေတ္တမျှတွေဝေနေခဲ့ပြီးနောက် မြေပြင်ကိုအသာအယာဖိနင်းကာ မြွေတစ်ကောင်အလား လေထဲသို့ပျံသန်းသွားခဲ့သည်။
အသက်ရှူစာ အနည်းငယ်မျှ ကြာမြင့်ပြီးနောက် ကျိုးချူးချင်ယုမှာ အနီးရှိတောင်ကုန်းတစ်ခုပေါ်သို့ ရောက်ရှိခဲ့၏။ ကျိုးချူးချင်ယုမှာ သူမ၏ရှေ့တွင်ရှိနေသော လူနှစ်ဦးအား ကြည့်ရှုလိုက်သည်။ သူမအား တွေဝေသွားစေသောအရာမှာ ထိုလူနှစ်ဦးသည် ပိုင်နက်အား ရယူလိုသည့်ဟန်မရှိနေခြင်းပင် ဖြစ်၏။ ထို့နောက် ထိုသူများမှာ လက်ထဲမှ ပုလင်းငယ်အား ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ထူးဆန်းသောရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝုန်း ... ...
ချက်ချင်းဆိုသလိုပင် မြေပြင်တုန်လှုပ်စေမတတ် များစွာသော ရှီးရီသတ္တဝါများ ထွက်ပေါ်လာခဲ့၏။ ထိုရှီးရီသတ္တဝါများမှာ လူနှစ်ဦးကိုင်ဆောင်ထားသော လက်ထဲမှ ပုလင်းငယ်အား တပ်မက်သောမျက်ဝန်းများဖြင့် ကြည့်ရှုနေခဲ့ကြပြီး ထိုနှစ်ဦး၏နောက်သို့ ပြေးလိုက်ကြလေတော့သည်။
ထိုလူနှစ်ဦးမှာ ရှီးရီသတ္တဝါများအား မျှားခေါ်နေဟန်ဖြင့် အရပ်မျက်နှာတစ်ခုဆီသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့၏။
ကျိုးချူးချင်ယုမှာ အလွန်ပင်တွေဝေသွားခဲ့ရသည်။ ဤလူနှစ်ဦးမှာ သူမ၏ပိုင်နက်အား သိမ်းပိုက်ရန် ဆန္ဒမရှိသည့်အပြင် ရှီးရီသတ္တဝါများကိုပင် ခေါ်ဆောင်ပေးသွားသေး၏။ ထိုလူများမှာ အဘယ့်ကြောင့် သူမအပေါ် ကောင်းမွန်ပေးနေရပါသနည်း။
“တော်တော်ကြင်နာတတ်တာပဲ” ကျိုးချူးချင်ယုမှ ရေရွတ်လိုက်သည်။
သို့သော် ကျိုးချူးချင်ယုမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေမိ၏။ ကျိုးချူးချင်ယုမှာ ခေတ္တမျှတွေးတောနေခဲ့ပြီးနောက် ထိုလူနှစ်ဦး၏နောက်သို့ တိတ်တဆိတ် လိုက်ပါသွားရန် ဆုံးဖြတ်လိုက်တော့သည်။
ကျိုးချူးချင်ယုမှ အချိန်အနည်းငယ်မျှ နောက်ယောက်ခံလိုက်နေခဲ့ပြီးနောက် ထိုသူများ၏ စကားများမှတဆင့် ရည်ရွယ်ချက်ကို တစ်စတစ်စ သိရှိလာခဲ့၏။
ကျိုးချူးချင်ယုမှာ ကျောက်ဖျာချပ်တစ်ခု၏ အနောက်တွင် ပုန်းကွယ်ကာ ရှီးရီသားရဲများအား အံ့အားသင့်စွာဖြင့် ငေးကြည့်နေမိသည်။ ထိုသူများမှာ ဤရှီးရီသားရဲများအား ဇူယွမ်၏ပိုင်နက်ဆီသို့ ပို့ဆောင်ရန် ကြံစည်နေခြင်း ဖြစ်၏။
