ကောင်းကင်ဘုံယွမ်စုတ်တံအဆင့်တက်ခြင်
Vol. 30 Ch. 415
ဇူယွမ်မှ စကားပြောပြီးသည်နှင့်တကွ ကောင်းကင်ဘုံယွမ်စုတ်တံမှာ တစ်စုံတစ်ခုကို ဆင့်ခေါ်နေသည့်အလား စတင်တုန်ခါလာခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ရှီးရီသတ္တဝါများစီမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။
ဂီး ... .ဂီး ... ..ဂီး ... .
ကျိုးချူးချင်ယုမှ လျင်မြန်စွာ ကြည့်ရှုလိုက်သောအခါတွင် ရှီးရီသားရဲများမှာ မြေပြင်ထက်၌ နာကျင်စွာ လူးလွန့်နေကြပြီး ဒွါရပေါက်များထဲမှ သွေးများစီးကျနေသည်ကို တွေ့ရှိခဲ့ရသည်။ အသက်ရှူစာ အနည်းငယ်မျှသော အချိန်အတွင်း၌ပင် ရှီးရီသားရဲအုပ်ကြီးမှာ အတုံးအရုံး သေဆုံးကုန်ကြ၏။
ကြည့်ရသည်မှာ သေမင်းသည် လေနှင့်အတူ ဝေ့ဝဲလာပြီး ရှီးရီသတ္တဝါများ၏ အသက်စွမ်းအင်ကို အယာအယာ နုတ်ယူသွားသကဲ့သို့ပင် ဖြစ်နပေေသည်။
ရှီးရီသားရဲများ၏ အော်မြည်သံများဖြင့် ပြည့်နှက်နေခဲ့သော ဤဧရိယာမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေခဲ့ပြီ ဖြစ်၏။
အဝေးတစ်နေရာမှ စောင့်ကြည့်လျက်ရှိသော စူးသွမ့်တို့၏ မျက်နှာမှာလည်း ဝေခွဲမရသော အရိပ်အယောင်များ ယှက်သန်းလာရကာ တစ္ဆေသရဲအား တွေ့မြင်လိုက်ရသကဲ့သို့ပင် မျက်ဝန်းများ၌ ကြောက်ရွံ့မှုများ ကြီးစိုးလာခဲ့သည်။
ရှီးရီသားရဲများ၏ သေဆုံးမှုမှာ အလွန်ပင် ထူးခြားဆန်းကြယ်နေ၏။
စူးသွမ်တို့မှာ အဝေးမှစောင့်ကြည့်နေကြခြင်းဖြစ်သောကြောင့် ကောင်းကင်ဘုံယွမ်စုတ်တံနှင့် လုပ်ဆောင်ခဲ့သော အရာများအား ရှင်းလင်းစွာ မြင်တွေ့ခဲ့ရခြင်း မရှိသဖြင့် ဇူယွမ်၏လုပ်ရပ်များကို မသိရှိရခဲ့ပေ။ စူးသွမ့်တို့မြင်တွေ့ခဲ့ရသည်မှာ ဇူယွမ်သည် သားရဲအုပ်များအကြား ခုန်ပေါက်ဝင်ရောက်နေခဲ့သည်ကိုသာ ဖြစ်၏။
ပုံမှန်အားဖြင့်ဆိုလျှင် ရှီးရီသားရဲများမှာ ပိုးဟပ်များကဲ့သို့ပင် သေဆုံးရန်ခက်ခဲလှသော အကောင်များဖြစ်သည်။ သို့သော် ယခုမြင်နေရသည်မှာ တစ်ကောင်ပြီးတစ်ကောင် လဲကျသေဆုံးနေသော မြင်ကွင်းပင် ဖြစ်၏။
ထိုသို့ ထူးခြားဆန်းကြယ်သော အခြေအနေက စူးသွမ့်တို့အုပ်စုအား ခေါင်းခဲစေပေသည်။
