← Chapters

သားရဲများအားတိုက်ခိုက်ခြင်း

Vol. 30 Ch. 414

သားရဲများအားတိုက်ခိုက်ခြင်း

Vol. 30 Ch. 414

ဇူယွမ်၏ပိုင်နက်ဧရိယာ အပြင်ဘက်၌

တောင်ကုန်းတစ်ခုပေါ်တွင် စူးသွမ့်မှာ လက်များကို နောက်ကျောဘက်တွင်ယှက်သိုင်းလျက် ရပ်နေကာ အဝေးတစ်နေရာသို့ ယုံကြည်မှုရှိသော မျက်ဝန်းများဖြင့် ကြည့်ရှုနေခဲ့သည်။ စူးသွမ့်၏ နှုတ်ခမ်းထက်၌ တွဲခိုနေသော အပြုံးတစ်စုံမှာ ကျေနပ်အားရနေဟန်ရှိ၏။

ဝှစ် ... .

ပုံရိပ်များစွာမှ တောင်ကုန်းပေါ်သို့ ဆင်းသက်လာခဲ့ကြသည်။

ပုံရိပ်တစ်ခုမှ စကားဆိုလိုက်၏။ “အစ်ကိုတော်စူးသွမ့် ကျွန်တော်တို့ ဒီဝန်းကျင်မှာရှိတဲ့ ရှီးရီသားရဲအားလုံးကို စုဆောင်းခဲ့ပြီးပါပြီ”

ထိုစကားအား ပြောပြီးသည်နှင့်တစ်ပြိုင်နက် မြေပြင်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တုန်ခါလာခဲ့တော့သည်။ စူးသွမ့်မှာ မိုးကုပ်စက်ဝိုင်းအစွန်းဘက်မှ ဒီရေအလား ရောက်ရှိလာနေသော ရှီးရီသားရဲများကို ကြည့်ရှုလိုက်၏။ ခန့်မှန်းကြည့်ရုံမျှနှင့်ပင် ရှီးရီသားရဲအုပ်ကြီးမှာ အကောင်ရေ ထောင်နှင့်ချီရှိနိုင်ကြောင်း သိရှိနိုင်ပေသည်။

များပြားလှသော သားရဲအုပ်ကြီးကြောင့် စူးသွမ့်၏ မျက်နှာ၌ပင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့၏။ ရှီးရီသားရဲတစ်ကောင်မှာ မူလစဦး ပထမ သို့မဟုတ် ဒုတိယအဆင့်နှင့်သာ တူညီပါသော်လည်း ထိုသို့ထောင်ချီသော သားရဲအုပ်ကြီးမှာမူ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိုမျှများပြားသော သားရဲအုပ်ကြီးနှင့် ရင်ဆိုင်ရမည်ဆိုပါက မည်သူမဆို အဆုံးသတ်သို့ ရောက်ရှိသွားနိုင်၏။

“ကောင်းတယ်”

တဖြည်းဖြည်းနှင့် စူးသွမ့်၏ မျက်ဝန်းထဲမှ ကြောက်ရွံ့မှု အရိပ်အယောင်များမှာ ပျော်ရွှင်မှု အရိပ်အယောင်များဆီသို့ ပြောင်းလဲလာခဲ့သည်။ သားရဲအကောင်ရေများလေ စူးသွမ့်၏ အကြံအစည်မှာ အောင်မြင်နိုင်လေပင် မဟုတ်ပါလော။

ပြောရမည်ဆိုပါလျှင်မူ ဇူယွမ်မှာ မူလစဦး စတုတ္ထအဆင့်သာရှိသေးသူ ဖြစ်၏။

“မင်းတို့ ကောင်းကောင်းကြိုးစားခဲ့တာပဲ။ ဇူယွမ်ရဲ့ ပိုင်နက်ထဲမှာ ရှီးရီသားရဲရဲ့ သွားရည်တွေသွားလောင်းဖို့ ငါလူတချို့ကို တိတ်တဆိတ် စေလွှတ်ပြီးသွားပြီ။ အခု ပွဲစဖို့ကို စောင့်နေဖို့ပဲ လိုတော့တယ်” စူးသွမ့်မှ ကျေနပ်အားရစွာ ပြုံးလိုက်သည်။

အခြားသူများမှာလည်း မျက်ဝန်းများ၌ လှောင်ပြောင်သရော်လိုသော အရိပ်အယောင်များ ယှက်သန်းလာကာ ကျေနပ်အားရစွာဖြင့် ရီမောလိုက်ကြ၏။

ဝုန်း ... .