“ဒါတွေကို စူးသွမ့်က စီစဉ်ထားတာပေါ့လေ” ကျိုးချူးချင်ယုမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးနောက် မြေပြင်အား အသာအယာဖိနင်းကာ လျင်မြန်သောအရှိန်ဖြင့် လေထုထဲသို့ ပျံသန်းသွားလေတော့သည်။
“ငါဇူယွမ့်ကို သတိပေးမှ ဖြစ်မယ်”
ကျိုးချူးချင်ယု တွေ့ရှိခဲ့ရသော ထိုနှစ်ဦးအပြင် အခြားသူများမှာလည်း ရှီးရီသတ္တဝါများအား စုဆောင်းနေကြောင်း သူမသိရှိခဲ့ရ၏။ ထို့ကြောင့် စူးသွမ့်တို့အုပ်စု စုဆောင်းနေသော ရှီးရီသတ္တဝါများမှာ နည်းပါးသော ပမာဏတစ်ခုမဟုတ်ပေ။ ဇူယွမ်တစ်ဦးထဲသာ ထိုသားရဲများကို ရင်ဆိုင်ရမည်ဆိုပါက အန္တရာယ်ရှိနိုင်ပေသည်။
ထို့ကြောင့် ကျိုးချူးချင်ယုမှာ သူမသိမ်းပိုက်ထားသော နယ်မြေအား ခေတ္တမျှထားခဲ့ရန် ဆုံးဖြတ်လိုက်၏။ ဤနယ်မြေအသေးလေးအား အလှပန်းတစ်ရာနန်းတော်မှလည်း အရေးပင်စိုက်နေမည် မဟုတ်ပါချေ။
... ... .
ကျိုးချူးချင်ယုမှ ဇူယွမ်၏ပိုင်နက်အနီးသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဇူယွမ်မှာ သူမ၏ အရှိန်အဝါများအား ခံစားမိခဲ့သည်။ ဇူယွမ်မှာ တွေဝေစွာဖြင့် ထကြည့်လိုက်သောအခါတွင် အဝေးတစ်နေရာမှ သူ့ဆီသို့ ပျံသန်းလာနေသော အစိမ်းရောင်အဝတ်အစားများ ဆင်မြန်းထားသည့် ချစ်စဖွယ်ပုံရိပ်လေးအား တွေ့ရှိလိုက်ရ၏။
ဇူယွမ်မှာ တွေဝေစွာဖြင့် မေးမြန်းလိုက်သည်။ “ဘာလို့ ဒီကိုလာခဲ့တာလဲ”
ကျိုးချူးချင်ယုမှာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် မောပန်းနေဟန်ဖြင့် စကားဆိုလိုက်၏။ “နင်ဒီကနေ မြန်မြန် ထွက်သွားမှရမယ်။ စူးသွမ့်က မီးလျှံအဆီအနှစ် သွေးကြောဒေသတစ်ခုလုံးမှာရှိတဲ့ ရှီးရီသားရဲတွေကိုစုဆောင်းပြီး နင့်ဆီကိုလွှတ်ဖို့ ကြံစည်နေပြီ”
ဇူယွမ်မှာ ခေတ္တမျှအံ့အားသင့်သွားခဲ့ရသည်။ ဇူယွမ်သည် အစောပိုင်း၌ တွေ့ဆုံခဲ့ရသူများနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေခဲ့ရ၏။ ကြည့်ရသည်မှာ ထိုသူများသည် စူးသွမ့်၏ သတင်းပေးများ ဖြစ်ပေလိမ့်မည်။