“သူဘာလုပ်လိုက်တာလဲ” တုန်လှုပ်နေသော အသံတစ်ခု ထွက်ပေါ်လာ၏။
စူးသွမ့်မှာ တွေဝေနေဟန်ဖြင့် မတည်မငြိမ်ဖြစ်နေခဲ့ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။ “အဲဒါဘာလဲ”
လူတိုင်းမှ ကြည့်ရှုလိုက်သောအခါတွင် သားရဲများ၏ အလောင်းများထံမှ သားမွေးများကဲ့သို့ တောက်ပနေသောအရာများ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို တွေ့ရှိလိုက်ရ၏။
ထိုဖြူဖွေးနေသော အမွေးများမှာ သားရဲစိတ်ဝိညာဉ်ပုံဆောင်ခဲများကို သယ်ဆောင်ထားလျက်ရှိပြီး အံ့အားသင့်ဖွယ်မြင်ကွင်းကို ပေးစွမ်းနေသယောင် ရှိပေသည်။
“ဆံပင်လိုလို ဘာလိုလို အမွေးတွေပဲ” စူးသွမ့်မှာ လျင်မြန်စွာ တွေးတောနေခဲ့ပြီးနောက် ရှီးရီသတ္တဝါများ သေဆုံးရသည့်အကြောင်းကို သိရှိသွားခဲ့၏။
စူးသွမ့်မှ အံကိုကြိတ်ကာ စကားဆိုလိုက်သည်။ “အဟက်...ဒီကောင်က တော်သားပဲ။ မူလမှော်စာလုံးတွေနဲ့ သားရဲတွေရဲ့အာရုံကို ပိတ်ဆို့လိုက်ပြီးတော့မှ ဒီအမွေးတွေကို သူတို့ခန္ဓာကိုယ်ထဲကို ထည့်လိုက်တယ်။ ပြီးတာနဲ့ အဲ့အမွေးတွေက သားရဲတွေရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကို ဖျက်ဆီးကြတော့တာပဲ။ ရှီးရီသတ္တဝါတွေက ဘယ်လောက်ပဲ သန်မာနေပါစေ ဒီလိုအတွင်းပိုင်းဒဏ်ရာမျိုးကိုတော့ မခုခံနိုင်ကြဘူးလေ”
အခြားသူများမှ စူးသွမ့်၏ရှင်းပြမှုအား နားလည်သွားကာ ကြောက်ရွံ့မှုများ ပြေပျောက်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် မသိရှိရသောအရာသည်သာ ကြောက်မက်ဖွယ် အကောင်းဆုံးဖြစ်သည်။ ယခုဇူယွမ်၏ နည်းလမ်းအား သိရှိခဲ့ရပြီ ဖြစ်သည့်အတွက် ထိတ်လန့်နေစရာအကြောင်း မရှိတော့ချေ။
ဇူယွမ်၏တိုက်ပွဲအပေါ် ဆင်ခြင်နိုင်စွမ်းမှာ မြင့်မားပါသော်လည်း ၎င်းမှာသားရဲများအတွက်သာ အသုံးဝင်သော နည်းလမ်းဖြစ်၏။
တောင်ကုန်းပေါ်တွင်ရှိနေသော ဇူယွမ်၏မျက်ဝန်းများမှာ သားရဲစိတ်ဝိညာဉ် ပုံဆောင်ခဲများအား ကြည့်နေရင်းဖြင့် တငွေ့ငွေ့ တောက်လောင်နရေသည်။
ထိုပုံဆောင်ခဲစုစုပေါင်းမှာ ထောင်ဂဏန်းမျှပင် ရှိနိုင်၏။
“ဒါနဲ့ဆိုရင်တော့ ကောင်းကင်ဘုံယွမ်စုတ်တံကို အဆင့်တက်ဖို့ လုံလောက်မှာပါ”
ခလွမ်း ... ခလွမ်း ...