စူးသွမ့်တို့အုပ်စုမှ စကားစမြည် ပြောဆိုနေကြသော အချိန်အတွင်း၌ပင် ရှီးရီသားရဲအုပ်ကြီးမှာ လျင်မြန်စွာ  ရောက်ရှိလာခဲ့သည်။ ရှီးရီသားရဲများမှာ တောင်ကုန်းပေါ်မှ စူးသွမ့်တို့လူစုအား အလေးပင်ထားပုံမရပဲ အရှေ့အရပ်ဆီသို့သာ ဦးတည်နေကြ၏။ ထို့နောက် ကျယ်လောင်လှသော အော်မြည်သံများနှင့်အတူ ဇူယွမ်၏ပိုင်နက်အတွင်းသို့ ဝင်ရောက်သွားကြလေတော့သည်။

စူးသွမ်တို့အုပ်စုမှာ ထိုအခြင်းအရာအား ကျေနပ်အားရစွာ ကြည့်နေခဲ့ပြီးနောက် ဝေးကွာသော အနောက်အရပ်တစ်ခုဆီသို့ လျှို့ဝှက်စွာ ပျံသန်းသွားကြ၏။

...  ... ...

“ရောက်လာပြီပဲ”

ခမ်းနားလှသည့် အလံ၏အောက်တွင်ရှိနေသော ဇူယွမ်၏ မျက်ဝန်းများမှာ ရုတ်တရက်ပွင့်ဟလာခဲ့ပြီး အဝေးတစ်နေသို့ ကြည့်ရှုလိုက်သည်။ မြေပြင်၏ တုန်ခါမှုအား ဇူယွမ်ခံစားမိနေပြီ ဖြစ်၏။ ကြည့်ရသည်မှာ စူးသွမ်တို့အုပ်စုမှ အမှန်တကယ်ပင် ရှီးရီသားရဲများအား စုဆောင်းနိုင်ခဲ့ပုံ ရသည်။

ဇူယွမ်၏ဘေးတွင်ရှိနေသော ကျိုးချူးချင်ယု၏ မျက်ဝန်းလေးများမှာ စိုးရွံ့မှု အရိပ်အယောင်များနှင့် ပြည့်နှက်နေခဲ့၏။

“စိတ်မပူပါနဲ့။ ငါမနိုင်တော့ဘူးထင်တာနဲ့ ထွက်ပြေးမှာပါ” ဇူယွမ်မှ ကျိုးချူးချင်ယုအား ပြုံးကာနှစ်သိမ့်လိုက်သည်။

ကျိုးချူးချင်ယုမှ ခပ်ဖွဖွခေါင်းညိတ်ကာ ပြန်၍ပြောလိုက်၏။ “ငါဒီမှာ နေပေးမယ်လေ။ နင်တစ်ခုခုဖြစ်ခဲ့ရင် ဒီကနေ နင့်ကိုခေါ်ပြီး ငါထွက်ပြေးမယ်”

ကျိုးချူးချင်ယု၏ တိုက်ပွဲစွမ်းရည်မှာ ဇူယွမ်ထက် နည်းပါးပါသော်လည်း ထွက်ပြေးရှောင်တိမ်းတွင်မူ ဇူယွမ်သည်ပင် သူမကဲ့သို့ မြန်ဆန်ခြင်းမရှိချေ။

ဇူယွမ်မှာ ကျိုးချူးချင်ယု၏ ကြင်နာမှုအား ငြင်းပယ်ခြင်းမပြုနေတော့ပဲ ခေါင်းညိတ်ပြလိုက်သည်။

ဇူယွမ်တို့နှစ်ဦးမှာ ခေတ္တမျှတိတ်ဆိတ်နေခဲ့ပြီးနောက် သွေးနီရောင် ရှီးရီသားရဲအုပ်ကြီး ရောက်ရှိလာသည်ကို တွေ့ရှိလိုက်ရ၏။

ကျိုးချူးချင်ယုမှာ ကြောက်ရွံ့စွာဖြင့် လက်များကို တင်းတင်း ဆုပ်ထားလိုက်မိသည်။

ဇူယွမ်၏အမူအရာမှာ တည်ငြိမ်နေလျက်သာရှိပြီး မျက်ဝန်းများ၌ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင်များ ယှက်သန်းနေခဲ့၏။

ဤမျှများပြားသော သားရဲအုပ်ကြီးဖြင့်ဆိုလျှင် ကောင်းကင်ဘုံယွမ်စုတ်တံအား အဆင့်တက်စေနိုင်ပေလိမ့်မည်။

ဝုန်း ... .