“ရှီးရီသတ္တဝါတွေကို စုဆောင်းနေတယ်ဟုတ်လား။ သူတို့ဘယ်လို လုပ်တာလဲ။ အဲဒီလိုလုပ်လို့ ရတယ်လား” ဇူယွမ်မှာ ကြောက်ရွံ့ရမည့်အစား သိလိုစိတ်ပြင်းပြနေဟန်ဖြင့် ကျိုးချူးချင်ယုအား မေးလိုက်၏။
“သူတို့ကိုင်ထားတဲ့တစ်ခုခုက ရှီးရီသတ္တဝါတွေကို ဆွဲဆောင်နေတဲ့ပုံပဲ” ဇူယွမ်မှာ သက်သောင့်သက်သာ ဖြစ်နေသောကြောင့် ကျိုးချူးချင်ယုမှာ စိတ်အလိုမကျဟန်ဖြင့် ပြောလိုက်သည်။ “အရူးလေး ဒီမှာဘာရပ်နေသေးတာလဲ။ မြန်မြန်ထွက်သွားဖို့ လုပ်တော့လေ”
ကျိုးချူးချင်ယု၏ အမြင်တွင်မူ ဇူယွမ်မှာ မူလစဦး စတုတ္ထအဆင့်သာ ရှိသေးသည့်အပြင် ဤမစ်ရှင်အား သူမကဲ့သို့ အတွေ့အကြုံရယူနိုင်ရန် လိုက်ပါလာသူတစ်ဦးသာ ဖြစ်၏။
အဆင့်လေးမူလသားရဲဖြစ်သော ကောင်းကင်ဘုံမီးတောက် ရှီးရီသတ္တဝါများမှာ မူလစဦးအဆင့်ထက် မနိမ့်ပေ။ ထို့အပြင် ဤဒေသတစ်ခုလုံးမှ အကောင်များအားလုံး စုဝေးလိုက်မည်ဆိုလျှင် မူလစဦး သတ္တမအဆင့်တစ်ဦးပင် ရွေးချယ်စရာမရှိပဲ ထွက်ပြေးရုံသာ တက်နိုင်ပေလိမ့်မည်။
အကယ်၍ ဇူယွမ်သာ ဤနေရာ၌ ပိတ်မိနေခဲ့ပါက အလွန်ပင် အန္တရာယ်များပေသည်။
ဇူယွမ်မှာ ခေတ္တမျှတွေးတောနေခဲ့ပြီးနောက် မေးဖျားကိုပွတ်ကာ ရေရွတ်လိုက်၏။
“ရှီးရီသားရဲအုပ်စုလိုက်ကြီး ... အဟက်”
ဇူယွမ်မှာ လက်ထဲမှ ကောင်းကင်ဘုံယွမ်စုတ်တံအား ငုံ့ကြည့်လိုက်သည်။ စုတ်တံ၏ ငါးလုံးမြောက် မှော်စာလုံးမှာ မှိတ်ချည်လင်းချည်ဖြင့် တောက်ပနေခဲ့ပြီး ဇူယွမ်အား ပုံဆောင်ခဲများ ထပ်မံဖြည့်တင်းပေးရန် တောင်းဆိုနေသည့်အလား ရှိ၏။
သို့သော်လည်း ဤမိုင်တစ်ရာပတ်လည်ရှိ သားရဲများမှာ ကုန်စင်သွားခဲ့ရပြီ ဖြစ်သည်။
ဇူယွမ်မှာ ပိုင်နက်နှင့် ဝေးကွာသော အရပ်မျက်နှာများဆီသို့ သွားရောက်၍ အမဲလိုက်ရန်မှာလည်း မဖြစ်နိုင်သောကြောင့် စုတ်တံအား ဖြည့်တင်းနိုင်ရန် စိတ်ညစ်နေခဲ့ရ၏။ ထိုသို့ဝေးလံသော နေရာများဆီသို့ သွားရောက်မည်ဆိုပါက အခန့်မသင့်လျှင် အခြားသူများ၏ ပိုင်နက်အား ကျူးကျော်ဝင်ရောက်သကဲ့သို့ပင် ဖြစ်သွားနိုင်ပေသည်။
ထို့ကြောင့် ဇူယွမ်မှာ ထိုပြဿနာအတွက် ခေါင်းကိုက်နေရစဉ်မှာပင် ကောင်းကင်မှ ဖြေရှင်းနိုင်မည့် လက်ဆောင်များ ပေးသနားခဲ့ခြင်းပင် ဖြစ်၏။