ပုံဆောင်ခဲများမှာ စုတ်တံနှင့်ထိတွေ့လိုက်သည်နှင့်တကွ စိတ်ဝိညာဉ်များ စုပ်ယူခံရကာ အက်ကွဲသွားကြသည်။
ကောင်းကင်ဘုံယွမ်စုတ်တံမှာ တဖြည်းဖြည်းနှင့် ပိုမိုလင်းလက်လာခဲ့ပြီး အလင်းတန်းများက ဇူယွမ်၏ခန္ဓာကိုယ်ကိုပင် လွှမ်းခြုံသွားခဲ့၏။
ကျိုးချူးချင်ယုမှာ လျင်မြန်စွာ အနောက်သို့ဆုတ်ကာ အံ့အားတကြီးဖြင့် ငေးကြည့်နေမိသည်။ ပုံဆောင်ခဲများမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကို သူမခံစားမိခဲ့၏။
“ဇူယွမ်ရဲ့စုတ်တံက ပုံဆောင်ခဲတွေကို စုပ်ယူနေတာလား” ကျိုးချူးချင်ယုမှ အံ့သြစွာဖြင့် ရေရွက်လိုက်သည်။
ဇူယွမ်အား စူးသွမ့်၏အကြံအစည်ကို လာရောက်သတိပေးခဲ့သည့်အချိန်၌ ဇူယွမ်မှာ ကြောက်ရွံ့ရမည့်အစား စိတ်လှုပ်ရှားနေခဲ့ရသည့် အကြောင်းကို သူမအခုမှ နားလည်သွားမိ၏။ ကြည့်ရသည်မှာ ဇူယွမ်သည် သားရဲစိတ်ဝိညာဉ်ပုံဆောင်ခဲများကို အလောတကြီး လိုအပ်နေဟန် ရှိပေသည်။
အဝေးတစ်နေရာမှ စောင့်ကြည့်လျက်ရှိသော စူးသွမ့်တို့အုပ်စုမှာလည်း ထိုအခြင်းအရာအား ကြည့်နေရင်းဖြင့် အမူအရာများ ခက်ထန်လာခဲ့၏။
ဇူယွမ်အား ဒုက္ခရောက်စေရန် ခက်ခဲစွာလုပ်ဆောင်ခဲ့ရသော်လည်း သူတို့၏အကြံအစည်မှာ ဇူယွမ်အား ကြီးမားသော လက်ဆောင်တစ်ခု ပေးမိသကဲ့သို့ ဖြစ်သွားခဲ့ရသည်။
“ပြဿနာကောင်”
စူးသွမ့်သည်ပင် ကူကယ်ရာမဲ့စွာဖြင့် ကျိန်ဆဲကာ ကျောက်တုံးများအား ဒေါသတကြီးနှင့် ထိုးနှက်ပစ်လိုက်၏။
စူးသွမ့်မှာ ဒေါသထွက်နေသလို ရှက်လည်းရှက်ရွံ့နေမိပေသည်။ အစောပိုင်း၌ပင် စူးသွမ့်မှာ သူ၏ပြီးပြည့်စုံသော အကြံအစည်ကြောင့် ကျေနပ်အားရနေခဲ့မိ၏။ သို့သော် သူ၏ပြီးပြည့်စုံလှသော အကြံအစည်မှာ ခွေးအား အမဲရိုးကမ်းမိသကဲ့သို့ပင် ဖြစ်သွားခဲ့ရသည်။
စူးသွမ့်မှ ဒေါသတကြီး ပေါက်ကွဲနေစဉ်မှာပင် ပတ်ဝန်းကျင်ရှိ စွမ်းအင်လှိုင်းများမှာ ပို၍ပြင်းထန်လာခဲ့၏။ ထို့နောက် ၎င်းစွမ်းအင်လှိုင်းများမှာ ဇူယွမ့်ထံသို့ စုဝေးသွားခဲ့သည်။
ထိုစွမ်းအင်လှိုင်းများမှာ အပေါ်ဘက်၌ ကျယ်ဝန်းပြီး အောက်ဖက်၌ ကျဉ်းမြောင်းသော ဝဲကတော့တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့၏။