များပြားလှသော ရှီးရီသားရဲများစီမှ ကြောက်မက်ဖွယ်ဖိအားလှိုင်းများ ထွက်ပေါ်လျက် ရှိသည်။ အသက်ရှူစာ အနည်းငယ်မျှသော အချိန်အတွင်း၌ပင် သားရဲအုပ်ကြီးမှာ ဇူယွမ်၏အနီးသို့ ရောက်ရှိလာခဲ့၏။

သားရဲအုပ်ကြီးနှင့် အဝေးတစ်နေရာတွင်ရှိနေသော စူးသွမ်တို့အုပ်စုမှာ ကျေနပ်အားရစွာ ရီမောလိုက်ကြသည်။

“ဒီကောင်ထွက်တောင် ပြေးနိုင်ပါ့မလားဆိုတာ ကြည့်ရသေးတာပေါ့”

တောင်ကုန်းတစ်ခုပေါ်၌ ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ကာ ရပ်နေလျက်ရှိပြီး လျင်မြန်စွာ ရောက်ရှိလာနေသော ရှီးရီသားရဲများအား ကြည့်ရှုနေခဲ့၏။ ရှီးရီသားရဲအများစုမှ ဇူယွမ်၏ပိုင်နက်အတွင်းသို့ ဝင်ရောက်လာပြီးသည့်အချိန်တွင် ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။

ဇူယွမ်၏ခြေဖဝါးအောက်မှ မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့သွားခဲ့၏။

ဇူယွမ်၏အနီးတွင်ရှိနေသော ကျောက်တုံးများစီမှ ခပ်ဖျော့ဖျော့ အလင်းတန်းများ စတင်ထွက်ပေါ်လာခဲ့သည်။ အနီးကပ်ကြည့်ရှုမည်ဆိုပါလျှင်မူ ထိုအလင်းတန်းများမှာ ရှုပ်ထွေးသော မူလမှော်စာလုံးများမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိနိုင်ပြီး အလင်းတန်း တစ်ခုနှင့်တစ်ခုမှာလည်း ချိတ်ဆက်နေလျက် ရှိ၏။

မူလမှော်စာလုံးများအား အသက်သွင်းလိုက်သည်နှင့်တကွ ရှီးရီသတ္တဝါများမှာ ယင်ကောင်များကဲ့သို့ ဦးတည်ရာမဲ့ လျှောက်ပြေးကြလေတော့သည်။

ထိုအခြင်းအရာအား ကြည့်ခြင်းအားဖြင့် ဇူယွမ်ပြင်ဆင်ထားခဲ့သော မှော်စာလုံးမှ အသုံးဝင်ခဲ့သည်မှာ ထင်ရှား၏။ ဤမှော်စာလုံးမှာ ရှီးရီသားရဲများအား ထိခိုက်ဒဏ်ရာ မရစေနိုင်ပါသော်လည်း အာရုံခံစားမှုကို ဖုံးကွယ်ထားနိုင်သည်။ ထို့ကြောင့် ယခုအချိန်တွင် ရှီးရီသားရဲများမှာ အမြင်အာရုံရော၊ အကြားအာရုံပါ မရရှိနိုင်ပါချေ။

ရှီးရီသားရဲများမှာ အတူတကွပူးပေါင်း၍ ဇူယွမ်အား တိုက်ခိုက်ခြင်းပြုရန် မဖြစ်နိုင်တော့သောကြောင့် သားရဲအုပ်ကြီး၏ ခြိမ်းခြောက်နိုင်မှုမှာ များစွာလျော့ပါးသွားခဲ့၏။ ယခုဆိုလျှင် ထိုသားရဲများအား ဇူယွမ်မှ သတ်ပစ်ရန်သာ လိုအပ်တော့သည်။