ကောင်းကင်ဘုံမီးတောက် ရှီးရီသတ္တဝါအစုအဖွဲ့ကြီးမှာ အန္တရာယ်ရှိနိုင်ပါသော်လည်း ဇူယွမ် မကိုင်တွယ်နိုင်သော ပြဿနာတစ်ခု မဟုတ်ပါချေ။
ထို့အပြင် ဤမျှလောက်များပြားသော သားရဲများသည် ကောင်းကင်ဘုံယွမ်စုတ်တံအား အဆင့်တက်ရန် လုံလောက်နိုင်စေလိမ့်မည်။
“ဒီစူးသွမ့်ကတော့ ... ..”ဇူယွမ်မှာ နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်၏။
“အမ် ... ”ကျိုးချူးချင်ယုမှာ ဝေခွဲမရဟန်ဖြင့် ဇူယွမ်အ ကြည့်လိုက်သည်။
“စူးသွမ့်က တကယ်ကြင်နာတတ်တာပဲ။ သူကငါ့ကို ရက်ရက်ရောရောတောင် ကူညီပေးသေးတယ်” ဇူယွမ်မှ လေးနက်စွာဖြင့် ရေရွတ်လိုက်၏။
ဇူယွမ်ရိမူချီများ လိုအပ်နေသောအချိန်တွင် စူးသွမ့်ထံမှ နှစ်ထောင်ချီသက်တမ်းရှိသော အဆောင်အယောင်အား ရရှိခဲ့သည်။ ယခု ကောင်းကင်ဘုံယွမ်စုတ်တံအတွက် ပုံဆောင်ခဲများ လိုအပ်နေစဉ်၌လည်း စူးသွမ့်မှာ နည်းလမ်းရှာ၍ သားရဲများကို စုဆောင်းပေးခဲ့၏။
စူးသွမ့်မှာ ဇူယွမ်၏အရာရာတိုင်းကို လိုက်လံဂရုစိုက်ပေးနေသောကြောင့် ဇူယွမ်မှာ စိတ်နှလုံးထဲမှပင် နွေးထွေးမှုကို ခံစားမိလာလေသည်။
ကျိုးချူးချင်ယုမှာ ဇူယွမ်၏ပုံစံအားကြည့်၍ ဆွံ့အသွားမိ၏။
“ဇူယွမ်...!” ကျိုးချူးချင်ယုမှ ဇူယွမ်အား စိုက်ကြည့်လိုက်သည်။
“ဟဲဟဲ...စိတ်မပူပါနဲ့ ဘာလုပ်ရမလဲဆိုတာ ငါသိပါတယ်” ဇူယွမ်မှာ ခပ်ဖွဖွရီမောကာ ပြောလိုက်၏။
မူလစဦး စတုတ္ထအဆင့်သာရှိသေးသော ဇူယွမ်မှာ အလွန်ပင် ယုံကြည်ချက်ရှိနေဟန် ဖြစ်နေသဖြင့် ကျိုးချူးချင်ယုမှာ ဇူယွမ့်အား သံသယဖြစ်စွာနှင့် ကြည့်ရှုလိုက်သည်။ သို့သော် သူမသည်လည်း ဇူယွမ်အား ယုံကြည်မှုရှိသောကြောင့် မည်သည့်စကားမှ ဆက်၍ဆိုမနေတော့ပေ။
ဇူယွမ်မှာ အကြောများကို ဆန့်ထုတ်လိုက်ပြီးနောက် ကျေနပ်အားရစွာပြုံး၍ စကားဆိုလိုက်၏။ “ဒီထိလာပြီး ငါ့ကိုသတိပေးလို့ ကျေးဇူးတင်ပါတယ်။ သူတို့ကငါ့ကို လက်ဆောင်အကြီးကြီး ပေးချင်တယ်ဆိုမှတော့ ငါလည်းနည်းနည်းပါးပါးတော့ ပြင်ဆင်ထားမှကောင်းမှာပေါ့”
ဇူယွမ်မှာ ကျိုးချူးချင်ယုအား မျက်စိမှိတ်ပြလိုက်သည်။
“အကိုတော်စူးသွမ့်ရဲ့ကြင်နာမှုကို ငါကဘယ်ငြင်းပယ်လို့ ကောင်းပါ့မလဲ”