“သူဘာတွေ လုပ်နေတာလဲ” စူးသွမ့်နှင့် အခြားသူများမှ ဝေခွဲမရဖြစ်စွာ ကြည့်ရှုလိုက်ကြသည်။ သူတို့အားလုံးမှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကိုလည်း ခံစားမိခဲ့၏။
“ဒါက ကောင်းကင်အဆင့် လက်နက်တစ်ခု ပေါ်ပေါက်လာတဲ့ လက္ခဏာပဲ” ဖူကလန်၏ ခေါင်းဆောင်ငယ်တစ်ဦးအနေဖြင့် စူးသွမ့်မှာ အတွေ့အကြုံများစွာ ရှိသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် အကြည့်တစ်ချက်မျှနှင့်ပင် ဖြစ်ပျက်နေသော အကြောင်းအရာများအား နားလည်သိရှိနိုင်စွမ်း ရှိပေသည်။
“ဒါပေမဲ့ ပုံမှန်ကောင်းကင်အဆင့် လက်နက်တစ်ခု ဖြစ်ပေါ်လာရင် ဒီလောက်မပြင်းထန်ဘူး” စူးသွမ့်မှာ လိုချင်တပ်မက်သော မျက်ဝန်းများဖြင့် တောက်ပနေသော အလင်းတန်းများအား ကြည့်ရှုနေ၏။
“ဒါကသာမန်ကောင်းကင်အဆင့် မူလလက်နက်တစ်ခု မဖြစ်နိုင်ဘူး”
စူးသွမ့်မှာ ဖူကလန်၏ ခေါင်းဆောင်ငယ်တစ်ဦးအနေဖြင့် ကောင်းကင်အဆင့် မူလလက်နက်များစွာကို မြင်ဖူးခဲ့ပါသော်လည်း ထိုမျှလောက် ပြင်းထန်သော လက်နက်အား မမြင်တွေ့ခဲ့ဖူးချေ။
သို့သော် စူးသွမ့်မှာ နှလုံးသွေးပင်ကျမတတ် ခံစားနေရပေသည်။ အဘယ်ကြောင့်ဆိုသော် သူခက်ခဲစွာ စုဆောင်းခဲ့ရသော သားရဲများ၏ ထောင်ချီသော ပုံဆောင်ခဲများကို အသုံးပြုကာ ဇူယွမ်မှာ ကောင်းကင်အဆင့် မူလလက်နက်အား ဖန်တီးနိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။
စူးသွမ့်မှာ ဇူယွမ်အား ကူညီပေးသလို ဖြစ်ခဲ့ရသည်ကို တွေးကြည့်ရုံမျှနှင့်ပင် သွေးအန်မတက် ဖြစ်နေခဲ့ရသည်။
အချိန်အချို့ကြာပြီးနောက်တွင် ဇူယွမ်အနီးမှ တောက်ပနေသော အလင်းတန်းများ မှေးမှိန်သွားခဲ့၏။ ထို့နောက် ဝဲကတော့အသွင် စွမ်းအင်လှိုင်းများမှာလည်း စုတ်တံ၏စုပ်ယူမှုကြောင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ဇူယွမ်မှာ လေထဲတွင် ရစ်ဝဲနေလျက်ရှိသော ကောင်းကင်ဘုံယွမ်စုတ်တံအား ဆုတ်ကိုင်လိုက်သောအခါတွင် ပြင်းထန်လှသော စွမ်းအင်များကို ခံစားမိခဲ့၏။
ဇူယွမ်၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင်မှု အရိပ်အယောင်များ ယှက်သန်းလာခဲ့ရပေသည်။
နှစ်ပေါင်းများစွာ သူ၏လက်ထဲတွင် ရှိနေခဲ့သော ယွမ်စုတ်တံမှာ ယနေ့တွင် ကောင်းကင်အဆင့် မူလလက်နက်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီပင် ဖြစ်သည်။