ပြောင်းလဲမှုအခြေအနေအား စူးသွမ့်တို့အုပ်စုမှ သတိထားမိသွားကာ အမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့ရ၏။

“ဒီကောင်က ကြိုပြီးပြင်ဆင်ထားတာပဲ” စူးသွမ့်၏ မျက်ဝန်းများမှာ ခက်ထန်လာခဲ့သည်။

“ဒီရှီးရီသားရဲအုပ်ကြီးကို ခက်ခက်ခဲခဲ စုဆောင်းထားခဲ့ရတာ” လူတစ်ဦးမှ ရေရွတ်လိုက်၏။

“အခုဘယ်လိုလုပ်ကြမလဲ”

စူးသွမ့်မှာ အတွေးများကြား နစ်မြုပ်နေခဲ့ပြီးနောက် အေးစက်စက်ရီမောကာ စကားဆိုလိုက်သည်။ “စိုးရိမ်စရာ မရှိဘူး။ သူရဲ့နည်းလမ်းက ရှီးရီသားရဲတွေရဲ့အာရုံကို ခဏလောက် ပိတ်ဆို့ထားနိုင်ရုံပဲ။ အဲဒီအချိန်ခဏလောက်နဲ့ သားရဲတွေအကုန်လုံးလည်း သူသ​တ်နိုင်မှာ မဟုတ်ဘူး။ ရှီးရီသားရဲတွေ အာရုံခံစားမှု ပြန်ရပြီဆိုတာနဲ့ သူဒုက္ခရောက်ရလိမ့်မယ်”

စူးသွမ့်၏စကားအား ကြားလိုက်ရသောအခါတွင် လူတိုင်းမှ ခေါင်းညိတ်ပြလိုက်ကြ၏။ ရိုးရှင်းစွာတွေးကြည့်လျှင်ပင် ထောင်နှင့်ချီသော ရှီးရီသားရဲများအား ဇူယွမ်တစ်ဦးတည်းဖြင့် သုတ်သင်ရန်မှာ မည်သို့မှမဖြစ်န်ုင်ပါချေ။

ကျိုးချူးချင်ယုမှာ ရှုပ်ထွေးနေသော ပတ်ဝန်းကျင်အား ကြည့်ရှုနေရင်းဖြင့် ကူကယ်ရာမဲ့စွာ မေးမြန်းလိုက်သည်။ “အခုသားရဲတွေရဲ့ အာရုံခံစားမှုကို ပိတ်ဆို့လိုက်ပြီဆိုပေမဲ့ ဒီအခြေအနေကို နင်ဘယ်လိုဖြေရှင်းမှာလဲ။ တစ်ကောင်ချင်းစီ လိုက်သတ်မှာလား”

ထိုမျှများပြားသော သားရဲအုပ်ကြီးအား ဇူယွမ်၏စွမ်းအင် အကုန်အစင် အသုံးပြုလျှင်ပင် သုတ်သင်နိုင်မည်မဟုတ်ပေ။

ဇူယွမ်မှာ ခပ်ဖွဖွသာပြုံးပြလိုက်ပြီး ကျိုးချူးချင်ယုအား ပြန်လည်တုံ့ပြန်ခြင်း မပြုခဲ့ချေ။

ဇူယွမ်၏ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဌာန်သို့ ပြောင်းလဲသွားခဲ့ပြီး အခိုးအငွေ့အလား သားရဲအုပ်ကြီးကြားထဲသို့ တိုးဝင်သွား၏။

ဇူယွမ်၏ပုံရိပ်မှာ သားရဲအုပ်များအကြား၌ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး လက်ထဲတွင်ရှိနေသော ကောင်းကင်ဘုံယွမ်စုတ်တံမှာလည်း တုန်ခါနေခဲ့သည်။ စုတ်တံထိပ်ရှိ ဖြူဖွေးနေသော အမွေးများ၌ သာမန်မျက်စိနှင့်မမြင်နိုင်သော စွမ်းအင်လှိုင်းများ စီးဆင်းနေလျက် ရှိ၏။

ထို့နောက် စုတ်တံမွေးများမှာ လေနှင့်အတူ ရွေ့လျားသွားကာ သားရဲများ၏ နှာခေါင်းပေါက်မှတဆင့် ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဇူယွမ်မှာ ဆင်ခြင်တုံတရား ရှိသူဖြစ်သောကြောင့် သားရဲများအား တစ်ကောင်းချင်းစီ လိုက်သတ်နေရန်မှာ ပင်ပန်းလှကြောင်း သိရှိပေ၏။ ထို့ကြောင့် ဇူယွမ်မှာ အကျိုးသက်ရောက်မှုအရှိဆုံးနည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။

ကောင်းကင်ဘုံယွမ်စုတ်တံ၏ တိုက်စားခြင်းမှော်စာလုံးပင် ဖြစ်၏။

ဇူယွမ်မှာ သားရဲများ၏အာရုံခံစားမှုအား ပိတ်ဆို့ရန် ပြင်ဆင်ထားခဲ့ခြင်းမှာ စုတ်တံအမွေးများအား သားရဲများ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရလွယ်ကူစရေန် ဖြစ်သည်။

“ဇူယွမ်ဘာ​တွေလုပ်နေတာလဲ” စူးသွမ်တို့အုပ်စုမှ ဝေခွဲမရ ဖြစ်နေကြရ၏။ ဇူယွမ်မှာ သားရဲများအား သတ်ပစ်ရန် ဆန္ဒမရှိကဲ့သို့ ဖြစ်နေပေသည်။

ဇူယွမ်မှာ ဦးတည်ရာမရှိသူတစ်ဦးကဲ့သို့ သားရဲအုပ်များအကြား ခုန်ပေါက်ဝင်ရောက်နေသည်ကိုသာ တွေ့ရှိခဲ့ရ၏။ ထိုမြင်ကွင်းမှာ အတော်ပင် ရီစရာကောင်းနေသေးသည်။

စူးသွမ့်မှာ ခေတ္တမျှဆွံ့အနေခဲ့ပြီးနောက် လှောင်ပြောင်သရော်လိုဟန်ဖြင့် စကားဆိုလိုက်၏။ “သူကဒီတိုင်း လျှောက်သွားနေတာပဲ။ တကယ်လို့ အဲ့သားရဲအုပ်ကြီးကိုသာ သူကိုင်တွယ်နိုင်ခဲ့ရင် ငါအဲ့သားရဲအလောင်းတွေအားလုံးကို စားပေးလိုက်မယ်”

အခြားသူများမှ သဘောတူသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်ကြသည်။ ဇူယွမ်၏ခွန်အားဖြင့်ဆိုလျှင် ဤမျှများပြားသော သားရဲအုပ်ကြီးအား ကိုင်တွယ်နိုင်ရန် မည်သို့မှမဖြစ်နိုင်ပါချေ။

ဇူယွမ်မှာ အချိန်အချို့ကြာအောင် သားရဲအုပ်များအကြား ခုန်ပေါက်နေခဲ့ပြီးနောက် အနီးရှိတောင်ကုန်းတစ်ခုပေါ်သို့ ပျံသန်းသွားခဲ့၏။

ဇူယွမ်၏နဖူးထက်၌ ချွေးစများ တွဲလဲခိုနေခဲ့ပြီး ကောင်းကင်ဘုံယွမ်စုတ်တံမှာလည်း အနည်းငယ်မှေးမှိန်နေခဲ့သည်။

ကျိုးချူးချင်ယုမှာ အဝေးတစ်နေရာမှ စောင့်ကြည့်နေ၏။ ကောင်းကင်ဘုံမီးတောက် ရှီးရီသတ္တဝါများမှာ စွမ်းအင်အပြည့်နှင့်သာရှိနေသေးပြီး မည်သည့်တိုက်ခိုက်မှုမှ ခံစားနရေဟန် မရှိပေ။

ထို့ကြောင့် ကျိုးချူးချင်ယုမှ ဇူယွမ်အား ထူးဆန်းစွာကြည့်၍ မေးလိုက်သည်။ “နင့်အကြံအစည်ကဘာလဲ”

ဇူယွမ်မှာ ကျိုးချူးချင်ယုအား ခပ်ဖွဖွပြုံးပြလိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့ ရိုက်ချလိုက်၏။

“အခုက တကယ့်အချိန်ကောင်းပဲ”

All Chapters